ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်

     ဟင်းထုပ်သည် မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး လူကြိုက်များသည့် အစားအစာတစ်ခု ဖြစ်ပါသည်။ လူမျိုးဘာသာမရွေး အိမ်တွင်အလွယ်တကူလုပ်စားနိုင်၍ ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။ တောင်ငူမြို့တွင် ဟင်းထုပ်ပြုလုပ်ရန်အတွက် အသုံးပြုသော ပစ္စည်းများမှာ ကန်စွန်းရိုး၊ ငှက်ပျောဖူး၊ မျှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ဆီ၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ရဲယိုရွက်နှင့် ငှက်ပျောရွက်တို့ဖြစ်ပါသည်။

     ငှက်ပျောဖူးနှင့်မျှစ်တို့ကို ပါးပါးလှီး၍ ကန်စွန်းရိုးကိုအနေတော်အရွယ် လှီးဖြတ်ထားရပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကို ကြေညက်အောင်ထောင်းရပါမည်။ ဇလုံတစ်လုံးထဲတွင် လှီးထားသော အသီးအရွက်များကိုထည့်ရပါမည်။ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကိုထည့်ပြီး ဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်တို့ကိုထည့်၍ သမအောင်နယ်ရပါမည်။

    ငှက်ပျောရွက်ကို အစာသွပ်ပြီး ထုပ်သောအခါ အလွယ်တကူ ခေါက်ချိုးနိုင်ရန် ငှက်ပျောရွက်ကို အနည်းငယ်မီးကင်ရပါမည်။ ရဲယိုရွက်တစ်ရွက်ချင်းစီကိုလည်း သေချာစွာ ဆေးကြောရပါမည်။ ဟင်းထုပ်ထုပ်ရန်အတွက် ပထမဦးစွာ ငှက်ပျောရွက်ကိုခင်းပြီး ငှက်ပျောရွက်ပေါ်တွင် ရဲယိုရွက်ကို ထပ်တင်ရပါမည်။ နယ်ထားသော အသီးအရွက်များကို တစ်ထုပ်စာခန့်ထည့်ပြီး ပုံစံကျအောင်ခေါက်ရပါမည်။

    ငှက်ပျောရွက်ဖြင့်ခေါက်ထားသော ဟင်းထုပ်များကို ပေါင်းအိုးထဲတွင် မိနစ်(၂၀)ခန့် ထည့်၍ ပေါင်းပြီးလျှင် ရောင်းတန်းဝင် ဟင်းထုပ်ပူပူလေးကို ရရှိပြီဖြစ်ပါသည်၊၊ တစ်နေ့လျှင် ဟင်းထုပ် အထုပ်ရေ (၁၀၀)ဝန်းကျင်ခန့်ထုပ်ပီး တစ်ထုပ်လျှင်(၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ကျောင်းဖွင့်ရာသီ စက်ဘီးဆိုင်များ စက်ဘီးရောင်းအားကောင်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ စက်ပစ္စည်းအရောင်းဆိုင်များ၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်းအရောင်းဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များ၊ စက်ဘီးအရောင်းဆိုင်များ စုံလင်စွာရှိပါသည်။ ၂၀၂၃ခုနှစ်၊မေလ တတိယပတ်မှစ၍ ဇွန်လ ပထမပတ်ရက်များအတွင်း စက်ဘီးအရောင်းဆိုင်များတွင် စက်ဘီးများ အရောင်းသွက်လျက်ရှိပါသည်။

           တောင်ငူမြို့နယ်တွင် အထက်တန်းကျောင်း ၁၅ ကျောင်း၊ အလယ်တန်းကျောင်း ၂၃ ကျောင်းရှိပါသည်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများစွာရှိပါသည်။ ကျောင်းသားမိဘများသည် မိမိတို့၏သားသမီးများ ကျောင်းသွား ကျောင်းပြန် အဆင်ပြေစေရေးအတွက် စက်ဘီးများဝယ်ပေးကြပါသည်။ ကျေးလက်ဒေသရှိ ကျောင်းသားမိဘများသည် နွေစပါး၊ မတ်ပဲ ဈေးကောင်းရသည့်အတွက် မိမိတို့ သားသမီးများ ပညာသင်ကြားနိုင်ရန် လိုအပ်သည်များကို ထောက်ပံ့ပေးနေကြပါသည်။

           CROCODILE စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၂၁၅၀၀၀ ကျပ်၊ TOKYO စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၆၀၀၀၀ ကျပ်၊ Pheasant စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၉၀၀၀၀ ကျပ်၊ MARK-X စက်ဘီး ၂၄ လက်မ တစ်စီးလျှင် ၁၃၀၀၀၀ ကျပ်၊ MARK-X စက်ဘီး ၂၀ လက်မ တစ်စီး လျှင် ၈၀၀၀၀ ကျပ်၊ UNION စက်ဘီး ၂၆ လက်မ တစ်စီး လျှင် ၁၉၀၀၀၀ ကျပ် ဈေးရှိကြောင်း သိရ ပါသည်။

         တောင်ငူမြို့ရှိ စက်ဘီးအရောင်းဆိုင်များသည် ကိုယ်ပိုင်ကုမ္ပဏီထောင်၍ တင်သွင်း ရောင်းချခြင်းမဟုတ်ဘဲ ပြည်ပမှတင်သွင်းလာသည့် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ ဆိုင်များမှ ဝယ်ယူရောင်းချကြောင်း၊ နံပါတ် ၁ လမ်းရှိ အေဝမ်း စက်ဘီးအရောင်းဆိုင်၊ စိန် စက်ဘီးအရောင်း ဆိုင်၊ ကုန်သည်ကြီးလမ်းရှိ ရွှေဗဟိုရ် စက်ဘီးအရောင်းဆိုင်များတွင် တစ်ရက်လျှင် စက်ဘီး ၆ စီးမှ ၁၀ စီးအထိ ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ဈေးကွက်အတွင်း အာလူးဈေးနှုန်းမြင့်တက်လာ

       ကယားပြည်နယ်တွင် အာလူးကို လူမျိုးဘာသာမရွေးစားသုံးကြပြီး စားဖိုဆောင်သီးနှံ အနေဖြင့် ချက်ပြုတ်စားသုံးကြပြီး မုန့်သရေစာအဖြစ် အာလူးကြော်လုပ်ငန်းများလည်း ရှိပါသည်။ အာလူးကို ယခင်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ ဒီမော့ဆိုမြို့နယ် ၊ သေးဆူလဲကျေးရွာတို့တွင် စိုက်ပျိုးကြပါသည်။ စိုက်ဧရိယာ(၅၁၃)ဧက ရှိကြောင်း၊ ရိတ်ဧရိယာ မှာလည်း (၅၁၃) ဧကရှိကြောင်းနှင့် ထွက်ရှိမှုနှုန်းအနေဖြင့် တစ်ဧကလျှင် (၁၉၀၀.၇၉) ပိဿာရှိပြီး စုစုပေါင်းအထွက်မှာ (၉၇၅၁၀၆) ပိဿာရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါ သည်။

        ဈေးနှုန်းများအနေဖြင့်လည်း ၂၀၂၃ခုနှစ် ဇွန်လ တတိယလပတ်တွင် အာလူးအကြီး၊ အသေးပေါ် မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်အထိရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၅၀၀) ကျပ်မှ (၈၀၀) ကျပ်အထိ မြှင့်တက်လာကြောင်း အာလူး ရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(Kayah)

မနက်ခင်းစာ ပဲပြုတ်ပူပူလေးလည်း ဈေးတက်

     မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော ပဲပြုတ်ကို မြန်မာတို့သည် နံနက်စာ ထမင်းပူပူ လေးနှင့်စားသုံးကြပါသည်။ ပဲပြုတ်ကို ဆီဆမ်းပြီး ထမင်းပူပူလေးနှင့်စားသကဲ့သို့ ထမင်းကြော်၊ ပလာတာ၊ နံပြား၊ အီကြာကွေးတို့နှင့်လည်း စားသုံးကြပါသည်။ ပဲပြုတ်ကို နံနက်စောစောတွင် ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများရှိသကဲ့သို့ လူစည်ကားရာလမ်းဘေးတွင် အထိုင်ရောင်းချသူများလည်း ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကိုရရှိရန် နှစ်ရက်ခန့် အချိန်ပေးရပါသည်။

       ပဲပြုတ်ကို စားတော်ပဲဖြင့်ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေးလေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။ နောက်တစ်နေ့ ပဲအညှောင့် ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့်ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွားလျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

     စားတော်ပဲကို ယခင် ပိဿာ ၃၀ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရစဉ်က ပဲပြုတ် တစ်ဆယ်ကျပ်သားကို ၅၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ယခုအခါတွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ် ပေးရသဖြင့် ပဲပြုတ် ၁၀ ကျပ်သားကို ၇၀၀ ကျပ်ရောင်းပါကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ဆက်လက်မြင့်တက်လာသော ချင်း(ဂျင်း)ဈေးနှုန်း

          ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည် နယ်အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက် ခူကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

       ချင်း(ဂျင်း)ကို ဟင်းခတ်အမွေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင်အသုံးများသဖြင့် ပြည်နယ်အတွင်း စားသုံးမှုများပါသည်။ ဇွန်လဒုတိယပတ်တွင် ဈေးကွက်အတွင်း တစ်ပိဿာလျှင် (၄၅၀၀)၊ (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်မေလဒုတိယပတ်တွင် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခုဇွန်လဒုတိယပတ်နှင့် ယခင် မေလဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်လျှင် တစ်ပိဿာလျှင်(၅၀၀)၊ (၁၀၀၀)ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ချင်း(ဂျင်း)စိုက်တောင်သူများ စိုက်ဧကအနည်းငယ်သာစိုက်ပျိုးနိုင်ပြီး ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေး ရှိ ချင်း(ဂျင်း)ရောင်းချသူ တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့တွင်း စက်သုံးဆီ‌ဈေးနှုန်းများ

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိ ပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် မေလ တတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၁၉၅၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၀) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၀၀၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀၉၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုဇွန်လ တတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၁၁၅) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၀၈၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၁၇၅) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။

     ယခင်မေလတတိယပတ် နှင့် ယခုဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၈၀)ကျပ်နှင့် ဓါတ်ဆီ(95)တစ်လီတာလျှင် (၈၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ သိရှိရပါသည်။ 

Doca Kayah

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

       တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၄၈၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၈၅၀ကျပ်၊ မနောသုခ တစ်ပြည် ၂၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၄၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၂၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၈၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၅၈၀၀ကျပ်မှ ၇၆၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၄၆၀၀ကျပ်မှ ၅၄၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၄၂၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၆၅၀၀ကျပ်မှ ၂၄၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၆၅၀ကျပ်မှ ၁၂၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၄၅ကျပ်မှ ၂၇၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၈၀၀ကျပ်မှ ၁၁၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၁၂၀၀ကျပ်မှ ၁၆၅၀၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(နေပြည်တော်ကောင်စီ)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၆.၂၀၂၃ )

     ၁၉.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း