Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၇.၂၀၂၃ )

      ၂၇.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဟုမ္မလင်းမြို့နယ်၏ တစ်နိုင်တစ်ပိုင်ဆီးဖျော်ရည်လုပ်ငန်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် နောင်ပကျစ်ရပ်ကွက်ရှိ ဆီးဖျော်ရည်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင် ဒေါ်လှခင်ထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးမေးမြန်းရာတွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ဆီးဖျော်ရည်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင် ဒေါ်လှခင်ကလည်း ယခုလသည် ရာသီဥတုပူပြင်းသည့်အတွက် မိမိ၏ဆိုင်တွင် တစ်ရက်လျှင် ဆီးဖျော်ရည်ဘူး (၃၀) ဘူးခန့်ရောင်းချရလျက်ရှိပါကြောင်း၊ ဆီးဖျော်ရည်တစ်ဘူးလျှင် (၃၀၀၀) ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါကြောင်း၊ ဟုမ္မလင်းမြို့ပေါ်တွင် ဆီးဖျော်ရည်ရောင်းချသည့် ဆိုင်အရေအတွက် (၃) ဆိုင်ခန့်ရှိပါကြောင်း၊ နွေရာသီကာလတွင် အရောင်းသွက်ပြီး ကျန်ကာလများ၌ အနည်းငယ်သာရောင်းချရပြီး ဆောင်းရာသီတွင် တစ်ရက်လျှင် (၁၀) ဘူးခန့်သာရောင်းချရပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဆီးသီးမှုန့်နှင့် သကြားများကို မုံရွာမြို့မှ မှာယူတင်သွင်းရပါကြောင်း၊ သကြားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဆီးသီးမှုန့်တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ထင်းတစ်တန်လျှင် (၅၀၀၀၀) ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူ၍ ဆီးဖျော်ရည်များပြုလုပ်ရောင်းချလျက်ရှိပါကြောင်း၊  မိမိတို့ပြုလုပ်သည့်ဆီးဖျော်ရည်မှာ ဒေါ်လှခင်အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ဆီးဖျော်ရည်ပုလင်းများကို ဒေသတွင်းသာအဓိကရောင်းချလျက်ရှိပြီး ရံဖန်ရံခါတွင် ခရီးသွားပြည်သူများက လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများလည်းရှိပါကြောင်း၊ မိသားစုအင်အားဖြင့်သာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စားဝတ်နေရေးဖူလုံရုံသာရောင်းချလျက်ရှိပါကြောင်း၊ မိမိတို့ပြုလုပ်သည့်ဆီးဖျော်ရည်သည် ဓာတုဆေးဝါးများအသုံးပြု၍ ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ သဘာဝအရသာဖြင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ကာ ရောင်းချလျက်ရှိပါကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ငှက်ပျောစိုက်သူများအဆင်ပြေလျက်ရှိ

    ငှက်ပျောသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးပွဲများ၊ မင်္ဂလာဆောင်များ၊ သာသနာပွဲများတွင် မပါမဖြစ်အရေးကြီးသော အသီးတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ငှက်ပျောသီးကို လူမျိုးဘာသာမရွေးစားသုံးကြပြီး “အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့်အတိုင်း ငှက်ပျောသီးသည် လူတို့အတွက် အာဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ခုဖြစ်ပါသည်။

    လူတို့အတွက် အသုံးဝင်လှသောငှက်ပျောပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ကန့်ဘလူမြို့ရှိ ဦးမိုး၏ ငှက်ပျောခြံသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ငှက်ပျောခြံကို ၂၀၁၇ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး အပင်ရေ ၂၅၀ပင်စိုက်ပျိုးထားရှိသည်။ မြန်မာနိုင်ငံ၌ ထင်ရှားသောငှက်ပျောမျိုးများအနက် “ဖီးကြမ်း” မျိုးကိုစိုက်ပျိုးထားကြောင်း သိရသည်။

    ငှက်ပျောပင်သည် ၈ပေမှ ၁၅ပေအထိမြင့်သော တစ်နှစ်ခံပင်မျိုးဖြစ်ပြီး ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကိုခုတ်ယူပြီးနောက် အပင်မကြီးကိုခုတ်ပစ်ရသည်။ ငှက်ပျောပင်စည်ရင်းမှ သားတက်ငယ်များထွက်လာ၍ ထိုသားတက်များကို ပင်မမှခွဲထုတ်၍ စိုက်ပျိုးခြင်းဖြင့် ငှက်ပျောပင်များကိုမျိုးပွားယူကြသည်။  ငှက်ပျောပင်သည် ၁၂လမှ ၁၈လအရွယ်ရောက်လျှင် ငှက်ပျောဖူးစ၍ထွက်လာသည်။ ထိုငှက်ပျောဖူးတွင် အပွင့်ခိုင်ကလေးများကို  ဖုံးကွယ်ထားသောခရမ်းရင့်ရောင်အဖတ်များဖြင့် အထပ်ထပ်ဖုံးနေသည်ကိုတွေ့ရသည်။ ဦးစွာထွက်လာသောအပွင့်များသာ အောင်မြင်သောအသီးများဖြစ်လာကြသည်။ နောက်မှထွက်သည့်အပွင့်ခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက်စီးသွားကြသည်။  ငှက်ပျောမျိုးကိုလိုက်၍ ငှက်ပျောတစ်ခိုင်တွင် အဖီး ၉ဖီးပါ၍ တစ်ဖီးလျှင် အသီး ၁၀လုံးမှ ၁၅လုံးအထိရှိကြောင်း သိရသည်။

  ငှက်ပျောသီးကို မှည့်အောင်ပြုလုပ်၍ ငှက်ပျောပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောခြောက်နှင့် အခြားသောမုန့်မျိုးစုံတွင်လည်း ငှက်ပျောသီးကိုထည့်သွင်းအသုံးပြုကြသည်။ ယခုအခါ ခြံမှထွက်ရှိသော “ဖီးကြမ်း” ငှက်ပျောသီးများကို သဘာဝအတိုင်း မှည့်အောင်ပြုလုပ်၍သော်လည်းကောင်း၊ အစိမ်းအတိုင်းသော်လည်းကောင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည်။ “ဖီးကြမ်း” ငှက်ပျောသီးအစိမ်း (၁) ဖီးလျှင် ၇၀၀ကျပ်၊ အမှည့် (၁) ဖီးလျှင် ၁၀၀၀ကျပ်နှင့် အဖီးလှလျှင် ၂၀၀၀ကျပ်အထိရောင်းချရသည်။ ငှက်ပျောသီးသည် တစ်နှစ်ပတ်လုံးထွက်ရှိရာ မိုးရာသီတွင် အသီးများပိုမိုထွက်ရှိသောကြောင့် လစဉ် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခြံပိုင်ရှင် ဦးမိုးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ယင်းမာပင်ခရိုင်၏ ‌ဒေသထုတ်ကုန်ဖြစ်သော တို့ဟူးခြောက်

   စစ်ကိုင်းတိုင်းဒေသကြီး၌ (၂၀၂၂-၂၀၂၃) ခုနှစ်၊ ကုလားပဲစိုက်ဧက (ဆောင်း) ၄၂၁၄၄၉ဧကရှိသည့်အနက် ယင်းမာပင်ခရိုင်တွင် ကုလားပဲစိုက်ဧက (ဆောင်း) တစ်သိန်းလေးသောင်းခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ စိုက်ပျိုးသည့်ကုလားပဲမျိုးများမှာ V2၊ V3၊ 929 နှင့် ထိုင်ဝမ်မျိုးများဖြစ်ပြီး ကုလားပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်များပြုလုပ်ရာတွင် 929ကုလားပဲကိုသာ အများဆုံးအသုံးပြုကြောင်းသိရှိရသည်။

    ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များ၌ ကုလားပဲမှုန့်ဖြင့်ပြုလုပ်သည့် ဒေသထွက်ကုန်ဖြစ်သော မြန်မာ့ရိုးရာစားစရာတစ်မျိုးဖြစ်သည့် တို့ဟူးခြောက်မှာ နာမည်ကျော်ကြား၍ လူသိများသောစားသောက်ကုန်ဖြစ်သည်။ တို့ဟူးခြောက်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှာ ပုလဲမြို့နယ်တွင် ၁၀ဦး၊ ယင်းမာပင်မြို့နယ်တွင် ၅ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၂၀ဦး၊ စုစုပေါင်း ၃၅ဦးခန့်ရှိပြီး လွန်ခဲ့သောနှစ် (၂၀) ခန့်ကပင်  မိရိုးဖလာတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခဲ့ရာမှ ယခုကာလတွင် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ယင်းမာပင်ခရိုင်အတွင်း တို့ဟူးခြောက်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ကုလားပဲသီးနှံစိုက်ပျိုးထွက်ရှိသော်လည်း ကုလားပဲမှုန့်ကြိတ်ခွဲသည့် စက်ကြီးများမရှိသဖြင့် မုံရွာဈေးကွက်မှဝယ်ယူကြောင်းသိရှိရသည်။ တို့ဟူးခြောက်အပြင် ကြက်သွန်ခြောက်နှင့် ကန်စွန်းဥခြောက်များကိုလည်း ကုန်ကြမ်းရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ထုတ်လုပ်ကြကြောင်းသိရသည်။

    တို့ဟူးခြောက်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ်အသုံးပြုသည့် ကုလားပဲမှုန့်၊ သာကူမှုန့်၊ ဟင်းခတ်မှုန့်၊ အိမ်သုံးဆားနှင့် ရေတို့ကိုအချိုးကျရောစပ်၍ ကျိုချက်ရသည်။ အရည်များစေးပစ်လာပါက စတီးလင်ပန်းပြားတွင် ခပ်ပါးပါးဖြန့်ထည့်၍ အအေးခံရသည်။ အေးပြီး အချပ်အပြားလိုက်ယူ၍ရသည့်အချိန်တွင် အချပ်အပြားလိုက်ဝါးတန်းများပေါ်တင်၍ နေလှန်းရသည်။ တစ်ရက်နေလှန်းပြီးသည့်တို့ဟူးပြားများကို စတုရန်းပုံအပြားငယ်များဖြတ်တောက်၍ ဖျာကြမ်း (သို့မဟုတ်) တာပေါ်လင်များပေါ်တင်ကာ ခြောက်သွေ့သည်အထိနေလှန်းပြီးလျှင် ရောင်းတန်းဝင်တို့ဟူးခြောက်များရရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်ပြုလုပ်ရာတွင် ကုန်ကြမ်းကုလားပဲမှုန့် ၃ပိဿာနှင့် သာကူမှုန့်တစ်ပိဿာကျိုပါက တို့ဟူးခြောက် ၃ပိဿာ ၅၀ကျပ်သားရရှိပြီး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်ရက်လျှင် တို့ဟူးခြောက်ပိဿာ ၅၀ ပိဿာခန့်အထိရအောင် ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။

    တို့ဟူးခြောက်လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်လျှင် လုပ်သားအင်အား ၅ဦးမှ ၈ဦးအထိအသုံးပြုရပြီး လုပ်သားတစ်ဦး တစ်ရက်လျှင် ကျပ် (၆၀၀၀) ခန့်လုပ်အားခပေးရသည်။ ယင်းမာပင်ခရိုင်ရှိ တို့ဟူးခြောက်လုပ်ငန်းနှင့်ဆက်နွှယ်၍ လုပ်သား ၂၀၀ဦးကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ကြောင်း သိရရှိရသည်။

     တို့ဟူးခြောက်ပြားများကို ၁၀ကျပ်သား၊ ၂၀ကျပ်သားချိန်တွယ်ပြီး ပလပ်စတစ်အိတ်/ပလပ်စတစ်ဘူးများဖြင့်ထုပ်ပိုးကာ လုပ်ငန်းရှင်၏ကုန်အမှတ်တံဆိပ်ကပ်၍လည်းကောင်း၊ ပိဿာချိန် ၁၀ (သို့မဟုတ်) ၁၅ ပိဿာကို စက္ကူဂျပ်ပုံးများတွင် ပလပ်စတစ်အိတ်ကြီးများခံထည့်၍လည်းကောင်း ဒေသတွင်းနှင့် နယ်ဝေးများသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။ ဈေးကွက်အတွင်း ရောင်းဈေးနှုန်းများမှာ ၁၀ကျပ်သားတစ်ထုပ်/တစ်ဘူးလျှင် လက်လီဈေး ၁၁၀၀ကျပ်၊ လက်ကား ၁၀၀၀ကျပ်ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးငွေကျပ်သိန်း ၂၀ခန့်လိုအပ်ကြောင်း၊ တစ်ရက်လျှင် ရင်းနှီးငွေကျပ်၂သိန်း ၅သောင်းရင်းနှီးပါက တစ်ရက်အကျိုးအမြတ်မှာ ကျပ်တစ်သိန်းခန့်ရရှိနိုင်ကြောင်းသိရှိရသည်။ သို့သော်လည်း လုပ်ငန်းရှင်များသည် တစ်လလျှင် ပျမ်းမျှအားဖြင့် ၁၀ရက်ခန့်သာ လုပ်ငန်းများကိုလုပ်ကိုင်ကြပြီး ဒေသတွင်း/တိုင်းတွင်းနှင့် တိုင်းပြင်ပမှ အမှာစာရရှိပါက ပိုမိုထုတ်လုပ်ကြကြောင်းသိရှိရသည်။

    ယင်းမာပင်ခရိုင်အတွင်းရှိ တို့ဟူးခြောက်လုပ်ငန်းရှင်များသည် တို့ဟူးခြောက်လုပ်ငန်းကို  စီးပွားဖြစ်သီးသန့်ထုတ်လုပ်ခြင်းများရှိသကဲ့သို့ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်လုပ်ကိုင်ခြင်းများဖြစ်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလျက်ရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက်လုပ်ငန်းရှင်အများစုသည် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာအစိုးဌာနများသို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီးကြောင်း သိရှိရပါသည်။

  ယင်းမာပင်ခရိုင်၏ တို့ဟူးခြောက်လုပ်ငန်းများကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး( One Region၊ One Product) အဖြစ် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများက လိုအပ်သောအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များကို ချိတ်ဆက်ဖော်ဆောင်ပံ့ပိုးပေးနိုင်မည်ဆိုပါက ဒေသတွင်းတို့ဟူးခြောက်လုပ်ငန်းများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ဂန့်ဂေါမြို့မစည်ပင်သာယာဈေး၌ ဇူလိုင်လ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်း

  ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချနေသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ကနန်ဧရာဆန် တစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဝန်ကြီးဧရာမင်း တစ်အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ ဆင်းသုခ တစ်အိတ်လျှင်ကျပ်(၉၀၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ စားဖိုဆောင်သုံးသီးနှံများမှာ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ လျှင် ကျပ်(၈၀၀၀)၊ ဂျင်းတက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း တစ်ပြည်လျှင် ကျပ်(၈၀၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ ဆူးပုပ်ရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ ဗူးရွက် တစ်စီးလျှင် ကျပ်(၁၀၀)၊ ဖရုံရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ ပဲသီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)နှင့် အသားငါးဈေးနှုန်းများမှာ ကြက်သား တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ဝက်သား တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးမုတ်တစ်ပိဿာလျှင်ကျပ်(၇၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၀၀၀)တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(တတိယ)ပတ် ဈေးနှုန်းဈေးကွက်အခြေအနေ

           ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၃)သိန်းခန့် ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ယခုဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်)(၁၇၂၅ မှ ၁၈၅၀)ကျပ်၊ အလတ်စ(၁၆၅၀ မှ ၁၇၀၀)ကျပ်၊ အနိမ့်ဈေး( ၁၆၀၀ မှ ၁၅၅၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇူလိုင်(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် (၁၈၀၀ မှ ၁၈၇၅)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်)နှင့် အလတ်စမှာ (၂၅)ကျပ်နှင့် (၅၀)ကျပ်ဈေးကျ၍ အသေးစမှာ(၅၀)ကျပ် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီ ဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည် စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရသည်။ ယခု ဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ (၄)သိန်းခန့်၊ (၁၃၃၃၂)အိတ်၊ တန်ချိန်(၆၅၃)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစားအရည် အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၂၀၀ မှ ၁၆၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။  

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၇.၂၀၂၃ )

   ၂၆.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပဲငံပြာရည်ထုတ်လုပ်ပုံအကြောင်းသိကောင်းစရာ

    မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် သန်းပေါင်းများစွာသောလူသားများအတွက် အစားအသောက်ပြုလုပ်ရာတွင်အသုံးပြုသည့် ပဲငံပြာရည်သည် အိမ်ရှင်မများ၏ မရှိမဖြစ်လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်ပါသည်။ ပဲငံပြာရည်ကို ဟင်းချက်ရာတွင်လည်းကောင်း၊ မုန့်ပဲသားရေစာပြုလုပ်ရာတွင်လည်းကောင်း၊ ခေါက်ဆွဲအမျိုးမျိုးစားသုံးရာတွင်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။

     ပဲငံပြာရည်ထုတ်လုပ်မည်ဆိုပါက ကုန်ကြမ်းအနေဖြင့် ရှမ်းပဲပုပ် (သို့) ပဲဖိစပ်၊ ထန်းလျက် (သို့) ကြံသကာ၊ ဆား စသည့်ပစ္စည်းများလိုအပ်ပါသည်။ ပထမဦးစွာ ပဲပုပ် (သို့) ပဲပိစပ်ကို ပွလာအောင် တစ်ညရေစိမ်ရပြီး နောက်တစ်နေ့တွင် ပဲပုပ်ရေဝ၍ ပွလာလျှင် ပဲကိုနူးအောင်ပြုတ်ရပါမည်။ ထိုသို့ ပြုတ်ထားသည့်ပဲကို ရေစစ်ပြီးနေလှန်းထားရပါမည်။ (၁၅) ရက်ခန့်ကြာသည့်အခါ ပဲပုပ်များမှိုတက်လာသည်ကိုတွေ့ရှိရပြီး ထိုမှိုတက်နေသောပဲပုပ်ကို ခြောက်သွေ့သွားအောင် နေပြန်လှန်းရပါမည်။ ထိုအချိန်တွင် ကြံသကာ (သို့) ထန်းလျက်ကို အရည်ကြိုထားရပါမည်။ နေလှန်းထားသည့်ပဲပုပ်များ ကောင်းကောင်းခြောက်သွေ့သွားသည့်အချိန်တွင် ကြံသကာ (သို့) ထန်းလျက်ပြုတ်ထားသည့်အရည်ထဲသို့ အိမ်သုံးဆားနှင့်ရောထည့်၍ စဉ့်အိုး (သို့) လှောင်ကန်ထဲထည့်ပြီး လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် အဖုံးကို လုံလုံခြုံခြုံဖုံးအုပ်ထားရပါမည်။ အနည်းဆုံး (၁) နှစ်မှ (၄) နှစ်အထိစိမ်ထားပြီးနောက် ပဲပုပ်ဖတ်များကိုစစ်၍ ဆယ်ယူခြင်းဖြင့် ကျန်ခဲ့သည့်အရေမှာ ငံပြာရည်ဖြစ်ပေါ်လာပါသည်။ ထိုငံပြာရည်ကို ပြန်ကြိုချက်လိုက်ခြင်းဖြင့် ပဲငံပြာရည်စစ်စစ်ဖြစ်လာပါသည်ဟု ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင် ဒေါ်နန်းဟွမ်ခမ်း၏ပြောပြချက်အရ သိရှိရပါသည်။

    ပဲငံပြာရည်၏သက်တမ်းမှာ ထုတ်လုပ်သည့်နေ့မှစ၍ (၃) လအထိအထားခံကြောင်း၊ အိမ်ရှင်မများအနေဖြင့် ပဲငံပြာရည်ဝယ်ယူသုံးစွဲရာတွင် အသုံးပြုပြီးလျှင် ပဲငံပြာရည်ပုလင်းကို လေလုံအောင် စနစ်တကျထားပြီးသုံးစွဲပါက (၁) လအထိအထားခံကြောင်း သိရပါသည်။ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်အနေဖြင့် ပဲငံပြာရည် (၁) လီတာ ပုလင်းတစ်လုံးလျှင် ကျပ်တစ်ထောင်ဖြင့်ရောင်းချရာ (၁) ပတ်လျှင် ပုလင်းအလုံးရေ (၁၂၀) လုံးခန့်ရောင်းရကြောင်းနှင့် ဒေသတွင်းဖြန့်ဖြူးရောင်းချရာတွင် အောင်မြင်မှုရရှိလာပါက ပြည်မကြီးမှတစ်ဆင့် ပြည်ပအထိတင်ပို့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း