ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၄.၂၀၂၃ )

    ၄.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

နွေဦးရာသီ၏ ရာသီစာ မန်ကျည်းဖျော်ရည်နှင့် ကြံရည်အေးအေးလေးအကြောင်း

     ယခု ၂၀၂၃ခုနှစ်၊ ပူအိုက်သောနွေဦးရာသီတွင် ရာသီစာ မန်ကျည်းဖျော်ရည်နှင့် ကြံရည်များအရောင်းသွက်လျက်ရှိပါသည်။ မန်ကျည်းဖျော်ရည်ပြုလုပ်ရာတွင် အဓိကအားဖြင့် မန်ကျည်းမှည့်အနှစ်၊ ထန်းလျက်ရည်၊ ရေခဲနှင့် အမဲရောင်ကျောက်ကျောလေးများပါဝင်ပါသည်။ အဆိုပါ ပါဝင်ပစ္စည်းများကိုရောနှော၍ ရေခဲနှင့် သမအောင်မွှေပြီးလျှင် အရသာချိုချဉ်အေးမြသော မန်ကျည်းဖျော်ရည်တစ်ခွက်ရရှိပြီဖြစ်ပါသည်။

      ကြံရည်အတွက်မူ ကြံရိုးနှင့် ရေခဲသာပါဝင်ပါသည်။ ကြံရည်ကို ကြိတ်စက်တွင်ကြိတ်ပြီး ရေခဲနှင့်သမအောင်မွှေပြီးလျှင် ချိုမြိန်သောကြံရည်အေးအေးလေးတစ်ခွက်ရရှိပြီဖြစ်ပါသည်။ ကြံရည်ထဲတွင် သံပရာသီးစိတ်ကလေးများကိုထည့်ပါက ပို၍လိုက်ဖက်ပြီး အနံ့မှာ အမူးအမော်ပြေစေပါသည်။

      နွေရာသီသည် ပူပြင်း၍ လူများရေဓာတ်ကုန်ခမ်းသောကြောင့် အားအင်ချည်နဲ့မှုများခံစားရသောအခါ ယင်းမန်ကျည်းဖျော်ရည်နှင့် ကြံရည်အေးအေးလေးများကိုသုံးဆောင်လိုက်ရလျှင် လန်းဆန်းမှုများခံစားရခြင်းတို့ကြောင့် ယခု နွေဦးရာသီတွင် မန်ကျည်းဖျော်ရည်နှင့် ကြံရည်များအရောင်းသွက်ရခြင်းဖြစ်ပါသည်။

   မန်ကျည်းဖျော်ရည်ကို လက်တွန်းလှည်းများဖြင့် မြို့အနှံ့လှည့်လည်ရောင်းချကြသည့်အပြင် ဆိုင်ခန်းငယ်များဖြင့်လည်းရောင်းချကြပါသည်။ မန်ကျည်းဖျော်ရည်တစ်ခွက်လျှင် ၅၀၀ကျပ်နှင့် ကြံရည်တစ်ခွက်လျှင် ၇၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ယခု နွေရာသီတွင် တစ်ရက်လျှင် မန်ကျည်းဖျော်ရည်နှင့် ကြံရည်များကို (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျပ်ခန့်ထိရောင်းချရကြောင်း  လေ့လာသိရှိခဲ့ရခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၏ မြေပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

     တောင်ငူခရိုင်တွင် မိုးမြေပဲ ၈၀၈၃ဧက၊ ဆောင်းမြေပဲ ၁၉၁၉၆ဧက၊ စုစုပေါင်း ၂၇၂၇၉ဧကစိုက်ပျိုးပြီး ခန့်မှန်းအထွက်နှုန်းမှာ ၆၄.၀၄တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသဖြင့် မြေပဲအထွက်မှာ ၁၇၄၇၂၁၈တင်းခန့်ရှိပါသည်။

     မိုးမြေပဲတစ်ဧကကုန်ကျစရိတ်မှာ ၅၆၃၀၀၀ကျပ်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းဇယားအရ တစ်ဧကအထွက်နှုန်းမှာ ၅၀.၉၂တင်းရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်)သီးနှံပေါ်ချိန်၌ ဒေသပေါက်ဈေးမှာ မြေပဲတစ်တင်းလျှင် ၁၇၀၀၀ကျပ်ရှိပါသည်။

    ဆောင်းမြေပဲတစ်ဧကကုန်ကျစရိတ်မှာ ၅၅၈၀၀၀ကျပ်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းဇယားအရ တစ်ဧကအထွက်နှုန်းမှာ ၆၉.၅၇တင်းရှိပါသည်။ သီးနှံပေါ်ချိန်၌ ဒေသပေါက်ဈေးမှာ မြေပဲတစ်တင်းလျှင် ၁၉၀၀၀ကျပ်ရှိပါသည်။

      ဆီစက်ပိုင်ရှင်များက တောင်သူများသည် မြေပဲများကို နဝလီကြိတ်ခွဲလိုလျှင် ကြိတ်ခွဲပေးပြီး တောင်သူများရောင်းချလျှင် လက်ရှိဒေသပေါက်ဈေးမှာ မြေပဲတောင့်တစ်တင်းလျှင် ၂၅၀၀၀ကျပ်၊ မြေပဲဆံ(ထိပ်စ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၅၈၀၀ကျပ်နှင့် သောင်းပြောင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၂၀၀ကျပ်ထိဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသော တောင်ငူမြို့မှ ရှူးဂါးကင်းနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများ

     တောင်ငူမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှထွက်ရှိသော စားပြောင်းဖူးများကို အခင်းဈေးတစ်ဖူးလျှင် ၂၅၀ကျပ်၊ ၁၀ဖူးလျှင် ၂၄၀၀ကျပ်၊ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ၁ဖူးလျှင် ၃၀၀ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့်စုပ်တင်၍ ရှူးဂါးကင်းစားပြောင်းဖူးများနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများကိုစိုက်ပျိုးကြပါသည်။ ပြောင်းဖူးများသည် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရနေပါသည်။

   ယခင်နှစ်၌ အထိုင်ဈေးမှာ ၂၃၀ကျပ်ဖြင့်ရောင်းရကြောင်း၊ ယခုနှစ်၌ ရှူးဂါးကင်းမျိုးတစ်ထုပ်လျှင် ၃၆၀၀၀ကျပ်၊ ပါပယ်ဝွိုက်မျိုးတစ်ထုပ်လျှင် ၂၆၀၀၀ကျပ်ဖြင့် ဝယ်ယူရပါသည်။ တစ်ဧကစိုက်ပျိုးမှုအတွက် မျိုး ၄ထုပ်ဝယ်ရသဖြင့် တစ်ဧကမျိုးဖိုးအနေဖြင့် ရှူးဂါးကင်းတစ်ထုပ်လျှင် ၁၄၄၀၀၀ကျပ်၊ ပါပယ်ဝွိုက်တစ်ထုပ်လျှင် ၁၀၄၀၀၀ကျပ်ကုန်ကျပါသည်။ မြေဩဇာဈေးနှုန်းမှာ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ၈၆၀၀၀ကျပ်၊ အာမို(၁၅:၁၅)ပတ်လည် တစ်အိတ်လျှင် ၁၂၂၀၀၀ကျပ်၊ အပင်ရွက်ဖျန်းအားဆေးတစ်ထုပ်လျှင် ၃၃၀၀၀ကျပ်ရှိပါသည်။

     မြေပြုပြင်ခြင်းအတွက် ထယ်ထိုးခမှာ တစ်ဧကလျှင် ၄၀၀၀၀ကျပ်၊ ပေါင်းမြက်ကောက်ခြင်းအတွက် လုပ်သား ၂ ဦး၏လုပ်သားခမှာ ၁၂၀၀၀ကျပ်၊ ဘောင်ဆွဲရာတွင် လုပ်သား ၈ဦးအတွက် လုပ်သားခမှာ ၄၈၀၀၀ကျပ်၊ ပြောင်းစိုက်လုပ်သား ၅ယောက်အတွက် လုပ်သားခမှာ ၃၀၀၀၀ကျပ်၊ ဆောင်းပြောင်းစိုက်ပျိုးရာတွင် ရေနှစ်ကြိမ်သွင်းရသောကြောင့် ဒီဇယ်ဆီဖိုးမှာ ၆၀၀၀၀ကျပ်၊ ပြောင်းဖူးချိုး၊ ပင်ခုတ်သယ်ယူခြင်းအတွက် လုပ်သားခမှာ ၆၀၀၀၀ ကျပ်၊ ရှမ်းဝတီးရွာမှ တောင်ငူမြို့သို့ သယ်ယူရာတွင် ပြောင်းဖူးတစ်ဧကလျှင် ၃ခေါက်သယ်ယူရသဖြင့် တစ်ခေါက်လျှင် ၂၀၀၀၀ကျပ်နှုန်းဖြင့် သယ်ယူခမှာ ၆၀၀၀၀ကျပ်ကုန်ကျပါသည်။

    စားပြောင်းဖူးမျိုးတစ်ထုပ်လျှင် မျိုးစေ့ ၄၀၀၀ခန့်ပါဝင်ကြောင်း၊ တစ်ဧကလျှင် ၄ထုပ်စိုက်ပျိုးရ၍ ခုနစ်ဆယ်ရာခိုင်နှုန်းအပင်ပေါက်ကြောင်း၊ ကြွက်ဖျက်ဆီးမှုမရှိလျှင် ပြောင်းဖူး ၁၁၂၀၀ဖူးထွက်ရှိကြောင်း၊ အထိုင်ဈေးတစ်ဖူးလျှင် ၂၄၀ကျပ်ရောင်းရလျှင် ၂၆၈၈၀၀၀ကျပ်ရရှိကြောင်း၊ စိုက်ပျိုးစရိတ်ကုန်ကျငွေစုစုပေါင်း ၅၄၉၀၀၀ကျပ်နုတ်လျှင် ပြောင်းဖူးတစ်ဧကအတွက် အကျိုးအမြတ်မှာ ၂၁၃၉၀၀၀ကျပ်ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ရာသီစာ ဥသျှစ်ရွက်အကြောင်း တစေ့တစောင်း

     မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ရာသီစာအစားအစာများရှိပါသည်။ မြန်မာလူမျိုးအများစုသည် ရာသီအလိုက်ပေါ်သောရာသီစာများအား နှစ်ခြိုက်စွာစားသုံးကြပါသည်။ ဥသျှစ်ရွက်များမှာ ယခုအချိန်အခါဖြစ်သော မတ်လမှ မေလအတွင်းပေါ်သည့် ရာသီစာဖြစ်ပါသည်။

     တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ဥသျှစ်ရွက်များပေါ်နေပြီဖြစ်ပါသည်။ ဥသျှစ်ရွက်များကို တောင်ငူမြို့၏အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ဥသျှစ်ရွက်များကို အပုံလေးများပုံကာ တစ်ပုံလျှင် ၃၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

     မြန်မာလူမျိုးများသည် ဥသျှစ်ရွက်ကို အချဉ်ရည်ဟင်းချက်ရာတွင် ထည့်ချက်၍လည်းကောင်း၊ ငါးပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ်အဖြစ်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြပါသည်။

      ဥသျှစ်ရွက်ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ်တစ်ဇွန်းခန့်တိုက်ပေးလျှင် ကလေးများဝမ်းပျက်ရောဂါနှင့် ချွဲသလိပ်ကျပ်ရောဂါများလည်း ပျောက်ကင်းစေပါသည်။ ဥသျှစ်ရွက်ကိုအရည်ညှစ်၍ နံနက်၊ ညသောက်ပေးပါက ဖျားနာခြင်း၊ မျက်ရည်ပူယိုခြင်းနှင့် ချောင်းဆိုးခြင်းများကို ပျောက်ကင်းစေနိုင်ပါသည်။ ကလေးများသန်ထလျှင် ဥသျှစ်ရွက်ညှစ်ရည်ကို ကလေးအသက်အရွယ်အလိုက် ချင့်ချိန်၍တိုက်ပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်ကြောင်း လေ့လာသိရှိခဲ့ရခြင်းအား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၏ အုတ်ဈေးကွက်

     ပွင့်လင်းရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အုတ်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များ၏ မြေအုတ်လုပ်ငန်းများမှာ အရောင်းသွက်နေကြပါသည်။ အုတ်လုပ်ငန်းကို မိုးအကုန်နှင့် ဆောင်းအကူးဖြစ်သော နိုဝင်ဘာလတွင် စတင်လုပ်ကိုင်ကြပါသည်။ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များရရှိမှသာ လုပ်ငန်းများစတင်ဆောင်ရွက်သည်ဟု သိရှိရပါသည်။

      လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့်လုပ်သားများအတွက် နေထိုင်မှုအဆင်ပြေစေရန် ယာယီတဲများထိုးပေးခြင်း၊ လုပ်သားခများမရရှိမီ လုပ်ငန်းခွင်တွင်အဆင်ပြေစေရန် ဆန်အိတ်၊ ဆီပုံးများကို ကြိုတင်ထုတ်ပေးခြင်းများဆောင်ရွက်ရပါသည်။ လုပ်ငန်းခွင်တွင် အထိုင်ကျလာသည့်အခါ၊ လုပ်သားခများစုမိလာသည့်အချိန်တွင် ကြိုတင်ငွေများကို ပြန်လည်ခုနှိမ်ပါသည်။

     လုပ်ငန်းများစတင်သည်နှင့် ရွှံ့အုတ်များနေလှန်းရန် မြေနေရာရှင်းလင်းခြင်း၊ ထင်းစုဆောင်းခြင်းများဆောင်ရွက်ရပါသည်။ နေလှန်းအုတ်များခြောက်လာသည့်အခါ မီးဖုတ်ရန် အုတ်လုံးရေ ၁၅၀၀၀လုံးခန့်စီ၍ ဖိုဆင်ရပါသည်။ ဖိုဆင်ပြီးလျှင် ထင်းထိုးရန်မီးတင်ရပါသည်။ ထင်းဖြင့် မီးတင်သည့်အုတ်ဖိုများရှိသကဲ့သို့ စပါးခွံဖြင့် မီးတင်သည့်အုတ်ဖိုများလည်းရှိပါသည်။

   ကြယ်သုံးလုံးအုတ်လုပ်ငန်းသည် အုတ်များကိုထင်းမီးဖြင့်သာ ကျက်အောင်ဖုတ်ရပါသည်။  ယခင်နှစ် ၂၀၂၂ခုနှစ်က ထင်းဖောကားတစ်စီးလျှင် ၆၅၀၀၀ကျပ်ပေးရပြီး ယခုနှစ် ၂၀၂၃ခုနှစ်တွင် ၈၀၀၀၀ကျပ်ပေးရပါသည်။ ယခင်နှစ်က အုတ်ဈေးနှုန်းမှာ အထိုင်ဈေးတစ်လုံးလျှင် ၉၀ကျပ်ဖြစ်ပြီး ယခုနှစ်တွင် အထိုင်ဈေးတစ်လုံးလျှင် ၁၀၅ကျပ်ဖြစ်ပါသည်။ တောင်ငူမြို့တွင်း အရောက်ပို့ပေးရလျှင် အုတ်လုံးရေ ၂၀၀၀လုံးအောက်ဖြစ်ပါက တစ်လုံးလျှင် ၁၂၀ကျပ်၊ အုတ်လုံးရေ ၂၀၀၀လုံးအထက်ဖြစ်ပါက တစ်လုံးလျှင် ၁၁၅ကျပ်ဖြင့် ပို့ဆောင်ပေးပါသည်။

     ကြယ်သုံးလုံးအုတ်လုပ်ငန်းတွင် လုပ်သားအင်အား ၁၂၀ဦးခန့်ရှိကြောင်း၊ ပွင့်လင်းရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ကြသည့်အတွက် အရောင်းသွက်ကြောင်း၊ ဧပြီလနောက်ပိုင်းတွင် အုတ်ကျင်းမှမီးဖုတ်အုတ်များကို ဂိုဒေါင်ထဲထည့်ကာ လှောင်ထားကြောင်း၊ မိုးရာသီတွင် အုတ်ဈေးအနည်းငယ်တက်ကြောင်း၊ အကျိုးအမြတ်များစွာမရရှိသော်လည်း လုပ်သားများအား အလုပ်အဆင်ပြေစေရန်ဆောင်ရွက်ပေးနိုင်သည့်အတွက် ကျေနပ်အားရပါကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

လင်းယောခင်ကျေးရွာထွက် တာခြင်းတောင်းအကြောင်း တစေ့တစောင်း

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ လင်းယောခင်ကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းအပြင် မိရိုးဖလာလုပ်ငန်းဖြစ်သော တာခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြပါသည်။ အများအားဖြင့် မိသားစုများ တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းလုပ်ကိုင်ကြသောလုပ်ငန်းဖြစ်ပါသည်။

   တာခြင်းတောင်းယက်လုပ်ခြင်းအတွက် အဓိကလိုအပ်သောကုန်ကြမ်းမှာ သပွတ်ဝါးဖြစ်ပါသည်။ တာခြင်းတောင်းပြုလုပ်ပုံမှာ ၎င်းဝါးသပွတ်အား ခွဲခြမ်းစိတ်ဖြာ၍ ပုံဖော်ယက်လုပ်ရပါသည်။ တာခြင်းတောင်းယက်လုပ်ရာတွင် လိုအပ်သောဝါးအား ဖြူးမြို့၊ အနောက်ပဲခူးရိုးမတောင်ပေါ်မှ  ဝယ်ယူရရှိပါသည်။ လိုအပ်သောကုန်ကြမ်းဝါးအား ဝါးအလုံး ၃၀ပါ တစ်စည်းလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရရှိပါသည်။

     တာခြင်းတောင်းများအား ၅လုံးတစ်တွဲတွဲ၍ ရောင်းချကြပါသည်။ တာခြင်းတောင်း ၁လုံးလျှင် အကြီး ၆၀၀ကျပ်နှင့် အရွယ်အစားအနည်းငယ်သေးသော ခြင်းတာင်း ၁လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

   တာခြင်းတောင်းအား နွားချေးသယ်ယူရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်များ၌ မြေကြီးသယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ လင်းယောခင်ကျေးရွာထွက် တာခြင်းတောင်းများအား ဒေသတွင်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် တောင်သူဦးကြီးများအနေဖြင့် နွားချေးများကိုကျုံး၍ စွန့်ပစ်ရာတွင် ၎င်းတာခြင်းတောင်းများအား အသုံးပြုကြရသောကြောင့် တာခြင်းတောင်း များ၏ ဈေးကွက်များမှာ တည်မြဲနေမည်ဖြစ်ပါကြောင်း လေ့လာသိရှိခဲ့မှုအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

နာနတ်သီးဈေးကွက်နှင့် နာနတ်သီး၏အကျိုးကျေးဇူး

   တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးတွင် ရာသီချိန်အလိုက် နာနတ်သီးများရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားတွင် တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်နှုန်းထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်းပြီး အရသာရှိသည့်အသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ကောင်းမွန်သောအကျိုးအာနိသင်များစွာပါဝင်ပါသည်။

    နာနတ်သီးတွင် ဗီတာမင်စီ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီနှင့် ဗီတာမင် B6 စသည့် အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါသည်။ နာနတ်သီးစားခြင်းဖြင့် ဗီတာမင်နှင့် သတ္တုဓာတ်များပြည့်ဝစွာရရှိခြင်း၊ အစာကြေညက်စေခြင်း၊ ရောင်ရမ်းခြင်းကိုသက်သာစေခြင်း၊ ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ အဆစ်ရောင်ခြင်းကိုသက်သာစေခြင်း၊ နလန်ထမြန်စေခြင်းနှင့် နှလုံးကျန်းမာရေးကိုကောင်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိပါသည်။

    နာနတ်သီးသည် အရည်ရွှမ်းသောအသီးဖြစ်သောကြောင့် ယခုကဲ့သို့ ပူအိုက်သောရာသီတွင် အသီးအနေဖြင့်လည်းကောင်း၊ ဖျော်ရည်အနေဖြင့်လည်းကောင်း စားသုံးနိုင်ပါသည်။ ယခုရာသီတွင် နာနတ်သီးများအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၌ ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိရှိပြီး  ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိ၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

     ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်ထိရှိပြီး ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၁၀၀ကျပ်မှ ၁၂၀ကျပ်ထိ၊ သခွါးသီး(ဒေသသီး)တစ်ပိဿာလျှင် ၁၃၀၀ကျပ်ရှိပြီး ရှမ်းပြည်သီး၁ပိဿာလျှင် ၁၈၀၀ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။

   ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ဂေါ်ဖီတစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၂၂၀ကျပ်ထိဖြစ်၍  ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

    ပြောင်းဖူး(အဖြူ/အဝါ)နှစ်မျိုးလုံးသည် အဖူးကြီးတစ်ဖူးလျှင် ၃၀၀ကျပ်၊ အဖူးသေးလျှင် ၂၀၀ကျပ်ဖြစ်ပြီး ၁၀ဖူးဝယ်လျှင် ၁၈၀၀ကျပ်ဖြစ်၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

     ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းယူလျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းဝယ်လျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချပါသည်။ နံနံပင်တစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်ဖြစ်ပြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူ

      မြန်မာလူမျိုးတို့၏ သားရည်စာအဖြစ် စားသုံးသောမုန့်များတွင် ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။  ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူပြုလုပ်ရာတွင် ပါဝင်သောကုန်ကြမ်းပစ္စည်းများမှာ မုန့်တီမုန့်ဖတ်(အသေး)၊ ငါး၊ ငါးပိ၊ ငံပြာရည်၊ စပါးလင်၊ ပတဲကော၊ ချင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းများဖြစ်ပါသည်။

     အာပူလျှာပူဟင်းရည်ချက်ပုံမှာ ရှေးဦးစွာ စပါးလင်၊ ပတဲကော၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းများအား ထောင်းထားရပါမည်။ ထို့နောက် ကြိုက်နှစ်သက်ရာငါး၊ ထောင်းထားသောစပါးလင်၊ ပတဲကောနှင့် ကြက်သွန်ဖြူများအား ရောနှော၍ပြုတ်ပြီး ငါးပိ၊ ငံပြာရည်၊ အချိုမှုန့်၊ ကြက်သားမှုန့်များကို လိုအပ်သည့်အတိုင်းထည့်လိုက်လျှင် စားကောင်းသောအာပူလျှာပူဟင်းရည်ရရှိမည်ဖြစ်ပါသည်။ မုန့်တီမုန့်ဖတ်ထဲသို့ ထိုဟင်းရည်ထည့်လိုက်ပြီး အာပူလျှာပူအဖြစ် စားသောက်ကြပါသည်။

     ဖြူးမြို့နယ်ရှိထူးစွဲ ရခိုင်မုန့်တီဆိုင်တွင် အာပူလျှာပူရိုးရိုး(ငုံးဥပါ)တစ်ပွဲလျှင် ၅၀၀ကျပ်၊  အကြော်ထည့်လျှင် ၇၀၀ကျပ်၊ ငါးဖယ်ထည့်လျှင် ၈၀၀ကျပ်နှင့် အစုံထည့်လျှင် ၁၀၀၀ကျပ်ဟူ၍ လေးမျိုးခွဲခြားရောင်းချကြောင်း သိရှိရပါသည်။

     “ထူးကဲ” အာပူလျှာပူဆိုင်သို့ ခရီးသွားပြည်သူများနှင့် ဖြူးဒေသမှစားသုံးသူများ လာရောက်သုံးဆောင်ကြကြောင်းနှင့် ဈေးနှုန်းမှာလည်း အသင့်အတင့်သာရှိသဖြင့် လူတန်းစားမရွေးစားသုံးနိုင်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း