Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နဂါးမောက်သီး ဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိသားစုဝင်ငွေရရှိရန် ရာသီပေါ် သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် နဂါးမောက်သီးကို စိုက်ပျိုးရောင်းချ လျက်ရှိပါကြောင်း သိရှိရပါသည်။ နဂါးမောက်သီးကို မိမိတို့အိမ်ခြံဝင်းများအတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး နဂါးမောက်သီးမျိုးများမှာ အဖြူမျိုးနှင့် အနီမျိုးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ နဂါးမောက်သီးများကို ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့်  မြို့ပေါ်ရပ်ကွက် များမှ လာရောက်ရောင်းချလျက်ရှိပြီး၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြသူများလည်း ရှိပါကြောင်း သိရှိရပါသည်။

     နဂါးမောက်သီးမှ ရရှိသောကျန်းမာရေးအကျိုးကျေးဇူး အာနိသင်များဖြစ်သည့်ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ အသားအရည်ကို တင်းရင်းလှပစေခြင်း၊ အရွယ်တင်နုပျိုစေခြင်းနှင့် အသားအရည် ခြောက်သွေ့ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ ကိုယ်လက်စထရောကိုလျော့ချပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ အရိုး အသွားများကို ခိုင်မာစေခြင်းနှင့် ဦးနှောက်မှတ်ဉာဏ် အားကောင်းစေခြင်းစသည့် အကျိုးကျေးဇူး အာနိသင်များရရှိသည့်အတွက် နဂါးမောက်သီးကို လူအများက စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၄ ခုနှစ်၊ ယခု ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အသေး (၁)လုံးလျှင်(၇၀၀)ကျပ်၊ နဂါးမောက်သီး အလတ် (၁)လုံး လျှင်(၁၀၀၀)ကျပ် နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဩဂုတ်လ၏ ပထမအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဩဂုတ်လ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက  ပုံမှန်အတိုင်း စီးထွက်ခဲ့ ပါသည်။

     သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး ဩဂုတ်လ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်ခဲ့ပါသည်။

    သထုံခရိုင်အတွင်း၌ ဩဂုတ်လ၏ ဒုတိယအပတ်တွင် ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ခန့်၊ ကမာကြည် (၂၇၀၀၀၀၀) ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၅၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၃၃၀၀၀) ခန့်၊ ကမာကြည် (၁၁၃၀၀၀) ခန့်၊ ဧည့်မထ (၇၃၀၀၀) ခန့်ရှိပြီး  ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပခုက္ကူမြို့ပေါ်တွင် ဘိလပ်မြေများဈေးနှုန်းပြန်လည်မြင့်တက်နေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေဈေးနှုန်းများ ဈေးတက်နေကြောင်း ဘိလပ်မြေဆိုင်များမှ သိရှိရပါသည်။ ထိုဆိုင်များတွင် ရောင်းချသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာ၊ အပါချီတို့ဖြစ်ပြီး နေ့စဉ် ရောင်းချနေကြောင်း သိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းများမှာ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၉၆၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၃၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ် (၁၀၃၀၀)ဖြစ်ပြီးယခုတစ်ပတ်၏ ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၉၉၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၄၀၀)ဖြစ်ပြီး (ပထမပတ်)နှင့်  (ဒုတိယပတ်)နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၃၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ် (၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၀)ခန့်ဈေးတက်နေကြောင်း ဘိလပ်မြေအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်) အစောပိုင်းမှစ၍ စားသုံးဆီဈေးများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားသုံးဆီဈေးနှုန်းများ မှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ စက်ပဲဆီသန့်  တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)ဖြစ်ပြီး ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ နေကြာဆီ တစ်ပိဿာ လျှင် ကျပ်(၁၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ဩဂုတ်လ(ပထမပတ်)တွင် ဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ်(၁၅၅၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးဖြင့် ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက  မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၂၀၀၀)နှင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့် တက်ရခြင်းမှာ ပခုက္ကူဈေးကွက်တွင် မြေပဲလက်ကျန်နည်းပြီး တောင်သူများမှလည်း မြေပဲဝင်ရောက်မှု နည်းပြီး ယခုအချိန်တွင် စားသုံးသူများမှလည်း မြေပဲဆီ၊ နှမ်းဆီဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအရောင်းအဝယ်သွက်ပြီး ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လျက်ရှိ၍ စားသုံးဆီဈေး များလည်းမြင့်ကြောင်း  စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

   ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှလည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ဒုတိယပတ်) ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလာ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ပြုလုပ်သည့် ပွဲရုံများသို့ ကုန်ဝင်ရောက်မှုများလာကြောင်း၊ ယခုတစ်ပတ်တွင် ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ (၃)သောင်းမှ (၄)သောင်းအထိ တစ်ပတ်အတွင်း ကုန်ချိန်ပျမ်းမျှ ပိဿာ(၄)သိန်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော အနောက်ကံတွင်း၊ အရှေ့ကံတွင်း၊ ရွာသစ်ကြီး၊ ရေပုပ်၊ ချောင်းမကြီး၊ ဂွေးပင်ကျေးရွာများမှ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နွေကြက်သွန်နီ (ဂျွန်) တစ် ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၇၀၀) ဈေးဖြစ်ပြီး ပွဲရုံများမှ အရည်အသွေးပြန်လည်သန့်စင်ပြီး အကြီးအသေးလိုက်၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီ(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၇၀၀- ၁၄၀၀)ဈေးဖြင့် ရောင်းချခဲ့ရာ ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

    ယခုအပတ်တွင် ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ယခင် ဩဂုတ်လ(ပထမပတ်)ထက် ကုန်စည် ဝင်ရောက်မှုများလာကြောင်း၊ တောင်သူများအနေဖြင့် ကြက်သွန်နီ သိုလှောင်ချိန် သက်တမ်းကုန်ဆုံး ချိန်နီး၍ ရောင်းချမှုများလာကြောင်း၊  နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိသော်လည်း ယခုတစ်ပတ်တွင် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှ တဆင့် ထိုင်း၊ ဗီယမ်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး  ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန် အများဆုံး တင်ပို့လျက်ရှိသည်။ ထိုမှတဆင့် ဒေသအနှံ့အပြား တင်ပို့လျက်ရှိကြောင်း၊ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်သွက်ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိ ရပါသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်၊ မြဝတီမြို့များသို့ တင်ပို့လျက်ရှိပြီး ကြက်သွန်နီ ကုန်ချိန်ပိဿာ(၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိ၍ ပွဲရုံဈေးကွက်မှ သိရှိရပြီး ဆိပ်ဖြူဒေသထွက်ကုန် ကြက်သွန်နီများကို နှစ်စဉ်၊ လစဉ် ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိသောကြောင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ဖြစ်လျက်ရှိပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်၌ ခေါက်ဆွဲခြောက်ထုပ်များ ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှခေါက်ဆွဲခြောက်များဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် အလွယ်တကူဝယ်ယူမှုများကြောင်း၊ စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲ အရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင်နှစ်များစွာကတည်းက အသုံးပြုမှုများကြောင်း သိရှိရသည်။

     ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးနှုန်းမြင့်တက်ကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် အခေါက် ဆွဲသား အကောင်းနှင့်စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ ရွှေဒင်္ဂါးအဝါရောင် ခေါက်ဆွဲခြောက်တစ်စီးလျှင် ကျပ်(၈၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ်(၁၈၈၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၆၀၀၀) ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ စွမ်းထက်ခေါက်ဆွဲဖြူ တစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ ခေါက်ဆွဲကျိုးစက်ကျတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ ခေါက်ဆွဲအလုံး စည်းတစ်စည်းလျှင် ကျပ်(၆၀၀) အသီးသီးအရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်လအတွင်း ခေါက်ဆွဲခြောက် ဝါနှင့်အဖြူတစ်ပိဿာလျှင် ပျမ်းမျှ ကျပ်(၂၀၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုတစ်ပတ်အတွင်း ခေါက်ဆွဲဈေးနှုန်းများ မြင့်တက်ရခြင်းမှာ သယ်ယူစရိတ်မြင့်တက်ခြင်းနှင့် ခေါက်ဆွဲပြုလုပ်ရာတွင် ကုန်ကြမ်းသီးနှံဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ဈေးတက်ကြောင်း၊ ယခုအချိန် စာသင်ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်၍ ကျောင်းဈေးတန်းများတွင် ခေါက်ဆွဲသုပ်များရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း၊ မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့်မှာယူပြီး ဝယ်ယူမှုများကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲခြောက်ပိဿာ (၁၅၀-၂၀၀) ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်တွင် ဖူးစားပြောင်းများစိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ယင်းဆိပ်၊ တမို့၊ အုန်းတွဲကျေးရွာတို့၌ နှမ်းနှင့် ပဲမျိုးစုံစသည့်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းသီးနှံလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။

   ဖူးစားပြောင်းကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်) ကျပ်(၁၆၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပြောင်းဖူး (၉၀၀၀)ကျော်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ပြောင်းဖူး(၁၀)ဖူးလျှင် လက္ကားဈေး ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ယင်းဆိပ်ကျေးရွာနေ ဈေးသည်များမှလည်း စိုက်ခင်းသို့ကိုယ်တိုင်လာရောက် ဝယ်ယူပြီး ယင်းဆိပ်ကျေးရွာ မကွေး-တောင်တွင်းကြီးကားလမ်းမဘေး၌ တဆင့်ပြန်လည်ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၁၅၀၀၀၀၀)ကျော်ရရှိ၍ အဆင်ပြေကြောင်း ဖူးစားပြောင်းစိုက်ပျိုးသည့်တောင်သူထံမှ သိရသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီး အတွင်း ၂၀၂၄ /၂၀၂၅ မိုးစပါးရာသီစိုက်ဧက သိန်း ၂၀ ကျော်စိုက်ပျိုးပြီးစီး

      မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားခေါ်ဆိုသည့် ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမှ လက်ဆောင်ပေးထားသောရေခံ ၊ မြေခံ ကောင်းမွန်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်မိုးစပါးစိုက် ဧက ၃၇ သိန်းကျော်နှင့် ၊‌နွေစပါး စိုက်ဧက ၁၀ သိန်း ကျော်နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဆန်ထွက်ပစ္စည်းများကို မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန်ထွက်ပစ္စည်းများကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ရောင်းချမှုနှင့် ဆန်လိုသည့် အခြားတိုင်းပြည်နယ်များသို့လည်း လစဉ်တင်ပို့ရောင်းချနေပါသည်။

    ၂၀၂၄ /၂၀၂၅ မိုးစပါးရာသီ ဩဂုတ်လပထမပတ်အတွင်း ဧည့်မထအုပ်စု ပေါ်ဆန်း အုပ်စုကောက်ညှင်းအုပ်စုအပြင် ဒေသနှင့်ကိုက်ညီမှုရှိသောစပါးမျိုးများကိုလည်း တိုင်းအတွင်း ခရိုင် (၈) ခု မြို့နယ် (၂၆ )မြို့နယ်တွင် စိုက်ဧက ၂၀ သိန်းကျော်စိုက်ပျိုး ပြီးစီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်ဒေသထွက် မန်ကျည်းသီးစိမ်းနုဈေးနှုန်း

   ၂၀၂၄ ခုနှစ်၊ မိုးရာသီဩဂုတ်လတတိယပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက်  မန်ကျည်းသီးစိမ်းနုများကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။

   မန်ကျည်းသီးစိမ်းနုကို မန်ကျည်းသီးစိမ်းငပိထောင်းထောင်း၍ဖြစ်စေ၊ မန်ကျည်းသီးစိမ်းငပိချက် ချက်၍ဖြစ်စေ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်းအထောက် အကူပြုပေးနိုင်ပါသည်။

    ဈေးနှုန်းများမှာ မန်ကျည်းသီးစိမ်းနု လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီဈေးနှုန်း (၁၀)သား (၁၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါ သည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် မန်ကျည်းရွက်နုဈေးနှုန်း

   ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ် ဒေသထွက်မန်ကျည်းရွက်နုများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။

    မန်ကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို မိုးရာသီတွင် မန်ကျည်းရွက်နုများကို အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ၊ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်းအထောက်အကူပြုပေးနိုင်ပါသည်။ မန်ကျည်းရွက်နုကို လက်ကားဈေး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက်လီဈေး (၁၀)သား (၁၀၀၀၊၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း