HighLight News

Powered by Drupal

ဇလွန်မြို့ မေရီလန်းကျေးရွာ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဇလွန်မြို့ မေရီလန်းကျေးရွာ၊ အ.မ.က အိုးဘိုစုကျောင်း၌ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဌာန၏လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၀.၂.၂၀၂၆)ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဖြစ်သော  ပုဒ်မ ၄၁ အရ  စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များထုတ်ပိုးပြင်ဆင်မှုအပေါ်တွင် ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ထားသော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကုန်စည်များအပေါ်တွင် စတင်ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအား သိသာထင်ရှားစွာ ဖော်ပြရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်များအား   စားသုံးသူများသိရှိနိုင်စေရန် ကြိုတင်သတိပေးချက်များအားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ထိုပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုစေရေး ပုဒ်မ ၆၈ အရ တားမြစ်ထားပြီး ဖောက်ဖျက်ကျုးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်း ကောင်း အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိုရပါသည်။

DOCA (ဧရာဝတီ)

Consumer Call Center (1535) သို့ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ ဆက်သွယ်မေးမြန်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (1535)ကို ရုံးဖွင့် ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးလျက်ရှိရာ (၁၀.၂.၂၀၂၆) ရက်နေ့တွင် မြန်အောင်မြို့နယ်ရှိ စားသုံးသူပြည်သူမှ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆို ၍ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ တိုင်ကြားရာတွင် လိုအပ်သောအချက်အလက်များအား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

         ထို့အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ Consumer Call Center (1535) ဖွင့်လှစ်ထားကြောင်း အသိညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ အသိပညာပေးဟောပြောခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံး၌ Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အလှကုန်ပစ္စည်းရောင်းချရာတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်မှုဖြစ်လျက်ရှိကြောင်း၊ ထိုသို့ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လျောက်ထားရာတွင် ကိုက်ညီရမည့်အချက်များ၊ အထောက်အထားများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်နှင့် အခွင့်အ‌ရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ သိရှိရန်အချက်များ၊ အွန်လိုင်းလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA (ဧရာဝတီ)

မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၉.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဖေဖော်ဝါရီလ ပထမအကြိမ် ခွဲတမ်းရရှိသော စက်မှုလုပ်ငန်းသုံးဆီများ ထုတ်ယူသုံးစွဲနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ဦးဘိုဘိုက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလိုအပ်ချက်များတင်ပြရာတွင် မိမိတို့ အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများ ထားရှိစေ‌ရေး၊ မိမိတို့လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဖော်ဖော်ဝါရီလ ခွဲတမ်းရရှိထားသော ဆီပေပါများအား လုပ်ငန်းရှင်များလိုအပ်ချက်စာရင်းများနှင့် ကိုက်ညီ၍ အချိုးကျ စာရင်းခွဲဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ထုတ်ယူသုံးစွဲရန်လိုအပ်ကြောင်း ထို့နောက် လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလိုအပ်ချက်စာရင်းများ အား မေးမြန်းခဲ့ပြီး ဖော်ဖော်ဝါရီလ ခွဲတမ်းရရှိထားသော ဆီပေပါများ  စနစ်တကျစာရင်းခွဲဝေ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်(၇၀)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများအား ပူးပေါင်းအဖွဲဖြင့် ကွင်းဆင်းစစ်ဆေး

       ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်  ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးရောင်းဝယ်ရေးဆိုင်များတွင် သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိကို (၁၀.၂.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် မရှိသောဆေးဝါးများ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဝယ်ယူသုံစွဲသူများအနေဖြင့် လိုအပ်သောအိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းငွေကြေးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များ အသိပညာပေး TALK SHOW ဆောင်ရွက်

            စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်လျောညီထွေမှုရှိစေရန် သင်ခန်းစာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် အသိပညာပေးခြင်း၊ www.doca.gov.mm Website မှတစ်ဆင့် အသိပညာပေးခြင်းနှင့် စားသုံးသူများသို့ တိုက်ရိုက်အသိပညာပေးခြင်းစသော နည်းလမ်းများဖြင့်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုဆက်သွယ်ရေးနည်းလမ်းဖြစ်သော Talk Show အစီအစဉ်ကို (၉.၂.၂၀၂၆) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် ဘဏ်အကောင့်အချက်အလက်များ၊ Debit/ Credit ကတ်၊ ဘဏ် ကတ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၏ လုပ်ငန်းစဉ် နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ ဘဏ်လုပ်ငန်းနှင့်ဝန် ဆောင်မှုလုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်(Blue Mark) ရရှိထားသည့် Facebook Page တို့ တွင်သာ မိမိတို့သိရှိလိုသည့် အ‌ကြောင်းအရာများကို ဆက်သွယ်မေးရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်  ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုကြပါရန်  စားသုံးသူရေးဦးစီးဌာနမှတိုက်တွန်းနှိုးဆော်ထားပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA  (ဧရာဝတီ)

ရန်ကင်းမြို့နယ်ရှိ Online Shop  ရောင်းချနေမှုနှင့်စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂၆.၂.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် အလှကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့်စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ ကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး အလှကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်း ကောင်းစားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ဦးဇေယျာမင်းကြည်၊ အကြီးတန်း စာရေးပါ(၂) ဦး တို့မှ ပူးပေါင်းပါဝင်လျက် (၄.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးအတွင်းရှိ ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာများ ပေးပို့မှုအခြေအနေနှင့် စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်း၊  အများသုံးသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့်စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရှိစေရေး၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းကို စစ်ဆေးခဲ့ပြီး တာဝန်ခံအား ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအပ်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ အမိန့်များသေချာစွာလိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အား ထွက်ခွာခွင့်ပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ  ဒေါ်မိုးမိုးကြည်သည် (၂၃-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြောက်ဒဂုံမြို့နယ်၊ Green United Green Energy Co.Ltd ၌ အွန်လိုင်းအသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.eComreg.gov.mm  မှတဆင့် မှတ်ပုံတင်လျောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲသို့တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်း မရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါအွန်လိုင်း စနစ်ဖြင့်ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကိုမှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့်ဝယ်ယူစားသုံးသူနှစ် ဦးနှစ်ဖက်လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News