Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား ဖန်ခါးသီးဈေးကွက်

မန္တလေးဈေးကွက်အတွင်းသို့ ဇူလိုင်လဆန်းပိုင်းမှစ၍ ပေါ်ဦးပေါ်ဖျားဖန်ခါးသီးများ ဝင် ရောက်လာပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသဘက်မှ အများဆုံးဝင်ရောက် လျှက်ရှိကြောင်း သိရှိရသည်။ ဖန်ခါးသီးသည် နာမည်နှင့်လိုက်အောင် ဖန်လည်းဖန် ခါးလည်းခါး သည်။ ဖန်ခါးသီးသည် သွားနှင့်ခံတွင်းကို ထိခိုက်စေသည့် ဘက်တီးရီးယားများကို တိုက်ဖျတ်ပေးပြီး သွားနှင့်ခံတွင်းကို ကျန်းမာစေပါသည်။ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သွေးတွင်း ကိုလက်စထရောကို ထိန်းညိှပေးနိုင်ပြီး နှလုံးကို ကျန်းမာစေပါသည်။ ကိုယ်လက်နာကျင်ကိုက်ခဲ မှုကိုလည်း သက်သာစေနိုင်ကြောင်း လေ့လာသိရှိရသည်။ ဖန်ခါးသီးအစိမ်းကို ငါးပိချက်၊ ငါးပိ ရည်ဖြင့် အတို့အမြှပ် လုပ်စာကြသည်။ ကြက်သွန်ဖြူ၊ ငါးပိနှင့် လည်းထောင်းစားကြသည်။ ဖန်ခါး သီးကို အခြောက်လှန်း၍ ဖန်ခါးသီးခြောက်ကို သရက်သီးခြောက်၊ အသားငါးတို့ဖြင့် ဟင်းလေး ချက်(အညာဒေသခေါ်) ချက်ပြုတ်၍လည်း စားသောက်ကြသည်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက်ကြောင့် ရောင်းဝယ်မှုအနည်းငယ်ရှိကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်းတွင် ဖန်ခါးသီး (၁၀)ကျပ်သားလျှင် (၈၀၀/၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ DOCA(မန္တလေး)

ရင်းမာပန်းပျိုးပင်ဈေးကွက်

မြန်မာနိုင်ငံတွင် (၁၂)လ ရာသီစက်ဝန်းအလိုက် ပန်းကလေးများ ပွင့်တတ်ပါသည်။ တန်ခူးလရာသီပန်းပိတောက်ပန်း၊ကဆုန်လရာသီပန်း ၊စကားဝါပန်း၊ နယုန်လရာသီပန်းစံပယ်ပန်း၊ ဝါဆိုလရာသီပန်းပုန်းညက်ပန်း၊ဝါခေါင်လရာသီပန်းခတ္တာပန်း၊တော်သလင်းလရာသီပန်းရင်းမာပန်း၊သီတင်းကျွတ်လကြာပန်း၊တန်ဆောင်မုန်းလခဝဲပန်း၊နတ်တော်လသဇင်ပန်း၊ပြာသိုလခွာညိုပန်း၊ တပို့တွဲလပေါက်ပန်း၊ တပေါင်းလသရဖီပန်း ဟူ၍ ရာသီစက်ဝန်းအလိုက် ပွင့်သောပန်းများရှိသည်။ မြန်မာနိုင်ငံသည်လှပသော တောတောင်ရေမြေ သဘာဝအလှကို ပိုင်ဆိုင်ထားပါသည်။ ရင်းမာပန်းသည်မွှေးသောယဉ်သော ပန်းဖြစ်သည်။ ရင်းမာပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အကိုင်းအခတ်များတွင် အမွေးနုများ ဖုံးထားပြီး၊အရွက်တွေက ရွက်ပေါင်းဖြစ်သည်။ ရင်းမာပန်းခိုင်လေးများသည် ထိပ်ထွက်ကြားထွက်ဖြစ်သည်။ ရင်းမာပန်းအရောင်သည် ဝါစိမ်းအရောင်ဖြစ်သည်။ သင်းပျံ့ပျံ့မွှေးရနံ့ကို ပိုင်ဆိုင်ထားသည်။ ရင်းမာပန်း၏ ထူးခြားမှုမှာ ဝတ်ဆံဖိုများသည်။ ရင်းမာပန်းပင်များ၏ အသားကို အိမ်ဆောက်ရာတွင်လည်း အသုံးပြုကြသည်။ ရင်းမာခေါက်ကို အနာမျိုးစုံဖန်ဆေးရည်အဖြစ် ရှေးယခင်က အသုံးပြုကြသည် ဟု သိရသည်။ ရင်းမာပင်သည် သဘာဝအလေ့ကျပေါက်ပင်ဖြစ်ပြီး ယခုအခါ တွေ့မြင်ရရှားပါးနေသည်။ ပဲခူးရိုးမ၊ ကသာ၊မြစ်ကြီးနား၊ ရန်ကုန်၊တောင်ငူ ၊ ရှမ်း၊ စစ်ကိုင်း၊မန္တလေးတိုင်း တို့တွင် ပေါက်ရောက်ရှင်သန်ကြသည်။ တိုးတက်လာသည့်ခေတ်နှင့်အညီ (၁၂)ရာသီပွင့်သောပန်းများ မည်သို့ပင်ပေါများစေကာမူ ရာသီစက်ဝန်းပန်းဖြစ်သည့် တော်သလင်းလ၏ ရာသီပန်း ရင်းမာပန်းများကို ရှေးမူမပျက် စိုက်ပျိုးသင့်ပါသည်။ ရောင်းအားဝယ်အားနည်းပါးနေပြီး ရင်းမာပန်းပျိုးပင်တစ်ပင်လျှင် (၅၀၀၀/၈၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

တယူဇနာမွှေးပန်း

တယူဇနာပန်းကို တောင်ကြီးသနပ်ခါးပန်းဟုလည်း ခေါ်ကြသည်။ အဖြူနှင့် အဝါ နှစ်မျိုးရှိသည်။ တယူဇနာမွှေးပန်းပင်သည် ရေကြိုက်ပင်ဖြစ်ပြီး အရိပ်မှာစိုက်ရသည်။ လေသင့်တိုင်းမွှေးသောပန်းမို့ ရနံ့လေးရှုလိုက်ရင်ဖြင့် တနေ့တာ ဘဝအမောတွေပြေစေတဲ့ ပန်းကလေး ဖြစ်ပါသည်။ တယူဇနာမွှေးပန်းပင်ကလေးများသည် မိုးများပြီး အေးသောအရပ်ဒေသတွင် ဖြစ်ထွန်းပြီး မိုးကုတ်၊ ပြင်ဦးလွင် ဒေသတွင် အများဆုံးတွေ့နိုင်သည်။ ဒီပန်းကလေးရဲ့ အမည်ကလည်း အမည်နဲ့လိုက်အောင် တယူဇနာအကွာ အဝေးထမွှေးပျံ့လွန်းနိုင်သည် ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ပန်ဆင်ခြင်း သိပ်မရှိပေမယ့် အပင်ပေါ်တွင်ပင် ပန်းပွင့်လေးများက သနပ်ခါးပန်းခိုင်လေးသဖွယ် ရိုးတံကြားမှ ထိုးထွက်ပွင့်တက်ပါသည်။ တယူဇနာပန်းရနံ့သည်လည်း စပယ်ပန်း၊ ဇီဇဝါပန်း၊ ယုဇနာပန်း၊ တတိုင်းမွှေး၊ သနပ်ခါးပန်းများ ကဲ့သို့ သင်းပျံ့သည့် ရနံ့ဖြင့် လူတွေ၏ စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။ အခြားပန်းများကဲ့သို့ တယူဇနာမွှေး ပန်းကလှပမှုကို မဖော်ကျူးနိုင်ပေမယ့် ပန်း၏ရနံ့ကလည်း လူတိုင်းကို နှစ်သက်စေပါသည်။ တယူဇနာပန်းတစ်ခက်ကို ဆံကေသာမှာ ထိုးထားလျှင် လမ်းတလျှောက် အားလုံးကို မွှေးပျံ့စေပါသည်။ အပူပိုင်းဒေသတွင် ဖြစ်ထွန်းမှုနည်းသောကြောင့် အေးသောအရပ်ဒေသများတွင် အရောင်းအဝယ် ဖြစ်ပါသည်။ ကိုင်းချိုးစိုက်ပျိုးပါကလည်း ရှင်သန်နိုင်ပါသည်။ အခြားသော ပန်းများကဲ့သို့ တယူဇနာပန်းပင်ကလေးများကလည်း စိုက်ပျိုးထားသင့်ပါသည်။ တယူဇနာပန်းပျိုးပင် တစ်ပင်လျှင် (၈၀၀၀/၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

စပယ်ပန်းနှင့် စပယ်ပန်းပျိုးပင်ဈေးကွက်

စပယ်ပန်းရနံ့က စိတ်ကိုကြည်လင်အေးမြစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စပယ်ပန်း၏ အဓိပ္ပါယ်သည် “ချစ်ခြင်းမေတ္တာ” ကို ကိုယ်စားပြုပါသည်။ ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ကံကောင်းစေရန် တောင်းဆုပြုရန် စပယ်ပန်းကို ရွေးချယ်ကြသည်။ စပယ်ပန်းၑ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိ်န်တဲ့ ရနံ့၊ လှပတဲ့ပန်းပွင့်ပုံစံ တွေကြောင့် “JASMINE “ ဘုရားသခင်ထံမှ လက်ဆောင် ဟု အဓိပ္ပာယ်ရပါသည်။အဖြူစင်ဆုံးပန်းစပယ်ကုံးလေးတွေရဲ့ ရနံ့က မွှေးပြန့်သင်းကြိုင် လှပါသည်။ ပန်းလေးတွေက အလွန်လှပ တင့်တယ်လှပေသည်။ အဖြူရောင်အဆင်းရှိပြီး ရနံ့မွှေး၍ ဂုဏ်သတင်းကြီးသော ပန်းမျိုးဖြစ်ပါသည်။ စပယ်ကြက်ရုံး၊ စပယ်အိုးပုတ်၊ အပွင်းကြီး ဘိတ်စပယ် ဟူ၍ ရှိပါသည်။ စပယ်ပန်းသည် တန်ခူးလလောက်ကတည်းက ပန်းစပွင့် တတ်ပြီး (၂)ပြန်(၃)ပြန် ပွင့်သောကြောင့် ယခုအချိန်ထိ ဈေးကွက်ရှိဆဲ ဖြစ်ပါသည်။ စပယ်ပန်းကလေးများကို သီကုံး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများ ဖြစ်ပါသည်။ ဘုရားလှူရန်နှင့် အမျိုးသမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက် အရောင်းသွက်လှပါသည်။ စပယ်ပန်းပင်သည် တစ်ခါစိုက်ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံ အပင်တစ်မျိုးဖြစ်သည်။ မိမိအိမ်ခြံဝန်းအတွင်း ပန်းအိုးနှင့် စိုက်ပျိုးကြသလို စီးပွားဖြစ် ခြံနှင့် စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ခေတ်နှင့်အညီ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းချမှုများလည်း ရှိလာပါသည်။ စပယ်ပန်းပျိုးပင်တစ်ပင်လျှင် (၁၀၀၀/၂၀၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

နှင်းပန်း(ခေါ်) ရေမွှေးပန်းဈေးကွက်

နှင်းပန်း၏ အဓိပ္ပာယ် “ အဆင်မပြေမှုတွေက တခဏပါ” ဟူ၍ ဖြစ်သည်။ မြေပြန့်ဒေသရှိ နှင်းပန်းသည် အဖြူရောင် ပန်းကလေးများ ဖြစ်ပြီး ရေမွှေးပန်းသည် အစိမ်းရောင်ကြား ခရမ်းရောင်ပွင့်ကလေးများ ပွင့်သောပန်းကို ခေါ်သည်။ မိုးကုတ်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသထွက် နှင်းပန်းသည် အဝါနုရောင် ပန်းခိုင်တိုလေးများ ဖြစ်ပြီး အရွက်က သစ္စာပန်းအရွက်နှင့် ဆင်တူပါသည်။၎င်းနှင်းပန်း(ခေါ်) ရေမွှေးပန်းကို အောက်ရပ်မြေပြန့်ဒေသတွင် မတွေ့ရဘဲ အေးသောတောင်ပေါ်ဒေသများတွင်သာ ပွင့်သောပန်း ဖြစ်သည်။ ရေမွှေးပန်း(သို့) နှင်းပန်းလို့ခေါ်သည့် Freesia ပန်းလေးတွေကအနီ၊ အဝါ၊ အဖြူ၊ ခရမ်း ရောင်စုံရှိသည်။ ဒီပန်း၏ ရနံ့က နှစ်လိုဖွယ် ရနံ့ဖြစ်သည်။လူအများနှစ်သက် သဘောကျသည့် ပန်းရနံ့မို့ LOVELY ဖြစ်သည် ဟုဆိုသည့် သစ္စာပန်းမျိုးနွယ်ဝင်ဖြစ်ပြီး ဥမှ အရွက်ရှည်ချွန်းများ ထွက်ပြီး ပန်းခိုင်ထွက်ပါသည်။ နှင်းပန်းခေါ် Freeisa ပန်းလေး၏ သင်္ကေတက အပြစ်ကင်းစင်မှု သန့်စင်မှု ဟူ၍ ဖြစ်သည်။ ခင်မင်ရခြင်းနှင့် ယုံကြည်ရခြင်းကို ကိုယ်စားပြုသော ပန်းလေးများ ဖြစ်၍ ဘုရားပန်းလှူရန်နှင့် မင်္ဂလာဆောင် အခမ်းအနားများတွင် သုံးလေ့ရှိသည်။ ၎င်းပန်းပွင့်ကလေးများကို ဖြတ်၍ ရေအေးတွင် စိမ်ထားလျှင် ရေပါမွှေးစေလို့ ရေမွှေးပန်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ၊ မတ်လတွင် ပန်းပွင့်ပါသည်။ နှင်းပန်းပျိုးပင် အဖြစ်မျိုးဥကိုသာ ရောင်းချကြပြီး ပန်းကလေးတွေကိုတော့ လက်ဆုပ်စည်း၍ ဈေးသို့တင်ပို့ရောင်းချကြောင်းနှင့် နှင်းပန်းခေါ် ရေမွှေးပန်း တစ်စီးလျှင် (၂၀၀၀/၃၀၀၀) ကျပ် ဖြင့် ရောင်းချကြောင်း ပြင်ဦးလွင်ဒေသမှ ပန်းမျိုးစုံအရောင်းဆိုင်မှ သိရှိရသည်။ DOCA(မန္တလေး)

ဈေးကွက်အရောင်းသွက်သင်ဖြူးဖျာ

အိမ်များတွင် ကုတင်များပေါ်၌ ခင်းပြီးအိပ်စက်ရန်အတွက် ဖျာအမျိုးမျိုး ရောင်းချလျက်ရှိ ကြပါသည်။ ယခုအခါတွင် ဈေးကွက်၌ ပလပ်စတစ်ဖျာ၊ ဝါးဖျာနှင့် သင်ဖြူးဖျာဟူ၍ အမျိုးမျိုးရှိကြ သော်လည်း ရာသီကိုလိုက်၍ အပူအအေး ချိန်ညှိပေးနိုင်သည့် သင်ဖြူးဖျာများမှာ ဈေးကွက်တွင် လူကြိုက်များလျှက်ရှိပါသည်။ သင်ဖြူးဖျာများကို တံတားဦးမြို့နယ်ရှိရွာများဖြစ်သော ငါးရာပြား၊ ကျီးပင်၊ လက်ဆောင်ယူ ရွာများတွင် ကိုယ်တိုင်ရက်လုပ်ကြကြောင်း သိရှိရပြီး ကုန်ကြမ်းဖြစ်သည့် သင်လျှော်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော်ဒေသမှ အဓိကစုဆောင်းရရှိကြောင်းလည်း သိရှိရပါသည်။ သင်ဖြူးဖျာများရောင်းချရာတွင် (၇‘×၆‘)ဆိုဒ် သင်ဖြူးဖျာ (၁)ချပ်လျှင် (၇၀,၀၀ဝိ/-)ကျပ်၊ (၆‘×၅‘) ဆိုဒ်သင်ဖြူးဖျာ (၁)ချပ်လျှင် (၅၂,၀၀ဝိ/-)ကျပ်၊ (၆ ၁/၂ ×၅ ၁/၂) ဆိုဒ် သင်ဖြူးဖျာ (၁) ချပ်လျှင် (၆၂,၀၀ဝိ/-)ကျပ် နှင့် (၆‘×၃‘) ဆိုဒ် သင်ဖြူးဖျာတစ်ချပ်လျှင် (၂၅,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာများကို မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြောင်းသိရှိရပြီး ကုန်ကြမ်း ဝယ်ယူရသည့် ဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)

“ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့်အပိုဝင်ငွေရရှိ”

ကျောက်ဆည်ခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သည့် အားလျော်စွာ ထန်းပင် ထန်းတောပေါများသည့် ဒေသဖြစ်သည့်အလျောက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သည့်အပြင် အပိုဝင်ငွေရရှိရန် မိရိုးဖလာ လက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို သိရှိရပါသည်။ ထန်းပင်မှရရှိသော ထန်းလျှော်ကို အသုံးပြု၍ ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိရန် ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပထမဦးစွာ ထန်းလျှော်များကို တစ်ညသိပ် ရေစိမ်ပြီး အချောသပ်ရကြောင်း၊ အချောသပ်ပြီး လျှော်များကို ထန်းလျှော်တောင်း စတင်ရက်လုပ်ရကြောင်း၊ ထန်းလျှော် တောင်း ရက်လုပ်ရန်အတွက် ထန်းလျှော်များအား ဝယ်ယူရကြောင်း၊ ထန်းလျှော်တောင်း (၁)လုံးစာအတွက်(၅၀၀၀/-)ကျပ်ပေးရကြောင်း၊ ရက်လုပ်ပြီး ထန်းလျှော် တောင်းများအား မြို့ပေါ်ရှိ နှီးကုန်သည်နှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များအား သွင်းရကြောင်း၊ ရက်လုပ်သူတစ်ဦးလျှင် တစ်ရက်လျှင် လေးလုံးမှ ငါးလုံးအထိ ရက်လုပ် နိုင်ကြောင်း၊ ထန်းလျှော်တောင်းတစ်လုံးလျှင်(၈၀၀၀/-) ကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ တစ်လုံး လျှင်အမြတ်ငွေ(၃၀၀၀/-)ကျပ်ဝန်းကျင် ရရှိပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၅၀၀၀/-) ကျပ်ဝန်းကျင် အပိုဝင်ငွေရရှိပြီး ထန်းလျှော်တောင်း ရက်လုပ်သူများအနေဖြင့် တောင်သူ လုပ်ငန်းအပြင် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချ”

ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အခြေခံစား သောက်ကုန်များဖြစ်သော ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၂၅၀၀၀/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၂၀၀/-) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ DOCA(မန္တလေး)

“ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဈေးကွက် ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၃၄)ဧက၊ မြစ်သားမြို့နယ်တွင်(၂၆၀၁)ဧက စုစုပေါင်း(၃၉၆၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးများကို ပိုမိုစိုက်ပျိုး ကြကြောင်း၊ ငရုတ်ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ငရုတ်များဖြိုင်ဖြိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်သီးအခြောက်ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ငရုတ်သီးအခြောက်အညှာပါတစ်ပိဿာလျှင်(၉၀၀၀/- )ကျပ်၊ ငရုတ်သီးအခြောက် အညှာခြွေတစ်ပိဿာလျှင်( ၁၁၀၀၀/- )ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၂၉၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်ပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသူများရှိသလို တောင်သူများ ကိုယ်တိုင်ပွဲရုံများ သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်၏ ပဲစဉ်းငုံစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်သော ဒေသ တစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်း သီးနှံများအနက် ပဲစဉ်းငုံသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ဆည်မြို့နယ်တွင် (၂၄၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရသည်။ ပဲစဉ်းငုံ သီးနှံကို မေလနှင့် ဇွန်လတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လတွင် စတင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင် တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တောင်သူများသည် ပဲစဉ်းငုံမျိုးကို မိမိစိုက်ခင်းမှ မျိုးချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ပွဲရုံများမှ ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံဈေးအနေဖြင့် (၁)တင်းလျှင်(၁၀၈၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း ယခုအချိန်တွင် ပဲစဉ်းငုံများထွက်ရှိခြင်း မရှိသေးသော်လည်း ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၈၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြ ကြောင်း ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပဲစဉ်းငုံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း