Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

    ယခုမတ်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၆၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀မှ ၃၂၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ငရုတ်သီးခြောက်ဈေးနှုန်း အနည်းငယ်ကျဆင်း 

      မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ကို မုံရွာမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော မိုးမျှော်ငရုတ်သီးခြောက်ဈေးမှာ ယခင်ဖေဖော်ဝါရီလတွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀-၂၁၀၀၀မှ  ယခု မတ်လစတုတ္ထအပတ်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀-၁၆၀၀၀ အထိ ဈေးနှုန်းကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရပါသည်။  

DOCA(စစ်ကိုင်း)                                    

ဆိပ်ဖြူမြို့၌ ကြက်သွန်နီဈေးကျကာ အရောင်းအဝယ်ဖြစ်လျက်ရှိ

     ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် မတ်လ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့ (တတိယ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များမှာ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၆)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

       ယခု(၁)ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာဈေးနှုန်းများမှာ အမြင့်ဈေး ထိပ်စ(ရှယ်)တစ်ပိဿာလျှင် ကျပ် (၉၇၅ မှ ၁၀၀၀)ထိ၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၉၀၀ မှ ၉၅၀)ထိ၊ အသေးစတစ်ပိဿာလျှင် ကျပ်( ၇၀၀ မှ  ၈၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ (ဒုတိယ) ပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၀၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ထိပ်စ(ရှယ်)တစ်ပိဿာလျှင် ကျပ်(၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၀၀)စီခန့်ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့စီးထွက်မှုမှာ ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ယခုအပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၆)သိန်း/ (၁၇၁၄၂)အိတ်/ တန်ချိန်(၉၈၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

   ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့်အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၅၀၀ မှ ၁၂၀၀)ထိဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

     အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်အခြေအနေ

      ပခုက္ကူမြို့၌ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာလည်း အတက်အကျမရှိသေးကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်းမှာ ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၇၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၈၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေ၍ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရှိရပါသည်။

   အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများမှာ အာမိုယူရီးယား (50kg)ပါ တစ်အိတ်လျှင် ကျပ် (၈၈၀၀၀)၊ ကောမက်ယူရီးယား (50kg)ပါ တစ်အိတ်လျှင် ကျပ်(၉၄၀၀၀)၊ မြန်မာ့ဩဘာ/ရွှေကောမက် (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ အာမိုကွန်ပေါင်း (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဩဘာကွန်ပေါင်း (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် အာမိုမက်နီဖော့ (500cc) တစ်ဘူးလျှင် ကျပ်(၂၇၅၀၀)၊ အာမိုအီဖာ (250cc) ဘူးတစ်ဘူးလျှင် ကျပ် (၁၂၀၀၀)၊ အာမိုအီဖာ ၁လီတာဘူးတစ်ဘူးလျှင် ကျပ်(၃၁၀၀၀)၊ မင်းမဟော်စီအက်စ် (500 g)ပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500cc) တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ ဩဘာပို့စ် (250cc) ဘူးတစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာအဆီဖိတ် (500g)ပါ တစ်ထုပ်လျှင် ကျပ် (၂၀၅၀၀)၊ ဩဘာငှက်ကြီးတောင် (100cc) ဘူးတစ်ဘူးလျှင် ကျပ်(၁၇၀၀၀)နှင့် ဩဘာငှက်ကြီးတောင် (250cc) ဘူးတစ်ဘူးလျှင် ကျပ်(၄၀၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ရှိနေပြီး ယခုအချိန်သည် သီးနှံများရိတ်သိမ်းချိန်ဖြစ်သောကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့နယ်၊ သဲကန်ကျေးရွာ၌ ကုလားပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သဲကန်ကျေးရွာသည် အိမ်ခြေ(၁၄၀)ခန့်ရှိပြီး တောင်သူများအနေဖြင့် နှစ်စဉ် စပါး၊ ကြက်သွန် နီနှင့် ကုလားပဲတို့ကို အဓိကစိုက်ပျိုးကြကြောင်း၊ တောင်သူ(၉၀)ဦးက ကုလားပဲဧက(၄၀)ခန့်စိုက်ပျိုးထားရှိပြီး ကုလားပဲ(HL)နှင့် ပဲလုံးကြီး(တာပွန်)မျိုးများစိုက်ပျိုးထားကြောင်း သိရပါသည်။

     ကုလားပဲစိုက်တောင်သူ ဒေါ်ညွန့်ရီအား မေးမြန်းမှုအရ ကုလားပဲ(၄)ဧကစိုက်ပျိုးထားသော်လည်း ယခုနှစ်တွင် ရာသီဥတုမမှန်ခြင်း၊ ပိုးမွှားကျရောက်မှုများပြားခြင်းတို့ကြောင့် ယခင်နှစ်ကထက်အထွက်နှုန်းလျော့နည်းကြောင်း၊ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၁)တင်းခွဲခန့်ကုန်ကျပါကြောင်း၊ မြေပြုပြင်ချိန်မှစ၍ ရိတ်သိမ်းပြီးသည်အထိ သွင်းအားစုအပါအဝင် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ရိတ်သိမ်းပြီး (၁)ဧကလျှင် (၆)တင်းနှုန်းထွက်ရှိကာ သီးနှံပေါ်ချိန်ဖြစ်သော ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထ) ပတ်တွင် (၁)တင်းလျှင် ကျပ်(၆၈၀၀၀)ရရှိပါကြောင်း၊ (၁)ဧကဝင်ငွေမှာ ကျပ်(၄၀၀၀၀၀)ရရှိသဖြင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၂၀၀၀၀၀)ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသောကုလားပဲများကို တောင်တွင်းကြီးမြို့ရှိ ပွဲရုံများနှင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပါကြောင်း ကုလားပဲစိုက်တောင်သူ ဒေါ်ညွန့်ရီး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၌ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

      သရက်မြို့၌ စားဖိုဆောင်သီးနှံဖြစ်သော ခရမ်းချဉ်သီးကို စိုက်ပျိုးသောတောင်သူများမှာ ကြာကွက်သီး (ခေါ်) ဗမာသီးနှင့် ထိုင်ဝမ်သီး စသည့်ဖြင့် အမျိုးအစား(၂)မျိုး စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံများအနက်မှ ခရမ်းချဉ်သီးမှာ ရာသီအချိန်အခါမရွေးစိုက်ပျိုးနိုင်ခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိသောသီးနှံဖြစ်သည့်အပြင် ဟင်းချက်ရာတွင်သာမက ဈေးတွင်လည်း ရောင်းချနိုင်သည့်အတွက် ကုန်ကျစရိတ်ကို အတော်အသင့်ထိန်းသိမ်းရာရောက်ပါသည်။

       မျိုးစေ့များကို ပြည်၊ အောင်လံ၊ မင်းဘူးနှင့် သရက်မြို့များမှ ဝယ်ယူပါကြောင်း၊ ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးပြီး မေလကုန်တွင် ခူးဆွတ်လေ့ရှိကြကြောင်း၊ ပျိုးထောင်ရာတွင် ရက်ပေါင်း(၂၀-၂၅) ရက်ကြာအောင်ပျိုးထောင်ရပါကြောင်း၊ (၂)လခန့်ကြာအောင်ရေသွင်းစိုက်ပျိုးရပါကြောင်း၊ (၀.၂၅) ဧကတွင် အပင်ရေ(၆၀၀)ခန့်စိုက်ပျိုးထားပါကြောင်း၊ မတ်လ(စတုတ္ထ)ပတ်တွင် အပင်သက်တမ်းမှာ (၁)လသားအရွယ်ရောက်ရှိပြီဖြစ်ပါကြောင်း၊ ရက်ပေါင်း(၈၅)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါကြောင်း၊ အထွက်နှုန်းမှာ(၁)ပင်လျှင် (၂၀)ကျပ်သားရရှိပြီး (၁)နေ့လျှင် (၂)ပိဿာခန့်ရရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထ)ပတ်တွင် ခရမ်းချဉ်သီးမှာ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)ဖြင့် ယခင်(တတိယ)ပတ်ထက် ကျပ်(၅၀-၁၀၀)ဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက်လာပါကြောင်း၊ ဈေးကွက်အနေဖြင့် ရရှိလာသောခရမ်းချဉ်သီးများကို သရက်မြို့၊ စည်ပင်သာယာဈေးတွင်သာမက အခွန်လွတ်ဈေးများနှင့် အနီးအနားရှိကျေးရွာများဖြစ်သော တုတ်ကိုင်း၊ သရက်မြင့်၊ တဇီးကောက်နှင့် ငလှိုင်ခြုံကျေးရွာများသို့ တင်ပို့ရောင်းချလေ့ရှိပါကြောင်း အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ခရမ်းချဉ်သီးစိုက်တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း