မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထွက်ရှိမှုဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ
မွန်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ (၄၉၇,၅၂၁)ဧက ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ (၅၀၂,၁၄၁)ဧက ရှိသည့်အတွက် ယခင်ဘဏ္ဍာနှစ် ထက် စိုက်ဧက (၄၆၂၀) တိုးတက်လာကြောင်း တွေ့ရှိရပါသည်။
ပြည်နယ်အတွင်း အရောင်းအဝယ်ကောင်းသည့် ရော်ဘာထွက်ကုန် ပစ္စည်းအမျိုးအစား အများစုမှာ TSR, Crump Rubber များအား ပြုပြင်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပြီး RSS-3အား ပြည်တွင်းရောင်းဝယ်မှုနှင့်ပြည်ပတင်ပို့မှု ပုံစံဖြင့် လည်းကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ်များကို လုပ်သားစရိတ် လျှော့ချနိုင်ရေးအတွက် TSR ထုတ်စက်ရုံများသို့ ပေးပို့ရောင်းဝယ်မှုများ ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်များက RSS-3 ရော်ဘာ တစ်ပေါင် ဈေးနှုန်းမှာ (၁၀၀၀)ကျပ်နှင့်အထက် ရရှိခဲ့သည့်အတွက် ခြံရှင်များ အကျိုးအမြတ် များစွာရရှိခဲ့ပါသည်။ ရော်ဘာ စိုက်ဧကများအနေဖြင့်လည်း နှစ်စဉ်တိုးတက်လျက်ရှိသော်လည်း ရော်ဘာဈေးနှုန်း မြင့်တက်လာခြင်း မရှိသည့်အတွက် ခြံငယ်ရှင်များအနေဖြင့် R.S.S ရော်ဘာပြားထုတ်လုပ်မှုထက် အစေးရည် တိုက်ရိုက်ရောင်းချခြင်း၊ အထူပြားပုံစံများ ပြုလုပ်ခြင်းများကို ဆောင်ရွက်လာကြသည်ကို တွေ့ရှိလာရသည်။
မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်းအခြေအနေမှာ ယခုအပါတ်တွင် RSS-3 တစ်ပေါင်လျှင် (၉၁၀) ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် (၂၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိရာ ယခင်နှစ် အလားတူကာလ RSS-3 တစ်ပေါင်လျှင် (၆၃၀)ကျပ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း တစ်ပေါင်လျှင်(၂၈၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။
ရော်ဘာထုတ်လုပ်မှု လက်ရှိအခြေအနေမှာ COVID-19 ရောဂါအခြေအနေများကြောင့် ခြံလုပ်သားများ လာရောက်မှု နည်းပါးပြီး လုပ်သားအခက်အခဲများကြောင့် ထုတ်လုပ်မှုလျော့နည်းလျှက်ရှိပြီး TSR စက်ရုံများမှလည်း ၎င်းတို့ ဝယ်ယူထုတ်လုပ်မည့် အရေအတွက်ပြည့်မီရရှိရေးနှင့် ဈေးကွက် အလားအလာအခြေအနေများကြောင့် ဈေးအနည်းငယ်တိုးမြှင့်ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်(DOCA)