Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဆူးပုတ်ရွက်ဈေးနှုန်းဈေးကွက်

   ဆူးပုတ်ရွက်များသည် သဘာဝအလျောက်ပေါက်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် အများဆုံးပေါက်ရောက်လေ့ရှိပါသည်။ ဆူးပုတ်ပင်သည် နွယ်ပင်မျိုးဖြစ်၍ နွယ်တက် နိုင်ပြီး ချုံကဲ့သို့လည်း ပေါက်ရောက်ပါသည်။ ဆူးပုတ်ရွက်သည် နှစ်ကြိမ်ငှက်မွှေးရွက်ပေါင်းပုံစံဖြစ်၍ ရွက်လွှဲထွက်ကာ အနံ့မှာ ပြင်းရှရှ ဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို ဟင်းလျာအဖြစ်ချက်ပြုတ် စားသောက်ကြသလို ဆူးပုတ်ပင်၏အရွက်နှင့်အမြစ်တို့ ကိုလည်း အစာအိမ်ရောဂါ၊ အသားမာရောဂါများ အတွက်လည်း ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အနီးတစ်ဝိုက်တွင် တည်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ တောတောင်များနှင့်အိမ်ခြံဝန်းများတွင် သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော ဆူးပုတ်ရွက်များကို ဒေသခံများက လတ်လတ်ဆတ်ဆတ်ခူးယူပြီး မိသားစုအတွက် အပိုဝင်ငွေရရှိအောင် တောင်ငူမြို့၊ ညောင်ပင်လေးဈေးနှင့် အခြား‌ဈေးများတွင်လည်း လာရောက် ရောင်းချလျက်ရှိပါသည်။ ဈေးဝယ်သူအိမ်ရှင်မများက ညောင်ပင်လေးဈေးရှိ ဆူးပုတ်ရွက်ရောင်းသူ ဈေးသည်များမှတစ်ဆင့် ဆူးပုတ်ရွက်များကို တစ်စည်းလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်အတွင်း ဝယ်ယူ လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ဈေးများရှိ ကြောင်လျှာသီးဈေးနှုန်း

  မြန်မာလူမျိုးများသည် ကြောင်လျှာသီးကို စားချင်စဖွယ်ဟင်းလျာတစ်ခွက်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီအတွက် ရာသီစာအသီး တစ်မျိုးဖြစ်ပြီး ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်ပေါ်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ ပူအိုက်စိုစွတ်သောဒေသ များတွင် ကြောင်လျှာသီးကို အဓိကစိုက်ပျိုးကြပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြပါသည်။

   တောင်ငူမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကြောင်လျှာသီးစိုက်ပျိုးမှု အနည်းငယ် ရှိသော်လည်း စီးပွားဖြစ်စိုက်ပျိုးမှုထက် မိသားစုစားသုံးရန်အတွက် အိမ်ခြံဝန်းအတွင်း စိုက်ပျိုးသည့် ပုံစံ မျိုးသာရှိပါသည်။  ယခု စက်တင်ဘာလ (ပထမပတ်)တွင် တောင်ငူမြို့နယ်အတွင်းရှိ ဈေးများထဲ၌ ကြောင်လျှာသီးများ အရောင်းသွက်လျက်ရှိပြီး  ဈေးများထဲတွင် ရောင်းချနေသော ကြောင်လျှာသီး များသည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရွှေကျင် မြို့နယ်များမှလည်းကောင်း၊ ရန်ကုန် တိုင်းဘက်မှ လည်းကောင်း သယ်ယူရောင်းချနေသော ကုန်စိမ်းသီးနှံဖြစ်၍ ကြောင်လျှာသီး အတောင့်သေး တစ်တောင့်လျှင် ၈၀၀ ကျပ်၊ အတောင့်ကြီးတစ်တောင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း ရောင်းချနေသော ဩဇာသီးဈေးနှုန်း

   ဩဇာသီးသည် တစ်နှစ်ပတ်လုံးသီးသော်လည်း မိုးရာသီအကုန် စက်တင်ဘာလမှစပေါ်ပြီး ဆောင်းရာသီ အစဖြစ်သော အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း အများဆုံးထွက်ရှိပါသည်။ ဩဇာသီးသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည်တော်၊ ပျော်ဘွယ်မြို့တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။နေပြည်တော်၊ပျော်ဘွယ်မြို့နှင့်ပတ်ဝန်းကျင်ဒေသသည်ခြောက်သွေ့သော ရာသီဥတုရှိပြီး ဩဇာသီးစိုက်ပျိုးရန် အလွန်သင့်တော်သောဒေသ ဖြစ်ပါသည်။

ပျော်ဘွယ်ဒေသနှင့် အနီးတစ်ဝိုက်ဖြစ်သော ယမ်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာအုပ်စု တို့တွင် ဩဇာသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုဒေသများမှထွက်ရှိသော ဩဇာသီးများကို နေပြည်တော်ဈေးကွက်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းစသော မြို့ကြီးများသို့ တင်ပို့ရောင်း ချလျက်ရှိပြီး အနီးအနားဒေသဖြစ်သော တောင်ငူမြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။  ဩဂုတ်လ (နောက်ဆုံးအပတ်)နှင့် ယခုစက်တင်ဘာလ (ပထမအပတ်)တွင် တောင်ငူမြို့နယ် အတွင်းရှိ ဈေးများနှင့် သီးနှံအရောင်းဆိုင်များတွင် ဩဇာသီးအလုံးသေးတစ်လုံး လျှင် ၁၀၀၀ ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်ဖြင့် ပေါ်ဦးပေါ်စရာသီစာသီးနှံအဖြစ် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

  ထောပတ်ပဲစျေးအနည်းငယ်ကျဆင်း

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(ဂေါက်) ၃၀၅၀၀၀ကျပ်နှင့်၃၁၀၀၀၀ ကျပ်၊ထောပတ်ပဲ(ကြီး) ၂၉၀၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၁၉၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာထောပတ်ပဲ(ဂေါက်)၅၄၂၂ကျပ်နှင့်၅၅၁၁ကျပ်၊ထောပတ်ပဲ (ကြီး) ၅၁၅၆ကျပ်နှင့် ၅၃၃၃ကျပ်၊ထောပတ်ပဲ(သေး) ၃၃၇၈ကျပ်နှင့် ၃၅၅၆ကျပ် တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ထောပတ်ပဲ(ဂေါက်)၇၄၆၇ကျပ်၊ထောပတ်ပဲ(ကြီး) ၇၁၁၁ကျပ်၊ ထောပတ်ပဲ(သေး) ၆၂၂၂ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                                                                           

   အရောင်းသွက်သည့်ပဲတီစိမ်းစျေးကွက် 

      ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၇၀၀၀၀ ကျပ်နှင့် ၃၁၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၄၈၀၀ကျပ်နှင့် ၅၅၁၁ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ်နှင့်၄၅၃၃ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၃၁၁ကျပ်နှင့်၂၈၄၄ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ် ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၉၇၈ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

စက်တင်ဘာလပထမပတ်မတ်ပဲစျေး

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၃၀၀ကျပ်၊ မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ(ကျောက်စရစ်) ၄၅၅၀ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၃၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း) ၆၁၆၇ ကျပ်နှင့် ၆၄၁၇ကျပ်၊မတ်ပဲ(ရေသွင်း) ၅၈၃၃ကျပ်နှင့် ၆၁၆၇ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲမှာစျေးလျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ ပထမပတ် ဈေးနှုန်းဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့၏ ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း)တို့ ရောင်းဝယ်လျက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၉၂၃၀၀-၉၂၅၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၃၀၀)ခန့်အရောင်းအဝယ်ရှိပါသည်။ ပဲတီစိမ်းသစ်များလည်း တစ်ရက်ကို အိတ် (၅၀၀ - ၆၀၀)ခန့် အဝင်ရှိပြီး တစ်ရက်ကို ဝင်သလောက်အရောင်းအဝယ်ဖြစ်ပါသည်။ ပဲတီစိမ်း တစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။

          ပြည်ကုန်စည်ဒိုင် ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၇၇၀၀၀ - ၇၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၅၀ - ၂၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၈၇၀၀၀-၈၈၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၄၀၀၀ - ၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိပါသည်။

          စက်တင်ဘာ၊ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ် ရှိပါသည်။

          စက်တင်ဘာ၊ ပထမပတ်တွင် စားတော်ပဲ (ကျွန်း)တစ်ရက်ကို အိတ် (၂၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကို အိတ် (၁၀- ၁၅)အိတ်ခန့် အရောင်းအဝယ်ရှိပါသည်။ပြည်မြို့သည် အချက်အခြာကျသော မြို့ဖြစ်၍ ပဲမျိုးစုံအရောင်းအဝယ်မှာ သွက်လျက်ရှိပါ သည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငရုတ်သီးစိမ်းနှင့်ခရမ်းချဉ်သီးဈေးအနည်းငယ်ကျဆင်းလျက်ရှိ

   တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျှက် ရှိရာ ငရုတ်သီးစိမ်း (ကုလားအော်)မှာ ယခင်အပါတ်က (၁)ပိဿာလျှင် ၁၆၀၀၀ကျပ် မှ ၁၈၀၀၀ကျပ် ထိဈေးနှုန်းရှိခဲ့သော်လည်း ယခုစက်တင်ဘာလပထမအပါတ်တွင် (၁)ပိဿာ ၇၀၀၀ ကျပ် မှ ၈၀၀၀ကျပ် သာရှိပြီး၊ ငရုတ်သီး(ကျောက်စိမ်း)မှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ၅၀၀၀ကျပ် ရှိသော်လည်း ယခုပတ်တွင် ၂၅၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားပါသည်။ ကျောက်စိမ်းငရုပ်သီး အမှည့်ဈေးနှုန်း အနေဖြင့် ၁ ပိဿာ ၅၀၀၀ ကျပ်ရှိပြီး ငရုပ်သီး(မိုးထောင်)မှာ ယခင်လက ၁ ပိဿာ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ထိ ဈေးနှုန်းရှိခဲ့သော်လည်း၊ ယခုစက်တင်ဘာလပထမ အပါတ်တွင် ၁ ပိဿာ ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားသည်။ 

    ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်၍ ယခင်အပတ်က တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် ထိ ဈေးနှုန်းကွာခြားမှုရှိပြီး ယခုစက်တင်ဘာလ ပထမအပါတ်တွင် တစ်ပိဿာ ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ်ထိသာ ဈေးနှုန်းကျဆင်းသွားသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်လနှင့် ယခုအပါတ် ဈေးနှုန်းမှာ ကွာခြားမှု မရှိပဲ ၁ ပိဿာ ၂၀၀၀ ကျပ် ဖြစ်ပြီး ၃ ပိဿာနှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ရောင်းချသည့် ဈေးသည် များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်းရှိတည်သီးလေး၏ အံ့မခန်းအာနိသင်နှင့် ဈေးနှုန်းဈေးကွက်

   တောင်ငူမြို့ ဈေးများရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မောသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ နဂါးမောက်သီး၊ သရက်သီးစသောဒေသထွက်နှင့် အခြားအရပ်ဒေသများမှ သစ်သီးဝလံ များလာရောက်ရောင်းချသည့်အပြင် အခြားဒေသများမှ သစ်သီးဝလံများကို မှာယူရောင်းချလျက်ရှိရာ ယခုအခါ တည်သီးများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မှာယူရောင်းချ လျက်ရှိပါသည်။

တည်သီး(Persimmoni)ပင်၏ မူရင်းဒေသသည် တရုတ်ပြည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားနိုင်ငံ များဆီသို့ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု သိရှိရသည်။ တည်သီးပင်၏သက်တမ်းသည် ၅၀-၇၅နှစ်ရှိပြီး သစ်သားအရည်အသွေးကလည်း ကောင်းမွန်သောကြောင့် အပင်အိုသွားသည့်အခါ သစ်မာအနေဖြင့် အသုံးပြုကြသည်။ အနံ့အရသာ ချိုချိုမွှေးမွှေးရှိပြီး အာဟာရဓါတ်များပေါကြွယ်ဝသဖြင့် ကျန်းမာရေးနှင့် အင်မတန်ညီညွှတ်လှပေသည်။

တည်သီးသည် အမျှင်ဓါတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို အထောက်အကူပြုပေးပါသည်။ အူနံရံ များအား အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေပါသည်။ အဆာခံနိုင်စေပြီး သွေးတွင်း သကြားဓာတ်မတက်အောင် အထိရောက်ဆုံးကာကွယ်ပေးပါသည်။ ထို့အပြင် ဆိုဒီယမ်ပါဝင်မှုနည်း သဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါသည်။ တည်သီးတွင် ဗီတာမင် C ပါဝင်မှုရှိသဖြင့် ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးသည့်အတွက် အအေးမိဖျားနာ၊ တုပ်ကွေး စသည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ခုခံတိုက်ထုတ်စေနိုင်ပါသည်။ ပိုတက်ဆီယမ်နှင့် သကြားဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်သည့်အတွက် ခြေကုန်လက်ပမ်းကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်ဟု လေ့လာသိရှိရသည်။ “တန်ဆေးလွန်ဘေး” ဆိုသည့်စကားအတိုင်း  ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်တို့သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ကြောင်းလည်း ဖတ်ရှု့လေ့လာရပါသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် တောင်ငူမြို့ဈေးများရှိ သစ်သီးဆိုင်များတွင် တည်သီးအလုံးသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး များများဝယ်ယူ လိုပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း တောင်ငူမြို့ဈေးများရှိ သစ်သီးဝလံအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဂွေးချိုပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

   တောင်ငူခရိုင်၊တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအနီးတွင် တောင်ငူ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံစသည့် တက္ကသိုလ်/ ကောလိပ်များတည်ရှိရာ ဖြစ်သဖြင့် အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများသည်  မိမိတို့အိမ်ခြံဝန်းများတွင် အပိုဝင်ငွေ ရရှိအောင် လူငယ်များကြိုက်နှစ်သက်သည့် သီးနှံအမျိုးမျိုးဖြစ်သော သင်္ဘောသီး၊ မာလကာသီး၊ သရက် သီး၊ သံပုရာသီး၊ဂွေးချိုသီးစသော နှစ်ရှည်သီးနှံပင်များနှင့် အရိပ်ရသောအပင်များ စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဂွေးချိုသီးများ လှိုင်လှိုင်ထွက်သည့်ရာသီဖြစ်သဖြင့် ပေါများစွာရောင်းချလျက်ရှိသည်။

          ဂွေးချိုသီးဆိုသည်မှာ အပြင်ခွံအစိမ်းရောင်နုနုမှစ၍ အစိမ်းရောင်ရင့်ရင့်အထိရှိပြီး အတွင်းသားမှာ ဖြူဖြူကြွပ်ကြွပ်လေးဖြစ်ပါသည်။ အရသာအနေဖြင့် ချိုချိုချဉ်ချဉ်အရသာလေးရှိပြီး အတွင်းတွင်အစေး များ ပါဝင်နေသည်။

          ဂွေးချိုသီးကို လူငယ်တို့အကြိုက် အချဉ်ပေါင်းအဖြစ် ငါးပိ(သို့မဟုတ်) ဆား၊ ငရုတ်သီးမှုန့်နဲ့ နယ်စားခြင်း၊ ငံပြာရည်၊ ငရုတ်သီးမှုန့်ဖြင့် သုပ်စားခြင်း၊ ငပိချက်,ချက်စားလျှင်လည်း စားကောင်းသလို၊ ပုဇွန်ခြောက်များဖြင့် ကြော်စားခြင်း၊ ထောင်း၍ဟင်းရည်တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးရာတွင် ထမင်းမြိန်စေသော အသီးတစ်မျိုးဖြစ်သည်။

          ဂွေးချိုသီးဈေးနှုန်းအနေဖြင့် ဒိုင်သို့သွင်းလျှင် (၁)လုံး ၅၀ ကျပ်ဖြစ်ပြီး အလုံး(၁၀၀) လျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချရပြီး လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သည့် အသီးဖြစ်သည့်အတွက် ရောင်းအား ကောင်းကြောင်း  ဂွေးချိုသီး ခူးဆွတ်ရောင်းချသည့် ဒေါ်ဥမ္မာ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း