ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချ

 ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရန်နှင့် ကျဆင်းနိုင်စေရန်တို့အတွက် ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့၊ ကန်သာယာတွင် စနေနေ့အခွန်လွတ်ဈေးကိုလည်းကောင်း၊ အမှတ် ၉ရပ်ကွက် ကမ္မဌာန်းကျောင်းတွင် ဗုဒ္ဓဟူးနေ့၊ အခွန်လွတ်ဈေးကိုလည်းကောင်း အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

  ဖွင့်လှစ်ရောင်းချပေးလျက်ရှိသောအခွန်လွတ်ဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် အသားငါးအရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိသောဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ အမဲသား ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ကြက်သား(အိမ်ကြက်)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ မွေးမြူရေးငါးကြင်း ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ တီလားဗီးယား ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမဲလုံး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ယိုးဒယားငါးခုံးမ ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူ ၁ပိဿာ ၆၃၀၀ကျပ်၊ ငါးမုတ် ၁ပိဿာလျှင် ၅၀၀၀ကျပ်၊ ငါးတန် ၁ပိဿာလျှင် ၄၆၀၀ကျပ်၊ ပလာတူး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ဘဲဥ ၁လုံးလျှင် ၃၀၀ကျပ်၊ ကြက်ဥ ၁လုံးလျှင် ၂၅၀ကျပ်၊ ကန်စွန်းရွက်၁စည်းလျှင် ၁၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၁၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၇၀၀ကျပ်၊ ပန်းဂေါ်ဖီ ၁ပွင့်လျှင် ၅၀၀ကျပ် ၊စားသုံးဆီ ၁ပိဿာလျှင် ၅၁၀၀ကျပ် စသည်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

   အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများမှာ ဝယ်သူထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/အသားငါးထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး  စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာတိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ် စားသောက်ရေးအတွက် ကုန်ကျစရိတ်ကာမိကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝရိုက်ခတ်မှုလျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၇.၂၀၂၃ )

      ၁၀.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်မြို့ထွက် ပန်းတိမ်ငို ဘုရားပန်းဈေးကွက်

     ပြည်မြို့ရှိ ပန်းဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပန်းတိမ်ငိုပန်းများ ရောင်းချနေပြီဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို တောင်ကြီးမှလာသော နှစ်ထပ်ပန်းနှင့် ပြည်မြို့ စက်မှုကွက်သစ်အတွင်းရှိ သန္ဓေပင် ရပ်ကွက်တွင် စိုက်ပျိုးသော တစ်ထပ်ပန်းဟူ၍ နှစ်မျိုးစလုံးကို ဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ပန်း၏အရောင်မှာအဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည်ဖြင့် ရှိပါသည်။ ပန်းတိမ်ငိုပန်းသည် စိုက်ပျိုးရလွယ်ကူသောပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို ဥများဖြင့် သော်လည်းကောင်း၊ အကိုင်းကို မြေထဲသို့ထိုး၍ စိုက်ပျိုးနိုင်ပါသည်။ ဥများကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စတင်စိုက်ပျိုးပြီး မိုးရာသီအလယ်တွင် စတင်ခူးဆွတ်နိုင်မှာ ဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းသည် အောက်တိုဘာလတွင် ပန်းပွင့်များတုန်းသွားပြီး ဒီဇင်ဘာလတွင် အရွက်များ ကြွေကျကာ အပင်နားသောအချိန်ဖြစ်ပါသည်။ မတ်လတွင် အရွက်ကျန်များကိုဖြတ်ထုတ်ပြီး နွားချေး၊ မြေဩဇာနှင့် မန်ကျည်းရွက်ဆွေးများထည့်ပေးပါက ပန်းများစောစီးစွာပွင့်မည်ဖြစ်ပါသည်။ ပန်တိမ်ငိုပန်းခင်းများကို (၃)နှစ်အထိသာစိုက်ပျိုးပြီး (၃)နှစ်ပြည့်ပါက ဥများကိုပြန်ဖော်၍ ပြန်လည် စိုက်ပျိုးပေးရပါမည်။ စိုက်ပျိုးရာတွင် ခြစားခြင်း၊ အမြစ်ပုတ်ခြင်းများ မဖြစ်ပေါ်အောင် ဂရုစိုက် ပေးရမည်ဖြစ်ပါသည်။ ဘုရားပန်းများ ကပ်လှူပြီးစွန့်ပစ်သည့်အခါ စွန့်ပစ်ပင်စည်များအား အိုးတွင် ကိုင်းထိုးစိုက်ပျိုး၍လည်း ရကြောင်းသိရပါသည်။ ပြည်မြို့တွင် တောင်ကြီးမှလာသော နှစ်ထပ် ပန်းတိမ်ငို ဆယ်တန်စည်းတစ်စည်းကို (၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပြီး ဒေသထွက် တစ်ထပ်ပန်းကိုတော့ ဆယ်တန်စည်းတစ်စည်းကို (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရ ပါသည်။ မျိုးဥဘိုး တစ်ကြိမ်ရင်းနှီးရုံဖြင့် (၃)နှစ်စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးသင့် သည့် ပန်းတစ်မျိုးဖြစ်ပါသည်။ အရိပ်တွင်လည်းဖြစ်ထွန်းပြီး အခြားသောအပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးနိုင်သောကြောင့် စီးပွားဖြစ်တွက်ချေကိုက်၍ စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပြည်နာနတ်သီးဈေးကွက်

    နာနတ်ပင်ကို စားသုံးပင်အနေဖြင့် စိုက်ပျိုးပြီး နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်သည့်အတွက် အရွက်မှာ ရှည်လျားပြီး ရွက်ထိပ်မှာ ဆူးချွန်ပုံစံရှိပါသည်။ နာနတ်သီးမှာ အစိမ်းရောင်ရှိပြီး မှည့်ပါက လိမ္မော်ရောင်သို့ ပြောင်းသွားပါသည်။ နာနတ်သီးမှာ အင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်၍ ကိုယ်ခံအားကို ကောင်းစေပြီး မျက်စိအမြင် အာရုံကိုလည်း အထောက်အကူပြုကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။

    နာနတ်သီးသည် သွေးအတွင်းမကောင်းသောအဆီဓါတ်ကို လျှော့ချစေနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပါသည်။ နာနတ်သီးကို အသီးအတိုင်းလည်း စားကြသလို ချဉ်၊ ငံ၊ စပ်ရောကာ သုပ်၍လည်းစားကြပါသည်။ အအေးနဲ့ဖျော်သောက်သလို ယခုနောက်ပိုင်းတွင် နာနတ်သီးထမင်းကြော်ဆိုပြီး ထမင်းကြော်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။

      ပြည်မြို့၊ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးအနီးရှိ သစ်သီးမျိုးစုံရောင်းချသော ပွဲရုံ များနှင့် သစ်သီးဆိုင်များတွင် ၂၀၂၃ ခုနှစ် ဇွန်လနောက်ဆုံးပတ်၌ ရခိုင်ပြည်နယ်မှလာသော နာနတ် သီးများနှင့် ရှမ်းပြည်နယ်နှင့် မန္တလေးပွဲရုံများမှ မှာယူရောင်းချလျက်ရှိပါသည်။ နာနတ်သီး ဈေးများ မှာ အကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၈၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ ပြည်မြို့ရှိ သစ်သီးဝလံပွဲရုံများသို့ နေ့စဉ် နာနတ်သီး အလုံး(၃၅၀-၄၀၀)လုံးခန့် ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်လာသောနာနတ်သီးများကို လက်လီရောင်းချသော သစ်သီးဆိုင်များ၊ တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များ၊ ကျေုင်းမုန့်ဈေးတန်းများ သစ်သီးဖျော်ရည်ဆိုင်များအား ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

 

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်ပြောင်းလဲမှု

    ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ဇွန်လတတိယပတ်တွင် မတ်ပဲတစ်တင်းဈေးမှာ (၈၀၀၀၀-၈၀၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဇွန်လစတုတ္ထပတ်မှာ မတ်ပဲဈေးကျလာပြီး တစ်တင်း ကို (၇၆၀၀၀-၇၆၅၀၀)ကျပ်ဖြင့် ဈေးကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် ရန်ကုန်အဝယ် အဝယ်ရှိခဲ့ပါသည်။

ပဲတီစိမ်း

   ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀)ကျပ်ဖြင့် မန္တလေးဝယ်လက် တစ်ရက်ကိုအိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မန္တလေးဝယ်သာရှိခဲ့ပါသည်။

ပဲစင်းငုံ

    ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၁၀၄၀၀၀-၁၀၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် (၃၀၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၉၇၀၀၀)ကျပ်ထိ ဈေးကျလာခဲ့ပြီး အရောင်းအဝယ်မှာ ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် (၂၅၀/၃၀၀)ခန့် ရှိခဲ့ပါသည်။

ကုလားပဲ

      ပြည်ကုန်စည်ဒိုင်တွင် ဇွန်လပထမပတ် ကုလားပဲ(Hl)တစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ် မြကြေးမှုံ တစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀) ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအရောင်းအဝယ် ဖြစ်ခဲ့ ပါသည်။

ပဲကြီး

        ဇွန်လတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၄၀၀၀-၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။  ဇွန်လစတုတ္ထပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး ပဲကြော်သမားများ အဝယ် ရှိခဲ့ပါသည်။

စားတော်ပဲ(ကျွန်း)

      ဇွန်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၄၀၀၀၀-၁၄၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၁၄/၁၅)အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၄၀၀၀၀-၁၄၅၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်ကို (၁၅/၂၀) အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်

    ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ဘိုကိတ်တစ်တင်းကို(၅၈၀၀၀-၆၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၄၀/၅၀)ခန့် အဝယ် ရှိပါသည်။ ဇွန်လစတုတ္ထပတ်တွင်  ဘိုကိတ်ဈေးအေးနေပြီး တစ်တင်းကို (၅၉၀၀၀-၆၀၀၀၀)ကျပ် ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ တစ်တင်းဈေးမှာ ဇွန်လစတုတ္ထပတ်တွင် ဈေးကျလာသည်ကိုတွေ့ရပါသည်။ ပဲတီစိမ်း၊ ဘိုကိတ်၊ စားတော်ပဲ (ကျွန်း) ဈေးများအေးလျက်ရှိပြီး ပဲကြီး(ရွှေကျွန်း)ဈေးမှာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                         

ပြည်နွေစပါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ဧက (၃၀၇၃၀) စိုက်ပျိုးရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၀.၂)တင်း ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်နွေစပါးပေါ်စအချိန်တွင် စပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀) လျှင် (၈၂၀၀၀၀) ကျပ် ၊ ဆန်တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် တွင် နွေစပါးပေါ်စအချိန် ဈေးမှာ(၄၆)ပေါင် တင်း(၁၀၀)ဈေးမှာ (၁၄၇၀၀၀၀)ကျပ် နှင့် ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဇွန်လနောက်ဆုံးပတ်တွင် နွေစပါး တင်း (၁၀၀)လျှင် (၁၄၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုလိုနွေစပါးဈေးကျဆင်းလာရခြင်းမှာ နွေစပါးလှိုင်လှိုင်ပေါ်လာခြင်း၊ ပြည်ပဝယ်လိုအားနည်းခြင်း၊ ရန်ကုန် Expoter ဝယ်လက်များများမှ ဝယ်လိုအားနည်းခြင်း တို့ကြောင့် စပါးဈေးများဆက်လက်ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အရောင်းသွက်နေသော ငါးဖယ်အောင်း (ခေါ် ) ငါးဖမ်းမငါးပိကောင်

    ငါးဖယ်အောင်(ခေါ်) ငါးဖမ်းမငါးများသည် ငါးသိုင်းမျိုးတွင်ပါဝင်ပြီး ငါးအလတ်စားမျိုး ဖြစ်ပါသည်။ ထိုငါးများကို ဆားဖြင့်နယ်ပြီး ငါးဆားနယ်(ခေါ်) ငါးပိကောင်ပြုလုပ်၍ ရောင်းချကြပါသည်။ ငါးဖမ်းမ(ခေါ်) ငါးဖယ်အောင်းငါးကို လူကြိုက်များသဖြင့် ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း၊ ကင်၍လည်းကောင်း စားသုံးကြပါသည်။ ပြည်မြို့ရှိဈေးများတွင် ငါးဖမ်းမ ငါးပိကောင်များကို ရောင်းချလျက်ရှိရာ  တစ်ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀)ကျပ်ဖြင့် ရောင်းချသလို အကောင်ချောပါက တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ချင်းဈေးကွက်

   ပြည်မြို့ရှိ ချင်းပွဲရုံများသို့ ရှမ်းပြည်နယ် ၊အောင်ပန်းဘက်မှ ချင်းများနေ့စဉ် ဝင်ရောက်လျက်ရှိရာ တစ်နေ့လျှင် တစ်အိတ် ပိဿာ(၃၀)ဝင်အိတ်ဖြင့် အိတ်ပေါင်း (၁၀၀/၁၅၀)ခန့် ဝင်ရောက်မှုများပြားကြောင်း၊ မိုးဦးကာကလဖြစ်၍ အရောင်းအဝယ်အေးကာ ပြည်မြို့နယ်အတွင်းရှိ လက်လီဝယ်သူများနှင့် လုပ်ငန်းရှင်များကလည်း ဝယ်လိုအားနည်းသွားသဖြင့် ချင်းဈေးများမှာ ယခင်ဇွန်လ ဒုတိယပတ်ထက်စာလျှင် ဈေးများကျဆင်းလာကြောင်း၊ ချင်းများဝင်ရောက်မှုများလာပြီး လက်ကျန်များနေသည့်အတွက် ချင်းဈေးများမှာ တစ်ပိဿာလျှင် (၁၂၀၀၀-၁၅၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ် အထိဈေးမြင့်ခဲ့ပြီး ယခုတစ်ပတ်တွင် ပွဲရုံဈေး (၁)ပိဿာလျှင် လက်ကားဈေး(၆၀၀၀)ကျပ်၊ လက်လီဈေး (၈၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း