Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုးချဲ့မွေးမြူသင့်သော ငါးရံ့နှင့် ငါးရံ့ခြောက်ဈေးကွက်

     ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး စားကောင်းသည့်ငါး ဖြစ်သည့်အပြင် မြစ်ချောင်း၊ အင်းအိုင်များပေါများသော ပဲခူးတိုင်းဒေသကြီးတွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိပြီး ရေချိုတွင်သာနေထိုင်ကြကာ ရေချို၌သာ သားပေါက်လေ့ရှိပါသည်။

      ငါးရံ့ကို ငါးရံ့အူဆီပြန်၊ ငါးရံ့ခေါင်းချည်ရည်ဟင်း၊ ငါးရံ့ဒန့်သလွန်ဟင်း၊ ငါးရံ့ပင်စိမ်း၊ ငါးရံ့ဆန်လှော်ဟင်း စသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်စားသောက်ကြပါသည်။ ငါးရံ့ငါးသည် ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးပြုကြသောကြောင့် ဈေးကွက်တွင် လူကြိုက်များသော ငါးဖြစ်ပါသည်။ ငါးရံ့ငါးသည် မွေးမြူရာတွင်  ရောဂါမရှိဘဲ အကြမ်းခံနိုင်ခြင်း၊ အစာချေးမများခြင်း၊ အသေအပျောက်နည်းခြင်း၊ ကျွေးသလောက်စား၊ စားသလောက်အရွယ်အစားကြီးထွားနိုင်ခြင်းတို့အပြင် ငါးစိုရော ငါးခြောက်ပါ ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် စီးပွားရေးတွင်လည်း အရေးပါသောငါးတစ်မျိုး ဖြစ်ခြင်းကြောင့် တိုးချဲ့မွေးမြူသင့်သော ငါးတစ်မျိုးဖြစ်သည်။

      ငါးခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာကို ၁၈၀၀၀ ကျပ် ဈေးမှ ၂၀၀၀၀ ကျပ်ဈေးအထိ အကောင်၊ အကြီး၊ အသေးပေါ် မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုကို ခွဲခြမ်းပြီး နေလှမ်းရာတွင် ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိ ထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုပ် လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျငွေ ၅၅၀၀၀ ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာ ၆၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရ၍ ငါးရံ့ခြောက်တစ်ပိဿာအပေါ် ၈၀၀၀ ကျပ်ခန့် အမြတ်အစွန်းရရှိသဖြင့် ထုတ်လုပ်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၉-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၅-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၅၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၅၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးလျော့ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ် တွင် ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၅၀၀၀မှ  ၉၈၀၀၀)၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၇၀၀)အိတ်၊ မတ်ပဲ (၂၈၀)အိတ်၊ ကုလားပဲ(H-L) (၇၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၅၅၀)အိတ်၊ ပဲကြီး(၃၈၀)အိတ်၊ ပဲတီစိမ်း (၁၁၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

 မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၈၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၈၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၃၀)ပိဿာဝင်အိတ်များဖြင့် (၂၇၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

သစ်ကြားစေ့ (သို့) သစ်ကြားသီးများရောင်းအားကောင်းနေ

     လူကြီး/လူငယ်မရွေး စားသင့်သော အသီး (သို့) အစေ့များထဲတွင် သစ်ကြားသီး (သို့) အစေ့လည်းပါဝင်ပါသည်။ သစ်ကြားသီးများကို ကချင်ပြည်နယ်ဘက်တွင် အများဆုံးစိုက်ပျိုးလေ့ရှိ ပါသည်။ သစ်ကြားစေ့လေးများကို သစ်ကြားသီးအခွံ့မာများမှ ခွာ၍စားရပါသည်။

     သစ်ကြားသီးများကို စားသုံးပေးခြင်းအားဖြင့် ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် နှလုံး သွေးကြောရောဂါများဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပြီး ရင်ကျပ်ပန်းနာ၊ အဆုပ်ပွရောဂါတို့ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကိုလည်းလျှော့ချပေးနိုင်ကြောင်း သိရှိရပါသည်။

     သစ်ကြားသီးလက်တစ်ဆုပ်စာပမာဏကိုစားပေးခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အရိုးကျန်းမာရေးကောင်းမွန်စေခြင်း၊ မှတ်ဉာဏ်များကိုကောင်းမွန်စေခြင်း၊ ဝမ်းမှန်ခြင်းနှင့် ဖွံ့ဖြိုးကြီးထွားမှုအတွက်အထူးကောင်းမွန်ခြင်း စသည့်ကောင်းကျိုးများကိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

  သစ်ကြားသီးလေးများ၏အရသာမှာ ဆိမ့်၍အရသာလေးလေးပင်ပင်ရှိသောကြောင့် လူအများနှစ်သက်သည်ဖြစ်ပြီး ဈေးကွက်၌ ဈေးကောင်းရသောအသီးထဲတွင်ပါဝင်ပါသည်။ သစ်ကြားသီးအလုံး၁၀၀လျှင် ၉၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိဈေးရရှိကြောင်းနှင့် အရောင်းသွက်နေကြောင်း သစ်ကြားသီးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

ရာသီစာ မန်ကျည်းသီးစိမ်း ဈေးကွက်

   မန်ကျည်းပင်သည် သစ်မာပင်နွယ်ဝင် အပင်ကြီးမျိုးဖြစ်ပြီး မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်လေ့ရှိပါသည်။ မန်ကျည်းပင်သည် စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ သုံးရာသီပတ်လုံး မန်ကျည်းရွက် အနု၊ အဖူး၊ အသီးစိမ်းအနု၊ အမှည့်များကို နှစ်ပတ်လည် စားသုံးရပါသည်။ မန်ကျည်းသီးအမှည့်များကို  အစေ့ထုတ်၍ နှစ်ရှည်ခံအောင်သိမ်းထားပြီးလည်း စားသုံးကြရပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းမှစ၍ မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါ်ပြီး ဆိပ်ဖြူမြို့ ပတ္တမြားဈေးကွက်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မကျည်းသီးစိမ်း နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ် ဒေသပေါက်ဈေးရှိပြီး ယခင်နှစ်နှင့် ကာလတူ မန်ကျည်းသီးစိမ်းပေါ်ချိန်တွင် နို့ဆီတစ်ဘူးလျှင် (၇၀၀)ကျပ်ရှိကြောင်း၊ ယခင်နှစ်ထက် (၈၀၀)ကျပ်ခန့် ဈေးမြင့်တက်သွားကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရှိရပါသည်။

   မြန်မာလူမျိုးများသည် မန်ကျည်းသီးစိမ်းကို ထောင်း၍ ပုဇွန်ခြောက်နှင့် ကြော်စားခြင်း၊ ငရုတ်သီးစိမ်း၊ ငပိထောင်းနှင့် ရော၍ ချက်စားခြင်းများကို ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း၊ ရာသီချိန်တွင် မန်ကျည်းသီးစိမ်းနုနုလေးများမှာ ဈေးကောင်းသော်လည်း ဝယ်ယူစားသုံးသူများပြားကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူမြို့တွင် အသားဈေးတည်ငြိမ်ပြီး ငါးနှင့်ပုစွန်ဈေးကျနေ

     တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) ၌ ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စီပီကြက်အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သား (ရေလွတ်သား) သုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်တို့ဖြင့် ယခင်အပတ်၏ဈေးနှုန်းများအတိုင်း တည်ငြိမ်နေပါသည်။

     ငါးကြင်းမှာ ယခင်လကုန်ပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ငါးကြင်းဖြူမှာ ယခင်လကုန်ပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင်  အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

      ငါးရံ့မှာ အကောင်သေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်လကုန်ပိုင်းတွင် အကောင်သေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အကောင်လတ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင်  အကောင်သေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

     ပုစွန်ဆိတ်မှာ တစ်ပိဿာလျှင် အသေး ၈၀၀၀ကျပ်၊ အကြီး ၁၅၀၀ကျပ်ရှိပါသည်။ ယခင်လကုန်ပိုင်းတွင် ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၃၂၀၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရပါသည်။

 DOCA(ပဲခူး)

တောင်ငူမြို့တွင် စပါးနှင့်ဆန်ကွဲဈေးတက်ပြီး မတ်ပဲဈေးကျနေ

      တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ (မိုး) တစ်အိတ်လျှင် ၇၄၀၀၀ကျပ်၊ ဧည့်မထ (နွေ) တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မိုးစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၂၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ၂၂၀၀၀၀ကျပ်၊ နွေစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၁၅၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ၁၆၀၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်လာခဲ့ပါသည်။

     ယခင်အပတ်တွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၂၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၃၇၀၀၀ကျပ်ရှိခဲံရာမှ ယခုအပတ်တွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး ဖွဲနုတစ်အိတ်လျှင် ၂၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ ၃၀ပိဿာဝင် အိတ်တစ်အိတ်လျှင် ယခင်အပတ်တွင် ၁၁၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းလာခဲ့ပြီး ပဲလွန်းဖြူ ၃၀ပိဿာဝင် အိတ်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ကြက်သွန်နီဈေးအနည်းငယ်တက်၍ စားအုန်းဆီနှင့်အာလူး ဈေးအနည်းငယ်ကျပြီး အခြားစားသောက်ကုန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်၊ ဧည့်မထ (မိုး) ဆန်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်တို့ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

     ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်တွင် အသေး၊ အလတ်ရော ၂၂၀၀ကျပ်၊ အကြီး ၂၃၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ကျပ်၊ အလတ် ၂၅၀၀ကျပ်နှင့် အကြီး ၂၆၀၀ကျပ်တို့ဖြင့်  ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ကျပ်၊ အလတ် ၈၀၀၀ကျပ်၊ အကြီး ၉၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်ခြောက်အရှည်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၇၅၀၀ကျပ်ရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး အာလူးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၀၀၀ကျပ်နှင့် အကြီး ၃၂၀၀ကျပ်ရှိတို့ခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်နှင့် အကြီး ၃၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

     ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ မြေပဲဆံ (အဖြူ) မှာ ၇၅၀၀ကျပ်၊ မြေပဲဆံ (အနီ) မှာ တစ်ပိဿာလျှင် ၉၂၀၀ကျပ်ဖြင့် ဈေးနှုန်းများတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်ကောင်း

    တောင်ငူမြို့၊ ညောင်ပင်ဈေးသည်  အနီးတဝိုက်ကျေးရွာများရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များလာရောက်ရောင်းချသူများပေါများသောဈေးအဖြစ် ဒေသတွင်းနာမည်ရသော ဈေးတစ်ခုဖြစ်ပါသည်။ တောင်ငူမြို့နယ်အတွင်းရှိ ဈေးအသီးသီးမှ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်များကိုလာရောက်ဝယ်ယူကာ ပြန်လည်ရောင်းချကြပါသည်။

    တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းအနီးရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များစိုက်ပျိုးဖြစ်ထွန်းသောကြောင့် ယင်းကျေးရွာများမှ ရာသီအလိုက်ပေါ်သောဟင်းသီးဟင်းရွက်များအား စိုက်ပျိုးသူများကိုယ်တိုင်လာရောက်ရောင်းချသော နံနက်စောစောအချိန်တွင် အသီးအရွက်များမှာ ဈေးနှုန်းချိုသာလှပါသည်။

     ညောင်ပင်ဈေးရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ ဗုံလုံသီး (၇) တောင့်ခန့်ပါ တစ်စည်းလျှင် (၇၀၀) ကျပ်၊ ချဉ်ပေါင်ရွက်လက်တစ်ဆုပ်စာတစ်စည်းလျှင် (၅၀) ကျပ်၊ ဆလပ်ရွက် (၁) စည်းလျှင် (၁၀၀) ကျပ်၊ မွှထားသောမျှစ် (၁) ပိဿာလျှင် (၂၆၀၀) ကျပ်နှင့် ပဲတောင့်ရှည်အတောင့် (၃၀) နှင့် (၄၀) ခန့်ပါ တစ်စည်းလျှင် (၅၀၀) ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း