Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၈.၂၀၂၃ )

   ၁၆.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

       ပခုက္ကူမြို့ပေါ်တွင် ဩဂုတ်လအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ ၏ ဈေးနှုန်းများမှာ Decoigen (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူး လျှင် ကျပ်(၁၅၀၀)၊ Paracetamol (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၉၅၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၅၀၀)၊ Enervon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူး ကျပ်(၁၂၀၀)၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၆၀၀)၊ Vitahome (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၆၀၀)၊ SaRa (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၅၀၀)၊ Vitacee (၁၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၀၀၀)၊ Flemex (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၄၀၀၀)၊ Alaxan (၁၀)လုံး ပါ(၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Mixagrip (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၉၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင် ကျပ်(၅၀)၊  Zinc (၁)လုံးလျှင် ကျပ်(၅၀)၊ Becozinc (၁)လုံးလျှင် (၃၆၀)၊ Zincovit (၁)လုံးလျှင် ကျပ်(၂၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခင်ဇူလိုင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုဩဂုတ်လအတွင်းတွင် ဆေးမျိုးစုံ ဈေးနှုန်း များမှာ အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

       ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ဈေးများတက်လာသည်ကိုတွေ့ရပါသည်။

          ယခင် ဇူလိုင်လ(ဒုတိယပတ်)တွင် အများသုံးဆန်ဖြစ်သော မြောင်းမြ၊ ဧရာပဒေသာ ဆန်ဈေးနှုန်း မှာ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ စလင်းရှောက်တောဘက်မှလာသော ထူးရှယ်ဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခတစ်အိတ်လျှင် ကျပ်(၇၉၀၀၀)၊ လိပ်မလေးတစ်အိတ်လျှင် ကျပ်(၈၂၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၆၆၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဧရာမင်း တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါ သည်။

          ယခု ဩဂုတ်လ (ဒုတိယပတ်)တွင် အများစားသော ဆန်ဖြစ်သည့် မြောင်းမြဧရာပဒေသာ၊ ရှောက်တောဧရာပဒေသာ(၂)မျိုးလုံး မြင့်တက်လာပြီး မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ စလင်းရှောက်တောဘက်မှလာသော ဧရာပဒေသာ ထူးရှယ်မှာ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)ရှိကြောင်း သိရှိရပါသည်။ ဧည့်မထဆန်အုပ်စုဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ် (၉၆၀၀၀)၊ အောင်သုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ လိပ်မလေးတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ဝန်ကြီးပဒေသာ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဧရာမင်း တစ်အိတ်လျှင် ကျပ်(၁၂၁၀၀၀) ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

          ဒုတိယအစားအများဆုံးဆန်ဖြစ်သော ပေါ်ဆန်းမွှေးမှာ မြောင်းမြဆန် တစ်အိတ်လျှင် ကျပ် (၉၅၀၀၀ - ၁၀၀၀၀၀)မှ ယခုတစ်ပတ်တွင် ကျပ်(၁၂၀၀၀၀)၊ ရွှေဘိုဆန်မှာတစ်အိတ်လျှင် ကျပ် (၁၁၅၀၀၀)မှ (၁၂၀၀၀၀-၁၂၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံဈေးပြန်လည်မြင့်တက်လျက်ရှိ

        ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ပဲစဉ်းငုံသီးနှံမှာ ဈေးအတက် အကျရှိနေပြီး ကျန်ပဲသီးနှံများဖြစ်သော ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲဇီးကွက်၊ ကုလားပဲ(929) ကုလားပဲဖြူ၊ မတ်ပဲ၊ စားတော်ပဲ တို့မှာ ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။

          ၂၀၂၃ခုနှစ်၊ ဇူလိုင်(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ရှိခဲ့သော ပဲစဉ်းငုံသည် ဇူလိုင် (ဒုတိယပတ်)တွင် ကျပ်(၁၀၀၂၀၀)မှ ဇူလိုင်(တတိယပတ်)တွင် ကျပ်(၉၉၆၀၀) ကျဆင်းခဲ့ပြီး ဇူလိုင် နောက်ဆုံးပတ်ထိ ယင်းဈေးအတိုင်းရှိနေရာ ယခု ဩဂုတ်လ(ဒုတိယပတ်)တွင် ကျပ် (၁၀၃၈၀၀) မြင့်တက်လာပြီးရောင်းဝယ်မှုအနေဖြင့် တစ်နေ့လျှင် အိတ်ရေ( ၁၂၀၀ )ခန့် ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့နိုင်ခဲ့ပါသည်။

          ပဲတီစိမ်းကြီးမှာ ဇူလိုင်လဆန်းတွင် တစ်တင်းလျှင် ကျပ်(၅၀၀၀၀-၅၆၀၀၀)ရှိခဲ့ပြီး ယခု ဩဂုတ် လဆန်း (ပထမပတ်)တွင်လည်း ကျပ်(၅၀၀၀၀-၅၇၀၀၀)နှင့်ပင် ဈေးငြိမ်လျက်ရှိပြီး တစ်နေ့လျှင် အိတ်ရေ(၇၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပဲတီစိမ်းသေးမှာ ဒေသတွင်းသုံးစွဲမှုများပြီး တစ်တင်းလျှင် ကျပ်(၆၈၅၀၀)နှင့် တစ်ပတ်လျှင် (၃)ရက်ခန့် အရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် အိတ်ရေ (၆၀၀)ခန့် တင်ပို့နိုင်ခဲ့ပါသည်။

          ဇူလိုင်လ (ပထမပတ်)တွင် ကုလားပဲအုပ်စုဝင်များဖြစ်သော ကုလားပဲ (929)မှာ တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲ (V2)မှာ တစ်တင်းလျှင် ကျပ်(၈၅၆၀၀) ရှိခဲ့ပြီး ယခု ဩဂုတ်လ (ဒုတိယပတ်) တွင် ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၇၄၀၀)၊ ကုလားပဲ(V2)တစ်တင်းလျှင် ကျပ် (၈၈၅၀၀)ဖြင့် တစ်နေ့လျှင် အိတ်ရေ(၁၀၀၀)ခန့် တင်ပို့နိုင်ခဲ့ပါသည်။

          မတ်ပဲမှာ ဈေးငြိမ်နေပြီး ဇူလိုင်လတွင် တစ်တင်းလျှင် ကျပ်(၅၈၀၀၀ - ၇၀၀၀၀)ဖြင့် ဩဂုတ် (ဒုတိယပတ်)ထိ ယင်းဈေးဖြင့်ပင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပဲဇီးကွက်မှာ ဇူလိုင် နောက်ဆုံးပတ်နှင့် ဩဂုတ်လ (ပထမပတ်)တွင် တစ်တင်းလျှင် ကျပ် (၄၅၇၀၀)နှင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဩဂုတ်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်မဖြစ် ကြောင်းသိရှိရပါသည်။

          ဩဂုတ်လ (ဒုတိယပတ်)တွင် ပခုက္ကူမြို့ အနောက်ဘက် ထန်းတောရွာများမှ ထန်းလျက်များ အရောင်းအဝယ်ဖြစ်နေပြီး ထန်းလျက်ထုံးကြီး တစ်ပိဿာလျှင် ကျပ်(၃၁၅၀)၊ ထန်းလျက်ထုံသေး တစ်ပိဿာလျှင် ကျပ်(၃၂၀၀)နှင့် တစ်နေ့လျှင် ပိဿာ(၁၀၀၀)ခန့် ရန်ကုန်သို့ တင်ပို့နိုင်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌ ဩဂုတ်လ(ပထမပတ်)တွင်အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

        ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သောပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးမှဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေပါသည်။

    ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပုလဲ ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၅၀)၊  အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ ပြည်ပအနေဖြင့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာအရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာ လျှင် (၈၅၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင်( ၈၃၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၈၀၀၀) ကျပ် ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ အလတ်စ တစ်ပိဿာ လျှင် (၇၃၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်နေပါသည်။

DOCA(မကွေး)

နိုင်ငံခြားငွေ တိုးမြှင့်ရှာဖွေနိုင်ရေး ကြက်ဆူသီးနှံ တို့ချဲ့စိုက်ပျိုးပေး

     ကြက်ဆူသီးနှံ တို့ချဲ့တင်ပို့နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စားသုံး/ ထုတ်လုံ) ဦးဆောင်၍ Virtual စနစ်ဖြင့် (၇.၈.၂၀၂၃) ရက်နေ့တွင် ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ (၃) ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးမှ ကြက်ဆူသီးနှံနှင့် ပတ်သက်သည့် လုပ်ငန်းရှင် (၅) ဦး တက်ရောက်ခဲ့ကြပါသည်။  

   ပထမဦးစွာ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီက ကြက်ဆူကို ဧရာဝတီမြစ်ရိုးတလျှောက်တွင် စိုက်ပျိုးကြပြီး ယခုအခါ စိုက်ဧက နည်းသွားကြောင်း၊ အခြားသီးနှံများနှင့်ယှဉ်လျှင်  ဝင်‌‌ငွေရရှိမှု နည်းပါးသည့်အတွက် တွက်ခြေ မကိုက်၍ စိုက်ဧကနည်းသွားကြောင်း၊ မကွေးတိုင်းတွင် ပဲ၊နှမ်း၊ ဆန်ကုန်သည်အသင်းများရှိ သော်လည်း ကြက်ဆူစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်မှုနှင့်ပတ်သက်သည့် အသင်းအဖွဲ့များ ဖွဲ့စည်း ထားခြင်းမရှိသေးကြောင်း တင်ပြဆွေး‌နွေးခဲ့ပါသည်။

   ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ ကုန်စည်ဒိုင်ဥက္ကဌ ဦးချိုက ၂၀၀၅ ခုနှစ်လောက်က တစ်နေ့ ပိဿာ (၅၀၀၀) မှ (၇၀၀၀) ကြား ဝယ်ယူရရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်ခန့်မှစ၍ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများတွင် ကြက်ဆူစိုက်ပျိုးခွင့် မရတော့၍ တစ်ရာသီ ကုန်ချိန် (၁၀၀၀၀) ခန့်သာ ဝယ်ယူရရှိတော့ကြောင်း၊ တောင်တွင်းကြီးဒေသသည် လယ်မြေများဖြစ်၍ ကြက်ဆူစိုက်ပျိုး၍ မရသော်လည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပြုထားသည့် ကျွန်းစိုက်ခင်းများတွင် ကြက်ဆူ စိုက်ပျိုးခွင့် ရရှိပါက ကြက်ဆူအထွက်လည်း တိုးမြင့်လာမည်ဖြစ်၍ နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးစေလို ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

     မကွေးမြို့ ပြည်တော်ဟိန်းပွဲရုံလုပ်ငန်းရှင် ဒေါ်ခင်ဝင်းက မကွေးတိုင်းဒေသကြီးအနေဖြင့် ကြက်ဆူသီးနှံကို ပဒါန်းမှ အများဆုံးထွက်ရှိကြောင်း၊ လွန်ခဲ့သော ၅ နှစ်၊ ၁၀ နှစ်ခန့်က အထွက်များ ခဲ့သော်လည်း ယခုအချိန်တွင် အနည်းငယ်သာ ဝယ်ယူရရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လခန့်က ကြက်ဆူ (၁) ပိဿာ (၃၂၀ဝိ/-) မှ (၃၅၀ဝိ/-) အထိ ဝယ်ခဲ့ရပြီး ဈေးနှုန်းပြောင်းလဲမှု မရှိခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

      မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှ ကြက်ဆူလုပ်ငန်းရှင် ဦးသန့်စင်မောင်က ကြက်ဆူသီးနှံ အများစုမှာ ဧရာဝတီမြစ်ရေကျချိန်တွင် သီးညှပ်အနေဖြင့် ငရုတ်ပင်ကြားတွင် စိုက်ပျိုးကြောင်း၊ လေကာပင်အနေဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ဧက အတိုးအလျော့မှာ ဈေးရရှိမှု အပေါ် မူတည်ကြောင်း၊ ရေနံချောင်း မြို့ပေါ်ရှိ "အောင်" ကြက်ဆူဆီ စက်ရုံတွင် သန့်စင်ရန် အခက်အခဲရှိသည်ဟု သိရကြောင်း၊ ဆပ်ပြာကုန်ကြမ်း၊ ဝမ်းနှုတ်ဆေး၊ Cosmetics များတွင် ကုန်ကြမ်းအဖြစ် သုံးစွဲသည်ဟု သိရှိရကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

     ကြက်ဆူဆီ ကြိတ်ခွဲမှုနှင့် ပတ်သက်၍ ရေနံချောင်း၊ စက်မှုဇုံရှိ  ကြက်ဆူဆီကြိတ်ခွဲရေး လုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးတင့်ကို ဆက်သွယ်မေးမြန်းရာတွင် စက်ရုံကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရန်အတွက် မ‌ကွေးတိုင်းက ထွက်ရှိသည့် ကြက်ဆူစေ့ အားလုံးကို ဝယ်ယူနိုင်ခြင်း မရှိ ကြောင်း၊ တစ်နှစ်ပတ်လုံးလည်ရန် ကုန်ချိန် (၂သိန်း)ခန့် လိုအပ်ရာ လက်ရှိပေါက်ဈေးအရ ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိ၍ နဝလီ သဘောမျိုးဖြင့် ဆပ်ပြာစက်ရုံများနှင့် ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် သွားနေကြောင်း၊ မိမိ စက်ရုံအနေဖြင့် ဝမ်းနှုတ်ဆေးတွင် ကုန်ကြမ်းအဖြစ် သုံးစွဲနိုင်ရန်အတွက် နည်းပညာ၊ စက်ကိရိယာ၊ ထည့်သွင်းရမည့် Chemicals များနှင့် ပတ်သက်၍ တာဝန်ကြီးသည့်အပြင် Refined စက်မှာ ၂၀၁၇-၂၀၁၈ ခုနှစ်က ဒေါ်လာ (၁) သိန်းကျော်ဖြစ်၍ ကုန်ကြမ်းပိုင်း၊ စက်ကိရိယာပိုင်း ရင်းနှီးမြှုပ်နှံမှုများ၍ ဆပ်ပြာ ကုန်ကြမ်းနှင့် ဖီနိုင်း (Detol) ဆေးရည်အတွက်သာ ထုတ်လုပ်ပေးကြောင်း၊ ကြက်ဆူစေ့ (၁ပိဿာ) ကို ကြိတ်ခွဲပါက ‌ရောင်းတန်းဝင် ဆီ (၄၂ ကျပ်သား)၊ ကြက်ဆူကြိတ်ဖက် ( ၅၀ မှ ၅၅ ကျပ်သား ) ပြန်လည်ရရှိကြောင်း၊ ဆီထွက်ရှိမှုမှာ ကြက်ဆူစေ့ အစို၊ အခြောက်ပေါ် မူတည်ကြောင်း၊  ကြက်ဆူစေ့ (၁) ပိဿာ (၃၅၀ဝိ/-) ဖြင့် ဝယ်ယူကြိတ်ခွဲခဲ့စဉ်က ကြက်ဆူဆီ (၁) ပိဿာ (၈၅၀ဝိ/-) ဖြင့် ရောင်းချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မီးပျက်ရက်များ၍ ဒီဇယ်အင်ဂျင်ဖြင့် ကြိတ်ခွဲရသည့် အတွက် (၈၅၀ဝိ/-) ထက်ဈေးပိုနိုင်ကြောင်း၊ ၎င်းအနေဖြင့် ဆပ်ပြာစက်များမှ လိုအပ်သလောက်ကို နဝလီ ကြိတ်၍ ထုတ်လုပ်ပေးနေကြောင်းနှင့် ကုန်လက်ကျန် ပိဿာ (၁) သိန်းခန့်  ကျန်ရှိကြောင်း သိရှိရပါသည်။

   ကြက်ဆူစေ့ကို တောင်တွင်းကြီးမြို့နယ်ရှိ ကျွန်းစိုက်ခင်းမြေနေရာများတွင် တိုးချဲ့စိုက်ပျိုးခွင့် ရရှိမည်ဆိုပါက ပိုမိုထွက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ တိုးမြှင့်ရှာဖွေပေး နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသ၏ ဩဂုတ်လ၊ ပထမအပတ်အတွင်းဖြစ်ပေါ်နေသော ကုန်သွယ်မှုအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ (ကျိုင်းတုံ-မိုင်းလား) နယ်စပ်လမ်းကြောင်းမှတင်ပို့သောကုန်ပစ္စည်းများမှာ ပြောင်းနှင့် ဆန်ကွဲ (ဧည့်မထ ၂၅%) တို့ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၀.၀၂၂) သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ သွင်းကုန်များအနေဖြင့် အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ ကလေးဘောင်းဘီ၊ လွယ်အိတ်၊ ပရိဘောဂပစ္စည်း၊ ကြိတ်စက်၊ ရေပိုက်အဆက်နှင့် ဟိုက်ဒရောလစ်ဆလင်ဒါတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၇၉) သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၀.၀၁၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဇူလိုင်လ၊ နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ (၀.၀၁၂) သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

     တာချီလိတ်နယ်စပ်လမ်းကြောင်း၏ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ ပြောင်း၊ လက်ဖက်ခြောက်၊ စာရွက်အပိုင်းအစ၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၅၅၁)သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁.၀၁၁)သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၅၆၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဇူလိုင်လ၊ နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၃၂)သန်းပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၁၉၈)သန်းဖြစ်၍ တင်သွင်းမှုလျော့နည်းသွားပြီး ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၁၆၆)သန်းလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

 

မင်းဘူးမြို့၊ မြို့မဈေးရှိ သစ်သီးဝလံ ဈေးနှုန်းအခြေအနေ

     မင်းဘူးမြို့၊ မြို့မဈေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ သီပေါ၊ ကျောက်ဆည်၊ မန္တလေးဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ဒုတိယအပတ်)တွင် မင်းဘူးစည်ပင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများမှာ ဖရဲသီး(ရိုးရိုး) တစ်လုံးလျှင် ကျပ်(၂၅၀၀)၊ ဖရဲသီး (ဒုံးကျည်သီး) တစ်လုံးလျှင် ကျပ်(၃၀၀၀)၊ နဂါးမောက်သီး တစ်လုံးလျှင် ကျပ်(၁၀၀၀)၊ သစ်တော်သီး တစ်လုံးလျှင် ကျပ်(၅၀၀)၊ နာနတ်သီး တစ်လုံးလျှင် ကျပ်(၁၀၀၀)၊ ပန်းသီး တစ်လုံးလျှင် ကျပ်(၂၀၀၀)၊ သရက်သီး တစ်လုံးလျှင် ကျပ် (၇၀၀)၊ ပန်းသစ်တော် တစ်လုံးလျှင် ကျပ်(၃၀၀၀)၊ မင်းကွတ်သီး (၄)လုံးလျှင် ကျပ်(၁၀၀၀)၊ ကြက်မောက်သီး (၈)လုံးလျှင် ကျပ်(၁၀၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ လိမ္မော်သီး (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ မက်မန်းသီး (၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးရှိသစ်သီးရောင်းချသူ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဈေးကောင်းရနေသော ပန်းမုန်လာ

   ပန်းမုန်လာ (ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်သည့်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတော်များများ၌ စိုက်ပျိုးကြပါသည်။ ပန်းမုန်လာမျိုးစေ့များကို ပျိုးပေါင်များတွင်ကြဲပက်စိုက်ပျိုးပြီး ပျိုးသက်(၁)လခန့်အကြာတွင် ပျိုးပင်များကိုပြန်ခွဲ၍ ‌ပြောင်းရွေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင်၍ စိုက်ပျိုးကြပါသည်။ အပင်စတင်စိုက်ပျိုးပြီးလျှင် (၃) ကြိမ်မြေဩဇာကျွေးပေးရပါသည်။ မြေဩဇာကျွေးရာတွင်လည်း ပြောင်းရွေ့စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာတွင် ပထမအကြိမ်မြေဩဇာကျွေးရပြီး နောက်(၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ်ရွှေ့စိုက်ရကာ (၁)လခန့်အကြာတွင် တတိယအကြိမ်မြေဩဇာကြွေးခြင်း စသည်ဖြင့် (၃)ကြိမ်ခန့်မြေဩဇာကျွေးပေးရသည်ဟုသိရပါသည်။ အပွင့်များကောင်းစွာပွင့်ချိန်တွင် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာနိုင်သဖြင့် အပွင့်၏အရွယ်မှာ (၂-၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းထားပေးရသည်ဟုသိရှိရပါသည်။ စတင်စိုက်ပျိုးပြီးနောက် ပိုးမွှားကျရောက်မှုအခြေအနေပေါ်မူတည်ကာ ပိုးသတ်ဆေးအနည်းငယ်ဖြန်းပေးရပါသည်။ ပန်းပွင့်စတင်ပွင့်လာပြီး ရက်ပေါင်း(၉၀)ကြာလျှင် ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ယခုလက်ရှိ ပန်းမုန်လာပေါက်ဈေးမှာ တစ်ပွင့်လျှင် အပွင့်အကြီး/ အသေးပေါ်မူတည်၍ (၈၀ဝိ/-) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိဈေးရှိသည်ဟုသိရှိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်သော ပန်းမုန်လာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများအပြင် မြေပြန့်ဒေသအတော်များများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)

မကွေးမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိ

    မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားလောက်အောင် ဆီထွက်သီးနှံများဖြစ်သည့် (နှမ်း/မြေပဲ) သီးနှံတို့အား အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ မကွေးမြို့နယ်အနေဖြင့် မိုးနှမ်း(၁၇၆၄၁၉)ဧကအား ၂၀၂၃-ခုနှစ်၊ မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

     (၆.၈.၂၀၂၃)ရက်နေ့ နံနက် (၀၈:၀၀)နာရီတွင် မကွေးခရိုင်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးအဖွဲ့ များဖြစ်သည့် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဝင်း၊ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များသည် ဒဟက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၄၃)၊ ဦးပိုင်အမှတ် (၆၉)ရှိ တောင်သူဦးစိန်လှ၏ စံပြမိုးနှမ်းသီးနှံ (၃.၀၇)ဧကနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၈၃/၂၉၃၄)၊ ဦးပိုင်အမှတ်(၂၉)ရှိ တောင်သူ ဒေါ်လှဝင်း၏ စံပြမိုးနှမ်း သီးနှံ (၄.၅၈)ဧက ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

     တောင်သူ ဦးစိန်လှနှင့် ဒေါ်လှဝင်းအား တွေ့ဆုံမေးမြန်းခဲ့မှုအရ ယခင်နှစ်က မိုးနှမ်းသီးနှံ တစ်ဧကလျှင် စိုက်ပျိုးမှု ကုန်ကျစရိတ် ကျပ်(၂၆၂၀၀၀)ခန့်ရှိပြီး တစ်ဧကလျှင် နှမ်း(၆.၅)တင်းခန့် ရရှိခဲ့ ပါကြောင်း၊ နှမ်းတစ်တင်းလျှင် ကျပ်(၅၀၆၀၀)ရရှိ၍ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၆၆၉၀၀) ရရှိပါကြောင်းနှင့် ယခုနှစ်တွင် နှမ်းတစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၃၅၈၀၀၀) ခန့်ရှိပြီး လက်ရှိနှမ်းပင်များ၏ အခြေအနေအရ တစ်ဧကလျှင် (၇.၅)တင်း ထွက်ရှိနိုင်ပြီး လက်ရှိနှမ်းစျေးနှုန်းမှာ နှမ်းတစ်တင်းလျှင် ကျပ်(၇၆၀၀၀)ဖြစ်၍ တစ်ဧကလျှင် ကျပ်(၂၁၂၀၀၀)ခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း