Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားသောက်ကုန်အလှကုန်နှင့် လူသုံးကုန်အတွက် ရှားစောင်းလက်ပတ်ဈေးနှုန်းဈေးကွက်

ရှားစောင်းလက်ပတ်ပင်သည် အာဖရိကနှင့် မက်ဒီတာရေးနီးယန်းဒေသများတွင် စတင် ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူအက်စ်အေတို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ ကမ္ဘာပေါ်တွင် ရှားစောင်းလက်ပတ်မျိုးစိတ်ပေါင်း (၅၀၀) ခန့်ရှိပါသည်။ ရှားစောင်းလက်ပတ်သည် မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသည်။ မြန်မာပြည်၌ရှိသော ရှားစောင်းလက်ပတ်ပင်၏ ယေဘူယျသဏ္ဍာန်မှာ အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်ပြီး အမြင့်(၁)ပေမှ (၁.၅)ပေ အထိမြင့်သည်။ စိုက်ပျိုးပြီး (၂)နှစ်မြောက်မှစ၍ ခူးဆွတ်နိုင်သည်။  

                        ရှားစောင်းလက်ပတ်သည် အလှအပနှင့် အရေပြားကျန်းမာရေးအတွက် အထူး ကောင်းမွန်သည်။ အလွယ်တကူဝယ်၍ရခြင်းကြောင့် ကိုယ်တိုင်ပြုလုပ်ဖို့လည်းလွယ်ကူပါသည်။ ရာသီမရွေး အသုံးပြုနိုင်ပြီး ရှားစောင်းလက်ပတ်မှရသည့်အနှစ်မှာ အရေပြားကို အေးမြစေပြီး အရေပြားနီမြန်းခြင်း၊ ရောင်ရမ်းခြင်း တို့ကို သက်သာစေပါသည်။ ရှားစောင်းလက်ပတ်မှရသည့် အနှစ်များမှာ အသားအရေကို အစိုဓာတ်ထိန်းပေးသည့်အပြင် အသားအရေအမျိုးအစားများအားလုံးအတွက် အသုံးပြု၍ရပါသည်။       

                   ရှားစောင်းလက်ပတ်မှရသည့် အနှစ်များသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သည့် ဒဏ်ရာများကို အမြန်ဆုံးသက်သာစေပါသည်။ အသားအရေကိုနုပျိုကျန်းမာစေသည့် Vitamin C, Vitamin E, Vitamin A အပြင် antioxidant ဓာတ်ပေါင်းများစွာပါဝင်သည့်အတွက် အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး ဝက်ခြံ၊ တင်းတိပ်များကိုလည်း ပျောက်ကင်းစေပါသည်။ ကျား၊ မ အသက်အရွယ်မရွေး အသုံးပြု၍ရပြီး ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါသည်။ ဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေပြီး ကျန်းမာစေပါသည်။ ထို့အပြင် အမိုင်နိုအက်ဆစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေကာ အဆိပ်အတောက်ကို ပြေစေသည့် အစွမ်းသတ္တိများရှိသည်။ ရှားစောင်းလက်ပတ်ကို ထန်းလျက်၊ ပျားရည်တို့ဖြင့် ကျိုချက်စားပါက အမျိုးသမီးများအသားအရေလှပသည့်အပြင် မီးယပ်ရောဂါများအတွက်လည်း အသုံးဝင် လှပေသည်။

                   ရှားစောင်းလက်ပတ်၏အနှစ်သည် ကိုယ်ခန္ဓာအတွက်သာမက ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်များကိုနက်မှောင်သန်စွမ်းလာစေပါသည်။  ထို့အပြင် ဦးရေပြားရှိဗောက်များကိုလည်း ရှင်းပေး နိုင်ပါသည်။ ရှားစောင်းလက်ပတ်ကိုအသုံးပြု၍ ဆေးဝါးများကို ထုတ်လုပ်နိုင်သည့်အပြင် Juice, Shampoo , Hair Coat ,  Hair Cream, Conditioner, Shower ,Soap, Facial Foam, Eye Cream , Moisturizer Cream, Smoothing  Gel , Lotion စသည့် ကျန်းမာရေးနှင့်ကိုက်ညီသော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များကိုလည်း ထုတ်လုပ်လာကြပါသည်။

                   ယခုနှစ် ဇန်နဝါရီလတွင် ဈေးကွက်အတွင်း၌ အရွယ်အစားအလိုက် ရှားစောင်းလက်ပတ် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ ရောင်းချလျက်ရှိသည်ဟုသိရပါသည်။ ရှားစောင်း လက်ပတ်သည် နိုင်ငံတကာတွင် ဈေးကွက်ဝင်သော  အပင်တစ်မျိုးဖြစ်သည့်အပြင် ဆေးဖက်ဝင် သောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ပြီး အိမ်တွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး သင့်ပါကြောင်း ရေးသားလိုက်ရပေသည်။

DOCA(မန္တလေး) 

 

ရွှေဖရုံသီးဈေးနှုန်းဈေးကွက်အခြေအနေ

ရွှေဖရုံသီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည်ဒေသများတွင် ရွှေဖရုံသီးကို အနည်းအကျဉ်းသာ စိုက်ပျိုး လျက်ရှိပြီး အေးသောရာသီများတွင်လည်း စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးကိုဟင်းချက်၍ သော် လည်းကောင်း သရေစာမုန့်၊ စွတ်ပြုတ်ပြုလုပ်၍လည်းစားသုံးနိုင်ပြီး၊ ရွှေဖရုံသီးမှရရှိသည့် ရွှေဖရုံ စေ့လှော် ပြု လုပ်၍လည်းကောင်း အပွင့်၊ အညွန့်နှင့်အရွက်တို့ကိုကြော်၍သော်လည်းကောင်း အသုတ်သုတ်၍ သော်လည်းကောင်း ချက်ပြုတ်စားသုံးနိုင်ပါသည်။ ရွှေဖရုံသီးတွင်ယေဘူယျအားဖြင့် ဗီတာမင်အေ၊ ပရိုတင်း (အသားဓာတ်)၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး အများဆုံးပါဝင်နေသည့် အာဟာရဓာတ်မှာ ဗီတာမင်အေဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုး များစွာပေးသည့်သီးနှံတစ်မျိုးဖြစ်ပါသည်။ အရသာချိုချိုလေးရှိပြီး အာဟာရဓာတ်များစွာ ပါဝင်နေခြင်းကြောင့်  စားသုံးပေးသင့်သောအသီးတစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့ရှိ ကုန်စိမ်း ဈေးများမှ လက္ကားဝယ်ယူပြီး  ဈေးအသီးသီးတွင်လက်လီပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ လက္ကားဈေးတွင် ရွှေဖရုံသီးအသေး တစ်လုံး (၁၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၂၀၀၀) ကျပ်နူန်းဖြင့် အရွယ်အစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး) 

 

မန္တလေးမြို့ပေါ်ရှိ ဟင်းနုနွယ်ရွက်ဈေးကွက်

             ဟင်းနုနွယ်ပင်သည် နေရာအနှံအပြားတွင် စိုက်ပျိုးလေ့ရှိသော အပင်တစ်မျိုးဖြစ်သည်။ ဟင်းနုနွယ်ပင်သည် စိုက်ပျိုးရလွယ်ကူပြီး အကြမ်းခံသော ဟင်းရွက်ပင်ဖြစ်ပြီး ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောအပင်တစ်မျိုးဖြစ်ပါတယ် အပင်မှာ အနီရောင် နှင့်အစိမ်းရောင်ပင်(၂)မျိုးရှိပြီး  အစေ့ချစိုက်ပျိုးခြင်းအဖြစ် အလေ့ကျပေါက်ရောက်လျက်ရှိကြောင်းလဲတွေ့ရှိရပါသည်။ ဟင်းနု နွယ်ပင်ကို သီးသန့်စိုက်ပျိုးခြင်းနှင့် သီးညှပ်စိုက်ပျိုးခြင်းကြောင့် ပိုလျှံသည်များအားရောင်းချကြပြီး အပိုဝင်ငွေရရှိကြောင်း နှင့်မိသားစုစားသုံးရန် တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ဟင်းနုနွယ်ပင်သည် ကျန်းမာရေးကို အထောက်အကူပြုသော  ဆေးဖက်ဝင် ဟင်းရွက်ပင်တစ်မျိုး ဖြစ်သည်။ ဟင်းနုနွယ်ပင်ကို စားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုးများမှာ အစိမ်းရောင်ခြယ် ပစ္စည်းများပါဝင်သောကြောင့် ကိုယ်တွင်းရှိ မကောင်းသောဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ပါဝင်ခြင်း၊ ဗီတာမင် အေ အာနိသင်ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံများကောင်းမွန်ခြင်း၊ ခုခံအား မြင့်တက်စေသော သွေးဖြူဥဆဲလ်များကို အားကောင်းလာကြောင်း၊ ဗီတာမင် အေ၊ စီ၊ ကေ၊ ဖောလစ်အက်ဆစ်ဓာတ်များ ပါဝင်သောကြောင့် အရွယ်ရောက်သူများအတွက် အရေပြားကို ကြည်လင်ဝင်းပပြီး ပျက်စီးသွားသောဆဲလ်များကို အသစ်ဖြစ်ပေါ်လာပြီး အရွယ်တင်နုပျိုလာကြောင်း လေ့လာသိရှိရပါသည်။ ငယ်ရွယ်သူများအတွက် ဟင်းနုနွယ်ရွက်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ အမာရွတ်၊ အမည်းစက်နှင့်ယားယံခြင်းများကိုလည်း ကာကွယ်ပေးပြီး ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နှင့် ဗီတာမင် ဘီ တို့ပါဝင်သောကြောင့် ဆံပင်ကျွတ်ခြင်းများ၊ ညဘက် အိပ်မပျော်ခြင်းများနှင့် နေလောင်ဒဏ်ကြောင့် အရေပြားပြဿနာများမဖြစ်အောင် ကာကွယ်ပေး ကြောင်းလေ့လာသိရှိရပါသည်။ ကလေးအာဟာရဓာတ်စာအဖြစ်လည်း အသုံးပြုပြီး အမျှင်ဓာတ်များ ပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ကျသည် အစားစာအဖြစ် အသုံးပြုကြောင်း လေ့လာ သိရှိရပါသည်။ ဟင်းနုနွယ်ရွက်ကို အစားများခြင်းကြောင့် ဝမ်းချုပ်ခြင်းများဖြစ်ပေါ်ခြင်းကြောင့် ကျန်းမာရေးမကောင်းသောသူများအနေဖြင့် ဆင်ခြင်၍ စားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။ ဟင်းနုနွယ်ရွက်သည် ချက်ပြုတ်ရလွယ်ကူရုံသာမက ကျန်းမာရေးအတွက် အထောက်အကူပြု သောကြောင့် အိမ်ရှင်မများအတွက် လက်စွဲဟင်းတစ်ခွက်ဖြစ်သည်။ ဟင်းနုနွယ်ရွက်ကို ချက်စား၊ သုပ်စား၊ ကြော်စား မိမိကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးပြုလုပ်၍ စားလေ့ရှိကြသည်။ ဟင်းနုနွယ်ရွက်ကို ရေနွေးဖျောပြီး ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီချက် မြေပဲတို့နဲ့လည်း သုပ်၍စားသည်အပြင် ကြက်ဥနဲ့လည်း‌ ကြော်၍စားလေ့ရှိကြပြီး အရည်သောက်ဟင်းချိုအဖြစ်လည်း ချက်ပြုတ်၍စားသုံးလေ့ရှိသည်။ ဟင်းနုနွယ်ရွက်ကို ရာသီမရွေး ဈေးထဲတွင် အလွယ်တကူ ဝယ်ယူလို့ရသော ဟင်းရွက်တစ်မျိုးဖြစ်ပြီး  မန္တလေးမြို့ပေါ်ရှိ ယခု ဇန်နဝါရီလဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်း(၁ပိဿာ)လျှင်၁၅၀ဝိ/-၊ လက်လီဈေး(၁ပိဿာ)လျှင်၂၀၀ဝိ/-နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး) 

 

ဈေးကောင်းလည်းရ ရောင်းအားလည်းသွက်တဲ့ ထိုင်ဝမ်ကန်စွန်း

          မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာတွင် ထိုင်ဝမ်ကန်စွန်းကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးရန် အတွက်  မြေအကျယ် အလျား၁၅ပေ၊ အနံ ၁၅ပေ ပတ်လည်ကို အနက်၅ပေ၊ ၆ပေ တူးပြီး အောက်ခြေတွင် ကျောက်စလစ်လောင်းပြီး မြေသားမာရန်အတွက် အုတ်ကြမ်းစီပြီး ရေသွင်းရေထုတ် ကောင်းမွန်စေရန် စီမံဆောင်ရွက်ပြီး ရေမှော်အနည်းငယ်ခင်း၍ ထိုင်ဝမ်ကန်စွန်းမျိုး 1kg ကို ၅ရက် ရေစိမ်ပြီး ရေမှော်များပေါ်တွင် စတင်စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး၁၀ရက် ၁၅ရက်ခန့်တွင် ကန်စွန်းအပင်ပေါက်များ ရှင်သန်ကြီးထွားစွာပေါက်ရောက်နေပြီဖြစ်ပါသည်။ စတင်စိုက်ပျိုးပြီး ရက်သတ္တပတ် ၇ပတ်-၈ပတ်အကြာတွင် ရေသန့်တစ်ကြိမ်လဲလှယ်ပြီး ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ပထမအကြိမ် စတင်ခူးဆွတ်ချိန်တွင် လက်စုတ်စီးတစ်စီးလျင် ၅၀၀/-ကျပ်နှုန်းဖြင့် စားသောက်ဆိုင် များမှ ဝယ်ယူ လျက်ရှိပါသည်။ စတင်ခူးဆွတ်ချိန်တွင်၁ရက်လျှင် ၁၀စီး-၁၅စီး ရရှိပြီး ၃-၄ရက်ကြာ ခူးဆွတ်ပါကအစီး ၂၀-၂၅စီးအထိ ခူးဆွတ်နိုင်ပါသည်။ ကန်စွန်းမျိုး1kg စိုက်ပျိုးပြီး စတင်ခူးဆွတ် ချိန်မှ ၅လဝန်းကျင် တစ်ပတ်လျင် ၂-၃ကြိမ်ခူးဆွတ်နိုင်ပြီး တစ်ကြိမ်လျှင် မိသားစုဝင်ငွေ ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်ထိ ရရှိပြီး တစ်လလျှင် ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကျပ်ထိ ပုံမှန်ဝင်ငွေရရှိပြီး လူအင်အား အနည်းငယ်နှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် ထိုင်ဝမ်ကန်စွန်းမျိုးအားစိုက်ပျိုးသင့်ပါ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး) 

အုန်းသီးအသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်

အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအပြား ပေါက်လေ့ရှိပါသည်။ မန္တလေးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများဝင်ရောက်လျှက်ရှိပြီး လမ်းဘေး ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်းသိရသည်။ အုန်းသီးကို စားသုံးခြင်းအားဖြင့် သွေးဖောက်ပြန်ခြင်း၊ ဖောရောင်ခြင်းတို့ကို သက်သာစေပြီး အမောခံနိုင်ခြင်း, အသားအရေလှပခြင်း စသည့် အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်ကြောင်း သိရှိရသည်. အုန်းရည်မှာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး သဘာဝအသီးဖျော်ရည် တစ်မျိုးလည်းဖြစ်သည်။ အုန်းစိမ်းရည်တွင် ပိုတက်စီယမ်ကြွယ်ဝစွာပါဝင် သောကြောင့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ သွေးအားကောင်းစေခြင်းနှင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုများကိုလည်း သက်သာစေပါသည်။ အချို့မှာ အုန်းသီးဆံအစိမ်းကို ကွမ်းယာများထဲတွင် ထည့်၍ စားသုံးကြကြောင်း၊ အုန်းသီးဆံကိုခြစ်၍ ကြော်ပြီးလည်း ထိုးမုန့်, ရွှေကြည်ဆနွင်းမကင်းများပေါ်သို့ ဖြူး၍လည်း အသုံးပြုလေ့ရှိသည်။ အုန်းသီးဆံကို ညစ်ပြီးရရှိသော အုန်းနို့များကိုလည်း အုန်းနို့ကျောက်ကျော၊ အုန်းထမင်းနှင့် အစားအသောက်အမျိုးမျိုး ပြုလုပ် စားသောက်ကြသည်။ အုန်းသီးဆံကို နေပူလှမ်းအခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ်ပြုလုပ်ရောင်းချ ကြပြီး ဈေးကွက်ကောင်းလျှက်ရှိပါသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုကြသလို မိရိုးဖလာ ကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၃၀၀၀/၃၅၀၀ ကျပ်အထိ ရောင်းချကြပြီး ဘုရား ကန်တော့ပွဲများနှင့် ရိုးရာကန်တော့ပွဲများတွင် အသုံးပြုသော အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၄၀၀၀/၆၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း အုန်းသီးငှက်ပျောရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး) 

ရွှေမန်းမြို့နှင့် မြန်မာ့ချည်ထည်

              မြန်မာ့ချည်ထည်များကို အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးအရွယ်စုံ ကြိုက်နှစ်သက် ပါသည်။ မြန်မာချည်ထည်သည် နွေဆိုအေးပြီး ဆောင်းတွင်နွေးပါသည်။ မြန်မာချည်စစ်စစ်နှင့် ချုပ်လုပ် သည့် အကွက်၊အဆင်း၊ပြောင်ရောင်စုံများကို နွေဝတ်၊ဆောင်းဝတ် ချုပ်လုပ်၍ရောင်းချကြပါသည်။ အမျိုးသမီးများအတွက် ရှပ်အင်္ကျီ၊ ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်များ၊ အမျိုးသားများအတွက် ဘောင်းဘီရှည်နှင့် သင်္ဘောသားအင်္ကျီများ၊ ကလေးဝတ်၊ ကျားရှပ်၊ ဘောင်းဘီတို၊ရှည်အရွယ်စုံနှင့် မိန်းကလေးငယ်များအတွက် ဘောင်းဘီ-အင်္ကျီဝမ်းဆက်၊ ဂါဝန်လေးများမှာ အရောင်အသွေးစုံနှင့် ချုပ်ရိုးချုပ်သားများ ကောင်းမွန်ခြင်းတို့အတွက် ကြိုက်နှစ်သက်ကြပါသည်။ မန်းမြို့တွင် မြင်းခြံ ချည်ထည်ဟုခေါ်တွင်သည့် မြန်မာချည်များကို အမျိုးသမီးဝတ်ရှပ်အင်္ကျီအကွက်စုံ စိုက်ကြီး ၉၀၀၀ ကျပ် မှ စိုက်သေး ၇၅၀၀ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ ကုတ်အင်္ကျီပုံစံအပေါ်ဝတ်များကို ပြောင်နှင့်အကွက် တွဲဆက်၍ ချုပ်ထားသည့်အင်္ကျီများမှာ ၁၄၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ဆိုက်မျိုးစုံ၊ အကွက်ဘောင်းဘီ ရှည်နှင့် လက်ရှည်ရိုးရိုး အမျိုးသမီးဝတ် ၁ စုံလျှင် ၁၁၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံ အမျိုးသား ဝတ်ဘောင်းဘီရှည်နှင့် သင်္ဘောသားအင်္ကျီများမှာ ၁ စုံလျှင် ၁၃၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံ နှင့်ကလေးဝတ်များကို ၁၀နှစ်သားမှ ၂နှစ်သားထိ ဘောင်းဘီရှည်ရှပ်လက်ရှည် ၁ စုံလျှင် ၇၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံနှင့် မိန်းကလေးဝတ်ဂါဝန်အတိုအရှည်အတွက် အဆင်းနှင့်ပြောင်များကို ၁ ထည်လျှင် ၈၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်/၄၅၀၀ ကျပ်ထိ အရွယ်စုံစိတ်ကြိုက်ရရှိနိုင်ပါသည်။ မန္တလေးမြို့ တွင် နွေဝတ်၊ဆောင်းဝတ်၊ကလေးလူကြီးများ မြန်မာချည်ဝတ် ဝတ်စုံများကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်မှုရှိကြောင်း မြန်မာချည်ထည်အရောင်းဆိုင်မှ လေ့လာသိရှိခဲ့ရပါသည်။

DOCA(မန္တလေး) 

မန္တလေးမုန်လာဥနီဈေးကွက်အရောင်းသွက်

          မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိ သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများအများအပြား ဝင်ရောက်လျက်ရှိပါတယ်။     ဈေးကွက် အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုးအစားများဖြစ်ပြီး    တစ်နှစ်ပတ်လုံးဝင်ရောက်သည့်ကုန်စိမ်း   အမယ်တစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင်ရှိပြီး၊  ကယ်လိုရီ ပါဝင်မှု နည်းခြင်း၊ဗီတာမင်နှင့်သတ္ထုဓာတ် များစွာ ပါရှိသည့်အတွက်  မုန်လာဥနီစားသုံးခြင်းဖြင့်  အသားအရေ လှပစေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်း စေခြင်း၊အိုမင်းရင့်ရော်ခြင်းမှကာကွယ်ခြင်းတို့ကြောင့်   ကျန်းမာ ရေးအကျိုးကျေးဇူးများစွာ ရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။  ခါကြက်ဥ(ခေါ်)မုန်လာဥနီကို  အသုပ်၊ အပြုတ်၊  အကြော်၊အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊  ထမင်းလိပ်၊ ကင်မ်ချီ၊   တော့ပိုကီ၊ ဘီစကစ်၊   စပါဂ်တီခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော် စားသောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ ၄၁လမ်း၊ကမ်းနားလမ်း၊ကုန်စိမ်းဈေး နှင့် သီရိမာလာစျေး(ပိုက်ကျုံဈေး)ကုန်စိမ်းစျေးတို့တွင်   ဇန်နဝါရီလတတိယပတ်တွင် ဖြစ်ပေါ်လျက် ရှိသော ပေါက်ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီဒေသ မျိုး ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ မုန်လာဥနီထိုင်ဝမ်မျိုး  ၈၀၀၀ကျပ်နှင့် ၈၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ သီရီမာလာ၊ကုန်စိမ်းစျေးရှိ ခါကြက်ဥ(ခေါ်)မုန်လာဥနီရောင်းချသူတစ်ဦး၏ ပြောပြချက် အရ ခါကြက်ဥ(ခေါ်) မုန်လာဥနီကုန်စိမ်းသည် စားသုံးမှုများပြားသည့် သီးနှံတစ်မယ်ဖြစ်ပြီး၊ ဇန်နဝါရီ လတတိယပတ်အတွင်း အရောင်းသွက်သည့်ကုန်စိမ်းအမယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး ထံမှ သိရှိရပါတယ်။ မန္တလေးမြို့၊ သီရိမာလာကုန်စိမ်းစျေးအတွင်  ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်း   ဝင်ရောက်မှုအနေဖြင့်  တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီး  နှင့်၂၀စီး အကြား ဝင်ရောက်လျက် ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး) 

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကြက်သွန် အဟောင်းများ မအူပင်သို့ တန်ချိန် ၁၅၀၀၀ ဝင်ရောက်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့သို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကြက်သွန်အဟောင်း ၂၅ပိဿာ အိတ် တန်ချိန် ၁၅၀၀၀ခွဲ ဝင်ရောင်လျက်ရှိကြောင်း ကြက်သွန်ရောင်းချသူထံမှ သိရသည်။

          ယနေ့ ကြက်သွန်နီဈေး ၁ပိဿာကို ငွေကျပ် လက်ကား၃၀၀၀၊ လက်လီဈေး ငွေကျပ် ၃၄၀၀၀ဖြစ်ပြီး ကြက်သွန်ဖြူ ကြူကုတ် ၁ပိဿာ ငွေကျပ် လက်ကား ၁၈၄၀၀၊ လက်လီဈေး ငွေကျပ် ၁၉၀၀၀၊ ကြက်သွန်ဖြူ ရှမ်းဖြူ ၁ပိဿာငွေကျပ် လက်ကားဈေး ၁၄၃၀၀၊  လကာလီဈေး ၁၅၀၀၀၊ ဖြင့် ရောင်းချနေကြောင်း ယခင်အပတ်ဈေးဖြင့် နှိုင်းယှဉ်ပါက ကြက်သွန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။

          ကြက်သွန်အဟောင်းဈေးနှုန်းအနေဖြင့် ၁ပိဿာကို ငွေကျပ် ၂၀၀၀-၂၅၀၀ ဖြင့် ရောင်းချနေပြီး ဝယ်လိုအာ ပိုမိုရရှိနေ၍  ပိုမိုရောင်းချနေရကြောင်း၊ အချိန် ၂၅ပိဿာပါ တစ်အိတ် ငွေကျပ် ၄၈၀၀၀ ဖြင့် ဝယ်ယူရပြီး မအူပင်မြို့သို့ ၂၀၂၄ခုနှစ် နိုဝင်ဘာလကတည်းက ကြက်သွန်နီ အဟောင်းများ တန်ချိန် ၁၅၀၀၀ထိ ဝင်ရောက်ခဲ့ကြောင်း ကြက်သွန်ရောင်းချသူ ဒေါ်မြင့်မာလာထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ရောင်းချနေသော စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်

             မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မအူပင်ခရိုင်အနေဖြင့်  စက်သုံးဆီဆိုင် (၅၀)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀၈၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၇၀၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၃၃၃၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ယခု ဇန်နဝါရီလ (၂၀)ရက်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)တစ်လီတာလျှင် (၃၁၄၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၂၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၈၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၃၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ(92)တစ်လီတာလျှင် (၆၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၀၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီး အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် တပိုင်တနိုင် ငရုတ်ကောင်းစိုက်ပျိုး မိသားစုဝင်ငွေရ

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် တောင်သူ ဦးတင်ဝင်းမြင့်၏ခြံတွင် တပိုင်တနိုင် ငရုတ်ကောင်း စိုက်ပျိုးထားကြောင်းသိရသည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ဝင်‌ငွေရသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြစေရန်ရည်ရွယ်၍ စိုက်ပျိုးထာကြောင်း သိရသည်။

             အဆိုပါငရုတ်ကောင်းပင် မျိုးကို ၂၀၂၀ခုနှစ်က ၁ပိဿာကို ငွေကျပ် ၂၀၀၀၀ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ယခုကာလတွင် မျိုးစေ့ ဈေးနှုန်း အနေဖြင့် ငွေကျပ် ၆၀၀၀၀ဈေးရှိကြောင်း၊ ယခုခြံတွင် ငရုတ်ကောင်း အပင် ၃၀၀ပင်ကို စိုက်ပျိုးထားပြီး အစေ့ ကို စိုက်ပါက သက်တမ်း ၅နှစ်တွင် အသီး စတင်ထွက်ရှိပြီး အကိုင်းချိုးစိုက်ပါက သက်တမ်း ၂နှစ်တွင် အသီးထွက် ရှိကြောင်း သိရသည်။ ယခုအပင်များမှာ ကိုင်းချိုးစိုက်ပျိုးထားသော အပင်များဖြစ်သည်။  ကုန်ကျစရိတ် အနေဖြင့် ၂၀၀၀၀၀ ခန့်သာရှိပြီး ၂၀၂၁ခုနှစ် ကစတင်စိုက်ပျိုးထားပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ မှ စတင်ထွက်ရှိပြီး လက်ရှိ အချိန်ထိ ငရုတ်ကောင်း ၆၀ ပိဿာခန့် ထွက်ရှိပြီး ရောင်းချနေကြောင်း သိရသည်။ ယနေ့ ငရုတ်ကောင်း ဈေးနှုန်း အနေဖြင့် ၁ပိသာ ငွေကျပ် ၆၀၀၀၀ ဈေးရောင်းချ နေရပြီး ဈေးကောင်းလျက်ရှိသည်။ ယခင်နှစ် ဈေးနှုန်းများဖြင့် ရောင်းချလာကဲ့သလို လက်ရှိ ငွေကျပ် ၃၅၀၀၀၀၀ကျပ်ခန့် အကျိုးအမြတ်ရရှိပြီး၊ ဈေးနှုန်း ပြောင်းလဲမှု အပေါ်မူတည်၍ အကျိုးအမြတ် ရရှိသည်။ ငရုတ်ကောင်းသီးနှံသည် စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးသင့်သော ကျန်းမာရေးအထောက်အကူပြုသီးနှံ တစ်ခုဖြစ်သည်။

            ဈေးကွက်အနေဖြင့် တပိုင်တနိုင်စိုက်ပျိုးထားခြင်းကြောင့် မြို့နယ်အတွင်းရောင်းချပြီး အခြားရင်းနှီးသောမိတ်ဆွေများ မှာယူမှသာ ရောင်းချပေးလျက်ရှိသည်။ ငရုတ်ကောင်း အပင်ကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးရန်သင့်သော သီးနှံတစ်ခုဖြစ်ကြောင်း စိုင်ပျိုးသူမှ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း