Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စိုက်ပျိုးတောင်သူတွက်ခြေကိုက်သည့် ဆောင်းနေကြာ

          ယင်းမာပင်ခရိုင်သည်  ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ခရိုင်တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက (၃)သိန်းကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက (၄)သိန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားအရ သိရှိရပါသည်။ ဆီထွက်သီးနှံများ အနက် နှမ်း၊ မြေပဲနှင့် နေကြာသီးနှံများကို အဓိက စိုက်ပျိးကြပြီး နေကြာသီးနှံမှာ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏( ၂၀%) ကျော်ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

         ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၌ နေကြာသီးနှံစိုက်ဧက (၉)သောင်းကျော် စိုက်ပျိုးထွက်ရှိပြီး မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြောင်းသိရှိရပါသည်။ မိုးနေကြာကို မေ၊ ဇွန်လများတွင်လည်းကောင်း၊ ဆောင်းနေကြာကို စက်တင်ဘာလ၊အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးကြကြောင်း ၊ဒေသမျိုးများနှင့် ရေဆင်း (၁)၊(၂) မျိုးများကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးသန့်စိုက်ခင်းအဖြစ်လည်းကောင်း၊ ကုလားပဲ၊မြေပဲ စိုက်ခင်းများ၌ သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးလေ့ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ယခုနှစ်တွင် မိုးနေကြာစိုက် ဧက(၈)သောင်းကျော် စိုက်ပျိုးထားရှိပြီး ဒီဇင်ဘာလကုန်ပတ်မှစ၍ ဆောင်းနေကြာများ ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

       နေကြာသီးနှံသည် စိုက်ပျိုးရလွယ်ကူခြင်း၊ ဒေသ၏ ရေ၊မြေ၊ရာသီဥတုနှင့် ကိုက်ညီခြင်း၊စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာခြင်းနှင့် ဒေသတွင်း ဈေးကွက်ဝယ်လိုအားရှိခြင်းများကြောင့် တောင်သူများ နှစ်စဉ်ပုံမှန် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်နေကြာတစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်(၂)သိန်း ဝန်းကျင်ကုန်ကျပြီး တစ်ဧက တင်း(၂၀) ဝန်းကျင်ထွက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်း နေကြာတစ်တင်း ကျပ်(၂)သောင်း  ပေါက်ဈေးရှိနေသည့်အတွက် တစ်ဧက ကျပ်(၂)သိန်းကျော်ခန့် အကျိုးအမြတ်ရှိကြောင်း ငမောင်းကျေးရွာတောင်သူ ဦးရွှေဝင်း၏ ပြောပြချက်အရ သိရှိရပါသည်။

      ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် နေကြာသီးနှံသည် ရာသီဥတုကောင်းမွန်မျှတသည့်အတွက် အထွက်နှုန်း ကောင်းမွန်သလို ဆီထွက်နှုန်းလည်းကောင်းမွန်ကြောင်း၊ နေကြာတစ်တင်းကို ဆီကြိတ်ခွဲပါက နေကြာဆီ (၃.၅) ပိဿာနှင့် နေကြာဖတ် (၆) ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ နေကြာဆီတစ်ပိဿာကို (၆၀၀၀) ကျပ်နှင့် နေကြာဖတ် တစ်ပိဿာကို (၈၉၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက နေကြာဆီ တစ်ပိဿာလျှင် (၅၀၀) ကျပ်မြင့်တက်ခဲ့ပြီး နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀) ကျပ်မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်း ဆီစက်များနှင့် နေကြာစေ့လှော်လုပ်ငန်းရှင်များမှ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း   ရွှေလှေကျေးရွာရှိ  ရွှေအိုးစည်ဆီစက်ပိုင်ရှင် ဦးဖိုးလုံး၏ ပြောပြချက်အရ သိရှိရပါသည်။

        ဒေသတွင်းစားသုံးဆီဈေးကွက်၌လည်း စားသုံးဆီများ ဈေးနှုန်းကွာဟမှု နည်းပါး လာခြင်းများကြောင့် ကျန်းမာရေးနှင့် ညီညွှတ်သည့် နေကြာဆီများကို ဝယ်ယူသုံးစွဲမှု ပိုမိုများပြားလာကြောင်း သိရှိရပါသည်။ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း  နဝလီ ကြိတ်ခွဲခြင်းဆီနေကြာများကို ဝယ်ယူကြိတ်ခွဲပြီး ထွက်ရှိလာသည့် နေကြာဆီများကို ဒေသတွင်း ဈေးကွက်နှင့် မုံ၇ွာ၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

        နေကြာသီးနှံသည် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး ထိုက်သင့်သည့် အကျိုးအ မြတ်ရရှိကြောင်း၊ ယနေ့ခေတ်ကာလတွင် စားသုံးသူများအနေဖြင့် ကျန်းမာရေးရှုထောင့်အရ နေကြာဆီကို ရွေးချယ်ဝယ်ယူ အသုံးပြုမှု ပိုများလာကြောင်း၊ နေကြာဆီ စားသုံးမှု ပိုမိုမြင့်မားလာသည်နှင့်အမျှ နေကြာဆီဈေးကွက်မှာလည်း ပိုမိုကျယ်ပြန့်လာပြီး ဈေးကွက်ဈေးစုပိုမိုရရှိလာကြောင်း၊ စိုက်ပျိုးတောင်သူများတွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိနေ့သည့် အတွက် နေကြာသီးနှံကို ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်း‌ရေးသားဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မုံရွာ၊ ဒိုက်ဦး၊ ပဲခူး၊ ခရမ်းမှ ဖရဲ (855) အကြီးတစ်လုံး ကျပ် ၄၀၀၀၊ အလတ် ကျပ် ၃၀၀၀၊ အသေး ကျပ် ၂၀၀၀၊ ဖရဲ(211) အကြီးတစ်လုံး ကျပ် ၂၀၀၀၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၇၀၀ နှင့် မှော်ဘီတိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ အသေး ကျပ် ၂၀၀ အသီးသီးရှိကြောင်း သိရသည်။

          ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် ၆၀၀၊ အလတ် ကျပ် ၅၀၀၊ ဥက္ကံ၊ တိုက်ကြီးမှ ပီလောပီနံ အလုံးအကြီး တစ်ပိဿာလျှင် ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ စလေ၊ ဆင်ဖြူကျွန်းမှ ဇီးသီး(အစေ့လွတ်) ရှစ်ပြည်တစ်ခြင်း အလုံးကြီး ကျပ် ၆၅၀၀၊ အလတ် ကျပ် ၆၀၀၀ တို့ဖြင့် အသီးသီးရှိပါသည်။

          မော်လမြိုင်မှ ကျွဲကော်သီး အလုံးကြီး ကျပ် ၃၅၀၀၊ အလတ် ကျပ် ၂၅၀၀၊ အသေး ကျပ် ၁၅၀၀၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၀၀၀၊ အလတ် ကျပ် ၇၀၀၊ အသေး ကျပ် ၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း ကျပ် ၄၀၀၀၀ နှင့် (၁၈)ကျပ်သားဗူး ကျပ် ၁၃၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။

“မိတ္ထီလာမြို့နယ်တွင် ရိတ်သိမ်းထွက်ရှိနေပြီဖြစ်သောပဲစင်းငုံ’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်၊ဒု-ဦးစီးမှူး သည် နွားစားငုတ်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ သုံးအိုင်ကျေးရွာများမှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူ တောင် သူများနှင့် (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ပဲစဉ်းငုံသီးနှံကို နှစ်စဉ် ဇွန်-ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ခုတ်လှဲရိတ်သိမ်းကြပါသည်။ ယခုနှစ်တွင် (၁)ခရိုင်လုံး အတိုင်းအတာဖြင့် စိုက်ဧကပေါင်း (၇၆၅၂၀) ဧက စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

            မိတ္ထီလာမြို့နယ်တွင်ပဲစဉ်းငုံကိုမိုးသီနှံအဖြစ်စိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သော နှမ်း၊မြေပဲ၊ ငြုတ်စိုက်ခင်းများတွင် သီးညှပ်စိုက်ပျိုးမှုအနေဖြင့် အများဆုံးစိုက်ပျိုးကြပြီး ဧကပြည့်စိုက်ပျိုးမှု အနည်းငယ်သာရှိပါသည်။ မိတ္ထီလာမြို့ နယ်တွင် ပျှမ်းမျှစိုက်ဧက (၂၅၅၃၄) ဧကစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၇၉၈၆) ဧက ရိတ်သိမ်းထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ပဲစင်းငုံကို အခြားသီးနှံများကြားတွင် (၈) မြောင်းမှ (၁၀)မြောင်းခြား၍ စိုက်ပျိုးကြသည့်အတွက် ကုန်ကျစရိတ်မှာ အခြားသီးနှံများနှင့် စိုက်ပျိုးခဲ့စဉ်က ကုန်ကျထားပြီးဖြစ်သည့်အတွက် အနည်းငယ်သာ ကုန်ကျကြောင်း၊ သီးညှပ်မဟုတ်ပဲ ဧကပြည့်စိုက်ပျိုးလျှင် (၁)ဧက ကုန်ကျစရိတ် (၁၅၀၀၀၀)ကျပ်ခန့်ကုန်ကျ မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။ (၁)ဧက အထွက်နှုန်း (၆) တင်းကျော် ထွက်ရှိပြီး ပဲစင်းငုံ (၁) တင်းလျှင် လက်ရှိပေါက်စျေး (၄၀၀၀၀-၄၁၀၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရကြောင်းသိရှိရပါသည်။ အကျိုးအမြတ် အနေဖြင့် (၁)ဧကလျှင် (၁၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း သိရှိရပါသည်။

            ထွက်ရှိလာသော ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့လည်းကောင်း၊ ကျေးရွာများသို့လာရောက်ဝယ်ယူ ကြသော ပွဲစားများထံတွင်လည်းကောင်း ရောင်းချရကြောင်း တောင်းသူများထံမှသိရှိရပါသည်။ ပဲစင်းငုံသီးနှံ သည် အကျိုးအမြတ်နည်းသော်လည်း တောင်သူများ ကုန်ကျစရိတ်သက်သာခြင်း၊ ဂရုစိုက်ပြုစုရန်မလိုခြင်း၊ အစေ့အဆံထုတ်ပြီး အခွံများနှင့် အရွက်များမှာ နွားစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အပင်များကို ထင်းအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့်  တစ်ပင်လုံးအသုံးဝင်သည့် သီးနှံဖြစ်သဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ ပြင်ဦးလွင်နှင့်စတော်ဘယ်ရီ”

         ပန်းမြို့တော်၊နှင်းမြို့တော်၊တောင်လှေကားမြို့တော်၊ မေမြို့ (သို့) ပြင်ဦးလွင် စသောအမည်များဖြင့် လူသိများထင်ရှားသော ပြင်ဦးလွင်မြို့လေးသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၃၅၃၈)ပေမြင့်ပြီး အေးမြတဲ့ရာသီဥတုရှိသော တောင်ပေါမြို့လေးဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လေးဖြစ်ပြီး ဒေသခံတောင်သူများမှာလည်း နှစ်ရှည်သီးနှံများ ဧကအလိုက်စိုက်ပျိုးလျက်ရှိပြီး ရာသီစာသီးနှံများကိုလည်းအလှည့်ကျ စိုက်ပျိုး၍ စီးပွားဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။

          ပြင်ဦးလွင်မြို့တွင်  စတော်ဘယ်ရီ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် စတော်ဘယ်ရီသီးများ စတင်ထွက်ပေါ်နေပြီး တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိနေသည့် အချိန်ဖြစ်ပါသည်။ စတော်ဘယ်ရီသီးနှံကို သြဂုတ်လ မှ စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးပြီး  ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် တစ်ဧကကုန်ကျစရိတ်မှာ သိန်း(၅၀) မှ သိန်း(၈၀)အထိ ကုန်ကျကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည်။ တစ်ဧကလျှင် အပင်(၁၅၀၀၀)မှ (၂၀၀၀၀)အထိစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးနည်းစနစ်မှာ ဘောင်များဖြင့်သာစိုက်ပျိုးနိုင်၍ တစ်ဘောင်လျှင် ၁၅၀ပေရှိပြီး ဘောင်(၈၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၃.၅)ပေခြား စိုက်ပျိုးပြီး တစ်ဘောင်လျှင် အပင်ရေ(၂၅၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ စတော်ဘယ်ရီသီးနှံအား မျိုးစေ့မှတိုက်ရိုက်စိုက်ပျိုးခြင်းမဟုတ်ဘဲ စတော်ဘယ်ရီ မိခင်ပင်မကြီးမှ နွယ်သစ်များထွက်လာပြီး အပင်မျိုးရရှိပါသည်။ အဆိုပါမျိုးပင်များအား နောင်နှစ်အတွက် မျိုးဆက်ရယူစိုက်ပျိုးခြင်းဖြစ်ပါသည်။ကုန်းမြေနေရာတွင်သာ မျိုးထုတ်နိုင်ပြီး ရေဝပ်သောနေရာ ၊ ခဲမြေများပေါ်တွင် မျိုးထုတ်ယူနိုင်ခြင်းမရှိပါ။ စတော်ဘယ်ရီသီးနှံမှာ ဇန်နဝါရီလမှ ဧပြီလအတွင်း ထွက်ရှိသည့်သီးနှံဖြစ်ကာ  စျေးကွက်ဝင်ပြီး တောင်သူအကျိုးအမြတ်ရရှိသော သီးနှံဖြစ်ပါသည်။ မျိုးအနေဖြင့် ထိုင်ဝမ်မျိုး ၊ ဒေသမျိုးနှင့် Royal 1-80 ထိုင်းမျိုး(အကျွတ်)မျိုးများအား စိုက်ပျိုးလျက်ရှိပြီး စားသုံးသူများမှာလည်း အကျွတ်မျိုးများကိုသာ ပိုမိုကြိုက်နှစ်သက်ကြပါသည်။ အကျွတ်မျိုးများမှာ နို့ဆီ၊သကြားမလိုဘဲအလွယ်တကူစားသောက်နိုင်ပြီး အခြားမျိုးရင်းများထက် အချိုဓါတ် များခြင်းကြောင့်ဖြစ်ပါသည်။ဒေသမျိုးရင်းမှာ အချဉ်ဓါတ်ပါဝင်မှုများပြီး လက်ရှိထုတ်လုပ်လျှက်ရှိ သောစတော်ဘယ်ရီယို၊ဖျော်ရည်၊ဂျယ်လီ ကုန်ချောအဖြစ်ထုတ်လုပ်ပြီး စျေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။စတော်ဘယ်ရီသီးနှံမှာ အလွယ်တကူအသင့်စားသီးနှံဖြစ်သောကြောင့် ရောင်းအားသွက်လျက် ရှိပါသည်။ယခု ဇန်နဝါရီလအတွင်း ထွက်ရှိသောမျိုးမှာ ထိုင်ဝမ်မျိုး နှင့် Royal 1-80 ထိုင်းမျိုး(အကျွတ်)မျိုးများဖြစ်ပြီး ဒေသမျိုးမထွက်ရှိသေးပါ။ ဒေသမျိုးမှာ ဖေဖေါ်ဝါရီလကုန်တွင် စတင်ခူးဆွတ်ရမည်ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် စတော်ဘယ်ရီ တစ်ဧကလျှင် ပိဿာချိန် (၄၀၀၀-၅၀၀၀)ပိဿာခန့်ထွက်ရှိပြီး ယခုလက်ရှိ ထွက်ပေါ်ချိန်တွင် ထိုင်ဝမ်မျိုး တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ် နှင့် Royal1-80 ထိုင်းမျိုး(အကျွတ်)မျိုးများမှာ တစ်ပိဿာလျှင်(၉၀၀၀-၁၀၀၀၀)ကျပ် ရရှိကြောင်းသိရှိရပါသည်။ နှစ်စဉ် စတော်ဘယ်ရီ စတင်ထွက်ပေါ်နေချိန်တွင်  စျေးကောင်းရရှိပြီး သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တောင်သူများ အပြိုင်အဆိုင်ရောင်းဝယ်မှုကြောင့် ဝယ်လိုအားထက် ရောင်းလိုအားများပြီး စျေးကွက်သဘာဝအရ စျေးနှုန်းကျဆင်းတတ်ကြောင်းသိရှိရပါသည်။ စျေးကွက်အနေဖြင့် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ဒေသတွင်းစားသုံးမှုနှင့်ခရီးသွားလက်ဆောင်အဖြစ် ဝယ်ယူခြင်းရှိသလို ပြည်တွင်းတင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်၊ ရခိုင်၊ ကော့သောင်း အထိတင်ပို့နေရသည့် သီးနှံဖြစ်ပါသည်။  ငှက်၊ ချ ၊ ပုရွတ်ဆိတ် ပိုးမွှားများ၏ အန္တရာယ်နှင့် မြေကြီးနှင့်တိုက်ရိုက်ထိတွေ့သည့် အသီးများအား ရောင်းတန်းမဝင်သဖြင့် လေလွင့်ဆုံးရှုံးမှုများရှိသော်လည်း စျေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၇၀-၈၀)သိန်းခန့် ရရှိပါသည် ။ ယခင်နှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကုန်စည် စီးဆင်းမှုများကျဆင်းခဲ့သော်လည်း ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပြန်လည်ဖြေလျော့ပေးမှုကြောင့် ပြည်သူများခရီးသွားလာမှုပြန်လည်ပြုလုပ်ခြင်းနှင့်အတူ ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ထွန်းလာမှုကြောင့် စတော်ဘယ်ရီစိုက်တောင်သူများ စျေးကောင်းရရှိလာပြီး အကျိုးအမြတ်ဖြစ်ထွန်းကာ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း စတော်ဘယ်ရီသီးနှံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ပြင်ဦးလွင်နှင့် စတော်ဘယ်ရီဟာ ခွဲခြားမရသလို ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ် သီးနှံတစ်ခုဖြစ်သောကြောင့် နောင်လာမည့်အနာဂတ်တွင်လည်း ဆက်လက်စိုက်ပျိုးထုတ်လုပ်နေမှာ အသေအချာဖြစ်ပါသည်။ ပြင်ဦးလွင်မြို့ကိုရောက်ရှိခဲ့လျှင် စတော်ဘယ်ရီစိုက်ခင်းကို ကိုယ်တိုင်လာရောက် ခူးဆွတ်ပြီး စားသောက်နိုင်သော နေရာများစွာရှိတာကြောင့် ပြင်ဦးလွင်မြို့ကို လာရောက်ပြီး နေရာစုံလည်ပတ် အပန်းဖြေရင်း စတော်ဘယ်ရီချိုချိုလေးကို လတ်လတ်ဆတ်ဆတ်၊ အရသာရှိရှိ ခူးဆွတ်စားသောက်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်း‌ဒေသကြီး

မိုးကြက်သွန်နီအသစ်များ လှိုင်လှိုင်တင်ပို့နေ

        မန္တလေးတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီကို မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ အများဆုံးစိုက်ပျိုးပြီး ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ရှိပါသည်။ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီမပေါ်မီ ဒေသတွင်းစားသုံးရန် အနည်းငယ်စိုက်ပျိုးပြီး မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်လည်း စိုက်ပျိုးကြောင်း သိရပါသည်။ မြင်းခြံဈေးကွက်သို့ ကြက်သွန်နီစိုက်ပျိုးသော ကျေးရွာများမှ ယခုရက်ပိုင်း တစ်ရက်ှင် ပိဿာချိန် နှစ်သိန်းဝန်းကျင် ဝင်ရောက်လျက် ရှိပါသည်။ ယခင်အဟောင်း လက်ကျန်မရှိသလောက် နည်းလာပြီး မိုးကြက်သွန်နီအသစ်များနှင့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်အတွင်း မြင်းခြံမှ ရန်ကုန်၊ မော်လမြိုင်၊ နေပြည်တော်၊ စစ်တွေ၊ တောင်ကုတ်မြို့များသို့ (၁၂)ဘီးကား(၃၀)စီး၊ ကျောက်ဆည်မှ ရန်ကုန်သို့ တွဲကား(၁)စီး၊ မြစ်သားမှ ရန်ကုန်သို့ တွဲကား(၂)စီး၊ (၁၂)ဘီးကား(၁)စီး တင်ပို့ခဲ့ပါသည်။ ကုန်တင်ခနှုန်းထားများအနေနှင့် တစ်ပိဿာလျင် မြင်းခြံ-ရန်ကုန် ၇၀ ကျပ်၊ မြင်းခြံ-မော်လမြိုင် ၉၀ ကျပ်၊ မြင်းခြံ-စစ်တွေ ၁၀၅ကျပ်၊  ကျောက်ဆည်-ရန်ကုန် ၈၀ ကျပ် ရှိကြောင်းသိရပါသည်။ ကြက်သွန်နီဈေးမှာ လက္ကားဈေး တစ်ပိဿာှင် ၃၀၀ ကျပ်မှ ၆၅၀ ကျပ်၊ လက်လီဈေး ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးရှိကြောင်း ဈေးကွက်မှသိရသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

၂၅.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၅.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၄.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၄.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဆီတို့ဟူးလုပ်ငန်း

      ရှမ်းပြည်နယ်(မြောက််ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ ရွှေစေတီရပ်ရှိ တပိုင်တနိုင်လုပ်ငန်းဖြစ်သော ဒေသထွက်ဆီတို့ဟူးပြုလုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ထုတ်လုပ်နေမှု အဆင့်ဆင့်အား မေးမြန်းခဲ့ပါသည်။ ဆီတို့ဟူးရရှိရန် ပထမဦးစွာ ပဲပုပ်စေ့ကို ကြိတ်၍အရည်စစ်ရကြောင်း၊ အရည်စစ်ပြီးသည့် မုန့်အနှစ်ကို မီးဖြင့်ကျို၍ ရလာသည့်အရည်ကို အဖတ်ဖြစ်ရန် အအေးခံထားရကြောင်း၊ အအေးခံပြီးနောက် ရလာသည့်အချပ်ကို လေးထောင့်တုံးလေးများဖြစ်အောင် ညီညီညာညာလှီးဖြတ်ရကြောင်း၊ ထိုအတုံးလေးများကို ဘန်း (သို့မဟုတ်) စကောထဲသို့ ပြန် ထည့်ကာ နေပူလှန်းရကြောင်း၊ နေပူလှန်းရာတွင် နေရောင်ခြည်ပေါ်မူတည်၍ (၂) ရက် (သို့မဟုတ်) (၃) ရက်လှန်းရ‌ကြောင်း၊ နေလှန်းရာ၌ အတုံးခဲလေးများအပေါ် အမွှေးစလေးများ ပေါ်ပေါက်လာသည်အထိ နေလှန်းရကြောင်း၊ ထိုသို့အမွှေးစလေးများပေါ်လာမှသာ အရသာပေါ်လွင်၍ တာရှည်ခံကြောင်းသိရသည်။

      ထိုနေလှန်းပြီး အတုံးခဲများအား ဆား၊ ငရုပ်မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်၊ သဘာဝအတိုင်းပြုလုပ်ထားသည့် ဆန်အရက်အနည်းငယ်တို့ဖြင့် သမအောင်နယ်ထားသော အနှစ်များဖြင့် နှပ်ထားရကြောင်း၊ ယင်းနောက်၌ ဓါတုဆိုးဆေးများကင်းစင်ပြီး ကျန်းမာရေးနှင့်ပြည့်ဝသော အသင့်စား “ဆီတို့ဟူး” ကိုရရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပြီး လက်ရှိပေါက်ဈေးမှာ ဗူးကြီး(၁)ဗူးလျှင် - (၂၅၀၀/-) ကျပ်နှင့်ဗူးသေး (၁)ဗူး လျှင် (၁၂၀၀/-) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

သံလွင်အရှေ့ခြမ်းဒေသ၏ ကာလတူ ကုန်သွယ်မှု နှိုင်းယှဉ်ချက်

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် တရုတ်နိုင်ငံ-ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းနီးစပ်သည့် မြို့ဖြစ်သည်နှင့်အညီ ကုန်သွယ်မှုအနေဖြင့်လည်း ပို့ကုန်/သွင်းကုန် ကုန်စည်ကူးသန်းရောင်းဝယ်မှု စည်ကားသောမြို့လေးတစ်မြို့ ဖြစ်ပါသည်။ သို့သော်လည်း ၂၀၂၀ခုနှစ် ဇန်နဝါရီလပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (တတိယအပတ်)ထိပြုလုပ်နိုင်ခြင်မရှိသေးပါ။

          ထိုင်းနိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုအနေဖြင့် ကျိုင်းတုံ-တာချီလိတ်မှတဆင့် တရားဝင် ပို့ကုန်/သွင်းကုန် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုလုပ်ရာတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ အထိ တာချီလိတ်မြို့၊ မယ်ယန်းကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏမှာ သန်းပေါင်း (၁၀.၆၁၃)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ သန်းပေါင်း(၀.၅၄) သန်းဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူ နှိုင်းယှဉ်ချက်အရ သန်းပေါင်း(၁၀.၀၇၃)သန်း လျော့နည်းသွားပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ တာချီလိတ်မြို့မယ်ယန်းကုန်သွယ်ရေးစခန်း၏ သွင်းကုန်ပမာဏမှာ သန်းပေါင်း(၁.၀၂၃)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်း၏ သွင်းကုန်ပမာဏမှာ သန်းပေါင်း (၁.၁၇၄)သန်း ဖြစ်သည့်အတွက် နှစ်အလိုက် ကာလတူနှိုင်းယှဉ်ချက်မှာ သန်းပေါင်း (၀.၁၅၁)သန်း ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံသို့ တာချီလိတ်ချစ်ကြည်ရေးတံတာ(၂)မှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ သန်းပေါင်း (၀.၁၂၁)သန်းဖြစ်ပြီး၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန် ပမာဏမှာသန်းပေါင်း(၀.၀၄)သန်းဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူနှိုင်းယှဉ်ချက်အရ သန်းပေါင်း (၀.၀၈၁)သန်း လျော့နည်းသွားပြီး၊ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သွင်းကုန်ပမာဏမှာ သန်းပေါင်း(၀.၆၀၅)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သွင်းကုန်ပမာဏမှာ သန်းပေါင်း (၁.၁၄၄)သန်း ဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူနှိုင်းယှဉ်ချက်မှာ သန်းပေါင်း (၀.၅၃၉)သန်း ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏ ပိုမိုများပြားနေကြောင်း တွေ့ရှိရပါသည်။ ပို့ကုန်အနေဖြင့်  မိမိတို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကုန်ပစ္စည်းများ ထားသိုနိုင်သည့်နေရာ၊ အဆောက်အဦ (သို့မဟုတ်) ကုန်စည်ဒိုင်၊ နည်းပညာနှင့် ပညာရှင် နည်းပါးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါအခြေအနေကြောင့် ကုန်ပစ္စည်းများအား ကန့်သက်ချက်၊ တားမြစ်ချက်များကြောင့် ပို့ကုန်ပမာဏလျော့နည်းရခြင်း ဖြစ်နိုင်ပါသည်။ သွင်းကုန် အနေဖြင့် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ မှာယူသုံးစွဲရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်သော်လည်းကောင်း၊ သယ်ယူစရိတ်ကြောင့်သော်လည်း ကောင်း၊ လုပ်အားခကြောင့်သော်လည်းကောင်း၊ ဝယ်ယူရသည့် တန်ဖိုးနှင့်နယ်နမိတ်ချင်း ထိစပ်နေ သည့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်များ ဝယ်ယူသုံးစွဲရာတွင် အချိန်အနည်းငယ်နှင့် လိုအပ်သော ကုန်ပစ္စည်းများ ရရှိသဖြင့် သွင်းကုန်ပမာဏ ပိုမိုများပြားမှုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက်-တန်ဖိုး-မေရိကန်ဒေါ်လာသန်းပေါင်း)

ကြီးထွားမြန်ဆန် ဘက်စုံသုံးနိုင်”

                 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဖြိုးဓနလင်း၊    ဒု-ဦးစီးမှူးသည် ဝမ်းတွင်းမြို့၊ ရိုးစုကျေးရွာအုပ်စုရှိ သစ်တောဦးစီးဌာနပိုင် တောင်ကြီးကုန်း သစ်တောကြိုးဝိုင်းအတွင်း (CF) စနစ် ဖြင့် မြေငှားရမ်း၍ ပေါ်လိုနီးယားစိုက်ပျိုးသော တောင်သူဦးထွန်းလူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ပေါ်လိုနီးယား တစ်ဧကလျှင် (၁၉၄)ပင် ၁၅ပေခြား ဝင်ဆန့်စိုက်ပျိုးရ၍ ၂၀၂၁ခုနှစ်တွင် ပျိုးထောင်ပြီး ယခုအခါ တစ်ဧက စတင်စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ပေါ်လိုနီးယားမျိုးစေ့အား ထိုင်းနိုင်ငံမှရရှိ၍ အစေ့(၃၀၀)ပါ (၁) ထုပ်လျှင် တစ်သောင်းကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ မိုးရေတိုက်စားမူဒဏ်ကို ကာကွယ်နိုင်ရန် ရာသီဥတုနှင့် မြေဆီလွှာပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ပြီးစိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။ တစ်ဧကစိုက်ပျိုးစရိတ် တစ်သိန်းငါးသောင်းကျော်ကုန်ကြပြီး နှစ်အနည်းငယ်အတွင်း အကျိုးဖြစ်ထွန်းမည့် ပေါ်လိုနီးယားပင် ဖြစ်ကြောင်းသိရှိရပါသည်။

            ပေါ်လိုနီးယားပင်သည် လျှင်မြန်စွာကြီးထွားလွယ်သော သစ်မာမျိုးဖြစ်ပြီး၃ နှစ်မှ စတင်၍ခုတ်လှဲရောင်းချနိုင်သည့် သစ်မာမျိုးဖြစ်သည်။ ပေါ်လိုနီးယားသည် အရှေ့တောင် အာဖရိကမျိုးနွယ်ဝင်ဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရေလွှာလျောစီဘုတ်များမှအစ ဇီဝလောင်စာထုတ်လုပ်မူ့အထိ အသုံးပြုကြကြောင်းသိရှိရပါသည်။ ပေါ်လိုနီးယားသစ်မာအမျိုးအစားဖြစ်ခြင်းကြောင့်လည်းကောင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျေနပ်ဖွယ်ကောင်းသည့် စျေးကွက်လိုအပ်ချက်ကိုရရှိထားကြောင်း သိရှိရပါသည်။

            ပေါ်လိုနီးယားအပင်သည် မြောက်အမေရိကသစ်တောပြုန်းတီးမူ့  ပြဿနာဖြစ်ပေါ်လာချိန် နောက်ပိုင်းတွင် လျှင်မြန်စွာ ပြန်လည်ကြီးထွားနိုင်သည့် အပင်အမျိုးအစားဖြစ်ကြောင်း လေ့လာမူများပြုလုပ်သိရှိခဲ့ရသည်။ အမြစ်နက်ရှိုင်းစွာဆင်းနိုင်ပြီး အမြစ်ကုတ်အားကောင်း၍ တောင်စောင်းများတွင်လည်း ကြံ့ခိုင်စွာပေါက်ရောက်နိုင်ပါသည်။

            ပေါ်လိုနီးယားသည် အပေါဆုံးကျွန်းသစ် အမျိုးအစားအဖြစ်သိကြပြီး အလူမီနီယမ်ကျွန်းဟုပင်တင်စား ခေါ်ဝေါ်ကြသည်။ လက်ရှိအချိန်တွင် ဥရောပတွင် စိုက်ပျိုးနေသည့် အပေါဆုံးစီးပွားရေးသစ်များထက် ၃ ပုံလျှင် ၂ပုံအထိ ပိုမိုပေါသည်။ ဝက်သစ်ချပင်များထက် ၃ဆခန့် ပေါ့ပါးပြီး  ထင်းရှုးပင်ထက် ထက်ဝက်ခန့်ပေါ့ပါးကြောင်း သိရပါသည်။

            ပေါ်လိုနီးယား၏ မာကြောမူ့မှာ အလေးချိန်အချိုးတူညီသည့် အခြားသော သစ်များထက် မာကြောမူ့အရှိဆုံးဖြစ်ပါသည်။ Aubum တက္ကသိုလ်မှ တိုင်းတာခဲ့ရာ ပေါ်လိုနီးယားသည် တစ်ကုဗပေဖိအားတွင် ခံနိုင်ရည် ၁၈၁ ပေါင်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးရာတွင်လည်း ကျင်းနက်ရှိုင်းစွာတူးရန်မလိုအပ်ပဲ စိုက်ပျိုးနိုင်သည်။ ပေါ်လို နီးယားသည် မီးမကူးနိုင်သည့် အပင်အမျိုးအစားဖြစ်သည်။ အခြားသော ဝိသေသလက္ခဏာများမှာ အသားကျစ် ခြင်း၊ အလွန်ကောင်းသည့် တည်ငြိမ်မူ့ရှိခြင်း၊ အင်းဆက်ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ မှိုတက်ပုပ်ဆွေးခြင်းကို ခံနိုင်ခြင်း တို့ဖြစ်သည်။

            ပေါ်လိုနီးယားပင်အား တရုတ်နှင့်ဂျပန်နိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြပါသည်။ ယခုအချိန်တွင် သြစတြေးလျ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ပေါ်လိုနီးယားပင်၏ ထူးခြားကောင်းမွန်သော ဝိသေသလက္ခဏာများကြောင့် အဓိကသုံးစွဲလာကြသည်။

            ပေါ်လိုနီးယားဖြင့် ပြုလုပ်သော အဓိကထုတ်ကုန်များမှာ ပိုးမွှားဒဏ်ခံနိုင်ခြင်းကြောင့် အိမ်ဆောက်လုပ်ခြင်း၊ အခြားသောအဆောက်အဦးများဆောက်လုပ်နိုင်ခြင်း၊ ပရိဘောဂပစ္စည်းများ၊ ရေလွှာလျောစီးဘုတ်များ၊ အသံနှင့်ပတ်သတ်၍ ပြုလုပ်ရသော တူရိယာပစ္စည်းများ၊ စက္ကူပြုလုပ်ရန် ပျော့ဖတ်များ၊အက်စစ်နှင့်ဝိုင်များ သိုလှောင်ထားရန်စည်များ၊ ပျားအိမ်များ၊ ကြိတ်သားများအတွက် အပေါ်ယံအလွှာများ၊ လေယာဉ်ပျံများနှင့် သင်္ဘောငယ်များ အစရှိသည့်တို့တွင် ထည့်သွင်းအသုံးပြုရန် လိုအပ်သည့် ပေါ့ပါးမူ့ရှိသည့်အတွက် အစိတ်အပိုင်းငယ်များပြုလုပ်ခြင်း၊ ကြမ်းခင်းပြားများ အဓိက အသုံးပြုကြပါသည်။ ပေါ်လိုနီးယားအသားဖြင့် ပြုလုပ်ထားသည့် ရေလွှာလျောစီးဘုတ်များသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နာမည်ရလာခဲ့သည်။ ပေါ်လိုနီးယားအပင်တစ်ပင် ဖြစ်ထွန်းအောင်မြင်သွားလျှင် အပင်များစွာပွားယူနိုင်ကြောင်း လေ့လာသိရှိရပါသည်။

            ပေါလိုနီးယား(ကျွန်းသစ်)သည် ယခုအချန်တွင် ရောင်းဝယ်နေသည့်ဈေးကွက် မရှိသေးသော်လည်း စိုက်ပျိုးသူတောင်သူများအနေဖြင့် ပေါလိုနီးယားကျွန်းသစ်များပေါ်ချိန်တွင် ပရိဘောဂပြုလုပ်ရာ၌ လည်းကောင်း၊ အိမ်ဆောက်ရာ၌လည်းကောင်း အသုံးပြုရန်နှင့် ပူပြင်းလွန်းသည့် ဝမ်းတွင်းဒေသအား ရာသီဥတုမျှတရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဖြစ်ရန်အတွက် မျှော်မှန်း၍စိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူ ဦးထွန်းလူမှ စိုက်ပျိုးဖြစ်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပါသည်။ထို့ကြောင့် ပေါ်လိုနီးယား(ကျွန်းသစ်)အပင်အား တစ်ပိုင်တစ်နိုင်သာမက စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ယခုလက်ရှိ စိုက်ပျိုးနေသော တောင်သူဦးထွန်းလူပြောကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း