Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်ဒေသထွက် ငရုတ်သီးစိမ်းဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဖြစ်သော ဝါးလည်ရွာ၊ မြို့မကျေးရွာ၊ မင်းတဲကျွန်း၊ ကသစ်တိုင်း စသည့်နေရာများတွင် ငရုတ်သီးစိမ်းများကို အများအပြားစိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ယခုကဲ့သို့သော မိုးတွင်းရာသီတွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ပေါ်လာပြီး ဈေးကောင်းလည်းရရှိနေကြောင်းသိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်သီးစိမ်းအမည်များမှာ ဒေသအလိုက် အခေါ်အဝေါ်များမတူညီကြောင်းနှင့် ပဲခူးတိုင်းအနောက်ပိုင်းတွင် အများဆုံးစိုက်ပျိုးသော ငရုတ်သီးစိမ်းအမျိုးအမည်များမှာ ကုလားအော်သီး၊ မိုးမျှော်ငရုတ်သီး၊ ရွှေအပ်သီးနှင့် ပီနန်သီးတို့ကိုစိုက်ပျိုးကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းအပင်များသည် ရေမဝပ်သော သဲနုန်း၊ မြေပွများကိုနှစ်သက်ကြပါသည်။ ထို့အတွက်ကြောင့် သဲမြေနုများရှိသည့် ကျွန်းတဲဒေသများတွင် ငရုတ်သီးစိမ်းများပိုမိုထွက်ရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းတစ်ဧကလျှင် အပင်ပေါင်း ၉၀၀/၁၀၀၀ ခန့်စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ငရုတ်ပင်ကို စိုက်ပျိုးပြီး (၃)လအကြာတွင် ဈေးကွက်အတွင်းရောင်းချရန် ခူးဆွတ်ရကြောင်းသိရပါသည်။ ထွက်ရှိလာသော ငရုတ်သီးစိမ်းများအား ဈေးကွက်အတွင်းရောင်းချရာတွင် သြဂုတ်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လ ဒုတိယပတ်ရှိ ပဲမျိုးစုံဈေးနှုန်း

         ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

    ဩဂုတ်လ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၂၄၀၀၀-၁၂၄၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၂၀၀ခန့်တင်ပို့ပါသည်။ ပဲတီစိမ်းအသစ်များလည်းအဝင်ရှိပြီး တစ်တင်းကို (၅၅၀၀၀-၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံ(နီ)တစ်တင်းကို (၁၄၇၅၀၀-၁၄၈၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၂၅၀) ခန့်ရှိပါသည်။ ကုလားပဲဟော်လန်တစ်တင်းကို ၁၀၁၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို (၁၀၅၀၀၀-၁၀၆၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ခန့်အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၂၀၀ခန့်အဝယ်ရှိပါသည်။  ဘိုကိတ်ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် မြို့တွင်းနှင့် ရန်ကုန်အဝယ်မှာ အိတ် (၁၅၀/၂၀၀) ခန့်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လ ဒုတိယပတ်၏ ပဲအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရမ်းချဉ်သီးဈေးကွက်

      ခရမ်းချဉ်သီးသည် ဒေသမရွေးလွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် အရောင်းသွက်သောသီးနှံတစ်မျိုးဖြစ်ပြီး ဟင်းချက်ရာတွင် ဟင်းအနှစ်ရအောင်ထည့်ချက်ကြပြီး အခြားသီးနှံများနှင့်လည်းရောနှော၍ ချက်ပြုတ်စားသောက်ကြပါသည်။ ထို့ပြင် လက်ဖက်၊ အကြော်စုံများနှင့်လည်းရော၍ သုပ်စားကြပါသည်။

       ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ဒီ၊ ကေတို့များစွာပါဝင်သောကြောင့် အဆီပြန်သည့် အသားအရေကိုထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရည်လှပသည့်အပြင် နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါသည်။ ယခုအခါ ပြည်မြို့တွင်းရှိဈေးကွက်များတွင် ခရမ်းချဉ်သီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ခရမ်းချဉ်သီးမျိုးများတွင် ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်တွင် ရှမ်းသီးတစ်ပိဿာလျှင် ၂၄၀၀ကျပ်ရှိပြီး ကိုင်းသီးတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘိုကိတ်ပဲ ယခင်နှစ်ထက် ဈေးကောင်းပိုရနေ

        ပြည်ပဲဈေးကွက်၌ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်ပဲများဖြင့်သာရောင်းဝယ်နေကြသော ပဲသီးနှံထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများကလည်း နေ့စဉ်အဝယ်ရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ်၅၀ကျော်ရောင်းဝယ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုမှာမူ တစ်ရက်လျှင် အိတ် ၂၀ကျော်သာရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြရသည့်အတွက် အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော်လည်း ယခင်နှစ်နှင့်ယှဉ်သည့်အခါ တစ်တင်းလျှင် ကျပ် ၃သောင်းကျော်မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ် ကာလတူအချိန်၌ ပဲဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ တစ်တင်းလျှင် ၆၀၀၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့သည့်အတွက် ဈေးကွက်၌ အခြားပဲများထက်ဈေးအေးခဲ့သော်လည်း ယခုနှစ်တွင်မူ ပြည်ပဝယ်လက်ပဲတချို့ထက် ဈေးပိုရရှိခဲ့ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲဈေးကွက်၌ စားတော်ပဲသီးနှံ နှစ်စဉ်ဈေးကောင်းရနေ

      ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ် လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ နံနက်ခင်းစာတွင် နေ့စဉ်လိုလိုပါဝင်နေသော စားတော်ပဲသီးနှံပင်ဖြစ်ပါသည်။ စားတော်ပဲ သီးနှံသည် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလိုဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ယခုနှစ်တွင်မူ ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်၏ ကာလတူအချိန်၌ စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပိဿာ၂၀ဝင်တစ်တင်းလျှင်  ၁၂၀၀၀၀ကျပ်ရရှိခဲ့သည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ်ပိုရလာခဲ့ကြောင်းသိရပါသည်။ စားတော်ပဲပြုတ်ဈေးနှုန်းအနေဖြင့်   တစ်ဆယ်ကျပ်သားလျှင် ၇၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော သင်္ဘောသီးစျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့အတွင်းရှိ ကမ္မကျေးရွာ၊ သပွတ်စုကျေးရွာ၊ လက္ခုပ္ပင်ကျေးရွာနှင့် သားလူးကန်ကျေးရွာတို့တွင် သင်္ဘောပင်မှထွက်ရှိသည့် သင်္ဘောသီးအစိမ်းများအား ရေနံချောင်းမြို့ပေါ်ရှိ အသုပ်ဆိုင်များနှင့် အသုပ်စုံရောင်းချသူများမှ ဝယ်ယူမှုများလျက်ရှိကြောင်း သိရှိရပါသည်။

    သင်္ဘောပင်သည် အပင်ဖြစ်ပြီး ငါးလခန့်ကြာသောအခါတွင် အပွင့်များ စတင်ပွင့်လေ့ရှိပြီး ခြောက်လကြာသောအခါ အသီးများစတင်သီးလေ့ရှိကြသည်။ အပင်အသက်(၃)နှစ်သားအရွယ်အထိ အသီးအထွက်နှုန်း လှိုင်လှိုင်ထွက်လေ့ရှိကြပါသည်။ အပင်မျိုးကိုလိုက်၍ (၁)ပင်လျှင် အလုံး ရေ(၅၀)မှ(၁၀၀)အထိ အသီးများသီးလေ့ရှိကြပါသည်။

      သင်္ဘောသီးအစိမ်းကို ချက်စား၍သော်လည်းကောင်း၊ သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီးအပြားသုပ်နှင့် အသုပ်စုံများထဲတွင်လည်း အနည်းငယ်ထည့်၍ စားသုံးလေ့ရှိကြပါသည်။ သင်္ဘောသီးမှည့်များကို ရာသီမရွေးတွေ့ရသော်လည်း အသီးအထွက်နှုန်းအများဆုံးအချိန်မှာ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလ၊ မတ်လနှင့် ဧပြီလတို့တွင် အများဆုံးတွေ့ရပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် သင်္ဘောသီးအစိမ်းတစ်လုံးလျှင် အလုံးအသေး၊ အကြီးပေါ်မူတည်ပြီး ကျပ်(၇၀၀-၉၀၀-၁၂၀၀)၊ သင်္ဘောသီးအမှည့်တစ်လုံးလျှင် ကျပ် (၁၀၀၀ - ၁၃၀၀ - ၁၈၀၀)ဖြင့်  စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်ပဲနီပြားဈေးနှုန်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ ပြည်ပဝယ်လက်ပဲတချို့ ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများအနက် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများအနက် ပဲနီပြားသီးနှံသည် ယခုနှစ်၌ ဈေးကောင်းဝင်ပဲသီးနှံထဲတွင်ပါဝင်နေပြီး ယခုသြဂုတ်လအတွင်း ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၁၃၂၀၀၀ကျပ်အထိရရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လအတွင်း ပဲနီပြားတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် လက်လီပဲဈေးကွက်၌ာ ပဲသီးနှံအားလုံးနီးပါး ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံမှာလည်း ယခင်နှစ်၏ ကာလတူအချိန်ထက် ဈေးနှုန်းပိုမိုမြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  ယခုကာလ၌ လက်ကားဝယ်ယူမှုထက် လက်လီသမားများ ပို၍အရောင်းဝယ်ဖြစ်တာကြောင့် တစ်ရက်လျှင် အိတ် ၂၀ကျော်/ ၃၀ခန့်သာရောင်းဝယ်ခဲ့ကြရကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဥယျာဉ်ဇင်ကျေးရွာတွင် ခရမ်းချဉ်သီးများ စတင်စိုက်ပျိုး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားအဖြစ် အဓိကထားစိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် စတင်စိုက်ပျိုးပြီး ခရမ်းချဉ်စိုက်တောင်သူ (၆)ဦးခန့်မှ စိုက်ဧက(၃)ဧကကျော် စိုက်ပျိုးထားကြောင်း သိရသည်။

       ခရမ်းချဉ်စိုက်ပျိုးရာတွင် တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုးခြင်း ဖြစ်ပါကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးစေ့တစ်ထုပ်လျှင် ကျပ်(၂၇၀၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူရပြီး တစ်ဧကလျှင် မျိုး(၆)ထုပ်ခန့်ကုန်ကြကြောင်း၊ စိုက်ပျိုးပြီး(၂)လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုနှင့်လုပ်သားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅)သိန်းရှိကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ခရမ်းချဉ်သီး ပိဿာချိန် (၄၂၅၀)ပိဿာခန့်ထွက်ရှိခဲ့ပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၆၀)သိန်းခန့်ရရှိခဲ့ပြီး ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊  ယခုနှစ်တွင် ယခင်နှစ်အတိုင်း  အထွက်နှုန်း ကောင်းမွန်ပါက ထိုက်သင့်သည့် အကျိုးအမြတ်များရရှိနိုင်ကြောင်း ထိုင်ဝမ်ခရမ်းချဉ်သီး စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မကွေး)

 

မကွေးဈေးကွက်၌ ပဲစင်းငုံအနီများ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံ (အနီ)သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၁၄၆၀၀ဝ ပေါက်ဈေး ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ တင်းပေါင်း ၆၁၂ တင်း၊ တန်အားဖြင့် ၂၀ တန် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် အိန္ဒိယနိုင်ငံသို့ တင်ပို့ကြောင်း သိရသည်။

      ဩဂုတ်လ ပထမပတ်နှင့် ဩဂုတ်လဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဩဂုတ်လ ပထမပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၀၀၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ဩဂုတ်လ ဒုတိယပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၆၀၀ဝ မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်ကထွက်ရှိသည့် ပဲစဉ်းငုံများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

DOCA(မကွေး)

 

တောင်ငူမြို့နယ်၊ မင်းလမ်းကျေးရွာတွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်း

       တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာဝန်းကျင်ရှိ လယ်ယာမြေများသည် မိုးစပါးကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းသည့် ဒေသဖြစ်သော်လည်း နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ပျိုးချိန်နောက်ကျပါသည်။

      ယခုအချိန်တွင် အချို့ဒေသများ၌ မိုးစပါးစိုက်ပျိုးပြီးစီးပြီးဖြစ်သော်လည်း မင်းလမ်းကျေးရွာမှ တောင်သူလယ်သမားများက ဩဂုတ်လ၊ တတိယအပတ်တွင်  စတင်စိုက်ပျိုးနေကြပါသည်။ တောင်သူလယ်သမားအများစုမှာ မျိုးစပါးကို ကိုယ်တိုင်ထားရှိပါသည်။ ဇွန်လကုန် ဇူလိုင်လဆန်းတွင် ပျိုးထောင်ကြ ပါသည်။

       အများဆုံးစိုက်ပျိုးသောစပါးများမှာ နှံကောက်နှင့် ဗျော့ထွန်းတို့ဖြစ်ပါသည်။ အာမိုဓာတ်မြေဩဇာနှင့် ရွှေနဂါးဓာတ်မြေဩဇာများကိုအသုံးပြုကြပါသည်။ ကောက်စိုက်လုပ်သားများ၏အလုပ်ချိန်မှာ ဒေသဓလေ့အရ နံနက် (၀၆း၀၀) နာရီအချိန်မှ မွန်းလွဲ (၁၄း၀၀) နာရီခွဲအချိန်ထိဖြစ်ပါသည်။ ကောက်စိုက်ခနှုန်းထားမှာ ယခင်နှစ်တွင် တစ်နေ့လျှင် လူတစ်ဦး ၈၀၀၀ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် ၁၂၀၀၀ကျပ်အထိ ဈေးတက်ကြောင်း တောင်သူလယ်သမားတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း