Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် မတ်လ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ၂၀၂၄ ခု နှစ်၊ မတ်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၄၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၃၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၅)ကျပ် ၊ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၅၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၅၅)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကြက်သွန်ဖြူ/နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂၉-၂-၂၀၂၄) ရက်နေ့မှ (၆-၃-၂၀၂၄) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) ၃၀၈၀၀ပိဿာနှင့် ကြက်သွန်ဖြူ ၇၄၀၀ပိဿာဝင်ရောက်ခဲ့ပါသည်။ လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) ၁ပိဿာလျှင် အရွယ်အစားအလိုက် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ထိလည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် ၉၂၀၀ကျပ်မှ ၉၅၀၀ကျပ်ထိဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (အောင်ပန်း) ၁ပိဿာလျှပ် ၁၁၀၀၀ကျပ်မှ ၁၃၅၀၀ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ/နီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိမ်ဖြူဈေးတာဝန်ခံရုံးမှတစ်ဆင့် စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၂.၃.၂၀၂၄ )

    ၁၂.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၁/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၂.၃.၂၀၂၄ )

    ၁၂.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၃.၂၀၂၄ )

       ၁၂.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဘားအံမြို့ဒေသထွက် သခွားမွေးသီးဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ သခွားမွေးသီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀၊ ၃၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေးတစ်လုံးလျှင် (၁၀၀၀) ကျပ် တို့ဖြစ်ကြောင်းနှင့် သခွားမွေးသီး စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် သခွားမွေးသီး ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

“လက်ပံပွင့်စားသုံးခြင်း အကျိုးကျေးဇူးများ”

      ကျွန်တော်တို့မြန်မာနိုင်ငံတွင် နွေး၊မိုး၊ဆောင်းဟူ၍ ဥတုသုံးပါးရှိပြီး ယခုအခါ ဆောင်းအကုန် နွေဦးပေါက်ချိန် ဖေဖော်ဝါရီနှင့်မတ်လများတွင် လက်ပံပွင့်များ ဖြိုင်ဖြိုင်ပွင့်ကြပါသည်။ လက်ပံပွင့် ချိန်နှင့်ပေါက်ပန်းတို့ပွင့်သောရာသီဖြစ်သောကြောင့် အညာဒေသတွင် ပန်းချီကားတစ်ချပ်ရေးဆွဲထားသကဲ့သို့ နီနီဆွေးဆွေးလက်ပန်ပွင့်နှင့်ပေါက်ပွင့်များကိုတွေ့ရှိနိုင်ပါသည်။ အညာဒေသ အမှတ်အသားဖြစ်သည့် လက်ပံပွင်လျှင်နွေရောက်ပြီဟုသိရှိရပါသည်။ထိုအချိန်အခါမျိုးတွင် ဆက်ရက်ငှက် များအပါအဝင် ကျေးငှက်အပေါင်းတို့သည် အအုပ်အသင်းဖွဲ့ကာ ပန်းဝတ်ရည်၊ဝတ်ဆံတို့ကိုလည်းကောင်း၊ ပန်းပွင့်အတွင်းရှိပိုးမွှားများကိုလည်းကောင်း၊ ဆူဆူညံညံအလုအယက်စားသောက်လေ့ရှိရာ လက်ပံပင်ဆက်ရက်ကျသလိုဟု ဆိုလေ့ဆိုထရှိကြပါသည် ။ ယခုအခါ လက်ပံပွင့်တို့ကြွေနေပြီဖြစ် သောကြောင့်လက်ပံပွင့်များကောက်ယူ၍ နေလှမ်းကာ မြေအိုးများတွင် ထည့်သွင်းသိမ်းဆည်းပြီး စားသုံးကြပါသည်။လက်ပံပွင့်ချိန်ရောက်ရှိနေသောကြောင့် လက်ပံပွင့်နှင့်ဗူးသီးရော၍ လက်ပံပွင့် အချဉ်ရည်ဟင်းများ ချက်ပြုတ်စားသောက်လေ့ရှိကြပါသည်။ လက်ပံပွင့်ကို ခရမ်းချဉ်သီး  ၊ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးများဖြင့် အစပ်ချက်၊ဆီပြန်ချက်အဖြစ်လည်း စားသုံးကြပါသည် ။ လက်ပံပွင့်တွင် ပရိုတင်းဓါတ်၊ရေဓါတ်၊အမျှင်ဓါတ်နှင့် ဗီတာမင်အေနှင့် စီဓါတ်တို့ပါဝင်သောကြောင့် လက်ပံပွင့်ကို ချက်ပြုတ်စားသုံးပေးပါက လိပ်ခေါင်းရောဂါ ၊ ဝမ်းပျက်ဝမ်းလျော ရောဂါများသက်သာစေပြီး အပူလောင်နာ၊ အဖုအကျိတ်များကိုလည်း ပျောက်ကင်းသက်သာစေပါကြောင်း ၊ တစ်နှစ်တစ်ခါပေါ်သော ဆေးဘက်ဝင်လက်ပံပွင့်အခြောက်များကို မိမိတို့စားသုံးချင်သလို ချက်ပြုတ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ဖူးစားပြောင်းများ ရိတ်သိမ်းလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း တောင်သူများဝင်ငွေတိုးရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။စိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၀၃၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၃၇၄)ဧက၊မြစ်သားမြို့နယ်တွင်(၂၈၄၆)ဧက၊စုစုပေါင်း(၅၂၅၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စဉ့်ကိုင်မြို့နယ်၌(၃၇၄)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၆၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြားပြောင်း၊ထောပတ်ပြောင်းများကို စိုက်ပျိုးကြပါသည်။(၁)ဧက အထွက်နှုန်း အနေ ဖြင့်(၄၀၀၀)ဖူးခန့်ထွက်ရှိကြောင်း၊ သကြားပြောင်းမှာ လူကြိုက်များသောကြောင့် အရောင်းသွက်ပြီး စျေးကောင်းရကြောင်း၊ သကြားပြောင်းဖူးစျေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွာခြား ကြောင်း၊ ယခင်နှစ်ပြောင်းဖူးပေါ်ချိန်တွင် သကြားပြောင်းအလတ်(၄)ဖူးလျှင်(၁၀၀၀/-)ကျပ်နှင့် (၃)ဖူးလျှင်(၁၀၀၀/-)ကျပ်ရောင်းရကြောင်း ၊ ပြုတ်ပြီးပြောင်းဖူး(၁)ဖူးလျှင်(၅၀၀/-)ကျပ်စျေးနှုန်း များဖြင့် လည်းကောင်း၊ ဖောက်သည်စျေးအနေဖြင့် အခင်းထဲအရောက် ဝယ်ယူရာတွင် (၁)ဖူးလျှင် (၁၅၀/-)ကျပ် ဖြင့်ရောင်းချခဲ့ရပြီး ယခုနှစ်ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်စျေးအနေဖြင့်(၂၅၀-၃၀၀)ကျပ်အထိ ရောင်းချရပြီး ပြောင်းဖူးပြုတ် (၁)ဖူးလျှင်(၇၀၀-၈၀၀)ကျပ်အထိ ရောင်းချရသည့်အတွက် ယခင်နှစ် ထက်စျေးနှုန်းပိုမို ကောင်းမွန်သဖြင့် တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းကြောင်း သကြားပြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“တိုးတိုးအောင်ငရုတ်များ အောင်မြင်ဖြစ်ထွန်း”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးနှင့်အညီ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးသည့်ဒေသဖြစ်သည့်အလျှောက် တောင်သူများအနေဖြင့် ငရုတ်သီးနှံကိုလည်း အားထားစိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၁၀၈)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၇၁၃)ဧက ၊ မြစ်သား မြို့နယ်တွင် (၂၉၈၉)ဧက၊ စုစုပေါင်း(၅၈၁၀)ဧကစိုက်ပျိုးပြီးစီးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ငရုတ်မျိုးများအနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ ၊ ၆၉၂ ၊ ကျားခေါင်းနှင့် တိုးတိုးအောင် ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး ၄င်းမျိုးများအနက် တိုးတိုးအောင်ငရုတ် မျိုးများအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် အသီးအပွင့်များ ဝေဝေဆာဆာဖြင့် အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ စိုက်ပျိုးရာတွင်(၁)ဧကလျှင် မျိုးစေ့ (၁၀)ထုတ်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့တစ်ထုတ်လျှင်(၃၅၀၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြင်စရိတ်၊ သွင်းအားစု၊ လုပ်သားခ၊စုစုပေါင်း (၈၀)သိန်းခန့်ကုန်ကျကြောင်း ၊ ယခင်နှစ်တွင် တိုးတိုးအောင်ငရုတ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာ(၈၀၀၀-၁၀၀၀၀)အထိထွက်ရှိပြီး  ငရုတ်စျေးနှုန်းအနေဖြင့် ငရုတ်အစို(အစိမ်း) (၁)ပိဿာလျှင်(၈၅၀၀/-)ကျပ်၊ ငရုတ်အစို (အမှည့်)(၁) ပိဿာလျှင်(၆၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုအချိန်တွင် တိုးတိုးအောင် ငရုတ်များ ထွက်ပေါ်သေးခြင်းမရှိသေးဘဲ ငရုတ်သီးပေါ်ချိန်တွင် အထွက်နှုန်းနှင့် စျေးနှုန်းများ ကောင်းမွန်ပါကအကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း တိုးတိုးအောင်ငရုတ် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း