တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်နိုင်တစ်ပိုင်စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူထံမှသိရပါသည်။
တောင်သူ ဦးမြင့်ကိုက ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ) (၀.၅)ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ ပဲယင်း(နီ)ကို စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက စိုက်ပျိုးခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသရာသီဥတုနှင့်ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကြက်သွန်နီသီးနှံအား အစားထိုးစိုက်ပျိုးကြောင်း၊ ဂျပန်ပဲယင်း(နီ)မျိုးများကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်း၊ (၀.၅)ဧကလျှင် ပဲယင်း(နီ) နှစ်ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး အလုပ်သမားငှားရမ်းရမှုနည်းခြင်း၊ သွင်းအားစုနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းများမပြုလုပ်ရကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ဂျပန်ပဲယင်း(နီ)တစ်ဧကအထွက်နှုန်းမှာ တင်း(၃၀ မှ ၄၀)ထိထွက်ရှိကြောင်း၊ (၀.၅)ဧကစိုက်ပျိုးထားပြီး ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် ပဲယင်းမှာ တင်း (၂၀) ခန့်ထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စ၌ ဒေသပေါက်ဈေးမှာ ကျပ်(၇၀၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၁၄)သိန်းခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ဝန်းကျင်ခန့်ကုန်ကျခဲ့၍ ကျပ်(၁၂)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ)စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြပါကြောင်း ဒေသခံတောင်သူ ဦးမြင့်ကိုထံမှ သိရှိရပါသည်။
ဂျပန်ပဲယင်း(နီ)သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်သောသီးနှံဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိပြီး စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူရရှိသောသီးနှံဖြစ်၍ စိုက်တောင်သူများ နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
DOCA(မကွေး)
၂၃.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ကုလားပဲဖြူ(လုံးကြီး)၊ စားတော်ပဲ၊ ပဲနီကြား၊ ပဲယင်းနီ၊ ကြက်သွန်နီသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံဈေးနှုန်းများမှာ မြေပဲတောင့် (အခြောက်)တစ်တင်းလျှင် ကျပ်(၂၅၀၀၀)၊ မြေပဲဆံ(အဟောင်း)တစ်တင်းလျှင် ကျပ်(၉၆၀၀၀)၊ မြေပဲဆံ(အသစ်)တစ်တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲနီကြားတစ်တင်းလျှင် ကျပ်(၄၅၀၀၀)၊ ပဲယင်း(နီ)တစ်တင်းလျှင် ကျပ်(၇၂၀၀၀)နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးဖြင့် သီးနှံပေါ်စ ၂၀၂၃ခုနှစ်၊ မတ်လ(ဒုတိယ)ပတ်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ်ထက် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ လယ်ယာထွက်ကုန်သီးနှံများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများဖြစ်သော မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိပြီး ယခုနှစ်၌ သီးနှံမျိုးစုံမှာ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေပြီး အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ဒေသခံတောင်သူပွဲစားတစ်ဦးထံမှ သိရှိရပါသည်။
ယခုလက်ရှိအချိန်တွင် မြေပဲဆံ(အဟောင်း/အသစ်)များကို မြို့ပေါ်ရှိ မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များက ဝယ်ယူလျက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း၊ ကုလားပဲဖြူ(လုံးကြီး)ဈေးနှုန်းမှာ ယခင်တစ်ပတ်၌ တစ်တင်းလျှင် ကျပ်(၆၂၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခု မတ်လ တတိယပတ်တွင် ကျပ်(၆၈၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့၏ အဓိကထွက်ကုန်ဖြစ်သော နွေကြက်သွန်နီကို ယခုအချိန်တွင် လှိုင်လှိုင်တူးဖော်နေကြပြီး နယ်မြေအခြေအနေအရ တောင်သူများသီးနှံပေါ်ချိန် လှိုင်လှိုင်ရောင်းချလျက်ရှိရာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဝန်းကျင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၄)သိန်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ (၁၅)သိန်းခန့် ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်ထွက် သီးနှံမျိုးစုံဈေးကောင်းရရှိနေ၍ ယခုနှစ်တွင် စိုက်တောင်သူနှင့်ကုန်သည်များ တွက်ခြေကိုက်သည့်နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့်ကြက်သွန်နီပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့(ဒုတိယပတ်)အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များမှား တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၉)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရသည်။
ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ ထိပ်စ(ရှယ်)ကိုာ ကျပ် (၁၀၅၀ မှ ၁၀၂၅)ထိ၊ အလတ်စကိုာ ကျပ်(၁၀၀၀ မှ ၉၅၀)ထိ၊ အသေးစကိုာ ကျပ်( ၉၀၀ မှ ၈၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)တစ်ပိဿာလျှင် ကျပ် (၅၀)၊ အလတ်စနှင့်အသေးစတို့မှာ ကျပ်(၃၀)ခန့်စီ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများ၏ အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့နှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာချိန် (၅)သိန်း၊ အိတ်အားဖြင့် (၁၄၂၈၅)အိတ်၊ တန်ချိန်အားဖြင့် (၃)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၃၀၀/၁၀၀၀/၅၀၀)းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်အနှံစိုက်(ဥ)များကို တစ်ပိဿာလျှင် ကျပ်(၃၀၀)ဖြင့် မြို့ပေါ်ရှိ ကြက်သွန်ကြော်လုပ်ငန်းသို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာတွင် တရုတ်မျိုး အာလူးစိုက်ပျိုးခြင်းအားဖြင့် မိသားစုစားဝတ်နေရေးအတွက် အလွန်အရေးပါပြီး အထောက်အကူဖြစ်စေသည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ကျောင်းကုန်းရွာသည် မန္တလေး-လားရှိုးလမ်းမကြီးမှ (၃)မိုင်အကွာတွင် တည်ရှိ၍ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာရွာလေးဖြစ်ကြောင်း သိရှိရပါသည်။ အိမ်ခြေ(၁၅၀)ကျော်ရှိသည့်အနက် အိမ်ခြေ(၅၀)ဝန်းကျင်သည် အာလူးစိုက် တောင်သူများ ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်က အောင်ပန်းအာလူးမျိုး စိုက်ပျိုးခဲ့သော်လည်း အာလူးအထွက်နှုန်းနည်းပါးခြင်းကြောင့် တောင်သူများက တရုတ်ပြည်မှလာသည့် တရုတ်အာလူးမျိုးကို ပို၍စိတ်ဝင်စားပြီး အဓိကစိုက်ပျိုးလာကြကြောင်း၊ ၂၀၂၀ခုနှစ်တွင် အိန္ဒိယကုမ္ပဏီတစ်ခုမှ အာလူးမျိုးတစ်မျိုးစိုက်ပျိုးခဲ့သော်လည်း သက်တမ်းတိုလွန်း၍ အာလူးအထွက်နှုန်း နည်းပါးလှသည့်အတွက် အရှုံးများထွက်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုအခါ ကျောင်းကုန်းရွာတွင် တရုတ်လူမျိုး အာလူးစိုက်တောင်သူ(၅၀)ဦးသည် (၇၀)ဧက စိုက်ပျိုးလျက်ရှိပြီး ရေသွင်းစိုက်ပျိုးနည်းဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှ စတင်စိုက်ပျိုးပြီး မတ်လကုန်တွင် အသီးရိတ်သိမ်းကြကြောင်း၊ သွင်းအားစုအနေဖြင့် နွားချေး၊ ကြက်ချေး၊ ပုလဲမြေဩဇာများကျွေးရပြီး အားဆေးအနေဖြင့် ပိုးသတ်ဆေး၊ မှိုဆေးများပတ်ဖျန်းခြင်းဖြင့် အပင်များကြီးထွားလာပြီး အထွက်နှုန်းအားကောင်းစေကြောင်း၊ ပြောင်းရာသီချိန်ပြီးမှ အာလူးသီးသန့်စိုက်ပျိုးရကြောင်း၊ အာလူးစိုက်ပျိုးရာတွင် (၂)ခြမ်းခွဲ၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပိဿာ(၇၀၀ မှ ၉၀၀)အထိ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင်ပိဿာ(၆၀၀၀ မှ ၉၀၀၀)အထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းအခြေအနေမှာ ရာသီပေါ်ခါစ တစ်ပိဿာလျှင် (၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်)အထိရှိပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် (၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်)အထိ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း၊ တင်ပို့ရောင်းချ မှုအနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ပွဲစားများမှတစ်ဆင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် အာလူးဈေးကွက်တစ်ပိဿာလျှင် (၃၀၀ကျပ်မှ ၄၀၀ကျပ်)အထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ကြည့်ပါက အာလူးမျိုးစေ့ဝယ်လိုအားကောင်း၍ ယခင်နှစ်များထက် တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း အာလူးစိုက်တောင်သူကြီးတစ်ဦး၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ကုတင်ဘီးလင်းဆည်နှင့် သဲကောဆည်တို့မှ ဆက်သွယ်ရေး လက်တံမြောင်းဘေးရှိ ရေရရှိသော အုပ်စု ၁၃ အုပ်စုရှိ ကျေးရွာများအား နွေစပါး စိုက်ဧက ၁၂၇၉၄ ဧက စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ၄၅၆၇ ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း သိရှိရပါသည်။ အများဆုံး စိုက်ပျိုးသည့် စပါးမျိုးများမှု ဆင်းသုခ၊ ရတနာတိုး စပါး ရက် ၉၀ စပါးများ ဖြစ်ကြောင်း ၊နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် မျိုး ၂ အိတ် ၊ တစ်အိတ်လျှင် ၄၀၀၀၀ ၊ မြေဆီ ၂ အိတ်ခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ပေါင်းသတ်ဆေး ၄ လီတာ ဗူးကြီး တစ်ဗူးလျှင် ၄၆၀၀၀ ကျပ်၊ မျိုးကြဲရန်နှင့် ပေါင်းသတ်ဆေးပတ်ဖျန်းရန် လုပ်သားခ ၂ ကြိမ်၊ တစ်ကြိမ် ၈၀၀၀ ကျပ်၊ မြေယာပြုပြင် ထွန်ယက်ခြင်း ၂ ထပ်၊ တစ်ထပ်လျှင် ၄၀၀၀၀ ၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ ၅၂၂၀၀၀ ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုင်းကျွန်းမြေစိုက်ပျိုးရေးလုပ်ငန်းများဖြင့်တွဲဖက်ကာ တစ်နိုင်တစ်ပိုင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ခရမ်းချဉ်များစိုက်ပျိုးလျက်ရှိပါသည်။ တောင်သူများအနေဖြင့် ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ကျဆင်းမှုမရှိဘဲ တစ်ပိဿာလျှင် ကျပ် (၁၀၀၀) ကျော်ဖြင့် နေ့စဉ်ရောင်းချနေရသဖြင့် စိုက်ပျိုးရောင်းချသည့်တောင်သူများအတွက် အဆင်ပြေနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးဝင်းဌေးက နှစ်စဉ် ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းချဉ်စိုက်ပျိုးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရမ်းချဉ်ကို မြေပြင်သီး(ပင်ပြန့်) ခရမ်းချဉ်နှင့် (ပင်ထောင်)ခရမ်းချဉ်ကို စိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်ကာ မိသားစုအပိုဝင်ငွေရရှိရန် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် မိုးဦးနှင့်မိုးနှောင်းကာလများတွင် ရာသီအလိုက်စိုက်ပျိုးပြီး ယခုနှစ်တွင် ခရမ်းချဉ်ဈေးကွက်ကောင်း၍ မိုးနှောင်းကာလ၌ မိုးကြက်သွန်နီ(ဥ)စိုက်တူးဖော်ပြီး အခင်းလွတ်များတွင် (ပင်ထောင်)ခရမ်းချဉ်ကို ဆက်လက်စိုက်ပျိုးထားရှိကြောင်း၊ မိုးဦးစိုက်ခရမ်းချဉ်များမှာ မိုးများလျှင် ပျက်စီးမှုများပြီး မိုးနှောင်းကာလစိုက်(ပင်ထောင်)ခရမ်းချဉ်မှာ ထိခိုက်ပျက်စီးမှုနည်းကြောင်း၊ (ပင်ထောင်)ခရမ်းချဉ်သီးကို ဇန်နဝါရီလတွင် စတင်ပျိုးကာ (၂၀) ရက်သားအရွယ်တွင် စိုက်ခင်းအတွင်း ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ ပျိုးပင်(၂၅၀၀)ကျော်ခန့် စိုက်ပျိုးထားရှိကြောင်း၊ စားသုံးသူများဝယ်ယူသုံးစွဲမှုများပြီး အထားခံသောထိုင်ဝမ်မျိုးကို စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။
(ပင်ထောင်)ခရမ်းချဉ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား၌ (၁)ပေအကွာအဝေးဖြင့် ဘောင်တင်မြောင်းဖော်ကာ လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပြီး ဝါးကျစ်တိုင်ထောင်ပြီး စင်တင်၍ ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်သားမှစ၍ အပင်သန်မာကြီးထွားကာ ခရမ်းချဉ်ပင်အမြစ်ပိုးဝင်ရောက်ဖျက်ဆီးမှုရန်မှကင်းစင်စေရန် အပင်ခြေတွင် ဖွဲပြာမှုန့်ပုံထားရကြောင်း၊ ယခုတွင် (ပင်ထောင်) ခရမ်းချဉ်မှာ တစ်လသားအရွယ်ရှိပြီး အပွင့်လိုက်နေပြီဖြစ်ကြောင်း၊ ပင်ထောင်ခရမ်းချဉ်စိုက်ခင်းမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ ယခင်မိုးဦးစိုက်ခရမ်းချဉ် တစ်ဧကလျှင် ပျိုးပင်(၅၀၀၀)ခန့်စိုက်ပျိုးခဲ့ပြီး အပင်များသည် အသေအပျောက်များ၍ ခရမ်းချဉ် ပိဿာ(၅၀၀၀)ပိဿာဝန်းကျင်ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ ကျပ်(၁၅၀၀ မှ ၁၂၀၀)ထိဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ သိန်း(၃၀)ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့၍ ယခုမိုးနှောင်းရာသီတွင် ပင်ထောင်ခရမ်းချဉ်(၀.၅)ဧက၌ ပျိုးပင်(၂၅၀၀)ပင်ခန့်စိုက်ပျိုးထားရှိကြောင်း၊ ဖျက်ပိုးကင်းပြီး ရာသီဥတုမှန်ကန်ပါက ပိဿာ(၃၀၀၀)ခန့်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ယခုနှစ်ခရမ်းချဉ်ဈေးကွက်မှာ မိုးဦးစိုက်သီးနှံပေါ်စကတည်းက ဈေးကောင်းရရှိခဲ့ကြောင်း၊ ယခုအချိန်ထိ ခရမ်းချဉ်ဈေးကွက်၌ ခရမ်းချဉ်းသီးတစ်ပိဿာလျှင် ကျပ်(၁၀၀၀)အထက် ရောင်းချနေရ၍ ယခုစိုက်ပျိုးနေသော ပင်ထောင်ခရမ်းချဉ်သီးပေါ်ချိန်တွင်လည်း ယခုဈေးနှုန်းဖြင့် ဆက်လက်ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများအတွက် တွက်ချေကိုက်ကြောင်း ဒေသခံတောင်သူက ပြောပါသည်။
ခရမ်းချဉ်သီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသများတွင် မိသားစုဝင်တိုင်း နေ့စဉ် မပါမဖြစ်ချက်ပြုတ်သုံးစွဲကြပြီး အလွယ်တကူချက်ပြုတ်စားသောက်ရသော ဟင်းလျာဖြစ်၍ ဝယ်ယူစားသုံးမှုများ၍ လက်လီ/လက်ကားရောင်းချ၍ကောင်းသော ကုန်စိမ်းသီးနှံဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ ခရမ်းချဉ်စိုက်တောင်သူများမှာ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေနေကြကြောင်း ဒေသခံခရမ်းချဉ်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများ ဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများ ဆီထွက်သီးနှံများအား စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းအား အများဆုံး စိုက်ပျိုးပြီး ဒုတိယအများဆုံးအနေဖြင့် မတ်ပဲ သီးနှံကို စိုက်ပျိုးလျက်ရှိပါသည်။ ပဲတီစိမ်း (ရေဆင်း-၁) နှင့် (ဝါးခယ်မ)မျိုး (၂၅၄၀၇)ဧက၊ မတ်ပဲ (ရေဆင်း-၂) နှင့် (ရေဆင်း-၃)မျိုး (၁၉၆၆၆)ဧက စိုက်ပျိုးထားရှိပါသည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒုတိယပါတ်အထိ ပဲတီစိမ်း (၁၆၈၁၁) ဧက ရိတ်သိမ်းပြီးစီး၍ အထွက်တင်း တစ်ဧက ပျှမ်းမျှ (၁၈.၅၆) တင်းနှုန်း၊ မတ်ပဲ(၁၄၇၀၅) ဧက ရိတ်သိမ်းပြီးစီး၍ အထွက်တင်း တစ်ဧကပျှမ်းမျှ (၁၅.၅၀) တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ပဲတီစိမ်း တစ်ဧက ကုန်ကျစရိတ်အနေဖြင့် စိုက်ခင်းပြင် ထယ်ထိုး(၇၅၀၀၀)ကျပ် (၃)မျိုးစပ်၊ မျိုး(ပိဿာ၂၀)တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ၊ မှိုဆေး၊ ပိုးသတ်ဆေး၊ အားဆေး၊ အသီးအပွင့်ဆေး (၇၀၀၀၀) ကျပ်ခန့် ၊ ပဲနုတ်ခ (၆၇၅၀၀)ကျပ်၊ ပဲပုံလုပ်သားခ (၂၂၅၀၀)ကျပ်၊ ပဲခြွေစက်ခ တစ်တင်း (၂၅၀၀)ကျပ် နှုန်းဖြင့် တစ်ဧကအတွက် (၄၆၂၅၀)ကျပ်၊ ပဲစက်ခြွေလုပ်သားခ(၅)ဦး (၂၅၀၀၀)ကျပ်၊ ဖြစ်သဖြင့် သွင်းအားစု စုစုပေါင်း ကုန်ကျစရိတ်မှာ (၃၇၆၂၅၀)ကျပ်ခန့် ဖြစ်ပါသည်။ မတ်လ ပထမပတ် ပဲတစ်တင်း ပေါက်စျေမှာ (၆၃၅၀၀)ကျပ်ဖြင့် တစ်ဧက ရငွေပေါင်း (၉၈၉၇၅၀)ကျပ်ဖြစ်၍ တစ်ဧကအမြတ်မှာ (၆၁၃၅၀၀)ကျပ်ခန့် ပဲတီစိမ်းစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ကျေးရွာများသို့ ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
DOCA(ပဲခူး)