Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မလှိုင် ထောပတ်ပဲစိုက်တောင်သူအကျိုးအမြတ်’’

             စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် (၁၉.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်၌ ရေကမိုးကျေးရွာ တောင်သူ ဦးအောင်ရွှေ ထော၊ပတ်ပဲ စိုက်ဧက (၃) ဧက စိုက်ပျိုးသူနှင့် တွေ့ဆုံပြီး တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

            မလှိုင်မြို့နယ် တွင် ထောပတ်ပဲကို မိုးနှမ်းရိတ်သိမ်းပြီး ၊သြဂုတ်၊ စက်တင်ဘာလမှာ စတင်စိုက်ပျိုး၍ ဒီဇင်ဘာ၊ ဇန်နဝါရီတွင် ရိတ်သိမ်းထွက်ရှိကြောင်း ထောပတ်ပဲကို သီးညှပ်မစိုက်ဘဲ သီးသန့်စိုက်ပျိုးကြောင်း၊ ယခုနှစ်(၂၀၂၀-၂၀၂၁)ခုနှစ်တွင်ထောပတ်ပဲစိုက်ဧက ၃၇၉၉ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ(၅)တင်းဝန်းကျင် ထွက်ရှိကြောင်း၊ မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းမှာ တစ်ဧက (၉၅၀၀၀) ကျပ်ဝန်းကျင်၊ သွင်းအားစု မှာ မျိုးအနေဖြင့် (၆)ပြည်သုံးပြီး၊ ကွန်ပေါင်း၊ ပိုးသတ်ဆေး၊နွားချေးတို့မှာ (၄၆၀၀၀) ကျပ်ဝန်းကျင်ကုန်ကျ ကြောင်း၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ (၁၄၀၀၀၀)ကျပ် ဝန်းကျင်ရှိပြီး တစ်တင်းရောင်းစျေးမှာ ယခု အပတ်စျေး (၄၁၀၀၀)ကျပ် ရရှိပြီး၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၅၀၀၀)ကျပ်ရရှိကြောင်း၊  ယခင်နှစ် ရာသီဥတုအခြေအနေအရ အထွက်နှုန်းနည်းသလို တစ်တင်းရောင်းစျေးမှာလည်း (၂၈၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ ရတဲ့အတွက်အကျိုးအမြတ်မရရှိဘဲယခုနှစ်တွင်အထွက်နှုန်း၊ စျေးနှုန်းအသင့်အတင့်ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“အိမ်တွင်းမှုစီးပွားရေးတစ်ပိုင်တစ်နိုင်ပလပ်စတစ်ခြင်းယက်လုပ်ခြင်းလုပ်ငန်း’’

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်မှု လုပ် ငန်းဖြစ်သော ပလပ်စတစ်ခြင်းယက်လုပ်ခြင်းလုပ်ငန်းသို့ (၁၈.၁.၂၀၂၂) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကွင်းဆင်းတွေ့ဆုံမေးမြန်း ဆွေးနွေး ခဲ့ပါသည်။

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မြို့သစ်ရက်ကွက် တစ်ခုလုံးသည် ပလပ်စတစ်ခြင်းယက်လုပ် ခြင်းလုပ်ငန်းကို ဘိုးဘွားအစဉ်အလာမပျက် မိရိုးဖလာလုပ်ငန်းအဖြစ်လုပ်ကိုင်ကြပါသည်။ ကုန်ကြမ်းဖြစ်သော ပလပ်စတစ်ကြိုးခွေကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့များမှ ဝယ်ယူရရှိပါသည်။ ပလပ်စတစ်ကြိုးခွေ (အဖြူ၊အနက်၊ ပန်းရောင်)တစ်ခွေကို (၁၃၅၀၀)ကျပ်နှင့် အခြားအရောင်ကြိုးခွေတစ်ခွေလျှင် (၁၂၅၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။ ပလပ်စတစ်ခြင်း ယက်လုပ်သူများသည် ပလပ်စတစ်ခြင်းများကို အကြီးဆိုဒ် (၂၇ ပင်ဖြင့် ယက်လုပ်ခြင်း)၊ အလတ်ဆိုဒ် (၂၅ ပင်ဖြင့် ယက်လုပ်ခြင်း)၊ ပုံမှန်ဆိုဒ် (၂၃ ပင်ဖြင့်ယက်လုပ်ခြင်း)၊ အသေးဆိုဒ်(၂၁ပင်ဖြင့်ယက်လုပ်ခြင်း)နှင့် အလှခြင်းများကိုလည်းမှာယူလိုသူစိတ်ကြိုက် ယက်လုပ်ပေးကြောင်း ပလပ်စတစ်ခြင်းယက်လုပ်ရာတွင် လုပ်သား(၁)ဦးသည် (၂၇) ပင်ခြင်း(၁)လုံးအား (၁)နာရီကြာ ယက်လုပ်ရပြီး တစ်နေ့လျှင် (၁၀)လုံးယက်လုပ်နိုင်ကြောင်း၊ ငှားရမ်းယက်လုပ်ရာတွင် လုပ်အားခအနဖြင့် (၂၇)ပင်ခြင်းတစ်လုံး လျှင် (၅၀၀)ကျပ် စျေးနှုန်းဖြင့် ယက်လုပ်ကြောင်းသိရှိရပါသည်။ ပလပ်စတစ်ကြိုးခွေတစ်ခွေလျှင် (၂၇)ပင်နှင့် ယက်လုပ်သောခြင်းကြီး (၁၅)လုံးခန့်ရရှိပါသည်။

            ပလပ်စတစ်ခြင်းအပျော့ အကြီးဆိုဒ် (၁၅၀၀)ကျပ်၊ အလတ်ဆိုဒ် (၁၄၀၀)ကျပ်၊ ပုံမှန်ဆိုဒ် (၁၂၀၀) ကျပ် နှင့် အသေးဆိုဒ် (၁၀၀၀)ကျပ်၊ ခြင်းအမာ အကြီးဆိုဒ်(၃၅၀၀)ကျပ်၊ အလတ်ဆိုဒ်(၃၀၀၀) ကျပ်၊ ပုံမှန်ဆိုဒ် (၂၅၀၀) ကျပ်၊အသေးဆိုဒ်(၂၀၀၀)ကျပ်နှင့် အလှခြင်းများကိုမှာယူသည့် ဒီဇိုင်းပုံစံပေါ်မူတည်၍ စျေးအမျိုးမျိုးရှိ ကြောင်းသိရှိရပါသည်။ ပလပ်စတစ်ခြင်းများကို တောင်တွင်းကြီးမြို့၊မော်လမြိုင်မြို့နှင့် မိတ္ထီလာ မြို့များအတွင်း အများဆုံးဖြန့်ဖြူးရောင်းချရပြီး၊ Online မှလည်းမှာယူနိုင်ကြောင်း၊ ပလပ်စတစ်ခြင်းယက်လုပ်သူ များအနေဖြင့် နေပူထဲတွင် လုပ်ကိုင်ရန်မလိုဘဲ နေအိမ်တွင်းမှာပင် တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ လုပ်ကိုင်နိုင်သော အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းဖြစ်ပါကြောင်း  သတင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

အိမ်တွင်းတစ်ပိုင်တစ်နိုင်ကြာချည်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိ

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဧက(၃၅၀)ခန့်ကျယ်ဝန်းသည့် ဝက်သည်းကန် အတွင်း သဘာဝအလျှောက် ပေါက်ရောက်နေသည့် ပဒုမ္မာကြာတောကြီးမှ ကန်ပတ်လည်ကျေးရွာများ ဖြစ်သည့် ရှမ်းရွာကုန်းကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ တမာချောင်းကျေးရွာ၊ ဆင်ကျုံးကျေးရွာနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ဒေသခံပြည်သူများ ကြာချည်အိမ်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် ဝင်ငွေများ ရရှိနေကြောင်း သိရှိရပါသည်။

            အခုလို ကြာချည်ထုတ်လုပ်နိုင်ရန်အတွက် ကန်အတွင်းပေါက်ရောက်နေသည့် လေးပေအရှည် ပဒုမ္မာကြာရိုးများကို လှေပေါ်မှတစဉ်ဖြင့်ချိတ်ယူခူးဖြတ်ပြီး သုံးလက်မခန့်အပိုင်းများပိုင်းကာ ကြာရိုးမှ ထွက်ရှိလာသည့်အစေးများကို သစ်သားခုံပေါ်တင်၍ လက်ဖြင့်လိမ့်ကျစ်ပြီး ကြာချည်မျှင်ထုတ်လုပ်ရပါ ကြောင်း၊ စလင်းဝက်သည်းကန်မှ ထုတ်လုပ်သည့် ကြာချည်မှာကုန်ကြမ်းအဆင့်သာဖြစ်ပြီး ကြာရိုးမှ ထွက်ရှိသည့် ကြာချည်များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအနေနဲ့ ယခင်နှစ်က တစ်ကျပ်သားကို (3000)ကျပ်ထိ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် တစ်ကျပ်သားကို (2700)ကျပ်ဈေးသာရရှိကြောင်း၊ တစ်ရက်လျှင် တစ်ဦးကို (2-3)ကျပ်သားထိ လုပ်ဆောင်သည့်အတွက် လုပ်သားတစ်ဦးအနေနဲ့ တစ်ရက်ပျှမ်းမျှ(6000-7000)ကျပ် ဝန်းကျင်ဝင်ငွေရရှိကြောင်း သိရှိရပြီး တချို့အိမ်ထောင်စုများအနေဖြင့် (5-6)ကျပ်သားထိ လုပ်ဆောင်နိုင်သည့်အတွက် တစ်ရက်လျှင် (14000-15000)ကျပ်ထိ ပျှမ်းမျှဝင်ငွေ ရရှိကြောင်း သိရှိရပါသည်။ 

         စလင်းဒေသမှတင်ပို့ရောင်းချသည့် ကြာချည်ကုန်ကြမ်းများကို ကုန်ချောအဖြစ် ကြာတဘတ်၊ ကြာလွယ်အိတ်၊ ကြာပုဆိုး၊ ကြာအင်္ကျီ၊  ကြာသင်္ကန်း ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ကြာချည်မှ ထုတ်လုပ်သည့် ကြာသင်္ကန်းမှာ ရဟန်းတော်များအတွက် ရာသီဥတုနှင့်အထူးသင့်လျှော်သည့်အတွက် ဈေးကြီးမြင့်ကြောင်း၊ ကြာရွက်များကိုလည်းခူး၍ ထုတ်ပိုးရန်ရောင်းချရသေးကြောင်း၊ ရွက်ရေ(၂၅)ကို ငွေကျပ် (၁၀၀)နှုန်းဖြင့် ရောင်းချရကြောင်း သိရပါသည်။ရှေးယခင်က အစားအသောက်များကို အင်ဖက်၊ ကြာဖက်များဖြင့် ထုတ်ပိုး၍ ရောင်းချ ခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိခဲ့သော်လည်း နည်းပညာတိုးတက်လာ၍ ပလပ်စတစ်များကို အစားထိုးသုံးစွဲလာရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု များဖြစ်ပေါ်လာရသည့်အတွက် ယခုအခါ သဘာဝပစ္စည်းများဖြင့် ပြန်လည်အသုံးပြုလာရာ စလင်း ဝက်သည်းကန်မှထွက်ရှိသည့် ကြာဖက်များ သည်လည်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။

         ကြာချည်ထုတ်လုပ်ရန် ကုန်ကြမ်းကြာရိုးအနေဖြင့် တစ်နှစ်ပတ်လုံးပြတ်လပ်မှုမရှိသော်လည်း နွေနှင့်ဆောင်းတွင် ကြာစေးထွက်နည်းပြီး မိုးတွင်းကာလတွင် ကန်ရေပြည့်၍ ကြာစေးအထွက်ကောင်း ကြောင်း၊ဝက်သည်ကန်ကိုမှီ၍ လှေပေါ်မှရေလုပ်ငန်းဖြင့် အသက်မွေးရသော်လည်း ကြာချည်ထုတ် လုပ်ငန်းမှာ ရဟန်းသံဃာများအတွက် ကြာသင်္ကန်းများယက်လုပ်ရန် ထုတ်လုပ်ရသည့် လုပ်ငန်းဖြစ်၍ ကုသိုလ်ရ ဝင်ငွေတိုးသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ (၁၁)ရက်နေ့မှ ဇန်နဝါရီလ (၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ) ကျပ်(၁၄၀၀) မှ (၂၅၀၀) အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် (၁၂၀၀) မှ (၂၀၀၀) အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် (၈၀၀) မှ (၁၉၀၀) အတွင်း၊ အာလူး (ပိဿာ) ကျပ် (၈၀၀) မှ (၂၃၀၀) အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် (၁၇၀၀) မှ (၂၂၀၀) အတွင်း၊ ရွှေဖရုံသီး (လုံး) ကျပ် (၁၀၀၀) မှ (၁၅၀၀) အတွင်း၊ ဗူးသီး(လုံး) ကျပ် (၈၀၀) မှ (၁၅၀၀) အတွင်း၊ မုန်ညှင်း (ထုပ်) (ပိဿာ) ကျပ် (၁၀၀၀) မှ (၁၂၀၀) အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ် (၆၀၀) မှ (၁၂၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) (ပိဿာ) (၂၅၀၀) မှ (၃၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် (၂၀၀၀) မှ (၃၀၀၀) အတွင်း၊ ချင်း (ပိဿာ) ကျပ် (၁၅၀၀) မှ (၁၉၀၀) အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် (၂၀၀) မှ (၃၅၀) အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် (၆၀) မှ (၁၂၀) အတွင်း၊ ခရမ်းသီး (ရှည်) (လုံး) ကျပ် (၇၀) မှ (၂၅၀) အတွင်း၊ သံပရာသီး (လုံး) ကျပ် (၇၀) မှ (၁၅၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) (၈၀၀) မှ (၁၂၀၀) အတွင်း၊ ဖရဲသီး (အကြီး၊အလတ်၊အသေး) ကျပ် (၁၅၀၀) မှ (၄၅၀၀) အတွင်း ဖြစ်ကြောင်းသိရှိရပါတယ်။ ဖရဲသီးအဝင်များ၍ ဖရဲသီးဈေးနှုန်း အနည်းငယ်ကျဆင်းနေပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၁၅၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၃၄၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၇၆၀၀)ကျော်၊ ရွှေဖရုံ သီးအလုံးပေါင်း (၇၂၀၀)ကျော်၊ဂေါ်ဖီထုပ်ပေါင်း (၁၅၄၀၀)ကျော်၊ပန်းဂေါ်ဖီထုပ်ပေါင်း (၁၃၂၀၀) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၆၈၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၁၇၀၀၀)ကျော်အသီးသီး ကုန်အဝင်ရှိကြောင်းသိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

 

ပြည်ခရိုင် ပန်းတောင်းမြို့ရှိ ခရမ်းချဉ်သီးများ ဒေသတွင်းနှင့်အခြားမြို့နယ်များမှ ဝယ်ယူလျက်ရှိ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် အဖွဲ့သည် (၁၂.၁.၂၀၂၂)နေ့လည် (၂:၀၀)အချိန်တွင် ပန်းတောင်း မြို့၊ မင်းရပ်ရပ်ကွက်ရှိ ခရမ်းချဉ်စိုက်ပျိုးသော တောင်သူ ဦးအောင်မြင့်သန်း၏ ခရမ်းချဉ်စိုက်ကွင်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့သွားရောက်လေ့လာရာတွင် ခရမ်းချဉ်ပင်ကို သောင်ပြင်မြေနုကျွန်းများတွင် (၃)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်မျိုးများမှာ ထိုင်ဝမ်မျိုးနှင့် ကိုင်းခရမ်းချဉ်မျိုးတို့ဖြစ်ပါသည်။ တစ်ဧက လျှင် ခရမ်းချဉ်အပင် (၇၀၀၀)ခန့်စိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင် အသီး (၃/၄) ပိဿာခန့်အထိ ထွက်ရှိ ကြောင်းသိရှိရပါသည်။  ခရမ်းချဉ်စိုက်ခင်းထဲတွင် ကြားညှပ်၍ မြွေစွယ်ငရုပ်သီးများ ကိုလည်း စိုက်ပျိုးထားကြောင်းသိရပါသည်။

          ခရမ်းချဉ်သီးကို စက်တင်ဘာလ စတုတ္ထပတ် မြစ်ရေကျချိန် သဲသောင်ပြင်များ ပေါ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ထွက်ပေါ်ပါသည်။ ခရမ်းချဉ်သီး  စျေးများမှာ ပေါ်ခါစတွင် အထွက်နည်းပြီး ဝယ်ယူစားသုံးမှုများသဖြင့် တစ်ပိဿာလျှင် ၂၈၀၀ကျပ်အထိ စျေးမြင့်ခဲ့ပြီး ယခုခရမ်းချဉ် အထွက်လှိုင်ချိန်ဖြစ်သဖြင့် စျေးမှာ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်အထိကျဆင်းလာပါသည်။

          ပန်းတောင်းမြို့ရှိ ခရမ်းချဉ်သီးစျေးကွက်အနေဖြင့် ပန်းတောင်းစျေးသို့ သွားရောက် ရောင်းချ ကြပြီး စိုက်ခင်းထဲသို့လည်း ရွှေတောင်ဘက်မှ ခရမ်းချဉ်ကုန်သည်များ လာရောက်ဝယ်ယူ လျှက်ရှိကြောင်းသိရပါသည်။ ယခုနှစ်၌ ခရမ်းချဉ်သီးစျေးကောင်းရသလို နောင်လမည့်နှစ်များတွင် လည်း ခရမ်းချဉ်သီးကို စောစောစိုက်ပျိုးနိုင်မည်ဆိုလျှင် စျေးကောင်းရပြီး အကျိုးအမြတ်များ ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ခရိုင်

ပြည်ခရိုင် မတ်ပဲစျေးများတည်ငြိမ်နေ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မတ်ပဲစျေးမှာ ဒီဇင်ဘာလ တတိယပတ်တွင် ပဲတစ်တင်းကို ၃၈၀၀၀ ကျပ်စျေးထိ စျေးကျခဲ့ပါသည်။ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရန် စာချုပ်သစ်များ ချုပ်ဆိုပြီး ပဲတစ်တင်းလျှင် ၄၀၅၀၀ ကျပ်ထိ စျေးတက်လာခဲ့ပါသည်။ ဇန်နဝါရီလ အစမှာ ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ထိ စျေးမြင့်ခဲ့ပါသည်။ ယခုတစ်ပတ်မှာ မတ်ပဲတစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် စျေးတည်ငြိမ်နေခဲ့ပါသည်။ ရန်ကုန်ဝယ်လက်မှလည်း ပဲအဝယ်ရှိ၍ တစ်ရက်ကို အိတ် ၂၅၀/၃၀၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ခရိုင်

စိုက်ပျိုးတောင်သူတွက်ခြေကိုက်သည့် ဆောင်းနေကြာ

          ယင်းမာပင်ခရိုင်သည်  ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ခရိုင်တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက (၃)သိန်းကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက (၄)သိန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားအရ သိရှိရပါသည်။ ဆီထွက်သီးနှံများ အနက် နှမ်း၊ မြေပဲနှင့် နေကြာသီးနှံများကို အဓိက စိုက်ပျိးကြပြီး နေကြာသီးနှံမှာ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏( ၂၀%) ကျော်ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

         ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၌ နေကြာသီးနှံစိုက်ဧက (၉)သောင်းကျော် စိုက်ပျိုးထွက်ရှိပြီး မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြောင်းသိရှိရပါသည်။ မိုးနေကြာကို မေ၊ ဇွန်လများတွင်လည်းကောင်း၊ ဆောင်းနေကြာကို စက်တင်ဘာလ၊အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးကြကြောင်း ၊ဒေသမျိုးများနှင့် ရေဆင်း (၁)၊(၂) မျိုးများကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးသန့်စိုက်ခင်းအဖြစ်လည်းကောင်း၊ ကုလားပဲ၊မြေပဲ စိုက်ခင်းများ၌ သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးလေ့ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ယခုနှစ်တွင် မိုးနေကြာစိုက် ဧက(၈)သောင်းကျော် စိုက်ပျိုးထားရှိပြီး ဒီဇင်ဘာလကုန်ပတ်မှစ၍ ဆောင်းနေကြာများ ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

       နေကြာသီးနှံသည် စိုက်ပျိုးရလွယ်ကူခြင်း၊ ဒေသ၏ ရေ၊မြေ၊ရာသီဥတုနှင့် ကိုက်ညီခြင်း၊စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာခြင်းနှင့် ဒေသတွင်း ဈေးကွက်ဝယ်လိုအားရှိခြင်းများကြောင့် တောင်သူများ နှစ်စဉ်ပုံမှန် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်နေကြာတစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်(၂)သိန်း ဝန်းကျင်ကုန်ကျပြီး တစ်ဧက တင်း(၂၀) ဝန်းကျင်ထွက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်း နေကြာတစ်တင်း ကျပ်(၂)သောင်း  ပေါက်ဈေးရှိနေသည့်အတွက် တစ်ဧက ကျပ်(၂)သိန်းကျော်ခန့် အကျိုးအမြတ်ရှိကြောင်း ငမောင်းကျေးရွာတောင်သူ ဦးရွှေဝင်း၏ ပြောပြချက်အရ သိရှိရပါသည်။

      ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် နေကြာသီးနှံသည် ရာသီဥတုကောင်းမွန်မျှတသည့်အတွက် အထွက်နှုန်း ကောင်းမွန်သလို ဆီထွက်နှုန်းလည်းကောင်းမွန်ကြောင်း၊ နေကြာတစ်တင်းကို ဆီကြိတ်ခွဲပါက နေကြာဆီ (၃.၅) ပိဿာနှင့် နေကြာဖတ် (၆) ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ နေကြာဆီတစ်ပိဿာကို (၆၀၀၀) ကျပ်နှင့် နေကြာဖတ် တစ်ပိဿာကို (၈၉၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက နေကြာဆီ တစ်ပိဿာလျှင် (၅၀၀) ကျပ်မြင့်တက်ခဲ့ပြီး နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀) ကျပ်မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်း ဆီစက်များနှင့် နေကြာစေ့လှော်လုပ်ငန်းရှင်များမှ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း   ရွှေလှေကျေးရွာရှိ  ရွှေအိုးစည်ဆီစက်ပိုင်ရှင် ဦးဖိုးလုံး၏ ပြောပြချက်အရ သိရှိရပါသည်။

        ဒေသတွင်းစားသုံးဆီဈေးကွက်၌လည်း စားသုံးဆီများ ဈေးနှုန်းကွာဟမှု နည်းပါး လာခြင်းများကြောင့် ကျန်းမာရေးနှင့် ညီညွှတ်သည့် နေကြာဆီများကို ဝယ်ယူသုံးစွဲမှု ပိုမိုများပြားလာကြောင်း သိရှိရပါသည်။ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း  နဝလီ ကြိတ်ခွဲခြင်းဆီနေကြာများကို ဝယ်ယူကြိတ်ခွဲပြီး ထွက်ရှိလာသည့် နေကြာဆီများကို ဒေသတွင်း ဈေးကွက်နှင့် မုံ၇ွာ၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

        နေကြာသီးနှံသည် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး ထိုက်သင့်သည့် အကျိုးအ မြတ်ရရှိကြောင်း၊ ယနေ့ခေတ်ကာလတွင် စားသုံးသူများအနေဖြင့် ကျန်းမာရေးရှုထောင့်အရ နေကြာဆီကို ရွေးချယ်ဝယ်ယူ အသုံးပြုမှု ပိုများလာကြောင်း၊ နေကြာဆီ စားသုံးမှု ပိုမိုမြင့်မားလာသည်နှင့်အမျှ နေကြာဆီဈေးကွက်မှာလည်း ပိုမိုကျယ်ပြန့်လာပြီး ဈေးကွက်ဈေးစုပိုမိုရရှိလာကြောင်း၊ စိုက်ပျိုးတောင်သူများတွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိနေ့သည့် အတွက် နေကြာသီးနှံကို ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်း‌ရေးသားဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မုံရွာ၊ ဒိုက်ဦး၊ ပဲခူး၊ ခရမ်းမှ ဖရဲ (855) အကြီးတစ်လုံး ကျပ် ၄၀၀၀၊ အလတ် ကျပ် ၃၀၀၀၊ အသေး ကျပ် ၂၀၀၀၊ ဖရဲ(211) အကြီးတစ်လုံး ကျပ် ၂၀၀၀၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၇၀၀ နှင့် မှော်ဘီတိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ အသေး ကျပ် ၂၀၀ အသီးသီးရှိကြောင်း သိရသည်။

          ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် ၆၀၀၊ အလတ် ကျပ် ၅၀၀၊ ဥက္ကံ၊ တိုက်ကြီးမှ ပီလောပီနံ အလုံးအကြီး တစ်ပိဿာလျှင် ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ စလေ၊ ဆင်ဖြူကျွန်းမှ ဇီးသီး(အစေ့လွတ်) ရှစ်ပြည်တစ်ခြင်း အလုံးကြီး ကျပ် ၆၅၀၀၊ အလတ် ကျပ် ၆၀၀၀ တို့ဖြင့် အသီးသီးရှိပါသည်။

          မော်လမြိုင်မှ ကျွဲကော်သီး အလုံးကြီး ကျပ် ၃၅၀၀၊ အလတ် ကျပ် ၂၅၀၀၊ အသေး ကျပ် ၁၅၀၀၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၀၀၀၊ အလတ် ကျပ် ၇၀၀၊ အသေး ကျပ် ၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း ကျပ် ၄၀၀၀၀ နှင့် (၁၈)ကျပ်သားဗူး ကျပ် ၁၃၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။

“မိတ္ထီလာမြို့နယ်တွင် ရိတ်သိမ်းထွက်ရှိနေပြီဖြစ်သောပဲစင်းငုံ’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်၊ဒု-ဦးစီးမှူး သည် နွားစားငုတ်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ သုံးအိုင်ကျေးရွာများမှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူ တောင် သူများနှင့် (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ပဲစဉ်းငုံသီးနှံကို နှစ်စဉ် ဇွန်-ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ခုတ်လှဲရိတ်သိမ်းကြပါသည်။ ယခုနှစ်တွင် (၁)ခရိုင်လုံး အတိုင်းအတာဖြင့် စိုက်ဧကပေါင်း (၇၆၅၂၀) ဧက စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

            မိတ္ထီလာမြို့နယ်တွင်ပဲစဉ်းငုံကိုမိုးသီနှံအဖြစ်စိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သော နှမ်း၊မြေပဲ၊ ငြုတ်စိုက်ခင်းများတွင် သီးညှပ်စိုက်ပျိုးမှုအနေဖြင့် အများဆုံးစိုက်ပျိုးကြပြီး ဧကပြည့်စိုက်ပျိုးမှု အနည်းငယ်သာရှိပါသည်။ မိတ္ထီလာမြို့ နယ်တွင် ပျှမ်းမျှစိုက်ဧက (၂၅၅၃၄) ဧကစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၇၉၈၆) ဧက ရိတ်သိမ်းထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ပဲစင်းငုံကို အခြားသီးနှံများကြားတွင် (၈) မြောင်းမှ (၁၀)မြောင်းခြား၍ စိုက်ပျိုးကြသည့်အတွက် ကုန်ကျစရိတ်မှာ အခြားသီးနှံများနှင့် စိုက်ပျိုးခဲ့စဉ်က ကုန်ကျထားပြီးဖြစ်သည့်အတွက် အနည်းငယ်သာ ကုန်ကျကြောင်း၊ သီးညှပ်မဟုတ်ပဲ ဧကပြည့်စိုက်ပျိုးလျှင် (၁)ဧက ကုန်ကျစရိတ် (၁၅၀၀၀၀)ကျပ်ခန့်ကုန်ကျ မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။ (၁)ဧက အထွက်နှုန်း (၆) တင်းကျော် ထွက်ရှိပြီး ပဲစင်းငုံ (၁) တင်းလျှင် လက်ရှိပေါက်စျေး (၄၀၀၀၀-၄၁၀၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရကြောင်းသိရှိရပါသည်။ အကျိုးအမြတ် အနေဖြင့် (၁)ဧကလျှင် (၁၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း သိရှိရပါသည်။

            ထွက်ရှိလာသော ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့လည်းကောင်း၊ ကျေးရွာများသို့လာရောက်ဝယ်ယူ ကြသော ပွဲစားများထံတွင်လည်းကောင်း ရောင်းချရကြောင်း တောင်းသူများထံမှသိရှိရပါသည်။ ပဲစင်းငုံသီးနှံ သည် အကျိုးအမြတ်နည်းသော်လည်း တောင်သူများ ကုန်ကျစရိတ်သက်သာခြင်း၊ ဂရုစိုက်ပြုစုရန်မလိုခြင်း၊ အစေ့အဆံထုတ်ပြီး အခွံများနှင့် အရွက်များမှာ နွားစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အပင်များကို ထင်းအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့်  တစ်ပင်လုံးအသုံးဝင်သည့် သီးနှံဖြစ်သဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ ပြင်ဦးလွင်နှင့်စတော်ဘယ်ရီ”

         ပန်းမြို့တော်၊နှင်းမြို့တော်၊တောင်လှေကားမြို့တော်၊ မေမြို့ (သို့) ပြင်ဦးလွင် စသောအမည်များဖြင့် လူသိများထင်ရှားသော ပြင်ဦးလွင်မြို့လေးသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၃၅၃၈)ပေမြင့်ပြီး အေးမြတဲ့ရာသီဥတုရှိသော တောင်ပေါမြို့လေးဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လေးဖြစ်ပြီး ဒေသခံတောင်သူများမှာလည်း နှစ်ရှည်သီးနှံများ ဧကအလိုက်စိုက်ပျိုးလျက်ရှိပြီး ရာသီစာသီးနှံများကိုလည်းအလှည့်ကျ စိုက်ပျိုး၍ စီးပွားဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။

          ပြင်ဦးလွင်မြို့တွင်  စတော်ဘယ်ရီ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် စတော်ဘယ်ရီသီးများ စတင်ထွက်ပေါ်နေပြီး တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိနေသည့် အချိန်ဖြစ်ပါသည်။ စတော်ဘယ်ရီသီးနှံကို သြဂုတ်လ မှ စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးပြီး  ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် တစ်ဧကကုန်ကျစရိတ်မှာ သိန်း(၅၀) မှ သိန်း(၈၀)အထိ ကုန်ကျကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည်။ တစ်ဧကလျှင် အပင်(၁၅၀၀၀)မှ (၂၀၀၀၀)အထိစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးနည်းစနစ်မှာ ဘောင်များဖြင့်သာစိုက်ပျိုးနိုင်၍ တစ်ဘောင်လျှင် ၁၅၀ပေရှိပြီး ဘောင်(၈၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၃.၅)ပေခြား စိုက်ပျိုးပြီး တစ်ဘောင်လျှင် အပင်ရေ(၂၅၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ စတော်ဘယ်ရီသီးနှံအား မျိုးစေ့မှတိုက်ရိုက်စိုက်ပျိုးခြင်းမဟုတ်ဘဲ စတော်ဘယ်ရီ မိခင်ပင်မကြီးမှ နွယ်သစ်များထွက်လာပြီး အပင်မျိုးရရှိပါသည်။ အဆိုပါမျိုးပင်များအား နောင်နှစ်အတွက် မျိုးဆက်ရယူစိုက်ပျိုးခြင်းဖြစ်ပါသည်။ကုန်းမြေနေရာတွင်သာ မျိုးထုတ်နိုင်ပြီး ရေဝပ်သောနေရာ ၊ ခဲမြေများပေါ်တွင် မျိုးထုတ်ယူနိုင်ခြင်းမရှိပါ။ စတော်ဘယ်ရီသီးနှံမှာ ဇန်နဝါရီလမှ ဧပြီလအတွင်း ထွက်ရှိသည့်သီးနှံဖြစ်ကာ  စျေးကွက်ဝင်ပြီး တောင်သူအကျိုးအမြတ်ရရှိသော သီးနှံဖြစ်ပါသည်။ မျိုးအနေဖြင့် ထိုင်ဝမ်မျိုး ၊ ဒေသမျိုးနှင့် Royal 1-80 ထိုင်းမျိုး(အကျွတ်)မျိုးများအား စိုက်ပျိုးလျက်ရှိပြီး စားသုံးသူများမှာလည်း အကျွတ်မျိုးများကိုသာ ပိုမိုကြိုက်နှစ်သက်ကြပါသည်။ အကျွတ်မျိုးများမှာ နို့ဆီ၊သကြားမလိုဘဲအလွယ်တကူစားသောက်နိုင်ပြီး အခြားမျိုးရင်းများထက် အချိုဓါတ် များခြင်းကြောင့်ဖြစ်ပါသည်။ဒေသမျိုးရင်းမှာ အချဉ်ဓါတ်ပါဝင်မှုများပြီး လက်ရှိထုတ်လုပ်လျှက်ရှိ သောစတော်ဘယ်ရီယို၊ဖျော်ရည်၊ဂျယ်လီ ကုန်ချောအဖြစ်ထုတ်လုပ်ပြီး စျေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။စတော်ဘယ်ရီသီးနှံမှာ အလွယ်တကူအသင့်စားသီးနှံဖြစ်သောကြောင့် ရောင်းအားသွက်လျက် ရှိပါသည်။ယခု ဇန်နဝါရီလအတွင်း ထွက်ရှိသောမျိုးမှာ ထိုင်ဝမ်မျိုး နှင့် Royal 1-80 ထိုင်းမျိုး(အကျွတ်)မျိုးများဖြစ်ပြီး ဒေသမျိုးမထွက်ရှိသေးပါ။ ဒေသမျိုးမှာ ဖေဖေါ်ဝါရီလကုန်တွင် စတင်ခူးဆွတ်ရမည်ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် စတော်ဘယ်ရီ တစ်ဧကလျှင် ပိဿာချိန် (၄၀၀၀-၅၀၀၀)ပိဿာခန့်ထွက်ရှိပြီး ယခုလက်ရှိ ထွက်ပေါ်ချိန်တွင် ထိုင်ဝမ်မျိုး တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ် နှင့် Royal1-80 ထိုင်းမျိုး(အကျွတ်)မျိုးများမှာ တစ်ပိဿာလျှင်(၉၀၀၀-၁၀၀၀၀)ကျပ် ရရှိကြောင်းသိရှိရပါသည်။ နှစ်စဉ် စတော်ဘယ်ရီ စတင်ထွက်ပေါ်နေချိန်တွင်  စျေးကောင်းရရှိပြီး သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တောင်သူများ အပြိုင်အဆိုင်ရောင်းဝယ်မှုကြောင့် ဝယ်လိုအားထက် ရောင်းလိုအားများပြီး စျေးကွက်သဘာဝအရ စျေးနှုန်းကျဆင်းတတ်ကြောင်းသိရှိရပါသည်။ စျေးကွက်အနေဖြင့် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ဒေသတွင်းစားသုံးမှုနှင့်ခရီးသွားလက်ဆောင်အဖြစ် ဝယ်ယူခြင်းရှိသလို ပြည်တွင်းတင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်၊ ရခိုင်၊ ကော့သောင်း အထိတင်ပို့နေရသည့် သီးနှံဖြစ်ပါသည်။  ငှက်၊ ချ ၊ ပုရွတ်ဆိတ် ပိုးမွှားများ၏ အန္တရာယ်နှင့် မြေကြီးနှင့်တိုက်ရိုက်ထိတွေ့သည့် အသီးများအား ရောင်းတန်းမဝင်သဖြင့် လေလွင့်ဆုံးရှုံးမှုများရှိသော်လည်း စျေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၇၀-၈၀)သိန်းခန့် ရရှိပါသည် ။ ယခင်နှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကုန်စည် စီးဆင်းမှုများကျဆင်းခဲ့သော်လည်း ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပြန်လည်ဖြေလျော့ပေးမှုကြောင့် ပြည်သူများခရီးသွားလာမှုပြန်လည်ပြုလုပ်ခြင်းနှင့်အတူ ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ထွန်းလာမှုကြောင့် စတော်ဘယ်ရီစိုက်တောင်သူများ စျေးကောင်းရရှိလာပြီး အကျိုးအမြတ်ဖြစ်ထွန်းကာ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း စတော်ဘယ်ရီသီးနှံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ပြင်ဦးလွင်နှင့် စတော်ဘယ်ရီဟာ ခွဲခြားမရသလို ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ် သီးနှံတစ်ခုဖြစ်သောကြောင့် နောင်လာမည့်အနာဂတ်တွင်လည်း ဆက်လက်စိုက်ပျိုးထုတ်လုပ်နေမှာ အသေအချာဖြစ်ပါသည်။ ပြင်ဦးလွင်မြို့ကိုရောက်ရှိခဲ့လျှင် စတော်ဘယ်ရီစိုက်ခင်းကို ကိုယ်တိုင်လာရောက် ခူးဆွတ်ပြီး စားသောက်နိုင်သော နေရာများစွာရှိတာကြောင့် ပြင်ဦးလွင်မြို့ကို လာရောက်ပြီး နေရာစုံလည်ပတ် အပန်းဖြေရင်း စတော်ဘယ်ရီချိုချိုလေးကို လတ်လတ်ဆတ်ဆတ်၊ အရသာရှိရှိ ခူးဆွတ်စားသောက်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်း‌ဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း