Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မှော်ဘီမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများရောက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဝေမာကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၂၀) လုံးရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

             သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၁၂.၉.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၂၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်း တစ်လီတာမှာ ၂၅၇၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၇၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၀၁၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၄၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၆၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၁၇၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၅ ကျပ် ဈေးတက် ပြီး  ဒီဇယ်(ရိုးရိုး) မှာ ၁၅ ကျပ်ဈေးတက်ကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၁၅ ကျပ်ဈေးကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၂၀ ကျပ် ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကမ်းများတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

  စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အ သွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည် သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက် နိုင်ရေး ကြီးကြပ်ထိန်ကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် ၁၀.၉.၂၀၂၅ ရက်နေ့ MT . BAUHINIA V.06/25OP သင်္ဘောဖြင့် Star 3 ဆီကန်သို့ 3000 MT၊ Star 4 ဆီကန်သို့ 2300 MT စုစုပေါင်းတန်ချိန် 5300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့  ၁၁.၉.၂၀၂၅ ရက်နေ့တွင် MT. RM 2V 10/25 သင်္ဘောဖြင့် LLJ ဆီကန်သို့  1200 MT ၊  LLF  ဆီကန်သို့ 2200 MT၊ LLM  ဆီကန်သို့ 1600 MT စုစုပေါင်း တန်ချိန်(5000) ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၉၃၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၇၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၂၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)   အချောတစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ တောင်သာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော  တစ်ပိဿာ ကျပ် ၁၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၆၀၀ ၊ အကြီးမှာ ကျပ် ၂၀၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူကြက်သွန်နီမှာ ယခင်တစ်ပတ်အတိုင်းဈေးတူညီနေပြီး မြင်းခြံ ကြက်သွန်နီမှာ ဈေးအနည်းငယ်တက်လျက်ရှိပြီး မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုမြို့တွင် ရောင်းချသည့် သောက်ရေအိုးဈေးနှုန်း/ဈေးကွက်

    ရွှေဘိုမြို့တွင် အသား/ငါးများ၊ ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများ၊ လူသုံးကုန်ပစ္စည်း များ ရောင်းချလျက်ရှိရာ သောက်ရေအိုးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဇိမ်ခံပစ္စည်းများဖြစ် သည့် ရေခဲသေတ္တာ၊ Water Cooler များရှိသည့်အနက် အေးမြသည့်အရဿာကို ပေးစွမ်းနိုင်သည့် မြန်မာ့လက်ဖြစ်သောက်ရေအိုးများကို အများဆုံးဝယ်ယူအသုံးပြုကြပါသည်။ရေအိုးများကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး ဝယ်ယူအသုံးပြုကြကြောင်း၊ ရွှေဘိုမြို့တွင် ရောင်းချသည့် ရေအိုးများမှာ အမြို့ မြို့အနယ်နယ်မှ လာရောက်သည့် ရေအိုးများဖြစ်ကြောင်း၊ ရွှေဘိုမြို့တွင် စစ်ကိုင်းမြို့မှ ထွက်ရှိသည့် စစ်ကိုင်းအိုး၊ ရွှေဘိုခရိုင် ခင်ဉီးမြို့နယ် မြင်းဒေါင်းရွာမှထွက်ရှိသည့် မြင်းဒေါင်းအိုး၊ ရေဦးခရိုင် တန့် ဆည်မြို့နယ်မှ ထွက်ရှိသည့် တန့်ဆည်အိုး၊ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှ ထွက်ရှိသည့် ခက်သင် အိုး တို့ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော သောက်ရေအိုး ဈေးနှုန်းများမှာ စစ်ကိုင်းအိုးကြီး(၁)လုံးလျှင် (၁၀၀၀ဝိ/-)ကျပ်၊ စစ်ကိုင်းအိုးသေး(၁)လုံးလျှင် (၇၀၀ဝိ/-)ကျပ်၊  မြင်းဒေါင်းအိုး(ကြီး)(၁)လုံးလျှင် (၆၀၀ဝိ/-)ကျပ်၊ တန်ဆည်အိုး(ကြီး) တစ်လုံးလျှင် (၇၅၀ဝိ/-)ကျပ်၊ ခက်သင်အိုးကြီး(၁)လုံးလျှင် (၇၀၀ဝိ/-)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ် လျှက်ရှိ ကြောင်း ရေအိုးဝယ်ယူရာတွင် ရေအိုးများမှာစိမ့်ခြင်း၊ ရေအိုးတွင် အပေါက်သေးလေးများပါ ရှိတတ် သည့်အတွက် ရေအိုးရောင်းချသည့်ဆိုင်မှ ရေထည့်ကာ စမ်းသပ်ပေးကြောင်း၊ ရေစမ်းသပ် ခိုင်းခြင်းကို ရေစမ်းခြင်းဟု ခေါ်ဆိုကြောင်း၊ ရေအိုးဝယ်ယူရာတွင် ရေစမ်းပြီးဝယ်ယူမှသာ အဆင် ပြေကြောင်း သိရှိရပါသည်။ ရေအိုးရောင်းချသူများမှလည်း ရေအိုးများကို မကွဲစေရန်အတွက် တစ် လုံးနှင့်တစ်လုံး မတိုက်မိစေရန် စနစ်တကျစီရီကာ တင်ထားရကြောင်း ရေအိုးရောင်းချသည့် လုပ် ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

         

ရွှေဘိုဈေးကွက်ရှိ ချည်ချောပုဆိုး‌နှင့် ချည်ကြမ်းပုဆိုးဈေးနှုန်းများ

       ရွှေဘိုမြို့ရှိဈေးများတွင် အစားအသောက်၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ရောင်းချလျက်ရှိရာ မြန်မာရိုးရာအဝတ်အထည်ဖြစ်သည့် အမျိုးသားဝတ် ပုဆိုးများကိုလည်း ရောင်းချလျက်ရှိပါသည်။  မိမိတို့ဒေသမှ ထွက်ရှိသည့်ပုဆိုးများအပြင် အခြားဒေသမှ ပုဆိုးများကိုလည်း မှာယူရောင်းချကြကြောင်း၊ ပုဆိုးတွင် ချည်ချောပုဆိုးနှင့် ချည်ကြမ်းပုဆိုးဟူ၍ရှိပြီး အဆင်ဒီဇိုင်းမျိုးစုံ ရောင်းချကြကြောင်း၊ အမျိုးသားများအနေဖြင့် မိမိတို့နှင့်လိုက်ဖက်မည့်ပုဆိုးများကို ဝယ်ယူဝတ်ဆင်ကြကြောင်း၊ ချည်ကြမ်းပုဆိုးများကို အလုပ်ကြမ်းလုပ်သည့်နေရာနှင့် အိမ်တွင်နေ့စဉ်ဝတ်အဖြစ် အသုံးပြုကြပြီး ချည်ချောပုဆိုး များကိုမှု ထသွားထလာအဖြစ် အသုံးပြုဝတ်ဆင်ကြပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ချည်ချောလုံချည်ဈေးနှုန်းများမှာ ၂/၈၀(၁)ကွင်းလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ပိုးကြီးပုဆိုး(၁)ကွင်း လျှင်(၄၁၀၀ဝိ/-)ကျပ်၊ ပိုးကချင်(၁)ကွင်းလျှင် (၄၃၀၀ဝိ/-)ကျပ်၊ ၂/၁၀၀(၁)ကွင်းလျှင် (၃၃၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ချည်ကြမ်းလုံချည်(၁)ကွင်းလျှင် (၁၀၀၀ဝိ/-)ကျပ်မှ(၁၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပုဆိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

 

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

        စက်တင်ဘာလ၊ ပထမအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၆၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၈၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၆၇၀၀ဝိ/-)ကျပ်နှင့် ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500ccတစ်ဗူးလျှင်(၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၂၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100cc တစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ၊ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်းပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မိုးစပါးများစိုက်ပျိုးနေချိန်ဖြစ်၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းအဝယ်ကောင်းကြောင်း  ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်များမှတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်း

      ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 

ဈေးကွက်အတွင်း အားလူးများဈေးကောင်းရရှိလျက်ရှိ

     ပုသိမ်မြို့ရှိ မြို့မဈေး၊ အောင်ဧရာဈေး၊ အောင်သီရိဈေးများတွင် ရောင်းချလျက်ရှိသည့် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီး(၈၀၀၀)ကျပ်၊ အလုံးလတ် (၇၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဒေသထွက်အာလူးများ ထွက်ပေါ်ချိန်၌လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ယခင်နှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လများ အတွင်း အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိမြင့် တက်ခဲ့သော်လည်း အရောင်းအဝယ်မှာ ကောင်းနေကြောင်း၊ လာမည့်ရက်အတွင်း ဒေသထွက်အာလူးများ ပေါ်ချိန်ရောက်မည်ဖြစ်သောကြောင့် အာလူးဈေးနှုန်းမှာ ယခုထက်အနည်းငယ်ပို၍ ကျဆင်းနိုင်ကြောင်း ကုန်စုံဆိုင်ရောင်းချသူ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

ပုသိမ်မြို့နယ်အတွင်း ထောပတ်ခရမ်းသီး ဈေးကွက်ရောင်းဝယ်မှု

  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း၌ လူကြိုက်များလာသော ထောပတ် ခရမ်းသီးများ ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော ဤသီးနှံကို ဒေသခံလယ်သမားများက စမ်းသပ်စိုက်ပျိုးအောင်မြင် လာကြပြီဖြစ်သည်။

    ပုသိမ်မြို့နယ်ရှိ ကျေးရွာများတွင်လည်း ထောပတ်ခရမ်းသီးကို စိုက်ပျိုးလာကြပြီး ဒေသတွင်းဈေးများတွင် ရောင်းချနေကြပါသည်။ ထောပတ်ခရမ်းသီး၏ ထူးခြားသောအရသာနှင့် အာဟာရဓာတ်ပြည့်ဝမှုတို့ကြောင့် ဒေသခံများအကြား ရေပန်းစားလာခြင်းဖြစ်သည်။ ဈေးကွက် ရောင်းဝယ်မှုတွင် ပိဿာချိန်ဖြင့် ဝယ်ယူကြပြီး လက်ရှိဈေးနှုန်းများမှာ ကုန်စည်သယ်ယူ ပို့ဆောင်ခနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိသည်။ လက်ကားဈေး အနေဖြင့် တစ်ပိဿာလျှင် (၂,၀၀၀)မှ (၂,၅၀၀)ကျပ်အထိ ရှိပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် (၃,၅၀၀)မှ (၄,၀၀၀)ကျပ်အထိ ရောင်းချနေကြောင်း သိရှိရသည်။

      ထောပတ်ခရမ်းသီးကို ဟင်းချိုချက်သောက်ခြင်း၊ အသုပ်သုပ်စားသုံးခြင်း၊ ကြော်ချက် စားသုံးခြင်းများ ပြုလုပ်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဒေသခံများအနေဖြင့် ထောပတ်ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်စေနိုင်သည့် အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ် ရှုမြင်လာကြကြောင်း တင်ပြအပ်ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း