Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့်ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းအနေဖြင့် ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၁၈၁၅၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg (၁)လီတာလျှင် (၈၂၅၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဖြစ်ပါသည်။

   တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၂၉၅၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၄၅၆၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၄၅၆၀)ကျပ် ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့  ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ယခင် ဇူလိုင်လ ဒုတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ငူမြို့မှ နနွင်းစိုက်ပျိုးသူများ အပိုဝင်ငွေရ

       နနွင်းမှုန့်သည် မြန်မာတို့အတွက် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သကဲ့သို့ ဆေးဖက်လည်းဝင်သဖြင့် အိမ်တိုင်းတွင် မရှိမဖြစ်သော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူတချို့လည်းရှိပါသည်။ စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့် စရိတ်စကအနည်းဆုံးသီးနှံဖြစ်ပါသည်။

        နနွင်းသည် မျိုးစေ့စိုက်ပျိုးသည့် အပင်မဟုတ်ဘဲ ဥ၊ အတက်တို့မှ မျိုးပွားခြင်းဖြစ်ပါသည်။ မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး အပင်အမြင့်မှာ ၃ပေခန့်ရှိပါသည်။ စိုက်ပျိုးချိန် ၆လခန့်အကြာတွင် ဥများစတင်ထွက်ရှိပြီး ၈လအကြာတွင် နနွင်းဥများတူးဖော်နိုင်ပြီဖြစ်ပါသည်။

       နနွင်းရွက်၊ နနွင်းပွင့်တို့ကိုလည်းစားသုံးနိုင်ပါသည်။ နနွင်းဥကိုတူးဖော်ပြီး ရေစင်အောင်ဆေး၍ အခြောက်လှန်းပြီးမှသာ အမှုန့်ကြိတ်ရပါသည်။ တောင်ငူမြို့နယ်၊ ညောင်ကိုင်းရွာမှ နနွင်းစိုက်တောင်သူတစ်ဦးက နနွင်းဥများကို အမှုန့်ကြိတ်စက်တွင် အမှုန့်ကြိတ်ပြီးနောက် ရရှိလာသောနနွင်းမှုန့်များကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် တောင်ငူမြို့ရှိဈေးများသို့ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့်ရောင်းချရကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်း

      တောင်ငူမြို့၊ ညောင်ပင်ဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ကြက်ဥတစ်လုံးလျှင် အကြီးအသေးအလိုက် အသေးတစ်လုံးလျှင် ၃၅၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၇၀ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ယခင်ကြက်ဥတစ်လုံး ၃၅၀ကျပ်မှာ ၃၈၀ကျပ်နှင့်  ၃၇၀ကျပ်တန် ကြက်ဥမှာ တစ်လုံးလျှင် ၄၂၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်သွားပါသည်။

        ဘဲဥမှာ အသေးတစ်လုံးလျှင် ၄၇၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားပါသည်။ ယခုကဲ့သို့ ဘဲဥများဈေးတက်သွားရခြင်းမှာ ရေကြီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခေတ္တပြတ်တောက်သွားသဖြင့် အခြားမြို့နယ်မှတင်သွင်းသောဘဲဥများ ဈေးကွက်အတွင်းသို့မရောက်သောကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ညောင်ပင်ဈေးရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

          ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသောရုံးဝန်ထမ်းများ အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်မှာ သွက်လျက် ရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကြက်ဥ၊ဘဲဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ရခိုင်ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးတက်

       မြန်မာလူမျိုးတို့သည် ဝါဝင်ကာလတွင် နတ်တင်ခြင်းနှင့်၊ ဝါခေါင်လတွင် တောင်ပြုံးပွဲတော်အချိန်အခါများ၌ တောင်ငူဒေသထွက် ရခိုင်ငှက်ပျောသီးနှင့် အုန်းသီးများကို အညာဒေသသို့ တင်ပို့ရောင်းချရသဖြင့် ဈေးကောင်းရသည့်အချိန်အခါဖြစ်ပါသည်။

      တောင်ငူမြို့တွင် ယခင်နှစ်အလားတူကာလက ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် အသေး ၅၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်နှင့် အကြီး ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် အသေး ၁၅၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်နှင့် အကြီး(အနာလွတ်) ၃၀၀၀ကျပ်အထိရှိသဖြင့် ဈေးနှုန်းမှာ ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိမြင့်တက်လာပါသည်။

     အုန်းသီးမှာ ယခင်နှစ်အလားတူကာလက အခွံချွတ်တစ်လုံးလျှင် ၁၀၀၀ကျပ်၊ ပွဲတင်အုန်းသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိသာရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် အခွံချွတ်တစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိနှင့် ပွဲတင်အုန်းသီးတစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းမှာ ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိမြင့်တက်လာပါသည်။

         ငှက်ပျောသီး၊ အုန်းသီးများ ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း ငှက်ပျောသီး၊ အုန်းသီးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ပေါင်းလောင်းတိမ်ရွာမှ ကန်စွန်းရွက်

      တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပေါင်းလောင်းတိမ်ရွာသည် ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးလျက်ရှိရာ ကန်စွန်းရွက်စိုက်ခင်းမှ ဝင်ငွေရရှိလျက်ရှိပါသည်။ ကန်စွန်းရွက် (၀.၁၀)ဧကတွင် ရက်(၂၀)လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း၊ တစ်ကြိမ်ခူးလျှင် အစည်း ၂၀၀ခန့်ရကြောင်းသိရပါသည်။

        ယခုအချိန်သည် မိုးရာသီဖြစ်သဖြင့် စိုက်ပျိုးသည့်ကန်စွန်းရွက်များအပြင် အလေ့ကျပေါက်သည့် လယ်ကန်စွန်းရွက်များလည်းပေါသဖြင့် ဈေးလည်းပေါပါသည်။ ပေါင်းလောင်းတိမ်ရွာ ကန်စွန်းစိုက်ခင်းမှ ကန်စွန်းရွက်များကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် တောင်ငူမြို့ ညောင်ပင်ဈေးတွင် တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချရကြောင်း ကန်စွန်းရွက်စိုက်ပျိုးသူ တစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်ဝင်သည့် ဝါးပိုးမျှစ်ချဉ်

       ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ ဝါးပိုးမျှစ်ချဉ်များသည် နှစ်စဉ် ဇွန်လဆန်းခန့်တွင်ထွက်ရှိပြီး ၎င်းကို တောင်ငူမြို့ အရှေ့ဘက် (၅)မိုင်ခန့်ရှိ ပွဲရုံများသို့ ပေးပို့ရောင်းချလျက်ရှိပါသည်။

         ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ပွဲရုံများအနေဖြင့် မျှစ်တစ်ပိဿာလျှင် ၁၁၀၀ကျပ်ဖြင့်ဝယ်ယူပြီး မျှစ်ချဉ်ပြုလုပ်ပြီးချိန်တွင် မျှစ်ချဉ်(၁)ပိဿာလျှင် ၁၈၅၀ကျပ်ရရှိကြောင်းသိရသည်။ အလျော့တွက်၊ လုပ်သားခနှင့် အခြားကုန်ကျစရိတ်နှုတ်ပြီး (၁)ပိဿာလျှင် ၂၀၀ကျပ်ခန့်အမြတ်ရရှိကြောင်းသိရှိရသည်။

        မျှစ်ချဉ်များကို အများဆုံးဖြန့်ဖြူးရောင်းချသည့် ဈေးကွက်များမှာ မန္တလေး၊ တောင်ကြီး၊ မအူပင်၊ ဘိုကလေး၊ ပခုက္ကူ၊ ရေစကြို၊ မိတ္ထီလာ၊ ရမည်းသင်း စသောမြို့များဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ညောင်ပင်ဈေးမှ ပန်းထိမ်ငိုပန်းများ

        တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဘုရားပန်းဆိုင်များတွင် ပန်းထိမ်ငိုပန်းများ ရောင်းအားကောင်းလျက်ရှိပါသည်။ ပန်းထိမ်ငိုပန်းများသည် အခြားပန်းများထက်စာလျှင် ရက်တာရှည်ခံသဖြင့် လူကြိုက်များခြင်းဖြစ်ပါသည်။

       ညောင်ပင်ဈေးရှိ ပန်းဆိုင်များမှရောင်းချသော ပန်းထိမ်ငိုပန်းများမှာ တောင်ငူဒေသ ရှမ်းဝတီးရွာမှထွက်ရှိသည့် ပန်းထိမ်ငိုပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသမှ လာရောက်ရောင်းချသည့် ပန်းထိမ်ငိုပန်းများဟူ၍ နှစ်မျိုးရှိပြီး ပြင်ဦးလွင်ပန်းထိမ်ငိုပန်းများမှ ဒေသပန်းထိမ်ငိုပန်းများထက် အပွင့်ကြီးသည့်အပြင် ဈေးနှုန်းလည်းကြီးပါသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဒေသထွက် ပန်းထိမ်ငိုပန်း(အဖြူ) ၁၀ပွင့်ပါတစ်စည်းလျှင် ၁၅၀၀ကျပ်ရှိပြီး ပြင်ဦးလွင်ဒေသမှဝင်ရောက်လာသည့် ပန်းထိမ်ငိုပန်းများမှာ ၁၀ပွင့်ပါတစ်စည်းလျှင် ၃၀၀၀ကျပ်ရှိကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ပဲလိပ်ပြာဈေးကွက်

            တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အညာဒေသထွက် ပဲလိပ်ပြာများကို လာရောက်ရောင်းချလျက်ရှိပါသည်။

         ယခင်နှစ်တွင် ပဲလိပ်ပြာ ၂၅ကျပ်သားလျှင် ၁၈၀၀ကျပ်၊ တစ်ပိဿာယူလျှင် ၆၀၀၀ကျပ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ပဲလိပ်ပြာ ၂၅ကျပ်သားလျှင် ၃၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိသဖြင့် ယခင်နှစ်ထက် တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

     ပဲလိပ်ပြာသည် အခြားပဲများကဲ့သို့ ကြာကြာချက်စရာမလိုဘဲ အချိန်ခဏလေးနှင့်နူးလွယ်ပြီး အရသာလည်းဆိမ့်သဖြင့် လူကြိုက်များပါသည်။ အခွံနှင့် တစ်မျိုး၊ အခွံခွါပြီး တစ်မျိုး ကြိုက်နှစ်သက်သလို ချက်စားနိုင်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ပဲလိပ်ပြာ‌ရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ခြံထွက်ဘူးသီးနှင့် ဘူးညွန့်များ ဈေးကောင်းရ

       ဘူးသီးသည် မြန်မာ့ခြံထွက် သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့အနီးရှိကျေးရွာများတွင် ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများ အပိုဝင်ငွေရရှိကြပါသည်။ ယခုအခါတွင် ဘူးသီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိနေပါသည်။

      ဘူးသီးကို အသားဟင်းနှင့်ရော၍ ချက်စားကြပါသည်။ မြန်မာ့ရိုးရာ ဘူးသီးကြော်သည်လည်း လူအများကြိုက်သည့် အကြော်တစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့၊ ရပ်ကွက်တိုင်းလိုလိုပင် အကြော်ဆိုင်များရှိရာ ဘူးသီးသည် ရောင်းအားကောင်းလျက်ရှိပါသည်။

    ဘူးသီးအပြင် ဘူးညွန့်ကိုလည်း ကြော်၍ဖြစ်စေ၊ အရည်သောက်ဟင်းချက်၍ဖြစ်စေ စားသုံးကြပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဘူးသီးတစ်လုံးလျှင် ၁၅၀၀ကျပ်နှင့် ဘူးညွန့်တစ်စည်းလျှင် ၃၀၀ကျပ်၊ လေးစည်းယူလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိ ကြောင်း ဟင်းသီးဟင်းရွက်ဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ဩဇာသီးများ ဈေးကောင်း

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှဝင်ရောက်လာသော ဩဇာသီးများမှာ ဈေးကောင်းရလျက်ရှိပါသည်။

       လူသားများအတွက် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော အာဟာရဓာတ်များ အများအပြားပါဝင်ပါသည်။ ဩဇာသီးမှာ အသီးသာမက အစေ့၊ အရွက်နှင့် အမြစ်များပါမကျန် ဆေးဖက်ဝင်ကြောင်း လေ့လာသိရှိရပါသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။ အစာခြေစနစ်ကောင်းမွန်သောကြောင့် ထမင်းစားပြီးတိုင်း မှီဝဲသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

        ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှဝင်ရောက်လာသော ဩဇာသီးများမှာ အလုံးကြီး/ လတ်/ သေး အလိုက် (၁)လုံးလျှင် ၅၀၀ကျပ်၊ ၇၀၀ကျပ်နှင့် ၁၀၀၀ကျပ်အထိ ဈေးကောင်းရလျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသီးရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း