Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

Palm Oil Wholesale Reference Price announced that Ks 5,215 per Viss

    The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,215 per Viss for the period from 4 March 2024 to 10 March 2024.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

     The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁.၃.၂၀၂၄ )

၁.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁.၃.၂၀၂၄ )

၁.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၃.၂၀၂၄ )

     ၁.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဆီထွက်သီးနှံဆောင်းမြေပဲများ ရိတ်သိမ်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုအတွင်းရှိ ကျေးရွာများမှ နှစ်စဉ် ငရုတ်၊ ကြက်သွန်နီ၊ မြေပဲ၊ ပဲနီပြား၊ ပဲဇီးကွက် သီးနှံများကို ရေမြုပ်မြေ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးကြသည်။ အဓိကသီးနှံအဖြစ် ငရုတ်နှင့် မြေပဲကို စိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံမြေပဲကို ဒေသခံပြည်သူများမှ နှစ်စဉ်တပိုင်တနိုင် စိုက်ပျိုးကြောင်း၊ ဆိက္ခဝအုပ်စုတွင် မြေပဲသီးနှံကို  နှစ်စဉ်ဧက (၅၀)ခန့်စိုက်ပျိုးရာမှ ပြည်ပနိုင်ငံများမှ မြေပဲဆံအဝယ်လိုက်၍ ဈေးကွက်ခိုင်မာမှုရှိသော မြေပဲကို ယခုနှစ်တွင် စိုက်ဧက(၁၀၀)ထိ တိုး၍စိုက်ပျိုး လာကြောင်း၊ တောင်သူတစ်ဦးလျှင်(၀.၃)မှ(၁)ဧကထိ စိုက်ပျိုးကြောင်း ဆိက္ခဝကျေးရွာရှိ စိုက်တောင်သူမှ ပြောပါသည်။

      ယခုနှစ်တွင် ဆီထွက်သီးနှံ လုံးဆံ(သေး)အဖြူနှင့် လုံးဆံ(ကြီး)အနီ စိုက်ပျိုးရာမှ လုံးဆံ(သေး) အဖြူမျိုးကို  အများဆုံးစိုက်ပျိုး၍ အောက်တိုဘာလကုန်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ လဆန်း ပိုင်းတွင် သီးနှံရိတ်သိမ်းကြောင်း၊ ယခုနှစ်  မြေပဲစိုက်ချိန်တွင် တန်ဆောင်မုန်းမိုး ရွာသွန်းခြင်းကြောင့် မြေပဲအထွက်နှုန်းကောင်းကြောင်း၊ ကျေးရွာတွင်းရှိ တောင်သူများသည် မြေပဲစိုက်ရာတွင် နွားရှဉ်း ထယ်နောက်လိုက်၍ ဖြူးချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ လက်ဖြင့်စိုက်ပျိုးလျှင် မြေပဲဆံ(၂၄)ပြည် ကုန်ကျ ပြီး ဖြူးချစိုက်လျှင် ပြည်(၄၀)ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်စုစုပေါင်း ကျပ် (၇၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊  အထွက်တင်းအနေဖြင့် တောင်သူတစ်ဦးချင်းမတူညီ၍ တင်း(၄၀)မှ (၆၀)ထိထွက်ရှိကြောင်း၊ စိုက်တောင်သူများမှ ထွက်ရှိသောမြေပဲများကို ရောင်းချခြင်းမရှိဘဲ မြေပဲဆံ ရောင်းချမှုရှိသော်လည်း တောင်သူအများစုမှာ ဆီကြိတ်ခွဲ၍ စားသုံးမှုများကြောင်း၊ ပိုလျှံသောမြေပဲဆံကို ရောင်းချကြောင်း၊ ယခုနှစ်သီးနှံပေါ်ချိန်တွင် ဒေသပေါက်ဈေး မြေပဲဆံတစ်ပြည်လျှင် ကျပ်(၆၄၀၀)ဖြင့် ပေါက်ဈေးရှိကြောင်း၊ တောင်သူတစ်ဦးလျှင် မြေပဲတင်း(၅၀)ခန့် ထွက်ရှိပြီး တစ်တင်းလျှင် (၄)ပြည် (၄)ဗူးခန့်ထွက်ရှိ၍ မြေပဲဆံပြည်(၂၂၀)ခန့် ထွက်ရှိကြောင်း၊ ဒေသပေါက်ဈေး ကျပ်(၆၄၀၀)ဈေးရှိ၍ ဝင်ငွေမှာ ကျပ်(၁၄၀၀၀၀၀)ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၇၀၀၀၀၀)ဖြစ်၍ အကျိုးအမြတ်မှာ ကျပ်(၇၀၀၀၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။

      ယခုနှစ်သီးနှံပေါ်ချိန်တွင် မြေပဲဈေးကွက်ကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့နယ်တွင် ဆီးသီးအစို၊ အခြောက်များ အရောင်းအဝယ်ဖြစ်ပြီး ဆီးခွဲစက်များလည်ပတ်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေ၊ ကမ္မနယ်များသည် ဆီးပင်များ အများဆုံး ပေါက်ရောက်ပြီး ဆီးသီးအစို၊ အခြောက်များထွက်ရှိသော နယ်များဖြစ်သည်။ မန်ကျည်းတစ်လှည့် ဆီးတစ်လှည့် ဆိုသည့် စကားရှိရာ ယခုနှစ်၊ ယခုအချိန်သည် ဆီးသီးလှိုင်လှိုင်ပေါသော အချိန်အခါဖြစ်၍ ပခုက္ကူမြို့ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။

      ယခု ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် ဆီးသီးအစို(၁)တင်းလျှင် လက်ကားဈေး ကျပ်(၁၀၀၀၀)၊ လက်လီဈေး ကျပ်(၁၂၀၀၀)၊ ဆီးသီးအခြောက်(၁)တင်းလျှင် ကျပ်(၁၄၀၀၀ - ၁၅၀၀၀)၊ ဆီးဆံတစ်ပိဿာ ကျပ်(၅၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖေဖေါ်ဝါရီလ (ပထ မပတ်)တွင် ဆီးသီးအစို(၁)တင်းလျှင် ကျပ်(၁၃၅၀၀-၁၄၀၀၀)၊ ဆီးသီးခြောက်(၁)တင်းလျှင် ကျပ် (၁၄၀၀၀)၊ ဆီးဆံ(၁)ပိဿာလျှင် ကျပ်(၅၄၀၀၀)ဖြစ်ခဲ့သည်။ ယခုဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင်  ဈေးအနည်းငယ်တက် လာခြင်းမှာ ကုန်ပစ္စည်းဝင်ရောက်မှု နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

      ဆီးသီးပေါ်ချိန်ဖြစ်၍ ဆီးခွဲစက်များလည်း လည်ပတ်လျက်ရှိပါသည်။ ဆီးခွဲစက်ပိုင်ရှင်မှ ပြောကြားချက်အရ (၁)နှစ်တွင် နိုဝင်ဘာလ မှ ဖေဖေါ်ဝါရီလအထိ  ဆီးသီးများကြိတ်ခွဲပြီး ဆီးဆံများ အရောင်းရဆုံးအချိန်ဖြစ်ကြောင်း၊ ဆီးခွဲစက်(၅)လုံးရှိပြီး တစ်ပတ်လျှင်(၃)ရက်ကြိတ်ရကြောင်း၊ တစ်နေ့လျှင် ဆီးသီးခြောက်ပိဿာ (၅၀၀မှ၇၀၀)ကြားကြိတ်ရကြောင်း၊ ဆီးသီးခြောက်(၁)တင်းလျှင် ကျပ် (၁၅၀၀၀)ဖြင့် ဝယ်ရကြောင်း၊ ဆီးသီးခြောက်ပိဿာ(၁၀၀)ကြိတ်လျှင် ဆီးဆံ(၂၅)ပိဿာထွက်၍ ဆီးဆံ(၁)ပိဿာလျှင်(၅၅၀၀၀)ဈေးရှိသောကြောင့် အမြတ်အစွန်းများရရှိကြောင်း၊ ယခင်နှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများက ဆီးသီးအစို(၁)တင်းလျှင် ကျပ်(၇၀၀၀)၊ ဆီးသီးခြောက်(၁)တင်းလျှင် ကျပ် (၁၁၀၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၂၆၀၀၀ - ၂၈၀၀၀)ဖြစ်၍ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်ပို၍ အမြတ်အစွန်းရရှိကြောင်း၊ ကြိတ်ခွဲရရှိလာသော ခွဲခြမ်းများကိုလည်း တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေး ရှိသောကြောင့် တွက်ချေကိုက်၍ ပို၍လည်ပတ်နိုင်ကြောင်း၊ အခြားဆီးခွဲစက်များလည်း အလားတူ လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

     ဆီးပင်မှာ တစ်ပင်လုံးအသုံးဝင်သောကြောင့် ယခုအချိန်တွင် သဘာဝအလျောက် ပေါက်ရောက်သည့် အပင်များအပြင် လယ်မြေများတွင် တိုးချဲ့စိုက်ပျိုးလာကြသည်။ ဆီးဆံမှာ ဆေးဖက် ဝင်သောကြောင့် ပြည်ပသို့တင်ပို့နေရသောကြောင့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပါက ပြည်တွင်းကဏ္ဍဖွံ့ဖြိုးမှုအတွက် ပိုမိုအထောက်အကူပြုနိုင်ပါသည်။

DOCA(မကွေး)

ဆိပ်ဖြူကြက်သွန်နီဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီ များ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ဒေသတွင်းကြက်သွန်နီစိုက်ပျိုးရာကျေးရွာများနှင့် ပွင့်ဖြူ၊ ဆင်ဖြူ ကျွန်း၊ စလင်း၊ ဒေသများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ နေ့စဉ်ပိဿာ(၃)သောင်းခန့် တစ်ပတ်အတွင်း ကုန် ချိန်ပိဿာ(၃)သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

    ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် တရိပ်ရိပ်ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ်(၂၆၀၀)၊ အလတ်စ ကျပ်(၂၄၅၀)၊ အနိမ့်စကျပ်(၁၉၀၀)အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီ(တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စအမြင့်ဈေးမှာ ကျပ်(၂၂၂၅)၊ အလတ်စ ကျပ်(၂၀၅၀)၊ အနိမ့်စ ကျပ် (၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  

   ယခင်ဖေဖော်ဝါရီ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဖေဖော်ဝါရီလ(စတုတ္ထ ပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ ကျပ်(၃၇၅)၊ အလတ်စ ကျပ်(၄၀၀)၊ အသေးစ ကျပ်(၃၀၀)ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပဝယ်လိုအား ဈေးကွက်များခြင်းနှင့် ကြက်သွန်နီကုန်လက်ကျန်နည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။

   ဆိပ်ဖြူမြို့မှ ထွက်ရှိသောကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန် ပိဿာ (၃)သိန်းခန့်၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။   

DOCA(မကွေး)

 

 

ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော ငါးခြောက်ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော ငါးခြောက်အမျိုးမျိုးနှင့် ပုဇွန်ခြောက်အမျိုးမျိုးတို့ ရောင်းချလျက်ရှိပါသည်။ ငါးခြောက်အမျိုးမျိုးများဖြစ်သော ငါးပုတ်သင်၊ ငါးမည်းလုံး၊ ငါးဇင်းလုံး၊ ငါးဇင်းပြား၊ အာပြဲခြောက်အမျိုးမျိုး၊ ငါးရံ့ခြောက်နှင့် ငါးနီတူးခြောက်၊ ရေမောင်စာခြောက်အမျိုးမျိုးတို့ဖြစ်ပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ရောင်းချနေသောငါးခြောက်ဈေးနှုန်းများမှာ ငါးပုတ်သင်(ကြီး)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(လတ်) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးပုတ်သင်(သေး)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးရံ့ (လုံး)ခြောက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးရံ့(ပြား)ခြောက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ အာပြဲခြောက်(ကြီး)တစ်ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ အာပြဲခြောက်(လတ်) တစ်ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ အာပြဲခြောက်(သေး) တစ်ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ငါးမည်းလုံး တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငါးဇင်း(လုံး) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးဇင်း(ပြား) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးသေတ္တာခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးနီတူးခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ရေမောင်စာခြောက် တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)နှင့် ပုဇွန်ခြောက်(ကြီး) တစ်ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ပုဇွန်ခြောက်(သေး) တစ် ပိဿာလျှင် ကျပ်(၂၅၀၀၀)ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာ နှင့်ပခုက္ကူကျွန်းတို့မှ ဆောင်းစိုက်(ပင်စိုက်)များ စတင်ထွက်ရှိနေပါသည်။ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကြက်သွန်နီဈေးမှာ အနည်းငယ်ကျနေခဲ့သော်လည်း ဖေဖော်ဝါရီ (စတုတ္ထပတ်)တွင် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရပါသည်။

     ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်သာမက အခြားဒေသများဖြစ်သော ရေနံချောင်း၊ ဆင်ဖြူကျွန်းတို့မှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်) ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၄၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ရှိခဲ့ပြီး ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၂၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ထိ မြင့်တက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ် ဖြစ်မှု ကုန်ချိန်မှာလည်း ပိဿာချိန်(၂၀၀၀၀ မှ ၅၀၀၀၀) ထိ ဖြစ်နေကြောင်း၊ မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ကြက်သွန်အရွယ်အစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း