Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခရမ်းချဉ်သီးလှိုင်လှိုင်ဝင်ရောက်လာ၍ ဈေးနှုန်းကျဆင်း

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်နှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

    ယခု ၂၀၂၃ ခုနှစ်၊မတ်လ(တတိယပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်း မှာတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ယခင် ဖေဖော်ဝါရီလ တတိယပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၂၅၀၀)ကျပ် ရရှိပါကြောင်း၊ ယခင် ဖေဖော်ဝါရီလတတိယပတ်နှင့် ယခုမတ်လတတိယပတ်ဈေးနှုန်းတို့အား နှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာသောကြောင့် ဖြစ်သည်ဟု နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ပြည်ကုန်စည်ဒိုင်၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖေဖော်ဝါရီလ စတုတ္တပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီးဈေးမှာ မြင့်တက်နေပြီး ကျန်ပဲများမှာ ဈေးအေးလျက်ရှိပါသည်။

  ပြည်ကုန်စည်ဒိုင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းလျှင် (၆၂၀၀၀-၆၂၅၀၀) ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၅၀၀) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ ပထမပတ်တွင် မတ်ပဲဈေးကျလာပါသည်။ ပဲတစ်တင်းလျှင် (၆၀၀၀၀-၆၁၀၀၀)ကျပ်ထိ ဈေးကျလာခဲ့ပြီး ပဲတစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးလျော့ခဲ့ပါသည်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် (၄၀၀/၅၀၀) ခန့် အရောင်းအဝယ်ဖြစ်ပြီး သွက်လျက်ရှိပါသည်။

     ဖေဖော်ဝါရီလ စတုတ္တပတ် ပြည်ကုန်စည်ဒိုင်၏ ပဲစင်းငုံဈေးမှာ တစ်တင်းလျှင် (၆၉၀၀၀-၆၉၅၀၀) ကျပ်ဖြင့် လှောင်သမားများနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် (၆၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ ပထမပတ်တွင် (၆၈၅၀၀-၆၉၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀၀) ခန့် အဝယ်ရှိပြီး ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

   ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ စတုတ္တပတ်၌ ကုလားပဲ(HL) တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀) ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၄၀၀/၅၀၀) ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် (၆၈၀၀၀) ကျပ်ဖြင့် ခွဲစက်သမားများမြို့တွင်းအဝယ်နှင့် ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ပဲခွဲကြမ်းများကို နယ်စုံသို့ တင်ပို့မှုရှိခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ပဲကြီးအရောင်းအဝယ်ရှိပြီး ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် (၇၈၅၀၀-၇၉၀၀၀-၈၀၀၀၀)ကျပ်ဈေးဖြင့် မြို့တွင်းပဲကြော်သမားများနှင့် တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ပြည်ကုန်စည်ဒိုင်၏ မတ်လ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ဈေးထိ ဈေးကျလာခဲ့ပြီး တစ်ရက်လျှင် အဝယ်အိတ် (၃၀၀) အိတ်ခန့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မတ်လ ပထမပတ်တွင် ပဲကြီး(ကုန်းပဲ)များလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် (၇၈၀၀၀)ကျပ်ခန့်ရှိပါသည်။

      ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်လျှင် (၂၅)အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ ပထမပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းလျှင် (၁၀၅၀၀၀-၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလ စတုတ္တပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ခန့် အဝယ်ရှိပါသည်။ မတ်လပထမပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀-၄၈၀၀၀) ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုရှိပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျက်ရှိ

     ကယားပြည်နယ်တွင် ၂၀၂၃ခုနှစ် ၊ မတ်လ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ကြက်သွန်နီအလုံးကြီး တစ်ပိဿာဈေးနှုန်းမှာ ( ၁၅၀၀ )ကျပ်၊ အလုံးလတ် တစ်ပိဿာဈေးနှုန်းမှာ (၁၃၀၀)ကျပ်၊ ကြက်သွန်နီအလုံးသေး တစ်ပိဿာဈေးနှုန်းမှာ ( ၁၀၀၀ )ကျပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခင် ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်နှင့် အလုံးလတ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါကြောင်း၊  ယခုမတ်လ(တတိယပတ်)နှင့် ယခင်ဖေဖော်ဝါရီလ(တတိယပတ်) နှိုင်းယှဉ်လျှင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာ (၂၀၀၀)ကျပ်နှင့် အလုံးလတ် တစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာ(၈၀၀)ကျပ်ခန့် ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း ကြက်သွန်နီအများအပြား ဝင်ရောက်လာသောကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ကြက်သွန်နီရောင်းချသူများထံမှ သိရပါသည်။

DOCA(ကယား)

ပြည်ပဲကြီးသီးနှံဈေးကွက် ဈေးကောင်းရလျက်ရှိ

      ပြည်ပဲမျိုးစုံဈေးကွက်၌ ဆောင်းပဲသီးနှံများစွာဝင်ရောက်လျက်ရှိပြီး မတ်ပဲသီးနှံ၊ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲကြီးသီးနှံ၊ ဘိုကိတ်၊ ပဲလွမ်းသီးနှံများနေ့စဉ်ဝင်ရောက်ခဲ့ကာ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်ပဲမှာ ပဲကြီးသီးနှံပင်ဖြစ်ပါသည်။ ပဲကြီးသီးနှံမှာတစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ကျော်ဝင်ရောက်ခဲ့၍ ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူပြီး ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲကြီးသီးနှံဈေးနှုန်းအနေဖြင့် ဈေးအမြင့်ရသောကြောင့် (ရွှေကျွန်း) တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်းလျှင် (၇၈၀၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေခဲ့သောကြောင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က မတ်လအတွင်း ပဲကြီးသီးနှံဈေးမှာတစ်တင်းလျှင် ကျပ် (၆)သောင်းကျော်သာရရှိ ခဲ့သည့်အတွက် ယခု ၂၀၂၃ခုနှစ်၊ မတ်လ၌ ပဲကြီးသီးနှံဈေးမှာ ယခင်နှစ်ကထက် ကျပ်(၂)သောင်းနီးပါးဈေးပိုရ၍ ပဲဈေးကွက်အတွင်း အခြားပဲများထက် ဈေးအမြင့်ဖြင့် ရောင်းဝယ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ်တွင်း ရွှေဈေးနှုန်းများဆက်လက်မြင့်တက်

    ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချကြသည့်အပြင်  မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များ မှာယူရောင်းချလျက်ရှိပါသည်။

    ယခုလက်ရှိ ၂၀၂၃ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၉၆၀၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၇၇၅၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ် ပေါ်ခဲ့သော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၈၆၀၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ် သားလျှင် (၂၆၈၁၂၅၀) ကျပ် ရှိခဲ့ပြီး ယခင်ဖေဖော်ဝါရီလတတိယပတ် နှင့် ယခုမတ်လတတိယပတ် နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၁၀၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၉၃၇၅၀) ကျပ်ခန့် ရွှေဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြှင့်လာခြင်းကြောင့်ဖြစ်သည့်ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ပြည်ထောပတ်ပဲသီးနှံ ယခင်နှစ်ဈေးထက်သိသိသာသာဈေးပိုရ

      ပြည်ပဲဈေးကွက်၌ ပြည်ပဝယ်လက်ပဲသာမက ပြည်တွင်းဝယ်လက်ပဲများလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ပဝယ်လိုအားများသောပဲအားလုံးမှာ ဈေးကောင်းရရှိပြီး ပြည်တွင်းလက်လီ/လက်ကား ရောင်းဝယ်မှုများသည့်ပဲများတွင် ထောပတ်ပဲသီးနှံသည် အခြားပဲများထက် ဈေးသိသိသာသာပိုရလျက်ရှိပါသည်။ တစ်တင်းလျှင် (၆၇၀၀၀)ကျပ်ဖြင့် လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်၍ တစ်ရက်လျှင် အိတ်(၅၀)ကျော်၊ (၁၀၀)နီးပါး ရောင်းဝယ်ခဲ့ကြကြောင်း သိရှိရပါသည်။ ယခင်နှစ် မတ်လအတွင်း ထောပတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် (၄၅၀၀၀)ကျပ်သာရရှိခဲ့တဲ့အတွက် ယခု ၂၀၂၃ခုနှစ်၊ မတ်လဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခင်နှစ်ထက် ကျပ်(၂)သောင်းကျော်အထိ ဈေးကောင်းပိုရလျက်ရှိ၍ ယခုနှစ် ထောပတ်ပဲစိုက်ပျိုးသူများ အကျိုးအမြတ်ပိုရလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်ညောင်ချိုဖူး

     ညောင်ပင်ဆိုသည်မှာ အထူးအထွေပြောစရာမလိုအောင် မြင်ဖူးပြီး ရင်းနှီးပြီးသားလည်းဖြစ်ပါသည်။ ညောင်ပင်၏အရွက်နုနုလေးကို ရေနွေးဖျောပြီး အတို့အမြှုပ်အနေဖြင့် စားနိုင်သည့်အပြင် ညောင်ရွက်မဖြစ်မီ ညောင်ဖူးလေးများကို ပါးပါးလှီးပြီး၊ ဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ကြက်သွန်နီစိမ်း၊ ကြက်သွန်ကြော်၊ နှမ်း၊ ငရုတ်သီးစိမ်း၊ သံပုရာရည်တို့ဖြင့် အရသာရှိရှိ သုပ်စားနိုင်ပါသည်။ ညောင်ဖူးသုပ်ကို ထမင်းနဲ့တွဲစားနိုင်သကဲ့သို့ ရေးနွေးကြမ်းလေးနှင့် အဆာပြေ လေးလည်းစားနိုင်ပါသည်။ ယခုရာသီချိန်တွင် ညောင်ဖူးလေးများ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ညောင်ဖူးနုနုလေးများအား ခူးဆွတ်ပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ရာသီပေါ်စာဖြစ်သဖြင့် အလေးချိန်တစ်ဆယ်ကျပ်သားလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ညောင်ပင်တွင် အမျိုးအစား(၂)မျိုးရှိပြီး ညောင်ချဉ်ပင်နှင့် ညောင်ချိုပင်ဖြစ်ပါသည်။ ညောင်ဖူးနုနုလေးများအား သုပ်စားရာတွင် များသောအားဖြင့် ညောင်ချိုအပင်များမှခူးယူ၍ စားသောက်ကြပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပြောင်းဖူးဈေးကွက် ဈေးကောင်းရ

     ပြည်ဈေးကွက်အတွင်း ပြောင်းဖူးသီးနှံမှာ ဈေးကောင်းရလျက်ရှိပြီး ပြည်ဈေးကွက်အတွင်းသို့ ရွှေတောင်၊ သဲကုန်း၊ အင်းမ၊ ပုတီးကုန်း၊ မှော်ဇာ၊ ဆင်မြီးဆွဲ၊ တောင်ခွေးရဲ စသည့်နယ်များမှ ပြောင်းဖူးများဝင်ရောက်မှုရှိ၍ ရောင်းချသည့်မျိုးမှာ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူရရှိသည့်မျိုးများကို အဓိကထားဝယ်ယူ၍ စိုက်ပျိုးရောင်းချလျက်ရှိပြီး ဆင်မြီးဆွဲ၊ ပြောင်းဖူး၊ ခွေးရဲပြောင်းဖူးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးတွင် ဗီတာမင် B1၊ B5၊ B9၊ C၊ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ နိုင်ယာစင်၊ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နှင့် အင်တီအောက်ဆီးဒင့် ဇီဇန်သင်း၊ Ferulic Acid စသည့် အာဟာဓါတ်များစွာပါဝင်မှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာတို့အား ကာကွယ်ခြင်း၊ မှတ်ဉာဏ်စွမ်းအားနှင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင် ရောင်ရမ်းမှုလျော့ကျစေခြင်း၊ သွေးတွင်းကိုလက်စထရော လျော့ကျစေခြင်းများအပြင် ပြောင်းဖူးတွင် ဖိုက်ဘာအမျှင်ဓာတ် အတော်များများပါဝင်သောကြောင့် အူတွင်းရွေ့လျားမှုကို မြှင့်တင်ပေးနိုင်ပြီး စအိုကင်ဆာကာကွယ်ကုသခြင်းတွင် အရေးပါအရာရောက်သည့်သီးနှံဖြစ်ပါသည်။ အရောင်းအဝယ်အနေဖြင့်လည်း သက်သက်လွတ်စားခြင်း၊ အဆာပြေစားခြင်း၊ မြန်မာ့ရိုးရာလက်ဖက်နှင့်တွဲဖက်၍ ထမင်းနှင့်စားခြင်း၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်ဥတို့နှင့်ရောကြိတ်၍ ပြောင်းဖူးအချပ်ကြော်၊ အပျော့ကြော် စသဖြင့် လုပ်စားကြခြင်းနှင့် မာလာရှမ်းကောထဲတွင်လည်း ထည့်သွင်းစားသုံးခြင်းများကြောင့် အရောင်းအဝယ်သွက်လျက်ရှိသည်။ လက်လီဈေးများတွင် အထိုင်ချရောင်းချခြင်း၊ စက်ဘီး/ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချခြင်း၊ လူစည်ကားရာနေရာများတွင် ပြောင်းဖူးပြုတ်အိုးနှင့် မီးဖုတ်မီးဖိုသံပြားများနှင့်အတူ ပူပူနွေးနွေးရောင်းချခြင်းများလည်းရှိပါသည်။ ယခင်ကာလများတွင် ပြောင်းဖူးတစ်ဖူးလျှင် အမြင့်ဆုံးရရှိသည့်ဈေးမှာ ကျပ် (၂၅၀-၃၀၀) ထိသာရှိခဲ့ပြီး ယခုပြောင်းဖူးဈေးနှုန်းများမှာ ပြောင်းဖူးအဝါတစ်ဖူးလျှင် အစိမ်း (၂၅၀-၃၀၀) ကျပ်၊ အပြုတ်တစ်ဖူးလျှင် (၄၅၀) ကျပ်ရှိပြီး အဝါအချောတစ်ဖူးလျှင် (၆၀၀-၅၀၀) ကျပ်တို့ဖြင့်ရောင်းချကြကာ ပြောင်းဖူးအဖြူတစ်ဖူးလျှင် အစိမ်း (၃၅၀) ကျပ်၊ အပြုတ် (၄၀၀-၅၀၀) ကျပ်တို့ဖြင့် ရောင်းချမှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပန်းဈေးကွက်၌ ရောင်းပန်းလှနေသော နေပြည်တော်သပြေငုတ်

   ပြည်မြို့၏ သစ်သီးဝလံနှင့်ပန်းမန်ဈေးကွက်တွင် အလှပန်းအိုးထိုးရန် ဘုရားပန်း၊ ကပ်လှူပူဇော်ရန်အတွက် ပန်းအလှမျိုးစုံရောင်းဝယ်လျက်ရှိကြရာ သစ္စာပန်း၊ မေမြို့ပန်း၊ ဇော်စိမ်း၊ ဇော်လုံး၊ ဇော်ကျား၊ နှင်းဆီ၊ လီလီ၊ သစ်ခွ စသည့်ဖြင့် ဒေသထွက်ပန်းများအပြင် နေရာဒေသစုံမှထွက်ရှိသော ပန်းမျိုးစုံရောင်းဝယ်မှုရှိကြပါသည်။ အဆိုပါပန်းများနှင့်အတူ ဘုရားပန်းအိုးကပ်လှူရန်အတွက် ကြာရှည်လည်းခံ၊ အညွှန့်အခက်များဖြင့် ဝေဝေဆာဆာ၊ စိမ်းစိမ်းစိုစိုနှင့် လှပကျက်သရေရှိလှသော အောင်သပြေပန်းငုတ်များမှာလည်း ဘုရားပန်းဈေးကွက်၏ ၃ပုံ၂ပုံခန့်ဖြစ်၍ နေရာတွင်ကျယ်စွာရောင်းချလာကြပါသည်။ ပြည်ပန်းဈေးကွက်အတွင်း ရောင်းချကြသောသပြေပန်းငုတ်များသည် ပြည်ဒေသမှထွက်ရှိခြင်းမဟုတ်ဘဲ နေပြည်တော်နှင့် အနီးတဝိုက်ဒေသများမှ ထွက်ရှိသည့်အတွက် နေပြည်တော်မှ မှာယူရောင်းချကြသည်ဟု သိရှိရပါသည်။ မှာယူရောင်းချကြသူများအနေဖြင့် ပန်းငုတ်အကြီး ၁၀၀ ငုတ်ပါ ခြင်းတစ်ခြင်းလျှင် (၁၅၀၀၀၀)ကျပ်ခန့်နှင့် ပန်းငုတ်အရွယ်အစားအသေးငုတ် (၁၅၀)ငုတ်ပါ ခြင်းတစ်ခြင်းလျှင် (၁၂၀၀၀၀)ကျပ်မှ (၁၅၀၀၀၀) ကျပ်ထိ၊ ပန်းပုံသဏ္ဌာန်နှင့် အရွယ်အစားပါဝင်မှုပမာဏအပေါ်မူတည်၍ ဈေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ပန်းငုတ်အပင်ကြီးတစ်ပင်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ကျော်ခန့်အထိ ရောင်းချကြသကဲ့သို့ ပန်းငုတ်အသေး၊ အရွယ်အစား၊ အလတ်စားခွဲခြား၍ တစ်ပင်လျှင် (၅၀၀)ကျပ်မှ  (၁၀၀၀-၁၂၀၀)ကျပ်ထိ ရောင်းချကြပါသည်။ ဘုရားပန်းကပ်လှူရန် ဝယ်ယူသူများအနေဖြင့်လည်း အဆိုပါသပြေငုတ်များသည် ဘုရားပန်းကပ်လှူသည့်အခါ မြေအိုးများတွင် ကပ်လှူထားသည့်အခါ အလွယ်တကူမညှိုးနွမ်းဘဲ စိမ်းစိမ်းစိုစိုဖြင့် အနည်းဆုံးရက်သတ္တပတ်(၂)ပတ်၊ (၃)ပတ်မှ (၁)လကျော်ထိကြာရှည်ခံသည့်အတွက် ဈေးကြီးပေးဝယ်ရသော်လည်း အကြိုက်တွေ့ကြကြောင်း သိရှိရပါသည်။ အမွှေးရနံ့မရှိသော်လည်း စိမ်းစိုလှပကျက်သရေရှိလှသော နေပြည်တော်သပြေပန်းငုတ်များသည် ပန်းဈေးကွက်အတွင်း ရောင်းပန်းလှ၍ ရောင်းအားကောင်းသောပန်းတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးအနည်းငယ်မြင့်တက်ပြီး ဆီဈေးငြိမ်နေ

      ပြည်မြို့ရှိ မြေပဲဆံဈေးကွက်တွင် မတ်လဆန်း၌ မြေပဲဆန်ဈေးများမှာ အနည်းငယ်မြင့်တက်လာပါသည်။ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်ဘက်မှ (၂-၃) ရက်ခြားတစ်ခါဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သည့်ရက်တွင် မြေပဲဆံတစ်တင်းခွဲအိတ် (၅၀၀) အိတ်လောက်သာ ဝင်ရောက်မှုရှိပါသည်။ မြေပဲဆံကို ဒေသတွင်းဆီစက်သမားများနှင့် နယ်စုံမှဝယ်ယူမှုရှိသဖြင့် ဝင်သလောက်အရောင်းအဝယ်ဖြစ်ပြီး ယခု ၂၀၂၃ခုနှစ်၊ မတ်လဆန်းတွင် ဝယ်လိုအားများပြီး ဝင်ရောက်မှုနည်းသွားသဖြင့် မြေပဲဆံဈေးအနည်းငယ်မြင့်တက်လာပါသည်။ ယခုအပတ်၌ မြေပဲဆံဈေးများမှာ မြေပဲဆံ(အဖြူ)တစ်ပိဿာလျှင် (၅၈၀၀) ကျပ်၊ မြေပဲဆံ(အနီ)တစ်ပိဿာလျှင် (၆၈၀၀) ကျပ်ဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ ထို့တူ မြေပဲလုံးဆံဈေးမှာလည်း (အဖြူ) တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၃၅၀) ကျပ်ဖြင့် တစ်ပိဿာလျှင် ကျပ် (၁၀၀-၁၅၀) ခန့်သာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း