ရမည်းသင်းခရိုင်အတွင်း စပျစ်စိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သဲကျွန်းအုပ်စု၊ အုတ်ဖိုအနောက်အုပ်စု၊ လယ်သာအုပ်စု၊ ကုလားမြော်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စပျစ်စိုက်ပျိုးမှုကို ယခင်ကထက်ပိုမိုစိုက်ပျိုးလာကြရာ လက်ရှိစပျစ်စိုက်ဧကမှာ ဧက (၅၀၀၀) ခန့်ရှိပြီး ကိုင်းဖြတ်ကူးစနစ်ဖြင့်လည်းကောင်း၊ စင်တင်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြပါသည်။ ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးသည့်စပျစ်အမျိုးအစားများမှာ စားစပျစ်နှင့် ဝိုင်စပျစ်ဟူ၍ (၂) မျိုးရှိရာ အီတလီ NO. 3၊ Red Global ပန်းရောင်နှင့် အချွန်သီးအညိုများကို အများဆုံးစိုက်ပျိုးကြပြီး ဖေဖော်ဝါရီ၌ စတင်ထွက်ရှိကာ မတ်လဆန်းမှ ဧပြီလအထိ လှိုင်လှိုင်ထွက်ရှိကြောင်း၊ ခူးဆွတ်ပြီးလျှင် (၃) ပိဿာ၊ (၄) ပိဿာဆံ့သည့် စက္ကူပုံးများဖြင့် ထုပ်ပိုးကြကြောင်း သိရှိရပါသည်။
စျေးကွက်အနေဖြင့် ရမည်းသင်းခရိုင်မှထွက်ရှိသော စပျစ်သီးများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေး၊ ပဲခူး၊ နေပြည်တော်၊ ပခုက္ကူ၊ ရေစကြို၊ မြစ်ကြီးနားနှင့် မူဆယ်မြို့များသို့ တင်ပို့ကြပြီး ပွဲရုံများနှင့်တိုက်ရိုက်ချိတ်ဆက်တင်ပို့ခြင်း၊ ကြားပွဲစားမှတစ်ဆင့် ရောင်းချခြင်းများရှိပါသည်။ လက်ရှိစျေးကွက်တွင် ခြံပွဲစားကောက်စျေးမှာ စပျစ်သီးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၄၅၀၀) ကျပ်ထိရှိပြီး လက်လီစျေးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ် စပျစ်ပေါ်ချိန်တွင် ခြံပွဲစားကောက်စျေးမှာ စပျစ်သီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ(၃၅၀၀) ကျပ်ထိရှိကြောင်း၊ လက်လီစျေးမှာ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်သာရှိခဲ့ပြီး ယခင်နှစ်ထက် စပျစ်တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ခန့်သာစျေးနှုန်းပိုမိုခဲ့ကြောင်း၊ ဝိုင်အတွက် စိုက်ပျိုးသောစပျစ်မှာ စိုက်ပျိုးသည့်တောင်သူအနည်းငယ်သာရှိ၍ ကုမ္ပဏီနှင့်ချိတ်ဆက်ရောင်းချပြီး ဝိုင်ထုတ်လုပ်သူအနည်းငယ်သာရှိကြောင်း၊ လက်ရှိစပျစ်ဝိုင်တစ်ပုလင်းလျှင် (၁၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ စပျစ်သည် နှစ်ရှည်သီးနှံဖြစ်၍ အကျိုးအမြတ်များစွာရှိသဖြင့် ပိုမိုစိုက်ပျိုးလာကြကား စပျစ်မှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း စပျစ်စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)