
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ(၂၀)ရက်နေ့တွင် စဉ့်ကိုင်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ Mahar NET အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား သွားရောက်ပြီး တာဝန်ခံနှင့်တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပတ်သက်သည့် အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များစသည့်စားသုံးသူကာကွယ်ရေးဥပဒေပါအချက်မျာအား လိုက်နာရန်လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက်အရေးကြီးဆုံးသောအင်တာနက်ဝန်ဆောင်မှုတစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များမဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ နှင့် ရှင်းလင်းကြိုတင်အသိပေးဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)