Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်း

ထိုင်းနိုင်ငံ
ဟင်းသီးဟင်းရွက်နှင့် လူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများကို ခြေရာခံစောင့်ကြည့်လျှက်ရှိသည့် သတင်း
၁။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အခြားလူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများမြင့်တက်လာခြင်းအပေါ် အနီးကပ်စောင့်ကြည့်လျှက်ရှိ ကြောင်း၊ ရေကြီးမှု၊ ဆီဈေးမြင့်တက်မှုနှင့်ကုန်ကြမ်းဈေးနှုန်းများမြင့်တက်မှုတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်သူ များအား ၎င်းတို့၏ထုတ်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုထားကြောင်း၊၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ ဘန်ကောက်နှင့်အနီးတစ်ဝိုက် တွင် မိုဘိုင်းယူနစ် အစီး(၅၀)ဖြင့် ဈေးနှုန်းချိုသာသောကုန်ပစ္စည်းများအား ထောက်ပံ့ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊အစိုးရ၏မကြာသေးမီကပိတ်ဆို့တားဆီးမှုများအပေါ်ဖြေလျှော့ဆောင်ရွက်ခဲ့မှုအစီအမံများသည် ပြည်သူများအား ၎င်းတို့၏အသုံးစရိတ်များ တိုးမြင့်လာစေရန် ဟင်းသီးဟင်းရွက် များနှင့် အခြားထုတ်ကုန်များအပေါ် ဝယ်လိုအားတိုးတက်လာစေရန်မျှော်လင့်ကြောင်း၊ ပြည်တွင်း ကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် ရေကြီးမှုနှင့်စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းအပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်လျှက်ရှိရာ၌လူသုံးကုန်ပစ္စည်း၊သန့်ရှင်းရေးနှင့်လျှော်ဖွပ်ရေးပစ္စည်းများ၊ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ အစားအစာများနှင့် ဆန်၊ ဥများ၊ သစ်သီးဝလံများ စသည့်လယ်ယာထုတ်ကုန်ပစ္စည်း များနှင့် ဝက်သားတို့ပါဝင်ကြောင်း၊ ၎င်းဉီးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူအများ၏ လူနေမှုစရိတ်ကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်းတွင် မိုဘိုင်းကုန်စုံစတိုး ဆိုင် ကားအစီးရေ(၁၀၀၀)ဖြင့် စေလွှတ်ရောင်းချ ပံ့ပိုး‌ဆောင်ရွက်ခဲ့ပြီး အထူးသဖြင့် ဆန်၊ ဥများနှင့် ဟင်းသီးဟင်းရွက်များကို ဖြန့်ဖြူးရောင်းချရာတွင်ကူညီရန်အတွက် ဒေသတစ်ခုစီရှိ ဗဟိုဈေးကြီး များ၊ လက်လီ/လက်ကားဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် အဆင့်သင့်ရှိနေပြီဖြစ် ကြောင်းနှင့် လယ်ယာထုတ်ကုန်များ အတွက် ဖြန့်ဖြူးရေးလမ်းကြောင်းအသစ်များ ဖော်ဆောင်ရန် ဌာနအနေဖြင့် ဘန်ကောက်မြို့တော်ရှိဓါတ်ဆီဆိုင်ကြီးများနှင့်လည်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ် - ဘန်ကောက်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ
နိုင်ငံခြားသားများကိုကူညီရန် ဘာသာစကားအမျိုးမျိုးဖြင့် hotline စတင်လိုက်သည့်တရုတ်နိုင်ငံ
၂။ နိုင်ငံခြားရေးရာများ၊ နိုင်ငံခြားနှင့်ဆက်နွယ်နေသည့် လုပ်ငန်းများနှင့် အကူအညီလိုအပ်နေ သည့်ကျွမ်းကျင်သူများကိုကူညီရန်ထိရောက်ပြီးအရည်အသွေးမြင့်သည့်အများပြည်သူဝန်ဆောင်မှု များ‌ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံက အောက်တိုဘာလ(၂၈)ရက်နေ့တွင် ဘာသာစကားအမျိုးမျိုး ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် (၁၂၃၄၅) hotline ကို စတင်လိုက်ကြောင်း၊ hotline နံပတ်(၁၂၃၄၅) သို့ခေါ်ဆိုပြီး နံပတ်(၃)ကို နှိပ်မည်ဆိုပါက နိုင်ငံခြားသားများအတွက် ကောင်စစ်ရေးရာကိစ္စများ၊ ဗီဇာကိစ္စ များ၊ APEC Business Travel Card ကိစ္စရပ်များနှင့် ကာကွယ်ဆေးကိစ္စများအတွက် အသံဖြင့်လမ်းညွှန်ချက်များကိုနားထောင်နိုင်မည်ဖြစ်ပြီးဝန်ဆောင်မှုပေးသည့်အချိန်မှာတနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက်(၉)နာရီမှ မွန်းတည့်အချိန်အထိနှင့် နေ့လည် (၂)နာရီမှ ညနေ(၆) နာရီဖြစ်ကြောင်း၊ဖုန်းအော်ပရေတာများကအင်္ဂလိပ်ဘာသာဖြင့်ဝန်ဆောင်မှုပေးကာ ကျိုးဟိုင်နိုင်ငံ ခြားရေးရုံးက ဂျပန်၊ကိုရီးယား၊ဂျာမန်နှင့်ရုရှားဘာသာစကားများ ပံ့ပိုးကူညီပေးကြောင်း၊ ၎င်းဝန် ဆောင်မှုမှာ ကြိုဆိုမှုများနှင့် တာဝန်ယူမှုများကို တပြေးညီဖြစ်စေကာ အချိန်မီအကြောင်းပြန်ကြား ပေးလျှက် စောဒကတက်မှုများကို ဖြေရှင်းပေးခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုသူများထံမှ တုံ့ပြန်ချက် များကို ‌ကောက်ယူစုဆောင်းကြောင်း၊ ယခုကဲ့သို့ ဘာသာစကားအမျိုးမျိုးဖြင့် hotline ဝန်ဆောင်မှု ပေးခြင်းမှာ ခေတ်မီအပြည်ပြည်ဆိုင်ရာ အဆင့်မြှင့်တင်ထားသည့် အထူးစီးပွားရေးဇုန် တည် ဆောက်ရေးကို အရှိန်မြှင့်တင်ကာ ကျိုးဟိုင်၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးပတ်ဝန်းကျင်အား အကောင်းဆုံးဖြစ်စေရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။
ကွမ်ရှီး လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ နန်နင်းနယ်မြေတွင် နိုင်ငံခြားကုမ္ပဏီပေါင်း (၂၅၀၀၀) ခန့် လုပ်ငန်းတည်ထောင်ပြီးဖြစ်သည့်သတင်း
၃။ ယခုနှစ်ပထမ(၉)လအတွင်း ကွမ်ရှီး လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်း နယ်မြေတွင် ကုမ္ပဏီအသစ်ပေါင်း(၁၇၁၀၀)တည်ထောင်ခဲ့ကာ ယခင်နှစ်ကထက် (၂၅၂.၉%) တိုး တက်ခဲ့ကြောင်း၊ ကွမ်ရှီး လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့ကာ စုစုပေါင်းဧရိယာ(၄၆.၈ sq.ft) ကျယ်ဝန်းကြောင်း၊ နန်နင်း နယ်မြေတွင် ခေတ်မီဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စမတ်နည်းပညာသုံး ကုန်စည်သယ်ယူ ပို့‌ဆောင်ရေး၊ အသစ်ပေါ်ထွန်းလာသည့် စက်မှုကုန်ထုတ်လုပ်ရေးနှင့် ယဉ်ကျေးမှု၊အားကစားနှင့် ဆေးဝါးဟူသည့် ကဏ္ဍကြီး (၅)ရပ်အပေါ် အထူးအလေးထားကာ ဆောင်ရွက်နေကြောင်း၊ လက်ရှိ အချိန်တွင် နန်နင်းနယ်မြေ၌ လုပ်ငန်းကြီးများဖြစ်ကြသည့် Deutsche Post DHL China Taiping Insurance Group နှင့် Alibaba တို့အပါအဝင် ကုမ္ပဏီပေါင်း(၂၅၀၀၀)ကျော်တို့အား ၎င်းတို့၏ လုပ်ငန်းများကို လာရောက်တည်ထောင်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
နိုဝင်ဘာ(၁)ရက်နေ့တွင် ရှန်တုန်းရေနံချက်စက်ရုံမှ ဓါတ်ဆီနှင့်ဒီဇယ်ဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည့်သတင်း
၄။ နိုဝင်ဘာလ (၁)ရက်နေ့၌ ရှန်တုန်းရေနံချက်စက်ရုံမှ ထုတ်လုပ်သည့် ဓါတ်ဆီဈေးနှုန်းမှာ တစ်တန်လျှင်ယွမ်ငွေ(၈၄၇၄.၈၀)နှင့် ဒီဇယ်ဆီဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ(၈၁၀၇.၄၀)အသီး သီး ရှိခဲ့ကြောင်း၊၎င်းစက်ရုံမှထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ‌ကောင်းစွာဆောင်ရွက်နေသည်ဖြစ် ကြောင်း၊ လုပ်ငန်းသုံးဈေးနှုန်း(transaction price) များအနေဖြင့် guoliu မော်တော်ယာဉ်သုံး 92# ဓါတ်ဆီ ဈေးနှုန်းမှာ ယွမ်ငွေ (၈၄၅၀ မှ ၈၆၅၀ ကြား)၊guoliu မော်တော်ယာဉ်သုံး 95# ဓါတ်ဆီ ဈေးနှုန်းမှာ ယွမ်ငွေ (၈၅၅၀ မှ ၈၇၅၀ ကြား)၊guoliu မော်တော်ယာဉ်သုံး 0 # ဒီဇယ်ဆီဈေးနှုန်းမှာ ယွမ်ငွေ(၈၀၀၀ မှ ၈၂၀၀ ကြား)ဖြစ်ပေါ်နေကြောင်း၊ ရေနံစိမ်းကြိုရောင်းကြိုဝယ်ဈေးနှုန်းမှာ ပိုမို မြင့်မားသည့်ဈေးနှုန်း ဖြစ်ပေါ်နေသဖြင့် U.S. WTI ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၈၃.၅၇)အထိ လည်းကောင်း၊Brentရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၈၃.၇၂)အထိလည်းကောင်း အဓိကစာချုပ်ဈေးနှုန်းများဖြစ်ပေါ်နေကြောင်း၊ လက်ရှိအချိန်တွင် လောင်စာဆီဈေးကွက်မှာ စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် ကျင်းပ မည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် ၎င်းတို့၏မိတ်ဖက်များကျင်းပသည့် အစည်းအဝေး၏ ရလာဒ်ကို စောင့်ဆိုင်းနေကြောင်းသိရှိရပါသည်။
(ရင်းမြစ်-နန်နင်းမြို့ စီးပွား‌ရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု ဉီးဆောင်နေသည့် မြို့ကြီး ၅ မြို့တွင် “အခွန်ကင်းလွတ် စီးပွားရေး”အစီအစဉ်များ အစပျိုးရန်စီစဉ်ခြင်း
၅။ တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှု ပိုမိုများပြားလာခြင်းဖြင့် စီးပွား‌ရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ၎င်း၏ Dual circulation Strategy ခေါ် နှစ်ဆလည်ပတ်မှု ဗျူဟာကို ပံ့ပိုးရန် နောက်ထပ်နည်းလမ်းများကို ရှာဖွေနေရာ တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုကို ဉီးဆောင်နေသည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ တီယံကျင်းနှင့် ချုံချင်းမြို့ကြီး (၅)မြို့တို့တွင် အခွန်လွတ်စီးပွားရေး အစီအစဉ်များ အစပျိုးခြင်းဖြင့် ယင်းမြို့(၅)မြို့အား နိုင်ငံတကာစားသုံးသူဗဟိုပြုမြို့များအဖြစ် ဉီး‌ဆောင်အခန်းကဏ္ဍမှ ပါဝင်စေမည်ဖြစ်ကြောင်း၊ ပေကျင်းနှင့်ရှန်ဟိုင်းတွင် နိုင်ငံတကာအမှတ် တံဆိပ်များကို ပိုမိုဆွဲဆောင်ရန်၊ အခွန်လွတ်ဆိုင်အရေအတွက် တိုးမြှင့်ရန်၊ အခွန်လွတ်ကုန်ပစ္စည်း အမျိုးအစားများပိုမိုခွင့်ပြုရန်နှင့် စားသုံးသူတစ်ဉီးလျှင်အခွန်လွတ်ဈေးဝယ်ခြင်းခွဲတမ်းကိုတိုးမြှင့်ရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ အ‌ကောက်ခွန်ကင်းလွတ်ဈေးဝယ်ခြင်း Duty – free - shopping သည် တရုတ်နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်အစီအစဉ်တွင် ပိုမိုထင်ရှားသောအခန်းကဏ္ဍမှ ပါဝင် နေမည်ဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော စည်းမျဉ်းစည်းကမ်းအမျိုးမျိုး အသုံးပြုဖြိုခွင်း ခြင်းသည် နိုင်ငံတကာအမှတ်တံဆိပ်များကိုစိတ်ပျက်စေကာ စားသုံးသူမြို့သူများ၏ ဖွံ့ဖြိုးတိုးတက် မှုကိုကန့်သတ်နိုင်သည်ဟု လေ့လာသူများကဆိုထားကြောင်း၊ အကောက်ခွန် ကင်းလွတ်ဈေး ဝယ် ခြင်းကို ချဲ့ထွင်ခြင်းသည် သုံးစွဲမှုကိုအားပေး၍ နိုင်ငံတကာခရီးသွားများ၏ အကျိုးခံစားခွင့်များထဲမှ တစ်ခုအဖြစ် ဈေးဝယ်ခြင်းကိုနှစ်သက်သော ပြည်တွင်းဈေးဝယ်သူများကို ဆွဲဆောင်နိုင်ပြီး ပြည်ပမှ အနာဂတ်ဈေးဝယ်သူများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အခွန်လွတ် ဈေး ကွက်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်လွတ်ရောင်းချမှု စုစုပေါင်း၏ ၈ %သာရှိပြီး တရုတ်စားသုံးသူများ ၏ ကြီးမားသောအသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်းဈေးကွက်တွင် ကန့်သတ်ချက်များရှိနေ ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကူမင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်နှင့် အိန္ဒိယနိုင်ငံတို့တွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

တရုတ်နိုင်ငံ
ပင်လယ်ရေကြောင်းမှ ကုန်ပစ္စည်းတင်ပို့မှုနှုန်းထားများ မြင့်တက်လာမှုကြောင့် ပို့ကုန်တင်ပို့သူများအား ထိခိုက်လျှက်ရှိခြင်း
၁။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ၎င်းတို့၏စက်ရုံများ ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်လျှက်ရှိသောကြောင့် ကုန်ပစ္စည်းဝယ်လိုအားများ ‌‌‌လျော့ကျလျှက်ရှိသော်လည်း ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်မှုနှင့် ပို့ကုန်တင်ပို့သည့် ကုန်ကျစရိတ်များ အလွန်မြင့်မားသောကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်တင်ပို့သူများအား ထိခိုက်လျှက်ရှိကြောင်း၊ South China Morning Post ၌ ရေးသားဖော်ပြထားရာ ပို့ကုန်တင်ပို့မှုကုန်ကျစရိတ်မှာ ယခင်နှစ် အနည်းဆုံးကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါက ၄၀၀% မြင့်တက်ခဲ့ကြောင်း၊ လုပ်ငန်းအမျိုးမျိုးမှ ပို့ကုန်ပစ္စည်းတင်ပို့သည့်ကုန်ကျစရိတ်များမြင့်တက်မှုမှာ ညီမျှမှုမရှိကြောင်း၊ တန်ဖိုးမြင့်မားပြီး ပမာဏသေးငယ်သည့် ကုန်ပစ္စည်းများအတွက် ကုန်တင်ပို့သည့် ကုန်ကျစရိတ်၏ သက်ရောက်မှုနည်းပါးပြီး တန်ဖိုးနည်းပြီး ပမာဏကြီးမားသည့် ကုန်ပစ္စည်းများအပေါ် သက်ရောက်မှုမြင့်မားကြောင်း၊ အလုပ်သမားအင်အား အများအပြားအသုံးပြု ထုတ်လုပ်ရသည့် တရုတ်နိုင်ငံထုတ်အရုပ်များနှင့် အခြားသော ခရစ္စမတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ ယှဉ်ပြိုင် စွမ်းအားမြင့်မားပြီး သင်္ဘောဖြင့် ကုန်ကျစရိတ်အသက်သာဆုံးဖြင့်တင်ပို့ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ထိန်းချုပ်လာနိုင်ပြီဖြစ်သော်လည်း အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့မှ Game ကစား သည့်ပစ္စည်းများ၊ ခရစ္စမတ်ပစ္စည်း အမှာစာများ ပယ်ဖျက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ကုန်ပစ္စည်းတင်ပို့မှုများ‌ လျော့ကျလာကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေကြောင်းမှ ကုန်ပစ္စည်းတင်ပို့မှုသာမက ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသည့် ကွင်းဆက်အပေါ် ဖိအားများဖြစ်ပေါ်စေနိုင်ကြောင်း၊ ၎င်းတို့ ရောင်းချမည့် ကုန်ပစ္စည်းများထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများဈေးနှုန်းမှာ မြင့်မားလျှက်ရှိကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် တန်ဖိုးနည်းပါးသည့် ကုန်ပစ္စည်းများ ထုတ်လုပ်မှုအား လျှော့ချလာကြကြောင်း၊ ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ်မြင့်မားမှုကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်ပို့မှုအပေါ် ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကုန်ပစ္စည်းတန်ဖိုးမြင့်မားပြီး အရွယ်ပမာဏသေးငယ်သည့်ပစ္စည်းများတင်ပို့ရောင်းချမှုမှာ ကုန်ပစ္စည်း တန်ဖိုးလျော့နည်းပြီး အရွယ်ပမာဏကြီးမားသည့်ပစ္စည်းများ တင်ပို့ရောင်းချမှုထက် ပိုမိုကောင်းမွန်ကြောင်း၊ ကုန်တင်ပို့ခ မြင့်မားမှုနှင့် ကွန်တိန်နာများ ပိတ်ဆို့မှုကြောင့် ခရစ္စမတ်ပစ္စည်း ဝယ်ယူသူများမှာ ကြိုတင်မှာယူလာကြကြောင်းသိရှိရပါသည်။
(ရင်းမြစ် - ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
မိုးပိုမိုရွာသွန်းမှုကြောင့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံအထွက်လျော့ကျမည်ဟုခန့်မှန်း
၂။ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ရာဂျပ်စတန် ၊ မဒ္ဒရာပရာဒေ့ရှ် ၊ ဂူဂျရတ်၊ မဟာရဋ္ဌနှင့် ကာနာတာကာပြည်နယ်များတွင် စက်တင်ဘာလနှင့် အောက်တိုဘာလ များ၌မိုးပိုမိုရွာသွန်းမှုကြောင့် စိုက်ခင်းများပျက်စီးပြီး အထွက်နှုန်းလျော့ကျဖွယ်ရှိသည်ဟု ပဲကုန်သည်များနှင့် ကြိတ်ခွဲထုတ်လုပ်သူများက ခန့်မှန်းနေကြောင်း၊ အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA)မှ အတွင်းရေးမှူးဖြစ်သူက မိုးသီးနှံမတ်ပဲထွက်ရှိနိုင်မှုမှာ ယခင်နှစ် စိုက်ပျိုးထွက် ရှိသည့်တန်ချိန် ၁.၆ သန်းအောက် ၂၉% ခန့်လျော့ကျဖွယ်ရှိကြောင်း၊ ရာဂျပ်စတန်နှင့် ဂူဂျရတ် ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတ်ပဲစိုက်ခင်းများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး မည်မျှဆုံးရှုံးမှုရှိသည်ကို လေ့လာစိစစ်ရန် လိုအပ်လျှက်ရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းများလည်း ပျက်စီးမှုရှိရာ ယခင်နှစ် မိုးပဲတီစိမ်း ထုတ်လုပ်မှုပမာဏတန်ချိန် ၁.၇ သန်း အောက် ၁၀% လျော့ နည်းထွက်ရှိမည်ဟုခန့်မှန်းရကြောင်း၊ Ahmedabad မြို့ရှိ Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ မန်းနေးဂျင်းဒါရိုက်တာက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မတ်ပဲနှင့်ပဲတီစိမ်းစိုက်ခင်းများ ထိခိုက်မှုရှိပြီး ပဲအထွက်နှုန်း မည်မျှရရှိနိုင်မည်ကို ခန့်မှန်း၍မရကြောင်း၊ ရာဂျပ်စတန်၊ မဒ္ဒရာပရာ ဒေ့ရှ်၊ ဥတာပရာဒေ့ရှ်နှင့် ဂူဂျရတ်တို့ကဲ့သို့ မတ်ပဲ အဓိကစိုက်ပျိုးသော ပြည်နယ်များ၌ အထွက် ပမာဏမှာ ယခင်နှစ်အောက် ၂၀ % မှ ၂၅ % အထိ လျော့ကျနိုင်ပြီး အရည်အသွေး ကျဆင်းမှုကိုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ Chennai မြို့အခြေစိုက် Four P International ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စက်တင်ဘာလအတွင်း မိုးများစွာရွာသွန်းမှုက ပြည်နယ်ဒေသ အများအပြား၌ မတ်ပဲသီးနှံစိုက်ခင်းများကို ထိခိုက်မှု ဖြစ်ပေါ်စေသဖြင့် ယခုနှစ်တွင် အရည်အသွေး‌ ကောင်းမွန်သည့် မတ်ပဲကုန်ကြမ်းများရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီ၌ ပဲတီစိမ်း စိုက်ပျိုးထားရှိမှုမှာ ဟက်တာ ၃၅.၀၉ သိန်းရှိပြီး ယခင်နှစ်အောက် ဟက်တာ ၀.၁၁ သိန်း လျော့ နည်းလျှက်ရှိရာ အစိုးရက ယခုနှစ် ပဲတီစိမ်း ထွက်ရှိနိုင်မှုအား ယခင်နှစ်ထက် တန်ချိန် ၀.၀၄ သန်းပိုမိုလျှက် တန်ချိန်၂.၀၅ သန်းအထိရရှိရန် ပထမအကြိမ် ခန့်မှန်းချက်၌ ဖော်ပြထားကြောင်း၊ ကာနာတာကာပြည်နယ်၌ မတ်ပဲသီးနှံများ ရိတ်သိမ်းမှုမှာ မိုးပိုမိုရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသကဲ့သို့ ပြည်နယ်အတွင်း အဓိကစိုက်ပျိုးသည့် Kalaburgi ဒေသရှိ ပဲစင်းငုံစိုက်ခင်းများမှာ ရေနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံတစ်ဝန်းလုံးကိုခြုံငုံသုံးသပ်ပါက ပဲစင်းငုံ စိုက်ပျိုး ထားရှိမှုမှာ ကောင်းမွန်သည့် အခြေအနေရှိကြောင်း၊ မိုးဆက်လက်ပိုမိုရွာသွန်းခြင်းမရှိပါက အေးမြသည့်ရာသီဥတုအောက်တွင် ပဲစင်းငုံသီးနှံများ၏ အစေ့အိမ်တည်မှုကောင်းမွန်ပြီး တန်ချိန် ၃.၈ သန်းအထိ ရရှိရန်မျှော်မှန်းနိုင်ကြောင်းသိရှိရပါသည်။
WTO ၏ အရာရှိများ ခန့်အပ်မှုတွင် အလှည့်ကျစနစ်ကျင့်သုံးရန် အိန္ဒိယက အဆိုပြုခြင်း
၃။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ ကော်မတီ/လုပ်ငန်းအဖွဲ့များ၌ မတူညီသောအုပ်စုများ ရှိအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်မှုကို ဟန်ချက်ညီမျှမှုရှိစေရန်အတွက် အရာရှိများ ခန့်အပ်တာဝန်ပေးအပ်ရာတွင် အလှည့်ကျစနစ်အားကျင့်သုံးရန် အိန္ဒိယက အဆိုပြုခဲ့ကြောင်း၊ အထူးနှင့်သီးခြားသက်သာခွင့်များကို ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ပြောင်းပြန်ခံစားခွင့်ရရှိစေသည့် သဘောသက်ရောက်လျှက်ရှိသော လက်ရှိ WTO ၌ ကျင့်သုံးလျှက်ရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများ အုပ်စုနှင့်အခြားဒေသအုပ်စုတို့မှကိုယ်စားလှယ်များကို တလှည့်စီတာဝန်ပေးအပ်သောစနစ်အား ရှောင်ကြဉ်သင့်ပြီဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာပြီး ရှင်းလင်းပြတ်သားသည့် လုပ်ငန်းလမ်းညွှန် ချက်များမရှိပဲ WTO ၏ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းသည် အခြားသောအဖွဲ့ဝင်များက သိရှိ သတိပြုမိခြင်းမရှိပဲ ရုံးလုပ်ငန်းအမှုဆောင်များ (သို့) ပံ့ပိုးလုပ်ဆောင်သူများအကြား နှစ်ဉီးနှစ် ဘက်အကျိုးအတွက်‌ဆောင်ရွက်ခြင်းများကိုဖြစ်ပေါ်စေကြောင်း၊ ထင်သာမြင်သာရှိမှုနှင့်စပ်လျဉ်း၍ WTO ၏ လုပ်ငန်းရပ်များ၌ တာဝန်ပေးအပ်ရန် ကနဉီးစတင်ရွေးချယ်ချိန်ကပင် ဥက္ကဋ္ဌနေရာ အတွက် မည်သည့်အုပ်စုကပါဝင်ရမည်ကို ကမ်းလှမ်းဖော်ပြသည့်စာရင်းအား ပြည့်စုံစွာထုတ်ပြန် ပေးသင့်ကြောင်း၊ ဒေသဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူး( Regional Coordinator )သည် မူလ ကိုယ်စားလှယ်လောင်းနေရာ လစ်လပ်မှု၊ အမည်စာရင်းတင်သွင်းချက် လက်ခံရရှိမှု၊ သက်ဆိုင် သည့်အုပ်စုအတွင်း အမည်စာရင်းတင်သွင်းခံရသူ အများအပြားရှိပါက ကိုင်တွယ်ဆောင်ရွက်မှု စသည်တို့ကိုပြန်ကြားပေးသင့်ကြောင်း၊ အုပ်စုအတွင်းအပြီးသတ်ညှိနှိုင်းလျှက် အမည်စာရင်းပြုစု ပြီးပါက နောက်ဆုံးအဆင့်ရွေးချယ်မှုလုပ်ငန်းများ ‌ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ရုံး လုပ်ငန်းအမှုဆောင်ထံသို့ အကြောင်းကြားရန်လိုအပ်ကြောင်း၊ အကယ်၍အုပ်စုများ(သို့) ဒေသ ဆိုင်ရာအုပ်စုများအတွင်း တာဝန်ပေးအပ်ရေးရွေးချယ်ဆောင်ရွက်မှုအပေါ် အဖွဲ့ဝင်များအကြား သဘောတူညီချက်ရရှိခဲ့ပါက အဖွဲ့ဝင်နိုင်ငံများသိရှိစေရန်အတွက် အထွေထွေ‌ကောင်စီ ဥက္ကဋ္ဌ၏ အသိအမှတ်ပြုမှုဖြင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်အသိပေးရမည်ဖြစ်ကြောင်း၊ အုပ်စုတစ်ခုသည် ကော်မတီတစ်ရပ်ရပ်၌ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်ပါဝင်မှုကို စိတ်ပါဝင်စားမှုရှိသည့် အခြားသော အုပ်စုတစ်ခုနှင့် နေရာဖလှယ်ခြင်း/ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့‌ ဆောင်ရွက်ရန် သဘောတူညီမှုကို WTO အဖွဲ့ဝင်နိုင်ငံများထံသို့ ထင်သာမြင်သာစွာ အသိပေးရမည်ဖြစ်ကြောင်း၊ အထွေထွေကောင်စီဥက္ကဋ္ဌ၏ ကြီးကြပ်မှုအောက်တွင် ကွဲပြားခြားနားသည့် WTO ကော်မတီ/ လုပ်ငန်းအဖွဲ့အသီးသီး၌ ဥက္ကဋ္ဌအဟောင်းနှင့်အသစ်များ၏ တာဝန်လွှဲပြောင်းမှုအတွက် ရှင်းလင်း တိကျမှုရှိသည့် လုပ်ငန်းစဉ်များရှိသင့်သည်ဟု အိန္ဒိယနိုင်ငံက အဆိုပြုထားကြောင်း၊ WTO ၌ အာရှဒေသဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု၊ ဖွံ့ဖြိုးပြီးနိုင်ငံများအုပ်စု၊ ကာရင်ဘီယန်နှင့် လက်တင်အမေရိက အုပ်စု၊ အာဖရိကအုပ်စုနှင့် အဆိုပါအုပ်စုများတွင် ပါဝင်ခြင်းမရှိသောနိုင်ငံများ စသည်ဖြင့် နိုင်ငံအုပ်စု များကွဲပြားလျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏အဆိုပြုချက်အရ ဒေသဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူး အဖြစ်‌ဆောင်ရွက်သည့်အဖွဲ့ဝင်များသည် ယင်းသို့တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း ၎င်းတို့ နိုင်ငံများမှ ကိုယ်စားလှယ်များအား WTO ၏ကော်မတီတစ်ရပ်ရပ်၌ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်း ဆောင်ရန် အမည်စာရင်းတင်သွင်းခွင့်ရရှိမည်မဟုတ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများတင်ပြမှု

အိန္ဒိယနိုင်ငံ
ပိုလျှံသည့်သကြား၊ဆန်နှင့်ပြောင်းတို့မှ အီသနောလောင်စာထုတ်လုပ်မည်
၁။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်း ကြံ စိုက်ပျိုးထုတ်လုပ်မှုမှ ပိုလျှံသည့်ပမာဏအား အီသနော လောင်စာဆီအဖြစ် ထုတ်လုပ်ခြင်းအပြင် ၂၀၂၅ ခုနှစ်၌ ဓါတ်ဆီတွင် ၂၀ % အထိ ရောနှောအသုံးပြု ရန် ရည်မှန်းချက်ချမှတ်ထားမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် ဆန်နှင့်ပြောင်းတို့ကဲ့သို့ ကောက်ပဲသီးနှံ များထုတ်လုပ်မှုမှ ပိုလျှံမည့်ပမာဏကို အီသနောအဖြစ်သို့ ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊အောက်တိုဘာလဆန်း၌ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် အိန္ဒိယစားသုံးသူ‌ရေးရာ၊စားနပ် ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန အတွင်းဝန်က ပြည်တွင်း၌ သကြားထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် ၃၂ သန်းကျော်ရှိပြီး သုံးစွဲမှုမှာ တန်ချိန် ၂၆ သန်းဖြစ်ရာ လွန်ခဲ့သောနှစ်ကာလများ တွင် သကြားတန်ချိန် ၄ သန်းမှ ၄.၅ သန်းပိုလျှံမှုရှိခဲ့ကြောင်း၊ထိုသို့ပိုလျှံမှုစွာထုတ်လုပ်နိုင်ခြင်းက ပြည်တွင်းသကြားဈေးနှုန်းနိမ့်ကျမှုကို ဖြစ်ပေါ်စေပြီး စိုက်ပျိုးထုတ်လုပ်သော တောင်သူများနှင့် ကြိတ်ခွဲထုတ်လုပ်သောသကြားစက်ရုံများအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ အစိုးရ အနေ ဖြင့် သကြားများပြည်ပတင်ပို့ရာတွင် သယ်ယူပို့‌ဆောင်ရေးထောက်ပံ့မှုနှင့် အီသနော တိုးမြှင့်ထုတ် လုပ်မှုတို့အားတွန်းအားပေးခြင်းဖြင့် မူဝါဒဆိုင်ရာများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုနှစ်၌ သကြား တန်ချိန် ၃.၅ သန်းကို‌ လောင်စာအဖြစ် ပြောင်းလဲအသုံးပြုခြင်းနှင့် လာမည့်နှစ်၌ သကြား တန်ချိန် ၆ သန်းခန့်အား အီသနောထုတ်လုပ်မှုသို့ ပြောင်းလဲခြင်းဖြင့် ဈေးကွက်အတွင်းမှ ပိုလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ဓါတ်ဆီ၌ လောင်စာအဖြစ် ၁၀% ပါဝင် ရောနှော နိုင်ရေးအတွက် အီသနောထုတ်လုပ်မှုကိုခွင့်ပြုထားပြီး ၂၀၂၄ ခုနှစ်မှစတင်၍ ၂၀% အထိ ရောနှော ရန်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပင် ပြည်တွင်းကောက်ပဲသီးနှံထုတ်လုပ်မှုတွင် ပိုလျှံသည့်ဆန်နှင့် ပြောင်းတန်ချိန် ၁၆.၅ သန်းခန့်ကိုလည်း အီသနောထုတ်လုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ကြံ နှင့် ကောက်ပဲသီးနှံများအား အီသနောလောင်စာဆီအဖြစ် ထုတ်လုပ်ခွင့်ပြုခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍတွင် ရူပီးငွေ ကုဋေ ၄၀၀၀၀ အထိ တိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်သစ် များဖန်တီးနိုင်မည်ဖြစ်ကြောင်း၊အီသနောလောင်စာထုတ်လုပ်ခြင်းဖြင့် ကာဘွန်မိုနော့ဆိုက်နှင့်ဟိုက် ဒရိုကာဘွန်ထုတ်လွှတ်မှုအား လျော့ကျစေပြီး လေထုသန့်ရှင်းမှုကို တိုးတက်ကောင်းမွန်စေမည် ဖြစ်သကဲ့သို့ ပြည်ပမှရေနံကုန်ကြမ်းတင်သွင်းရာ၌ ရူပီးငွေ ကုဋေ ၃၀၀၀၀ အထိ သက်သာမှု ရရှိစေ မည်ဖြစ်ကြောင်းအိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရသိရှိရပါသည်။
(ရင်းမြစ်-အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)

ဩစတြေးလျနိုင်ငံ
စင်ကာပူ-ဩစတြေးလျအစိမ်းရောင် စီးပွားရေးသဘောတူစာချုပ်ဖော်ဆောင်လျှက်ရှိခြင်း
၂။ ဩစတြေးလျနှင့် စင်ကာပူနိုင်ငံတို့သည် အစိမ်းရောင် စီးပွားရေးသဘောတူစာချုပ်(Green Economy Agreement-GEA)တစ်ရပ်ကို ဖော်ဆောင်လျှက်ရှိရာ နှစ်နိုင်ငံလုံး၏ အစိမ်းရောင်နှင့် ရေရှည်တည်တံ့သောအနာဂတ်သို့ ဉီးတည်သည့် အသွင်ကူးပြောင်းမှုကိုအရှိန်မြှင့်တင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ကောင်းများဖန်တီး၍ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရန် အကူအညီပေးနိုင်မည်ဖြစ် သည်ဟု နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း၊ GEA သည် စီးပွားရေးလုပ်ငန်းများ အပေါ် စည်းမျည်းစည်းကမ်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချခြင်းအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့စေပြီး တိုးမြှင့်နိုင်မည့် လက်တွေ့ကျသော ကနဉီးအစီအစဉ် ဖြစ် ကြောင်း၊ဩစတြေးလျနှင့် စင်ကာပူကုန်သွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံအကြားချုပ်ဆိုမည့် GEA ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး ပူးတွဲအမြင်ကြေညာချက်(Joint Vision Statement)
တစ်စောင်ကိုထုတ်ပြန်ခဲ့ကြောင်း၊ GEA သည် ဩစတြေးလျ ကုန်သွယ်ရေးဝန်ကြီးက နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးရှိမည့် သ‌ဘောတူစာချုပ်ဖြစ်ကြောင်း၊ စင်ကာပူကုန်သွယ်ရေးဝန်ကြီးက စင်ကာပူနှင့် ဩစတြေးလျနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများစွာကိုတည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း၊နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်း အရွယ်အစားမျိုးစုံနှင့် လုပ်သားများအတွက် များစွာအကျိုးပြုမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဆိုင်ရာ ဒေသတွင်းနှင့်နိုင်ငံစုံမူဝါဒများကိုပုံဖော်ရာတွင် ကူညီနိုင် မည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ဩစတြေးလျနိုင်ငံ စီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)

ဂျပန်နိုင်ငံ
တိုကျိုမြို့ရှိစားသောက်ဆိုင်များနှင့်ယမကာဆိုင်များကိုညအချိန်တိုးမြှင့်ဖွင့်လှစ်ခွင့်ရမည်ဖြစ်ခြင်း
၃။ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ကိုရိုနာကူးစက်ရောဂါထိန်းချုပ်ကန့်သတ်ရေးအစီအစဉ် များလျှော့ချမှု ဆုံးဖြတ်ချက်အရ တိုကျိုမြို့ရှိ စားသောက်ဆိုင်များနှင့်ယမကာဆိုင်များသည် ၁၁ လ တာကာလအတွင်း ပထမဉီးဆုံးအကြိမ်အဖြစ် ၂၅-၁၀-၂၀၂၁ ရက်နေ့မှစတင်ကာ ပုံမှန်အနေ အထားအတိုင်း ညအချိန် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကာကွယ်ဆေးထိုးပြီးကြောင်းသက်သေပြချက်(သို့) ကိုရိုနာကူးစက်ရောဂါမရှိကြောင်း၊ ဆေးစစ် ချက်မှတ်တမ်းကို ပြသနိုင်မည်ဆိုပါ လူပုဂ္ဂိုလ် ၅ ဉီးနှင့်အထက် အရေအတွက်အား ည ၈ နာရီ နောက်ပိုင်းအထိ စားသောက်ဆိုင်နှင့်ယမကာဆိုင်များက ခွင့်ပြုလက်ခံသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြေလျှော့မှုများဆောင်ရွက်ရန် အောက်တိုဘာလ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် တိုကျို မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ ၌ ကူးစက်ရောဂါကာကွယ်ရေးအစီအမံများနှင့် ကိုက်ညီမှုရှိကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိသည့် စားသောက်ဆိုင်နှင့်ယမကာဆိုင်များအတွက် ညစဉ် ၈ နာရီအထိ ယမကာရောင်းချခွင့် ပြုထားပြီး ည ၉ နာရီတွင် ဆိုင်ကိုအပြီးပိတ်သိမ်းရန် ကြေငြာချက်ထုတ်ပြန်ထားကြောင်း၊ ကူးစက် ရောဂါကာကွယ်ရေး အစီအမံများနှင့် ကိုက်ညီမှုရှိကြောင်း အသိအမှတ်ပြုလက်မှတ်ရှိသည့် စား သောက်ဆိုင်များတွင် ယမကာရောင်းချခွင့်နှင့်ဆိုင်ဖွင့်ချိန်သတ်မှတ်ချက်စသည်တို့ကိုဆက်လက် ကန့်သတ်မည်မဟုတ်ကြောင်း၊ ကုန်စုံဆိုင်များ၊ ရုပ်ရှင်ရုံများ၊ပြတိုက်များနှင့် အခြားသော အများ ပြည်သူဆိုင်ရာနေရာများတွင် ကန့်သတ်ချက်များအားလုံးကို ဖြေလျှော့မည်ဖြစ်ပြီး ည ၉ နာရီတွင် ပိတ် သိမ်းရန် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အားကစားရုံများဆိုင်ရာကန့်သတ်ချက်များကို ဗဟို အစိုးရ၏မူဝါဒနှင့်အညီ အောက်တိုဘာလ ၃၁ ရက်နေ့မှသာ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ရင်းမြစ် - တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဥရောပသမဂ္ဂနိုင်ငံများ
စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့် အိမ်ထောင်စုများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုပေးသွားမည် ဖြစ်ခြင်း
၄။ အီးယူတစ်ဝန်း၌ စွမ်းအင်ဈေးနှုန်း ဆက်လက်မြင့်တက်လျှက်ရှိသဖြင့် ယခုနှစ် ဆောင်း ရာသီ၌ စွမ်းအင်သုံးစွဲခပိုမိုကျသင့်မှုကိုရင်ဆိုင်ရမည့် အိမ်ထောင်စုများ၏ကုန်ကျစရိတ်ကို ကာမိ စေရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက ဘဏ္ဍာရေးအထောက်အကူပြုအစီအမံများကို ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံအစိုးရသည် ဓါတ်ငွေ့နှင့်လျှပ်စစ်ဓါတ်အားခဈေးနှုန်း မြင့် တက်မှုကြောင့်အခက်ကြုံရနိုင်သည့်ဘယ်လ်ဂျီယံစားသုံးသူများကိုအကူအညီပေးရန်ရည်ရွယ်ချက် ဖြင့်ယူရို(၇၆၀)သန်းကို အသုံးပြုနိုင်ရန် လျာထားကြောင်း၊ ယင်း၏တစိတ်တပိုင်းအဖြစ် ဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အားခများကို Social Tariff ဖြင့်ပေးချေနိုင်သည့်အစီအစဉ်အား ၂၀၂၂ ခုနှစ်၊ မတ်လ ကုန်အထိ တိုးမြှင့်ပေးခြင်းလည်းပါဝင်မည်ဖြစ်သော်လည်း ယင်းအစီအစဉ်သည် ဘယ်လ်ဂျီယံ အိမ် ထောင်စုအားလုံးအတွက် အကျုံးဝင်မည်မဟုတ်ဘဲ ဘဏ္ဍာရေးလိုအပ်ချက်အများဆုံးရှိသည့် အိမ် ထောင်စုများအတွက်သာဖြစ်ကြောင်း၊ ဓါတ်ငွေ့နှင့်လျှပ်စစ်ဓါတ်အားသုံးစွဲခများအား ပေးချေခွင့် အစီအမံအရ ဘယ်လ်ဂျီယံရှိ ဘဏ္ဍာရေးအခက်အခဲရှိသော အထူးသဖြင့် social housing များ၌ ငှားရမ်းနေထိုင်ကြသည့် အိမ်ထောင်စု(၅)သိန်းကျော်ကို ထောက်ပံ့ထားပြီးဖြစ်ကြောင်း၊ ယင်း အစီ အမံဖြင့် နောက်ထပ် အိမ်ထောင်စု(၄၄၀၀၀၀) ခန့်ကို ထပ်မံကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံရှိ အိမ်ထောင်စုများအနေဖြင့် စွမ်းအင်သုံးစွဲခအတွက် နှုန်းသေဖြင့် ချုပ်ဆိုထားသည့် လက်ရှိ စာချုပ်များ(fixed rate energy contrasts )အား လာမည့်နှစ်တွင် အသစ်ပြန်လည်ချုပ်ဆိုချိန်၌ သုံးစွဲခများ အဆမတန်မြင့်တက်မှု(bill shock)ကိုရှောင်ရှားနိုင်ရေးအတွက်ဘယ်လ်ဂျီယံနိုင်ငံအစိုးရ ၏ ဘဏ္ဍာရေးအထောက်အကူအစီအမံက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ် - ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုအပေါ်ကောက်ခံသည့်အခွန်နှုန်းထားများအား ထပ်မံပြင်ဆင်လျှော့ချခြင်း

     အိန္ဒိယနိုင်ငံ၌ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) သည် စားသုံးဆီတင်သွင်းမှုအပေါ် ကောက်ခံလျှက်ရှိသော အကောက်ခွန်များနှင့် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (AIDC) များအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ၂ စောင်ကို ၁၃-၁၀-၂၀၂၁ နေ့၌ထုတ်ပြန်ခဲ့ရာ CBIC ၏ အမိန့်ကြော်ငြာစာ အမှတ် 48/2021-Customs အရ စားအုန်းဆီကြမ်း၊ပဲပုတ်ဆီကြမ်းနှင့်နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသော အခြေခံအကောက်ခွန်အား ၂.၅% မှ သုည ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြုပြင်သန့်စင်ထားသည့် စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် ကောက်ခံလျှက်ရှိသော အခြေခံအကောက်ခွန်ကို ၃၂.၅% မှ ၁၇.၅% သို့လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် 49/2021-Customs အရ စားအုန်းဆီကြမ်း တင်သွင်းမှုအပေါ် AIDC ထပ်ဆောင်းအခွန် ၂၀% ကောက်ခံလျှက်ရှိရာမှ ၇.၅% သို့လည်းကောင်း၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသော AIDC ထပ်ဆောင်းအခွန်ကို ၂၀% မှ ၅% သို့လည်းကောင်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ စားသုံးဆီများ တင်သွင်းမှုအပေါ် ပြင်ဆင်လျှော့ချသတ်မှတ်ခဲ့သည့် အခွန် နှုန်းထားများမှာ ၁၄-၁၀-၂၀၂၁ နေ့မှ ၃၁-၃-၂၀၂၂ ရက်အတွင်းသာ သက်ရောက်မှုရှိမည် ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် လတ်တလောမြင့်တက်လျှက်ရှိသည့် စားသုံးဆီဈေးနှုန်းများအား လျှော့ချနိုင်ရန်နှင့် ဘာသာရေးပွဲတော်များ ကျင်းပသည့်ရာသီကာလအတွင်း ပြည်တွင်း၌ ကုန် စည်များ လွယ်ကူစွာရရှိနိုင်မှုကို အထောက်အပံ့ပြုရန် ယခုကဲ့သို့ သွင်းကုန်ခွန်များ လျှော့ချခြင်း ဖြစ်ကြောင်း၊အခွန်နှုန်းလျှော့ချပေးမှုက ကုန်ချိန် ၁ တန်လျှင် စားအုန်ဆီကြမ်း၌ ရူပီးငွေ ၁၄၀၀၀ ခန့်နှင့်ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့တွင် ရူပီးငွေ ၂၀၀၀၀ ခန့် အသီးသီး လျော့ကျ ခဲ့ကြောင်း၊ အိန္ဒိယအစိုးရ၏ ကြေညာချက်ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် မလေးရှားနိုင်ငံ ဈေး ကွက်၌ စားအုန်းဆီကြမ်း ၁ တန်လျှင် ရင်းဂစ်ငွေ ၁၅၀ မှ ၁၇၀ ခန့်အထိ ဈေးနှုန်းများ မြှင့်တင် ခဲ့ကြရာ အိန္ဒိယစားသုံးသူများမှာ အကျိုးခံစားခွင့် ပြည့်ဝစွာရရှိနိုင်ဖွယ်မရှိကြောင်း၊ လက်လီ ဈေးကွက်၌ စားသုံးဆီသန့် ၁ ကီလိုဂရမ်ပေါ်တွင် ၆ ရူပီးမှ ၈ ရူပီး အထိသာ ကျဆင်းဖွယ် ရှိကြောင်း၊မိုးသီးနှံ ပဲပုတ်နှင့်မြေပဲတို့ ရိတ်သိမ်းထွက်ပေါ်မည့်အချိန်နှင့် တိုက်ဆိုင်စွာ စားသုံးဆီ များအပေါ်သွင်းကုန်ခွန်လျှော့ချခြင်းက သီးနှံရောင်းဈေးနှုန်းနှင့်ပတ်သက်၍စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်းဖြင့် အိန္ဒိယ ဆီကြိတ် လုပ်ငန်းရှင်များ အသင်း (SEA) ဥက္ကဋ္ဌ ကပြောကြားခဲ့ပါကြောင်း၊စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါး သက်သာစေရေးအတွက် အိန္ဒိယအစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်လျှက် ကုန် သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျှော့မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ စားအုန်းဆီနှင့် ပဲပုတ်ဆီတင်သွင်းရာ၌ ကုန်တန်ချိန်ပမာဏအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအား ဇွန်လအတွင်း၌လျှော့ချခဲ့ပြီး စားသုံးဆီများ၏ ဆိပ်ကမ်းအရောက် CIF တန်ဖိုးအပေါ် ကောက်ခံ သောသွင်းကုန်ခွန်နှုန်းထားများအား စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်လျှော့ချမှု ပြုခဲ့ ကြောင်း၊အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ ၁၆၉၈၇၃၀ တန် ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တင်သွင်းခဲ့သော ၁ လအတွင်း စားသုံးဆီ တင်သွင်းမှု အများဆုံးပမာဏ တန်ချိန် ၁၆.၅၁ သိန်းကို ကျော်လွန်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်စက်တင်ဘာလအထိ ၁၁ လအတွင်း စားသုံးဆီတန်ချိန် ၁၂၄၇၀၈၇၄ တန် တင်သွင်း ခဲ့ပြီး ယခင်ကာလတူထက် ၂% ပိုမိုလာခဲ့ကြောင်း၊ ၎င်းပမာဏတွင် စားအုန်းဆီမှာ ၇၆၂၇၂၁၈ တန် ပါဝင်ကြောင်း၊ ၁-၁၀-၂၀၂၁ နေ့ရှိ ပြည်တွင်း စားသုံးဆီ လက်ကျန် စုစုပေါင်းမှာ တန်ချိန် ၂၀.၀၅ သိန်းခန့်ရှိပြီး ဆိပ်ကမ်းများ၌ ထုတ်ယူရန်ကျန်ရှိသည့် ပမာဏ တန်ချိန် ၈၄၅၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းသည်ဟု အိန္ဒိယဆီကြိတ်လုပ်ငန်းရှင်များအသင်းက ဖော်ကြထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်-အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)

အိန္ဒိယနိုင်ငံ၏ စားသုံးဆီနှင့် ဆီထွက်သီးနှံ သိုလှောင်နိုင်မှု ပမာဏကန့်သတ်ခြင်း

     ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှတင်သွင်း လာသည့် စားသုံးဆီများအပေါ် ကောက်ခံလျှက်ရှိသော အခွန်နှုန်းထားများအား လျှော့ချခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ဝယ်၌ စားသုံးဆီနှင့်ဆီထွက်သီးနှံများ သိုလှောင်ထားရှိခွင့်ကို အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနက ၈-၁၀-၂၀၂၁ ရက်နေ့ အမိန့်အမှတ် S.O.4146(E) ထုတ်ပြန်ချိန်မှစတင်၍ ၃၁-၃-၂၀၂၂ ရက်နေ့အထိ ကန့်သတ်မှုပြုမည် ဖြစ်ကြောင်း၊ ပြည်နယ်/ပြည်ထောင်စုနယ်မြေအလိုက် ကုန်စည်လက်ကျန်နှင့် စားသုံးမှုအခြေအနေ အပေါ်မူတည်၍ သိုလှောင်ထားရှိနိုင်မည့်ပမာဏကို သက်ဆိုင်ရာဒေသန္တရအစိုးရအဖွဲ့များက သတ် မှတ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လက်ဝယ်တွင် သတ်မှတ်ပြဌာန်းချက်ထက် ကုန်စည်များပိုမိုရှိလျှင် စားနပ်ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးမှုရေးရာဦးစီးဌာန၏ကုန်စည်အချက်အလက် အင်တာနက်စင်္ကြန်၌ ထုတ်ဖော်ကြေညာရမည်ဖြစ်ပြီး ရက်ပေါင်း(၃၀)အတွင်း သတ်မှတ်ပမာဏသို့ လျှော့ချသိုလှောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၌ ပို့ကုန်/ သွင်းကုန် မှတ်ပုံတင်လက်မှတ်ရယူလျှက် စားသုံးဆီတင်ပို့လျှက်ရှိသော ဆီကြိတ်ခွဲထုတ်လုပ်သူ၊ ပြန်လည် သန့်စင်သူ၊ လက်လီလက်ကားဖြန့်ဖြူးသူများသည် ပြည်ပတင်ပို့ရန်အတွက် စားသုံးဆီနှင့် ဆီထွက် သီးနှံများအား လက်ဝယ်ထားရှိကြောင်း ရှင်းလင်းပြသနိုင်ပါက ဤကန့်သတ်ချက်မှ ကင်းလွတ်ခွင့် ရှိမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းဆောင်ရွက်သည့် ကြိတ်ခွဲထုတ်လုပ်သူ၊ ပြန်လည်သန့်စင်သူ၊ လက်လီလက်ကား ဖြန့်ချီသူများသည်လည်း ၎င်းတို့၏လက်ဝယ်ရှိ စားသုံးဆီနှင့် ဆီထွက်သီးနှံများ အား ပြည်ပမှတင်သွင်းလာခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြနိုင်ပါက အလားတူ ကင်းလွတ်ခွင့်ရှိ မည်ဖြစ်ကြောင်း၊အိန္ဒိယနိုင်ငံ၌ ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏ ၆၀% ခန့်အား ဖြည့်ဆည်းနိုင်ရန် အတွက် နှစ်စဉ် ပြည်ပမှဝယ်ယူတင်သွင်းနေရကြောင်း၊ နိုင်ငံတကာဈေးကွက် အခြေအနေနှင့် ပြည် တွင်းသွင်းအားစုအပိုင်း၌ ကျပ်တည်းမှုအရ ပြည်တွင်း၌ စားသုံးဆီဈေးနှုန်းများသည် လွန်ခဲ့သည့် (၁)နှစ်တာအတွင်းမြင့်တက်လာခဲ့ရာ အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ စာရင်းများအရ အောက်တိုဘာလ (၉) ရက်နေ့ရှိ ပဲပုတ်ဆီလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၅၄.၉၅ ရူပီး နှုန်းသို့ရောက်ရှိပြီး ယခင်နှစ်ကာလတူထက် ၄၆.၁၅% ပိုမိုလာကြောင်း၊ ဆီ ၁ ကီလိုဂရမ်လျှင် မုံညင်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီတို့သည် ၄၃% ခန့်၊ နေကြာဆီသည် ၃၈.၄၈% ခန့်နှင့် စားအုန်း ဆီသည် ၃၈% ခန့်ပျမ်းမျှဈေးနှုန်းများ အသီးသီး ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်း၌ စားသုံးဆီကဲ့ သို့သောအရေးကြီးကုန်စည်များ၏ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် သွင်းကုန်အပေါ် ကောက်ခံ သည့်အခွန်စနစ်၏ထိရောက်မှုကို ဆန်းစစ်ခြင်း၊ သိုလှောင်ထားရှိသည့် ကုန်စည်ပမာဏကို ကုန်စည် အချက်အလက်စင်္ကြန်သို့ထုတ်ဖော်တင်ပြစေခြင်းစသည်ဖြင့် ဘက်စုံကြပ်မတ်သည့် မဟာဗျူဟာကို ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ NCDEX အိတ်ချိန်းဈေးကွက်၌ မုံညင်းဆီနှင့် ဆီထွက်သီးနှံများ အား အနာဂတ်ကာလအတွက် ကြိုတင်ရောင်းဝယ်ခြင်းကို ၈-၁၀-၂၀၂၁ ရက် နေ့မှစတင်၍ ဆိုင်းငံ့ စေပြီးဖြစ်ကြောင်း၊ ဤသို့ဆောင်ရွက်ချက်များက စားသုံးဆီဈေးနှုန်းများ တည်ငြိမ်လျှက် နိုင်ငံ တစ်ဝန်းရှိ စားသုံးသူပြည်သူများအတွက် သက်သာချောင်ချိမှု ရရှိစေမည်ဖြစ်ကြောင်း၊ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များအနေဖြင့် စားနပ်ရိက္ခာနှင့်ပြည်သူ့ ဖြန့်ဖြူးမှုရေးရာဦးစီးဌာန ၏ ကုန်စည်အချက်အလက်စင်္ကြန်(https: // evegoils .nic . in) သို့ လုပ်ငန်းရှင်များမှ စားသုံးဆီနှင့် ဆီထွက်သီးနှံ ကုန်လက်ကျန်စာရင်းများ ပုံမှန်ဖော်ထုတ်တင်ပြစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ဗဟိုအစိုးရက တိုက်တွန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

တရုတ်နိုင်ငံ
မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းစာရင်းတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်း
ယခုနှစ် ပထမ(၈)လအတွင်း တရုတ်နိုင်ငံ၏မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းစာရင်းများတွင် ရင်းနှီးမြှုပ်နှံမှု(fixed-asset investment-FAI)မှာ ယွမ်ငွေ (၃၄.၆၉)ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၃၈)ထရီလီယံရှိခဲ့ကာ (၈.၉%)မြင့်တက်ခဲ့သည်ဟုအမျိုးသားစာရင်းအင်းဌာနမှထုတ်ပြန်ကြေငြာ ခဲ့ကြောင်း၊ FAI မှာ အခြေခံအဆောက်အအုံ၊ ပိုင်ဆိုင်မှု၊ စက်ပစ္စည်းနှင့် အခြားရုပ်ဝတ္တုပစ္စည်းများ တွင်မတည်ငွေရင်းအသုံးပြုခြင်းဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုများအနက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီး မြှုပ်နှံမှု၌ယွမ်ငွေ(၁၉.၈၆)ထရီလီယံရှိခဲ့ကာ(၁၁.၅%)တိုးတက်လာခဲ့သည်ကိုတွေ့ရှိရကြောင်း၊ရင်းနှီး မြှုပ်နှံမှုများအနက် အခြေခံလုပ်ငန်းများတွင် (၁၈.၁%)၊တစ်ဆင့်မြင့်ကဏ္ဍများတွင် (၁၂.၉%)နှင့် တတိယအဆင့်လုပ်ငန်းများတွင် (၆.၈%)အသီးသီးတိုးတက်လာရာ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံကဏ္ဍများ၌ (၁၅.၇%)နှင့်(၂.၉%) စီ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
အိမ်ဈေးနှုန်းများတည်ငြိမ်စေရန်ဆောင်ရွက်နေသည့်သတင်း
၂၀၂၁ ခုနှစ်၊ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏အိမ်ဈေးနှုန်းများမှာ ဈေးကွက် ကမောက် ကမ မဖြစ်စေရန် ကြပ်မတ်နေသည့်စည်းကမ်းများကြောင့် အဓိကမြို့ကြီး(၇၀)၌ ဈေးနှုန်းအတက် အကျအနည်းငယ်ဖြစ်သည်ဆိုရုံမျှလောက်သာဖြစ်ခဲ့ပြီး ပျမ်းမျှအားဖြင့်တည်ငြိမ်နေခဲ့ကြောင်း၊ ထို လအတွင်း ၎င်းမြို့ကြီး (၇၀)၌ အိမ်ဈေးနှုန်းမှာ (၀.၂%)မှ (၃.၇%)ကြားတွင်သာ အတက်အကျ ရှိခဲ့ ပြီး အိမ်အသစ်ဈေးနှုန်းမြင့်တက်နေသည့် မြို့ပေါင်း(၅၁)မြို့စာရင်းမှ(၄၆)မြို့၌သာ ဈေးနှုန်းများ မြင့် တက်တော့သည့်အခြေအနေဖြစ်ကြောင်း၊နိုင်ငံ၏ထိပ်တန်းမြို့တော်များတွင် အိမ်ဈေးနှုန်း(၀.၃%) တက်နေဆဲဖြစ်ရာ လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ထိပ်တန်းမြို့တော်ကြီး (၄)မြို့တွင် အိမ်အသစ် ဈေးနှုန်းမှာ ပျမ်းမျှ(၅.၇%)ခန့်၊ ဒုတိယအဆင့်မြို့(၃၁)မြို့တွင် (၄.၄%)ခန့်၊ တတိယအဆင့်မြို့ (၃၅) မြို့တွင် (၂.၈%)ခန့် မြင့်မားလာကြောင်း၊ အိမ်ဝယ်ယူသည့် စည်းမျဉ်းစည်းကမ်းများ မထုတ်ပြန် သေးမီ ဩဂုတ်လအတွင်း တတိယအဆင့်မြို့များတွင် အိမ်အသစ်ဈေးနှုန်းများမှာ (၁၇)လအတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအသီးသီးက အိမ်ဈေးနှုန်းများ ကျဆင်းလာစေရန် ပိုမိုတင်းကြပ်သည့်ချေးငွေမူဝါဒများ ချမှတ်လာခြင်းကြောင့် လာမည့်တတိယလေးလပတ်တွင် အိမ် ဈေးနှုန်းများ အေးလာမည့်ပုံပေါ်ကြောင်း၊ ကျွမ်းကျင်သူများအနေဖြင့် လက်ရှိ မေခရိုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုများမှာ ကျိုးကြောင်းဆီလျော်မှုမရှိသည့် ဝယ်လိုအားများကိုတားဆီးရန်နှင့် ပုံမှန် အိမ်ဝယ်ယူလိုသူများအတွက် စိတ်ချရစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိ အိမ်၊ ခြံ၊ မြေစနစ်ကို တစ်သမတ်တည်းဖြစ်စေရန် ဆောင်ရွက်နေမှုနှင့်အတူ အိမ်၊ ခြံ၊မြေ ဈေးကွက် ရေရှည် တွင် တည်ငြိမ်စွာဖွံ့ဖြိုးနိုင်သည်ဟု သုံးသပ်ထားကြောင်း သိရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍကို တိုးမြှင့်ရန်ကြိုးပမ်းနေခြင်း
တရုတ်နိုင်ငံ၏ ပြည်တွင်းပြည်ပ ဈေးကွက်(၂)ရပ်လုံးအတွက် လည်ပတ်ဆောင်ရွက်နေသည့် dual circulation စံပုံစံကို လွယ်ကူချောမွေ့စေရန်၊ပြည်တွင်း ကုန်စည်ထောက်ပံ့မှုကွင်းဆက်ကို အဆက်မပြတ်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်မှုကဏ္ဍကို တိုးမြှင့်ရန် တရုတ်လေကြောင်းအာဏာပိုင်များက နည်းလမ်းရှာဖွေဆောင်ရွက်လျှက်ရှိရာ၌ အဆိုပါကဏ္ဍကို လျင်မြန်ကောင်းမွန်စွာဖွံ့ဖြိုးလာစေရန်ခရီးသည်နှင့်ကုန်ပစ္စည်းများပို့ဆောင်ရေးအတွက်မူဝါဒအမျိုး မျိုးဖြင့်ဆောင်ရွက်မည်ဖြစ်သည်ဟု တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာန(CAAC)က ကတိပြု ထားကြောင်း၊၎င်းမူဝါဒများဖြင့် လေကြောင်းကုန်တင်ခြင်းနှင့်ဆက်စပ်နေသည့် အခြေခံအဆောက် အအုံတည်ဆောက်မှုများကို့ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လေဆိပ်ပြေးလမ်း ခွဲဝေနေရာချထားမှုများကို အကောင်းဆုံးဖြစ်စေလျှက် လေကြောင်းကုန်တင်ကဏ္ဍရှိ ဘက်စုံပံ့ပိုးပေးနိုင်မည့်စွမ်းရည်များကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှ လေယာဉ်အတည်ပြုသည့်လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေခြင်း၊စင်းလုံးငှားလေယာဉ်များကို အစိမ်းရောင်လမ်းကြောင်းဖြင့် တံခါးဖွင့်ကြိုဆို ခြင်းနှင့် ခရီးသည်တင်လေယာဉ်များကို ကုန်တင်ဆောင်နိုင်ရန်အတွက်စီစဉ်ပေးခြင်း စသည့်စီမံ ဆောင်ရွက်မှုအမျိုးမျိုးဖြင့် စတင်မိတ်ဆက်၍ လေကြောင်းကုန်တင်ကဏ္ဍကို ကူညီပံ့ပိုးပေးလျှက် ရှိကြောင်း၊ CAAC စာရင်းများအရ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်လေကြောင်းကဏ္ဍမှ လေကြောင်းကုန်တင်ပို့မှု တန်ချိန်ပေါင်း (၃.၇၄)သန်းကျော်ကို ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ရကာ ကပ်ရောဂါနှင့်မကြုံတွေ့မီ ၂၀၁၉ ခုနှစ်၏အလားတူကာလထက် (၆.၄%) တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-နန်နင်းမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
ဥရောပသမဂ္ဂနိုင်ငံများ
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာပြပွဲသို့ ပါဝင်ပြသရန်မှတ်ပုံတင်ထားသည့်ကုမ္ပဏီများ
စပိန်နိုင်ငံ၊မက်ဒရစ်မြို့၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်မှ(၇)ရက်ထိ In person ပုံစံဖြင့်ကျင်းပမည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာပြပွဲ Fruit Attraction 2021 သို့ ပါဝင် ပြသရန်အတွက် စပိန်နိုင်ငံရှိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်ဒေသများနှင့် နိုင်ငံပေါင်း(၄၀)ခန့်မှ ကုမ္ပဏီပေါင်း (၁၂၀၀)နီးပါးကမှတ်ပုံတင်ထားပြီး ပါဝင်ပြသမည့် ကုမ္ပဏီ ထပ် တိုးလာနိုင်ကြောင်း၊အဆိုပါပြပွဲသည် စပိန်နိုင်ငံ၊မက်ဒရစ်မြို့ရှိပြပွဲများ၊ခန်းမများစီစဉ်သည့်လုပ်ငန်း (IFEMA MADRID)နှင့်စပိန်နိုင်ငံသစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊အပင်နှင့်ပန်းများထုတ်လုပ်တင်ပို့သူ များအသင်းချုပ်(FEPEX)တို့မှစီစဉ်ကျင်းပသည့် နိုင်ငံတကာသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍ ဆိုင်ရာပြပွဲကြီးဖြစ်ပြီး ပြပွဲဆိုင်ရာအသေးစိတ်အချက်အလက်များကို https://www.ifema.es/en/ fruit-attraction တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ Fruit Attraction 2021 သည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့အား အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ မတူကွဲပြားမှုတို့ဖြင့် လတ်ဆတ်ထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှုဆိုင်ရာကမ္ဘာ့ဗဟိုချက်သဖွယ်ဖြစ်လာစေရန်IFEMA MADRID ၏ပြခန်းဆောင် (၈)ခု၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံမှ Unshu Mandarin လိမ္မော်သီးများ တင်ပို့မှုကန့်သတ်ချက်ကို ဖြေလျှော့ပေးသည့် ဗီယက်နမ်
ဂျပန်နိုင်ငံမှ Unshu Mandarin လိမ္မော်သီးများကို ဗီယက်နမ်နိုင်ငံ၏ သတ်မှတ်စံချိန် စံနှုန်းများနှင့်ကိုက်ညီမှုရှိသဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ တင်ပို့ခွင့် ပြန် လည်ရရှိမည်ဟု ဂျပန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း၊ တင်ပို့မည့်လိမ္မော်သီး များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရမည်ဖြစ်ပြီး လိမ္မော်သီးဖောက်ပိုးနှင့် အခြားသော ပိုးမွှားကင်းစင်ရန် စနစ်တကျ စစ်ဆေးမှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ လိမ္မော်သီးတင်ပို့မှု တားမြစ်ထားခြင်းကို ဗီယက်နမ်နိုင်ငံမှ ဖြေလျှော့ပေးလိုက်သည့်အတွက် လာ မည့်နှစ် လိမ္မော်သီးထွက်ရှိမည့်ရာသီတွင် ပိုမိုတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပြီး ပထမဆုံးစတင် တင်ပို့ မည့်နှစ်တွင် ကနဉီးတန်ဖိုး ယန်း ၉ သန်း ခန့်ရရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြား ခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ်သို့ လိမ္မော်သီး တိုးမြှင့်တင်ပို့နိုင်ရန်အတွက် လိမ္မော်သီးစိုက်ပျိုးလိုသူများကိုPlant Protection Station တွင်မြေယာမှတ်ပုံတင်ရန်တွန်းအားပေး ဆောင်ရွက်နေကြောင်း၊ လိမ္မော်သီး စိုက်ပျိုးလိုသူများသည် ဗီယက်နမ်နိုင်ငံမှသတ်မှတ်ထားသည့် ပစ္စည်းကိရိယာအသုံးအဆောင်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် Citrus fruit ပိုးသတ်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် လာမည့်နှစ်လိမ္မော်သီးထွက်ရှိ မည့်ရာသီမှသာ စတင် တင်ပို့မည်ဟု ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာန Plant Protection Station မှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း Unshu orange တန်ချိန်(၉၈၁)တန်၊တန်ဖိုးယန်း(၅၁၈.၇)သန်းရရှိခဲ့သည့်ဟုစိုက်ပျိုးရေးဝန်ကြီးဌာန၏စာရင်းအချက် အလက်များအရ သိရှိရပါသည်။
(ရင်းမြစ်-တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ဩစတြေးလျနိုင်ငံ
ဩစတြေးလျအစိုးရက စီးပွားရေးလုပ်ငန်းများအတွက် အပိုဆောင်းအကူအညီပေးအပ်ခြင်း
ဩစတြေးလျအစိုးရသည် ကုန်စည်စီးဆင်းမှုကို ထိန်းသိမ်းရန် ဩစတြေးလျစီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံတကာ ဝယ်လက်များအကြား အဓိကအရေးပါသည့် လေကြောင်းပို့ဆောင်မှု ဆိုင်ရာချိတ်ဆက်မှုများကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် အေဒေါ်လာ(၂၆၀.၉)သန်း အပိုဆောင်း ထောက်ပံ့လိုက်ခြင်းကို အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုး တက်မှုဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့၏၂၇.၈.၂၀၂၁ ရက်နေ့ ပူးတွဲသတင်း ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့ကြောင်း၊ အစိုးရသည် အေဒေါ်လာ(၁.၀၄)ဘီလီယံကို ဩစတြေးလျ စီးပွားရေးလုပ်ငန်းများနှင့် တင်ပို့သူများအတွက် International Freight Assistance Mechanism (IFAM) အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြင့် နိုင်ငံတကာဖောက်သည်များက အမျိုးမျိုးသော ဩစတြေးလျ ထုတ်ကုန်များကို လက်လှမ်းမှီအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးက IFAM အစီအစဉ်ကို တိုးချဲ့‌ဆောင်ရွက်ခြင်းသည် ဩစတြေးလျ စီးပွားရေးလုပ်ငန်းအနေဖြင့် ကမ္ဘာ့အသွင်သစ် ထောက်ပံ့မှုကွင်းဆက်နှင့် လိုက်လျောညီထွေမှုရှိသည့် အရေးပါသောဈေးကွက် များသို့ ရောက်ရှိနိုင်မှုကဆက်လက်သေချာစေပြီး ဒေသတွင်းရှိ ဩစတြေးလျ လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ရင်းမြစ်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများအတွက် အသက်သွေးကြောဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
IFAM အစီအစဉ်၏ အဓိကအင်္ဂါရပ်မှာ နိုင်ငံတကာ လေကြောင်းသယ်ယူပို့‌ဆောင်ရေး လုပ်ငန်းများအတွက် သယ်ယူပို့‌ဆောင်ရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာအထောက်အပံ့များပေးခြင်း၊ လေ ကြောင်းလိုင်းများနှင့်စေ့စပ်ညှိနှိုင်းခြင်း၊ ကုန်စည်ရှင်းလင်းရာတွင် လွယ်ကူချောမွေ့စေရန် ပြည်နယ် နှင့်နယ်မြေအလိုက် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါ ပျံ့နှံ့မှုကာလအတွင်း ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်များအတွက် ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်လာ‌စေခြင်းတို့ဖြစ် ကြောင်း၊ ယခုအစီအစဉ်သည် ဆေးပစ္စည်းကဲ့သို့သော အရေးပါသည့် ကုန်စည်စီးဆင်းမှုကို သေချာ စေသကဲ့သို့ ဩစတြေးလျစီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအတွက် အခြား မရှိမဖြစ်ကုန်စည် များ၏ကုန်စည်စီးဆင်းမှုကိုပါ သေချာမှုရှိစေသည်ဟု ပြောကြားထားကြောင်း၊လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဝန်ကြီးက ယခု အပိုဆောင်းထောက်ပံ့မှုမှာ ဩစတြေးလျ လယ်ယာစိုက်ပျိုးထုတ်လုပ် သူများအတွက် အဓိကအောင်မြင်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်များသို့ အရည်အသွေးမြင့် ကုန်စည်များ စဉ်ဆက်မပြတ်ဝင်ရောက်ရေးကို ပိုမိုသေချာစေပါကြောင်း၊ ၎င်းတို့အနေဖြင့် ရှိပြီး သား နိုင်ငံတကာဝယ်လက်များနှင့် ဆက်လက်ချိတ်ဆက်နေခြင်းက ၎င်းတို့၏လုပ်ငန်းလည်ပတ်မှု ကို ထိန်းသိမ်းနိုင်သည့်အပြင် ထိပ်တန်းအရည်အသွေးရှိ ထုတ်ကုန်များကို ထောက်ပံ့နိုင်သည့် စိတ်ချရသောထောက်ပံ့သူများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ကင်ဘာရာမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
အိန္ဒိယဆန်တင်ပို့မှုလျော့ကျဖွယ်ရှိခြင်း
နိုင်ငံတကာ ဆန်ဈေးကွက်အတွင်း ဗီယက်နမ်၊ ထိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန် ဈေးနှုန်းများကျဆင်းလျှက်ရှိပြီး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်မှုနှင့် အတူ ကုန်သေတ္တာများ လွယ်ကူစွာရရှိမှုမရှိခြင်းတို့က ၂၀၂၁-၂၀၂၂ ခုနှစ် အိန္ဒိယ၏ ပြည်ပသို့ ဆန် တင်ပို့မှုအပေါ် အကျိုးသက်ရောက်ဖွယ်ရှိနေကြောင်း၊ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA)ဥက္ကဋ္ဌ က လွန်ခဲ့သည့်(၂)လခန့်က မိုးရွာသွန်းမှုများကြောင့် ကုန်သေတ္တာများပို့ဆောင်နိုင်မှု မရှိသည့်အတွက် ယခုအခါ ကုန်သင်္ဘော (၁၅)စီးခန့်သည် အန္တရာပရာဒေ့ရှ်ပြည်နယ်ရှိ Kakinada ဆိပ်ကမ်း၌ စောင့်ဆိုင်းနေရကြောင်း၊ ဆိပ်ကမ်းများ၌ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ ပြည့်ကျပ် များပြားလာမှုအပြင် သယ်ယူပို့ဆောင်မှုစရိတ်များကြီးမြင့်မှုက ပို့ကုန်လုပ်ငန်းရှင်များအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းသိရှိရပါသည်။
အိန္ဒိယနိုင်ငံ၊ပြည်နယ်အများအပြားမှ စိုက်ပျိုးထွက်ရှိသည့် ဘာစမာတီမဟုတ်သောဆန် များတင်ပို့ရာတွင် အဓိကအားဖြင့် Kakinada ဆိပ်ကမ်းသို့ သယ်ယူပို့ဆောင်ရာ၌ ရထားပို့‌‌ဆောင် ရေးလုပ်ငန်းအပေါ် များစွာအမှီပြုလျှက်ရှိကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက်၌ ရောင်းလိုအား များ ပြားလျှက်ရှိမှုနှင့်စပ်လျဉ်း၍ ဗီယက်နမ်၊ ထိုင်းနှင့်ပါကစ္စတန်နိုင်ငံတို့သည် ဆန်ဈေးနှုန်းများကို လျှော့ချခဲ့ကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်၌ အိန္ဒိယထံမှ ဘာစမာတီမဟုတ်သော ဆန် များကို အဓိကဝယ်ယူသည့်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မေလ အထိသာ ဝယ်ယူခဲ့ပြီး ကုန် သေတ္တာများစေလွှတ်ပေးရမှုအပေါ် ဈေးနှုန်းလျှော့ချပေးရန် ဗီယက်နမ် သွင်းကုန်လုပ်ငန်းရှင်များ က လိုလားလျှက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် မေလတွင် အိန္ဒိယနိုင်ငံထံမှ ဝယ်ယူ တင်သွင်းမည့်ဆန်များအပေါ် အကောက်ခွန်အား ၅၀ % မှ ၃၅ % သို့ လျှော့ချပေးခဲ့သော်လည်း အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် တင်ပို့နိုင်မှုမရှိသေးကြောင်း၊ ဘာစမာတီမဟုတ်သော ဆန်များ အား သင်္ဘောပေါ်၌ ဝမ်းပုံစနစ်ဖြင့် တင်ပို့မှုရှိသော်လည်း ဘာစမာတီဆန် တင်ပို့မှု၏ ၈၀ % ခန့်မှာ ကုန်သေတ္တာဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်မှုစရိတ်များ ကြီးမြင့်မှုနှင့် ကုန် သေတ္တာများ အလွယ်တကူမရရှိနိုင်မှုတို့က ပို့ကုန်လုပ်ငန်းရှင်များအတွက် အဓိက ပြဿနာဖြစ်ပြီး အခြေအနေတိုးတက်မှုမရှိပါက ဘာစမာတီဆန်ပြည်ပတင်ပို့မှုသည်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တင်ပို့မှု အောက်၂၅ % ခန့် ကျဆင်းမည်ဟုခန့်မှန်းကြောင်းသိရှိရပါသည်။
ပင်လယ်နက်နိုင်ငံများမှ ပဲနီလေးများ တင်သွင်းခွင့်ပြုရေးတွန်းအားပေး
အိန္ဒိယနိုင်ငံ၌ ဥတာပရာဒေ့ရှ်ပြည်နယ် ရေွးကောက်ပွဲမတိုင်မီကာလအတွင်း ပဲမျိုးစုံ ဈေးကွက်တွင် ဈေးနှုန်းများတည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်ရန် ဗဟိုအစိုးရက ကြိုးပမ်းလျှက်ရှိ သော်လည်း ပဲနီလေးလက်လီအရောင်းဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၉၀ ရူပီးနှင့် အထက်သို့ရောက် ရှိပြီး ဖိအားများဖြစ်ပေါ်စေလျှက်ရှိကြောင်း၊ နိုင်ငံအနေဖြင့် ပြည်တွင်း ပဲနီလေးဈေးကွက် လိုအပ် ချက်အတွက် အလွန်အမင်းမှီခိုမှုပြုနေရသည့်နိုင်ငံများကိုလျှော့ချ၍ ပင်လယ်နက်ဒေသရှိ ရုရှားနှင့် ကာဇက်စတန်တို့ကဲ့သို့သောနိုင်ငံများထံမှ ဝယ်ယူတင်သွင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အိန္ဒိယ ပဲကုန်သည်များက တိုက်တွန်းပြောဆိုလျှက်ရှိကြောင်း၊ အိန္ဒိယ ပြည်တွင်း လက်ကား ဈေးကွက်၌ အရောင်တင်သန့်စင်မှု မပြုလုပ်ထားသော ပဲနီ‌လေးလုံးပြည့်၏ ဈေးနှုန်းမှာ ၁ ကီလိုဂရမ် လျှင် ၇၈ ရူပီးရှိပြီး အစိုးရက တောင်သူများထံမှ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေး ၁ ကီလို ဂရမ်လျှင် ၅၁ ရူပီးနှုန်းထက် များစွာမြင့်မားလျှက်ရှိကြောင်း၊ အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက ပြုစု ထားသည့်စာရင်းများအရ အိန္ဒိယတစ်နိုင်ငံလုံးအတွက် ပဲနီလေး၏ ပျမ်းမျှလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ယခုနှစ် ဇန်နဝါရီလ၌ ၈၁ ရူပီးနှုန်းရှိရာမှ ဩဂုတ်လအတွင်း ၈၉ % သို့ မြင့်တက် လာကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်းတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ ဖြေလျှော့လျှက် ၆ လတာကာလအထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ ပဲနီလေးအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်အား ၃၀% မှ ၁၀% သို့လျှော့ချပေးခြင်း၊ ပဲမျိုးစုံလက်ဝယ်ထားရှိသိုလှောင်နိုင်မှုပမာဏကိုကန့်သတ်လျှက် ရောင်းဝယ်မှု လုပ်ငန်းကွင်းဆက်၌ ပါဝင်သူများ၏ကုန်လက်ကျန်ပမာဏကို အစိုးရ၏ စာရင်းဇယားစင်္ကြန်သို့ ထုတ်ဖော်တင်ပြစေခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ကြောင်း၊ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှု ကိန်း ဂဏန်းသည် အစိုးရနှင့်ကုန်သည်များအကြားကွာဟမှု ဖြစ်ပေါ်နေပြီး ထိုသို့ကွာဟချက်သည် ပဲမျိုးစုံ တင်သွင်းမှု မူဝါဒအား မကြာခဏပြောင်းလဲရန် အစိုးရအပေါ်သက်ရောက်မှုဖြစ်ပေါ်စေသည်အထိ ကြီးမားမှုရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ရှုမြင်လျှက်ရှိကြောင်းသိရှိရပါသည်။
လက်ရှိကာလတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပင်ရောဂါ ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ၏ နောက်ဆက်တွဲအစီအစဉ်၌ ပြည်တွင်းစားသုံးမှုအတွက် ပဲနီလေးတင်သွင်းရန်ခွင့်ပြုကြောင်း ဖော်ပြထားသည့်နိုင်ငံမှာ (၁၀) နိုင်ငံသာရှိပြီး ရုရှားနှင့်ကာဇက်စတန်နိုင်ငံတို့မှ တင်သွင်းနိုင်ရန်အတွက် အဆိုပါစာရင်းတွင်ပါဝင်ရန် လိုအပ်နေကြောင်း၊ အခြားတစ်ဖက်တွင် အကောက်ခွန်နှုန်းထားများ လျှော့ချခဲ့သော်လည်း ကနေဒါ နှင့်ဩစတြေးလျနိုင်ငံတို့မှ ပဲနီလေးပို့ကုန်ဈေးနှုန်းများကို မြှင့်တင်လျှက်ရှိသည်ဟု အိန္ဒိယကုန်သည် များကပြောဆိုလျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)
ဘယ်လ်ဂျီယံနိုင်ငံ
ရာသီဥတုဆိုးရွားမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းနိုင်ခြင်း
စွတ်စိုသောနွေဉီးရာသီဖြစ်ပေါ်ခဲ့ပြီး နွေရာသီကာလတစ်လျှောက်တွင်လည်း မိုးသည်း ထန်စွာ ရွာသွန်းခဲ့ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများရိတ်သိမ်း/ထွက်ရှိမှုအပေါ်သက်ရောက်နိုင်ရာ နိုင်ငံ၏အဓိကသီးနှံဖြစ်သည့် အာလူး စိုက်ပျိုးထုတ်လုပ်မှုအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ ဖလန်းဒါးဒေသ၌ (၉၀%) ခန့်နှင့် ဝေါ်လိုနီးယားဒေသ၌ (၁၀%)ခန့် စိုက်ပျိုးထွက်ရှိသည့် သစ်တော်သီးများ၏ ယခုနှစ် အထွက်နှုန်းသည် ၂၀၂၀ ခုနှစ်ကထက် (၂၅%)လျော့နည်းနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ ပန်းသီး ထွက်ရှိမှုမှာ ပုံမှန်အခြေအနေတွင်ရှိမည်ဟုမျှော်မှန်းထားပြီး နိုင်ငံ၏ဟက်တာ(၁၀၀၀)ခန့် စိုက်ပျိုး မှုရှိသည့်ချယ်ရီသီးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခူးဆွတ်ချိန်တွင် ပျက်ဆီးမှုများရှိခဲ့သဖြင့် အထွက်နှုန်း အသင့်အတင့်သာရှိနိုင်သကဲ့သို့ ဆောင်းစိုက်မုယောစပါးအပါအဝင် အခြားကောက်ပဲ သီးနှံများ စိုက်ပျိုးထွက်ရှိမှုတွင်လည်းထိခိုက်ခဲ့ကြောင်း၊ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် သီးနှံ များထွက်ရှိမှုတွင် ၁၅% ခန့်ထိ ဆုံးရှုံးနိုင်ခြေရှိကြောင်း၊ သီးနှံထွက်ရှိမှု အရေအတွက်သာမက အရည်အသွေး ပိုင်းတွင်လည်းကျဆင်းနိုင်ကြောင်း၊ အစေ့အဆံများ၏အရည်အသွေးပိုင်းသည် လုံ လောက်သည့်စံနှုန်းသို့ မရောက်ရှိနိုင်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့၊စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ၌ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အင်တာနက်စင်္ကြန်စတင်လွှင့်တင်ခြင်း

     အိန္ဒိယနိုင်ငံမှ ပြည်ပသို့ကုန်စည်တင်ပို့ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အင်တာနက်စင်္ကြန် (www. easeoflogistics . com) ကို အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များ အသင်းချုပ် (FIEO) က ၂၇-၉-၂၀၂၁ နေ့၌ စတင်လွှင့်တင်လိုက်ပါသည်။

     အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါအင်တာနက်စင်္ကြန်မှတစ်ဆင့် ၎င်းတို့၏ ကုန်သေတ္တာလိုအပ်ချက် အသေးစိတ်အချက်အလက်များကို အဆိုပါအင်တာနက်စင်္ကြန်မှ တစ် ဆင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများထံ တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်ပြီး သင်္ဘော လိုင်းဝန်ဆောင်မှုလုပ်ငန်းများကလည်း ၎င်းတို့ပေးနိုင်သည့် အကောင်းဆုံးဈေးနှုန်းများကို ပြန် လည်ကမ်းလှမ်းလျက် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် FIEO ၏ သတင်းထုတ်ပြန် ချက်၌ ဖော်ပြပါသည်။

     FIEO ကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Dr A Sakhtivel က ပို့ကုန်လုပ်ငန်းရှင်များ၏ ဈေးကွက်လိုအပ်ချက်ကို ထိရောက်စွာ တုန့်ပြန်နိုင်ရန်အတွက် ၎င်းတို့အသင်းချုပ်အနေဖြင့် ကုန်တင်သင်္ဘောလိုင်းများ၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘက်စုံသယ်ယူပို့ ဆောင်ရေး လုပ်ကိုင်သူများအပါအဝင် ထောက်ပံ့ပို့ဆောင်မှုနယ်ပယ်ရှိ အဖွဲ့အစည်းများထံမှ အကူအညီများရယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုစင်္ကြန်အား လွှင့်တင်ချိန်၌ပင် ပို့ကုန်လုပ်ငန်းရှင် ၁၈၀၀ ကျော်နှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ ၃၀၀ ခန့်တို့သည် ဝင်ရောက်မှတ်ပုံတင်ပြီးဖြစ် သည်ကို တွေ့ရှိရကြောင်း၊ ဤအင်တာနက် စင်္ကြန်မှတစ်ဆင့် ကုန်သေတ္တာဈေးကွက် လိုအပ်ချက် ကို ကျယ်ပြန့်စွာ တွေ့မြင်နိုင်မှုနှင့်အတူ ပို့ကုန်လုပ်ငန်းရှင်များအတွက် သင့်လျော်သည့် ဈေးနှုန်း ဖြင့် ကုန်သေတ္တာရရှိနိုင်ရေးကို တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများ အနေဖြင့်လည်း ဈေးကွက်လိုအပ်ချက်ကို သိရှိ နိုင်မှုအရ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကုန်သေတ္တာများအား ပြန်လည်နေရာချထားခြင်း၊ စက်ကိရိယာ များ တပ်ဆင်နိုင်ရေး စီစဉ်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအတွင်းရှိ ပို့ကုန်မြှင့်တင်ရေး ကောင်စီများက FIEO ၏ ယခုလုပ်ဆောင်ချက်ကို ကြိုဆိုလျက် ၎င်းတို့၏ အသင်းဝင် ပို့ကုန်လုပ်ငန်းရှင်များအား အဆိုပါစင်္ကြန်၌ ဝင်ရောက်မှတ်ပုံတင် ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းခဲ့ကြကြောင်း ပြောဆိုပါသည်။

     FIEO ၏ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အင်တာနက်စင်္ကြန်၌ ဖော်ပြထားရှိမှုအရ ၃၀-၉-၂၀၂၁ နေ့ နံနက်ပိုင်းအထိ ပို့ကုန်လုပ်ငန်း ၂၀၉၆ ခု၊ သင်္ဘောလိုင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ၄၁၇ ခုတို့ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းနှင့် ကုန်သေတ္တာလိုအပ်ချက်ရှိ ကြောင်း ထုတ်ဖော်တင်ပြချက် ၇၅၅၂ ခုကို လွှင့်တင်ထားကြောင်း သိရှိရသည်။

(ရင်းမြစ်- နယူးဒေလီမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

တရုတ်နိုင်ငံ
ပို့ကုန်တင်ပို့မှုကို တွန်းအားပေးလျှက်ရှိခြင်း
ကိုဗစ် ၁၉ ကပ်ရောဂါနှင့်ဆက်စပ်၍ ကမ္ဘာတစ်ဝန်း၌သာမက အရှေ့တောင်အာရှနိုင်ငံများ၌ ကုန်ပစ္စည်းထုတ်လုပ်မှု ကျဆင်းလျှက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တရုတ်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုမှာ မျှော်မှန်းထားသည်ထက် ရုတ်တရက်မြင့်တက်ခဲ့သည်ဟု သတင်းဖော်ပြခဲ့ရာ ၎င်း သတင်း၌ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများကန့်သတ်ထားသည့်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ ကပ်ရောဂါမဖြစ်ပွားမီကာလကထက် ပိုမိုမြင့်တက်ခဲ့သည်ဟု South China Morning Post သတင်းစာ၌ ရေးသားဖော်ပြထားကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် သွားလာမှုများ ကန့်သတ်ထားသည့်နိုင်ငံများမှ ဝယ်လိုအား များ မြင့်တက်လာသဖြင့် တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ အဆိုပါကပ်ရောဂါကာလကထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် ၁၉ ဖြစ်ပွားမှုနှုန်း ကျဆင်းသွားပါက တရုတ် နိုင်ငံ၏ ပို့ကုန်မြင့်တက်မှုမှာ ၂၀၂၁ ခုနှစ်၊ဒုတိယနှစ်ဝက်တွင် လျော့နည်းသွားနိုင်သည်ဟု စီးပွားရေး ပညာရှင်များက ကြိုတင်ခန့်မှန်းထားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ ဆက်လက် မြင့်တက်လျှက်ရှိပြီးယခင်နှစ်ထက်(၂၅.၆%)မြင့်မားခဲ့ကြောင်း၊လက်လီရောင်းချသူများမှာ ခရစ္စမတ် ပွဲတော်ကာလမတိုင်မီ ကုန်လက်ကျန်များ ပြတ်လပ်သွားသောကြောင့် စတင်၍ပြန်လည်ဖြည့်ဆည်း ရန် စီးပွားရေးလုပ်ငန်းများမှ ကြိုတင်ဆောင်ရွက်လျှက်ရှိသဖြင့် တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများဖြစ်သည့် လျှပ်စစ်/ ရိဘောဂ/ အိမ်သုံးပစ္စည်းများ၊ အရုပ်များ၊ အပန်းဖြေပစ္စည်းများ စသည့် ပို့ကုန်ပစ္စည်းများတင်ပို့မှု ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးဈေးကွက်များသို့ ပို့ကုန် တင်ပို့မှုများမှာ ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ မြင့်တက်လျှက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များသို့ တင်ပို့မှုမှာလည်း အကျိုးအမြတ်အနည်းငယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
စားသုံးဆီများအပေါ် အကောက်ခွန်နှုန်းထားများထပ်မံလျှော့ချခြင်း
အိန္ဒိယအစိုးရသည် စားအုန်းဆီနှင့် ပဲပုတ်ဆီများအပေါ် တင်သွင်းသည့် ကုန်စည်ပမာဏ တန်ချိန်အလိုက် ကောက်ခံသည့်အခွန်နှုန်းထားများအား ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း၌ လျှော့ချခဲ့ ပြီးနောက် ယခုတစ်ဖန် စားသုံးဆီများအပေါ် ကောက်ခံသည့်သွင်းကုန်အခွန်နှုန်းထားများကို ထပ်မံ လျှော့ချခဲ့ကြောင်း၊ ယခင်က အခြေခံအကောက်ခွန်နှုန်းများကို စားအုန်းဆီကြမ်းအပေါ် (၁၀%)၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် (၇.၅%)ချမှတ်ထားရာမှ ယခုအခါ (၂.၅)% သို့ လျှော့ချ သတ်မှတ်ခဲ့သော်လည်း အိန္ဒိယအစိုးရသည်စားအုန်းဆီကြမ်းအပေါ် စိုက်ပျိုးရေးအခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်မှုထပ်ဆောင်းအခွန် (AIDC)ကို (၂.၅%)သို့ တိုးမြှင့်ခဲ့ရာ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသည့် AIDC အခွန်နှုန်း ၂၀% နှင့် တန်းတူညီ ရောက်ရှိ ခဲ့ကြောင်း၊ သို့ဖြစ်ရာ အခြေခံကောက်ခွန်နှင့် AIDC အခွန်နှစ်ရပ်ပေါင်း (၂၂.၅%)အပေါ် ကောက်ခံ သည့်လူမှုဖူလုံရေးအထူးထပ်ဆောင်းအခွန်(၁၀%)အားထည့်သွင်းတွက်ချက်ပါက အဆိုပါစားသုံးဆီ ကြမ်း(၃)မျိုးအပေါ် သွင်းကုန်ခွန်စုစုပေါင်း(၂၄.၇၅%)ကျသင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယစားသုံးသူ ရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနက ၁၁-၉-၂၀၂၁ နေ့၌ သတင်းထုတ် ပြန်ရာတွင် စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါးစေရေးအတွက် အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျှော့မှုများစွာကို လုပ်ဆောင်ခဲ့ရာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအတွက် ဆိပ်ကမ်းရှင်းလင်းမှု လွယ်ကူ မြန်ဆန်စေရန် စံလုပ်ငန်းသတ်မှတ်ချက်(SOP)များကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ယခုအကြိမ် အခွန်နှုန်းထားများ လျှော့ချပေးမှုက ဘဏ္ဍာနှစ်တစ်ခုလုံး၌ တန်ဖိုးအားဖြင့် ရူပီးငွေ ကုဋေ ၃၅၀၀ ခန့်ရှိမည်ဖြစ်ပြီး ယခင်က ဖြေလျှော့ပေးခဲ့သောတန်ဖိုးများပါ ထည့်သွင်းတွက်ချက်ပါက စားသုံးသူ များအနေဖြင့် ရူပီးငွေကုဋေ ၄၆၀၀ အထိ သက်သာမှုရရှိစေမည်ဖြစ်ကြောင်း၊ အိန္ဒိယသို့ စားသုံးဆီ များတင်ပို့ရာ ပင်ရင်းနိုင်ငံများ၌ ဈေးနှုန်းမြင့်တက်မှုက အခွန်နှုန်းလျှော့ချပေးမှုမှ စားသုံးသူအပေါ် အကျိုးဖြစ်ထွန်းမှု တစ်စိတ်တစ်ဒေသကို လျော့ပါးစေဖြစ်ပြီး ရှေ့လာမည့်ရက်သတ္တပတ်များ၌ ပြည် တွင်းလက်လီဈေးကွက်တွင် စားသုံးဆီ ၁ လီတာလျှင်၂ ရူပီးမှ ၃ ရူပီးခန့်သာဈေးနှုန်းကျဆင်းဖွယ် ရှိကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံးအမိန့်ထုတ်ပြန်ချက်၌ နေဝင်ချိန်စည်းမျဉ်းခေါ် အကျိုးသက် ရောက်မှုရှိမည့်ကာလ သတ်မှတ်ချက်အား ပယ်ဖျက်ပေးခဲ့သဖြင့် အစိုးရက နောက်ထပ်ညွှန်ကြား ချက်တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုသရွေ့ လျှော့ချပေးထားသည့် အကောက်ခွန်နှုန်းထားများဖြင့် စားသုံးဆီများကို တင်သွင်းခွင့်ရရှိစေမည်ဖြစ်ကြောင်း အိန္ဒိယဆီကြိတ်လုပ်ငန်းရှင်များအသင်း အမှု ဆောင်ဒါရိုက်တာက သတင်းဌာနသို့ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံနိုင်ငံ
ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကပ်ရောဂါမတိုင်ခင်အဆင့်သို့ ပြန်လည်ရောက်ရှိခြင်း
ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီကာလအဆင့်သို့ ၂၀၂၁ ခုနှစ် မကုန်ဆုံးမီတွင် ပြန်လည်ရောက်ရှိနိုင်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံအစိုးရ စီမံကိန်းဗျူရို၏ ခန့်မှန်းချက်များအရသိရပြီး ၂၀၂၁ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ (၅.၇%)၊၂၀၂၂ ခုနှစ်တွင်(၃%)ရှိနိုင်ကြောင်း၊၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုနှုန်းမှာ(၁.၉%)သို့ ရောက်ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်တွင်မူ စွမ်းအင်ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ငွေ ကြေးဖောင်းပွမှုနှုန်း(၂.၁%) ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ ဖက်ဒရယ်အစိုးရသည် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်နလန်ထူရေးကိုဉီးတည်သည့် ပြုပြင် ပြောင်းလဲမှုများစွာကိုလုပ်‌ဆောင်ရန်ပြင်ဆင်လျှက်ရှိပြီးယင်းတို့တွင်ဥရောပပြန်လည်ထူထောင် ရေး အစီအမံအောက်မှဘယ်လ်ဂျီယံနိုင်ငံအတွက်အတည်ပြုထားသည့် စီမံကိန်းများလည်းပါဝင်ကြောင်း၊ Catholic University of Leuven ၏ ပါမောက္ခဖြစ်သူက ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ခိုင်မာ အား ကောင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို အသက်သွင်းရန်နှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုကို အပြီးသတ်လုပ်ဆောင်ရန်လိုအပ်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကုန်ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်းခန့်မှန်းခြင်း
ကမ္ဘာ့ကုန်စည်ဈေးနှုန်းများမြင့်တက်နေမှုနှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ စူပါမားကတ်များ၌ ၂၀၂၂ ခုနှစ်အစပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများကပြောကြားခဲ့ ကြောင်း၊၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ကုန်ဈေးနှုန်း သိသာစွာမြင့်တက် ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူဈေးနှုန်း သိသာစွာ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူဈေးနှုန်း(Consumer prices)မှာ ပြန်လည်ကျဆင်းခဲ့ သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ဘယ်လ်ဂျီယံနိုင်ငံရှိ ကုန်စုံဆိုင်များ၌ ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့ ရမည်ဟုခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းက ဂျုံ၊ သကြား၊ အသား၊နို့ထွက်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်ဆီအပါအဝင် အခြေခံစားကုန်များစွာသည် သိသာသောဈေးနှုန်းမြင့်တက်မှုများ ဖြစ် ပေါ်ခဲ့ပြီး အချို့ကုန်စည်များသည်(၁၇%) အထိ ဈေးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလတွင် ကမ္ဘာ့ စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုသည် (၄၀%)ခန့်ဖြင့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့အစည်း(FAO)က သတင်းထုတ်ပြန် ခဲ့ကြောင်း၊ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာရသည့်အကြောင်းရင်း များစွာရှိနိုင်သည်ဟု Federation of the Belgian Food Industry မှ ပြောကြားထားပြီး ဥပမာအားဖြင့် ရာသီဥတု ကြောင့် ဘရာဇီးလ်နိုင်ငံ၏ ကော်ဖီ စိုက်ပျိုးထွက်ရှိမှုနှင့် ကနေဒါနိုင်ငံ၏ ဂျုံ စိုက်ပျိုးထွက်ရှိမှုတို့ အပေါ် ထိခိုက်ခဲ့ကြောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် သက်ရောက်မှုများသည် စားသုံးသူများ၏ အလေ့အထကို သိသာစွာပြောင်းလဲစေနိုင်ခြင်းမရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့‌ဆောင် ရေးစနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်စေကြောင်း၊ သင်္ဘောကွန်တိန်နာတစ်လုံးအတွက် သယ်ယူ ပို့ဆောင်ခသည် (၇)ဆမှ(၁၀)ဆအထိ မြင့်တက်လာခဲ့ကြောင်း၊ အချို့နိုင်ငံများက ၎င်းတို့၏ ကုန် ကြမ်းပစ္စည်းများကို ထိန်းသိမ်းထားသဖြင့် ကုန်ကြမ်းရှားပါးမှုကို ဖြစ်စေကြောင်း၊ ယခုနှစ်နွေရာသီ တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ရာသီဥတုဆိုးရွားခဲ့သဖြင့် သီးနှံများစိုက်ပျိုးထွက်ရှိမှု အားနည်းခဲ့ရာ ဥပမာ အားဖြင့် ဂျုံအထွက်ကျဆင်းမှုကြောင့် ဂျုံမှုန့်ဈေးတက်လာပြီး ပေါင်မုန့်တစ်လုံး၏ ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ယူရို(၁၀)ဆင့်အထိ မြင့်တက်လာနိုင်ကြောင်း၊ ကုန်ကြမ်းရှားပါး၍ ကုန်ကြမ်းပစ္စည်း ဈေးတက်လာခြင်းကြောင့် ယခုနှစ်လက်ရှိအချိန်အထိ ဘယ်လ်ဂျီယံနိုင်ငံရှိ စားသုံးသူများအတွက် သိသာသောကုန်ဈေးနှုန်းမြင့်တက်မှုမဖြစ်လာသေးသော်လည်းကပ်ရောဂါအကျပ်အတည်း၏တွန်းပို့မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကတ်များသည် ၂၀၂၀ ခုနှစ်ကတည်းက ဈေးနှုန်းမြင့်တက် သည့်အခြေအနေတွင် ရောက်ရှိနေပြီးဖြစ်သည်ကို သတိပြုသင့်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဘရာဇီးနိုင်ငံ
ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ၂၀% နီးပါးမြင့်တက်ခြင်း
Mato Grosso ပြည်နယ်ရှိ သီးနှံစိုက်ခင်းများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် ပတ်သက်သည့် လေ့လာမှုစာတမ်းအား စက်တင်ဘာလ ဒုတိယအပတ်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ သီးနှံစိုက်ပျိုးသော ရာသီချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လတွင်ဖြစ်ပေါ်သည့် စိုက်ပျိုးစရိတ်များ နှင့် ၂၀၂၀ ပြည့်နှစ်ကာလတူတွင် ကုန်ကျခဲ့သည့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ၏ နှိုင်းယှဉ်တွက် ချက်မှုအား ထည့်သွင်းဖော်ပြထားကြောင်း၊ ၂၀၂၀ -၂၀၂၁ ခုနှစ် ရာသီချိန်တွင် ပဲပုတ်စေ့ စိုက်ပျိုး ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် စုစု‌ပေါင်းကုန်ကျစရိတ်သည် ၁ ဟက်တာလျှင် ဘရာဇီးလ်ဟဲရာ (၃၃၄၇.၉၁)ကုန်ကျခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံရာသီချိန်တွင် ၁ ဟက်တာကုန်ကျစရိတ်သည် (၃၉၇၈.၂၁) သို့ မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် (၁၈.၈၃%) ပိုမိုမြင့်တက်ခဲ့ကြောင်း၊ မြေငှားစရိတ် များမြင့်တက်မှုသည် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု စာတမ်းတွင်ဖော်ပြထားကြောင်း၊၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးနည်းပညာ အကူအညီ ရယူမှုအတွက် ၁ ဟက်တာလျှင် ၂၉.၅၈ ဟဲရာမှ ၄၂.၈၈ ဟဲရာသို့ မြင့်တက်ခဲ့သဖြင့် ၄၂.၈၈ % ပိုမို မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လစိုက်ပျိုးရာသီချိန်တွင် ၂၂.၀၆ ဟဲရာသာ ကုန်ကျခဲ့သည်ဟု လေ့လာမှုစာတမ်းတွင်ဖော်ပြထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရာဇီး စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တောင်အာဖရိကနိုင်ငံ
စားသောက်ကုန်များတွင် မှားယွင်းသောအမှတ်အသားများ ကပ်နှိပ်ထားမှုကို စုံစမ်းစစ်ဆေးမည်
တောင်အာဖရိကနိုင်ငံစိုက်ပျိုးရေး၊မြေယာပြုပြင်ပြောင်းလဲရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း စိုက်ပျိုးရေးဆိုင်ရာကုန်ပစ္စည်းများ စံချိန်စံညွှန်းဥပဒေ ၁၉၉၀ အရ အစားအသောက်များတွင် စားသုံးသူများအား လွဲမှားသောအချက်အလက်များကို ပေးစေသည့် အမှတ်တံဆိပ်များကပ်နှိပ်သုံးစွဲနေမှု ရှိ /မရှိ စစ်ဆေးသွားနိုင်ရန် စစ်ဆေးရေးအဖွဲ့များကို သတ်မှတ် ဆောင်ရွက်သွားမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်၍ ထိုသို့စစ်ဆေးရာ၌ ၂၀၂၀ ပြည့်နှစ် တွင် အစားအသောက်လုံခြုံမှုနှင့် အရည်အသွေးသေချာစေရေးဌာနနှင့် ကုန်သွယ်‌ရေး ၊ စက်မှုနှင့် ယှဉ်ပြိုင်မှုဌာနတို့အကြား သဘောတူညီထားသည့် ကုန်အမှတ်အသားဥပဒေ ၁၉၉၃ အရ လိုက်နာ ရမည့် ကုန်အမှတ်အသားနှင့် အမှတ်တံဆိပ်ဆိုင်ရာ လိုက်နာစစ်ဆေးမှုများကို စစ်ဆေးသွားမည် မဟုတ်သော်လည်း စိုက်ပျိုးရေးဌာနအနေဖြင့် လွဲမှားစေသည့် ကုန်အမှတ်အသားနှင့် ကုန်ပစ္စည်း အသုံးပြုမှုလမ်းညွှန်ချက်များနှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထိုသို့ညွှန်ကြားချက်ထုတ်ပြန်ထားမှုကို ‌တောင်အာဖရိက ပျားလုပ်ငန်းအသင်း ဥက္ကဋ္ဌ က ကြိုဆိုကြောင်း၊ ပျားလုပ်ငန်းမှ နှစ်စဉ် ရန်း(၄)ဘီလီယံအထိ ဝင်ငွေရှာပေးလျှက်ရှိရာ လုပ်ငန်း၌ အဓိကကြုံတွေ့နေရသည့်ပြဿနာမှာ ပျားရည်အတုများဈေးကွက်၌ ရှိနေခြင်းဖြစ်၍ စစ်ဆေးသူများအနေဖြင့် သံသယရှိသော ပျားရည်များကို စစ်ဆေးပေးနိုင်ပါက ပြည်တွင်း ပျားထုတ် လုပ်မှုလုပ်ငန်းကို ကာကွယ်ပေးရာရောက်ကြောင်း၊ ဈေးကွက်၌ ပျားရည်အတုများ ပမာဏမည်မျှ ရှိနေသည်ကိုလည်း ဌာနမှသုတေသနပြုလုပ်ပေးရန်တောင်းဆိုထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အိန္ဒိယနိုင်ငံ
အာဖဂန်နစ္စတန်သို့ သကြားတင်ပို့မှု ရပ်ဆိုင်းလျှက်ရှိသည့်သတင်း
အာဖဂန်နစ္စတန်နိုင်ငံ၌ အုပ်ချုပ်မှုကိစ္စအရပ်ရပ်အား ထိန်းချုပ်လိုက်ချိန် ဩဂုတ်လလယ် မှစ၍ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် အိန္ဒိယနှင့်အာဖဂန်နစ္စတန်ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း လျှက်ရှိကြောင်း၊ တာလီဘန်တို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံကြားရှိ ကုန်းလမ်း နယ်စပ်ဂိတ်(၂)ခုအားဖြတ်သန်း၍ ကုန်စည်များသယ်ယူပို့ဆောင်မှုကို ပိတ်ပင်ခဲ့ပြီး တာလီဘန် တို့က နိုင်ငံရေးအရ တရားဝင်မှုကို ရရှိနိုင်ရန်ကြိုးပမ်းလျှက်ရှိရာ ကုန်သွယ်မှုလမ်းကြောင်းများမှာ မကြာမီပြန်လည်ဖွင့်လှစ်လိမ့်မည်ဟု အိန္ဒိယကုန်သည်များက မျှော်လင့်စောင့်ဆိုင်းလျှက်ရှိကြကြောင်း၊ အိန္ဒိယ၏ အာဖဂန်နစ္စတန်သို့ ပို့ကုန်များမှာ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းဖြင့် ဉီးစွာပို့ဆောင်၍ ထိုမှတဆင့် ကုန်းလမ်းခရီးဖြင့် ပါကစ္စတန်နှင့်အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ်အား ဖြတ်ကျော်၍ တင်ပို့ခြင်းဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်သို့ အိန္ဒိယ၏ အဓိက ပို့ကုန်များအနက် သကြားမှာ အဓိကဖြစ်သော်လည်း အခြားကောက်ပဲသီးနှံ၊ လက်ဖက်ခြောက် စသည်တို့ကိုလည်းတင်ပို့ကြပြီး သစ်သီးခြောက်နှင့် အစေ့အဆံများကို အဓိကတင်သွင်းလျှက်ရှိကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ သကြားတန်ချိန် (၆)သိန်းမှ (၇)သိန်းအထိ နှစ်စဉ် တင်သွင်းလျှက်ရှိပြီး အိန္ဒိယ၏ သကြားတင်ပို့ရောင်းချရမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိကြောင်း၊ လက်ရှိကာလတွင် အာဖဂန်နစ္စတန်နိုင်ငံရှိ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များသည် ၎င်းနိုင်ငံသို့ အိန္ဒိယ၏သကြားတင်ပို့မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ အမှာစာများ ဖျက်သိမ်းမှုကို ကြုံတေွ့လာရသည်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက သတင်းပို့တင်ပြကြသော်လည်း အာဖဂန်နစ္စတန် နိုင်ငံ၌ အစိုးရအသစ်ဖွဲ့စည်းလျှက် ပုံမှန်အခြေအနေသို့ရောက်ရှိပြီးပါက ရှေ့လာမည့်တင်ပို့ရာသီ ကာလ၌ သကြားတင်ပို့မှု ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန်က ပြောကြားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဘရာဇီးလ်နိုင်ငံ၏နောက်တွင် ကမ္ဘာပေါ်၌ သကြားတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး၂၀၂၀-၂၀၂၁ သကြားတင်ပို့ရာသီ၌ တန်ချိန်(၆)သန်းကျော်အား ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကြောင်း၊ လက်ရှိ ၂၀၂-၂-၂၀၂၁ ခုနှစ် ကြံသီးနှံ စိုက်ပျိုးရာသီတွင် သကြားတန်ချိန် (၃၁)သန်းခန့်ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု အိန္ဒိယ သကြားစက်လုပ်ငန်းရှင်များအသင်းက ခန့်မှန်း
ထားကြောင်းသိရှိရပါသည်။

MoU အရ မာလာဝီနိုင်ငံမှ ပဲတင်သွင်းမှုအတွက် လုပ်နည်းစနစ်များ ထုတ်ပြန်ခြင်း
အိန္ဒိယအစိုးရသည် အာဖရိကဒေသရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သည့် မာလာဝီနိုင်ငံထံမှ နှစ်စဉ် ပဲစင်းငုံ တန်ချိန်(၅၀၀၀၀)အား ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လထိ) အထိ ဝယ်ယူတင်သွင်းရန်အတွက် (၅)နှစ် သက်တမ်းရှိသော အစိုးရချင်း နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အဆိုပါ MoU အရ ပဲများတင်သွင်းရာ၌ အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အများပြည်သူဆိုင်ရာ အသိပေးချက်ဖြင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရပါသည်-
(က) ပဲများအား Mumbai,Tuticorin,Chennai,Kolkata,Hazira ဆိပ်ကမ်း (၅)ခု မှသာ တင်သွင်းရန်၊
(ခ ) တင်သွင်းလာမည့်ပဲများအတွက် မာလာဝီနိုင်ငံ၊ အကောက်ခွန်နှင့် အထူး ကုန်စည်ခွန်အာဏာပိုင်အဖွဲ့မှ တံဆိပ်အမှတ်အသားခတ်နှိပ်လျှက် ထုတ်ပေးသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အား အထက်အပိုဒ်ခွဲ(က)ပါ ဆိပ်ကမ်းများရှိ သက်ဆိုင်ရာအကောက်ခွန်ဌာနနှင့် အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC)တို့ထံ မိတ္တူပေးပို့ရန်၊
(ဂ ) ကုန်တင်ပို့သူ၊ ကုန်တင်သွင်းသူနှင့် တင်ပို့သည့် ကုန်စည်ပမာဏ စသည့်အချက် အလက်များပါဝင်သော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား သက်ဆိုင်ရာ မာလာဝီအာဏာပိုင်အဖွဲ့အစည်းက ဓါတ်ပုံမိတ္တူပြုလုပ်၍ policy2-dgft@gov.Inသို့ Email ပေးပို့ရန်၊
(ဃ) အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် သွင်းကုန်/ပို့ကုန်နံပါတ်(IEC) အသေးစိတ်အချက်အလက်များနှင့်အတူ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ဓါတ်ပုံမိတ္တူအား အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်‌ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဉီးစီးဌာန (DGFT)မှတစ်ဆင့် ပေးပို့လျှက် ဆိပ်ကမ်းရှင်းလင်းမှု‌ ဆောင်ရွက်နိုင်ရေး ကန့်ကွက်ရန်မရှိကြောင်း လက်မှတ် (NOC)ကို လျှောက်ထားရန်နှင့် DGFT က တိုက်ဆိုင်စစ်ဆေးပြီးနောက် ခွင့်ပြုချက်ရရှိမှသာ သက်ဆိုင်ရာဆိပ်ကမ်းရှိ အကောက်ခွန်ဌာနက ဆိပ်ကမ်း ရှင်းလင်းမှု လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ရန်၊
(ရင်းမြစ်- နယူးဒေလီမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ
အဝေးပြေးလမ်းကုန်တင်ယာဉ်ဝန်ဆောင်မှု လမ်းကြောင်းအသစ်ဖြင့် ချိတ်ဆက်ပေးသည့်သတင်း
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို နိုင်ငံဖြတ်ကျော် အဝေးပြေး ကုန်တင်ယာဉ်လိုင်းအသစ်ဖြင့် စတင် ချိတ်ဆက်ပေးနေပြီဖြစ်ကြောင်း၊ အဆိုပါလမ်း ကြောင်းမှာ ကီလိုမီတာ(၁၄၀၀)ခန့် ရှည်လျားပြီး အချိန်(၂)ရက်ခန့်ကြာမြင့်ကြောင်း၊ ချုံချင်းမြို့မှ ဗီယက်နမ်သို့တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လောင်ဘန်းနယ်စပ် စခန်းမှတစ်ဆင့် ဖြတ်သန်းချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းလမ်းကြောင်းအသစ်က တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကုန်စည်များကို စိတ်ချလုံခြုံစွာနှင့် အချိန်မီပို့ဆောင်နိုင်ရေး အထောက်အကူ ပြုသွားနိုင်မည်ဖြစ်ကြောင်း၊ ချုံချင်းမြို့သည် ၂၀၂၁၆ ခုနှစ်ကစတင်၍ နိုင်ငံဖြတ်ကျော် အဝေးပြေး ကုန်တင်ယာဉ်ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဉဇဘက်ကစ္စတန်အပါအဝင် နိုင်ငံများနှင့် ကုန်တင်ယာဉ်ပေါင်း (၇၄၀၀)ဖြင့် ကုန်စည်များကို သယ်ယူပို့‌ဆောင်နေပြီဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နန်နင်းမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ပြည်ပကုန်သွယ်မှု တိုးတက်စေရေး လိုအပ်သည့်မူဝါဒများဖြင့် ထိန်းကျောင်းသွားမည့်သတင်း
တရုတ်နိုင်ငံသည်လာမည့်နှစ်အတွင်း ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှု ဆိုးဝါးစွာကျဆင်း နိုင်ဖွယ်ရှိရာ ယခုနှစ်၏ ကျန်ရှိသည့်ကာလအတွင်း၌ ပြည်ပကုန်သွယ်မှုတည်ငြိမ်စေရန် နိုင်ငံ၏ စီးပွားရေးမူဝါဒများအား လိုအပ်သလို ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊‌တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ပထမ(၇)လတာကာလအတွင်း အိမ်နီးချင်းနိုင်ငံအများစုတွင် ကိုဗစ် ၁၉ ကမ္ဘာ့ကပ် ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၎င်းကပ်ရောဂါနှင့်ဆက်စပ်သည့် ကုန်ပစ္စည်းမှာယူမှုများ မြင့်တက် လာမှုကြောင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအကြောင်းအရာများ ပျောက်ကွယ် သွားသည်နှင့်အမျှ ၂၀၂၁ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုသည် ကျဆင်း လာမည်ဖြစ်ပြီး နောင်လာမည့် ၂၀၂၂ ခုနှစ်တွင် အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဈေးကွက်အတွင်းရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အဟန့် အတားဖြစ်စေမည့် စီးပွားရေးအတက်အကျ ဆိုးဝါးစွာဖြစ်ပေါ်မှုများအား ကာကွယ်တားဆီးရန် နိုင်ငံ၏ စီးပွားရေးဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲမှုများအား ပိုမိုခိုင်မာ အားကောင်းအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် ၊ ဒုတိယနှစ်ဝက်ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှု ပြုလုပ်လျှက်ရှိသည့်လုပ်ငန်းများ လုံခြုံစိတ်ချရမှုရှိစေရန်၊ အမှာစာရရှိမှုများတည်ငြိမ်စေရန်၊
‌တီထွင်ဆန်းသစ်မှုများပိုမိုတိုးတက်လာစေရန်၊ စက်မှုလုပ်ငန်းများနှင့်ရောင်းလိုအားချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်လာစေရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုခိုင်မာ အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ပေကျင်းမြို့၊ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
ထိုင်းနိုင်ငံ
SMEs များ အနေဖြင့် e-commerce ကို လက်ခံယုံကြည်ရန်တိုက်တွန်းခြင်း
ထိုင်းနိုင်ငံ၏ ပို့ကုန် သွင်းကုန်ဘဏ်(Export Import Bank of Thailand) Exim Bank အနေဖြင့် SMEs များ၏ သုံးပုံတစ်ပုံခန့်မှာ ကာလကြာရှည်ဖြစ်ပွားနေသော ကပ်ရောဂါ၏ သက် ရောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေရာ ဘဏ်ဥက္ကဋ္ဌက SMEs များစွာတို့အနေဖြင့် ဇွန်ဘီ (Zombies) များကဲ့သို့ဖြစ်နေပြီး အချို့သော SMEs များအနေဖြင့် အ‌ရောင်းဝင်ငွေ မရှိတော့ သော်လည်း အစိုးရ၏အကူအညီအထောက်အပံ့ အစီအမံများအပေါ်မူတည်၍ ရှင်သန်နေဆဲဖြစ် သည်ဟု Exim Bank နှင့် ထိုင်းနိုင်ငံမှ SMEs ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့ ပူးတွဲကျင်းပခဲ့သည့် Digital Turns Global Around အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် မှတ်ချက်ပြုပေးခဲ့ကြောင်း၊ ကပ်ရောဂါ သည် ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီးနောက် မည်သည့်အခါမှ တူညီမည်မဟုတ်သော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို အနှောက်အယှက်ဖြစ်စေခဲ့ရာ e-commerce သည် ရှင်သန်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုများ အနေဖြင့် ယမန်နှစ်က (၁၀%) နှင့်(၁၅%) တို့ဖြင့် အသီးသီး ကျဆင်းခဲ့သည်နှင့်တစ်ပြိုင်နက် e-commerce အနေဖြင့် (၂၀%) တိုးတက်ခဲ့ရာ အမေရိကန်ဒေါ်လာ(၄.၂) ထရီလီယံ ရှိခဲ့ကြောင်း၊ လူ အများအနေဖြင့် Online Channel မှ ကုန်ပစ္စည်းဝယ်ယူမှုမှာ တိုးတက်လျှက်ရှိပြီး လွန်ခဲ့သော (၁၀) နှစ်ခန့်က အွန်လိုင်းမှပစ္စည်းဝယ်ယူမှုမှာ အရာင်းအဝယ်တစ်ခုလျှင် ဒေါ်လာ(၅၀)ထက် မပိုကြောင်း၊ SMEs များအနေဖြင့် e-commerce ကိုလက်ခံရန်နှင့် ပြည်ပဈေးကွက်သို့ ရဲရဲဝံ့ဝံ့ ချင်းနင်း ဝင် ရောက်ရန် တိုက်တွန်းခဲ့ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင် ထားသော SMEs (၃)သန်းကျော်တို့အနက် (၁%)သာ ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း၊ SMEs များ အနေဖြင့် ၎င်းတို့၏အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံကိန်း(Risk Management Plans) များကိုလည်း အမြဲမပြတ် အဆင့်မြှင့်တင်သွားရန် တိုက်တွန်းခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် နှစ်ရှည်စီမံချက်(Long Time Plans) များကို မရေးဆွဲသင့်ခြင်းမှာ လျင်မြန်ပြင်းထန်စွာ ပြောင်းလဲသည့် အခြေအနေများ ကြောင့်ဖြစ်ကြောင်း၊ SMEs များအနေဖြင့် ၎င်းတို့ဖောက်သည်များ၏ ဘဏ္ဍာရေး အခြေအနေကို အမြဲမပြတ် ပုံမှန်စောင့်ကြည့်လေ့လာသင့်ပြီး ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ တိုးတက်စေ ရေးအတွက် အဆင့်မြင့်နည်းပညာများကို လက်ခံကျင့်သုံးသင့်သည့်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဘန်ကောက်မြို့၊ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
စင်ကာပူနိုင်ငံ
ထိပ်တန်းကြက်ဥ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားမည်
ဂျပန်နိုင်ငံ ထိပ်တန်းကြက်ဥ ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ISE Foods Holdings ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် ကြက်ဥမွေးမြူထုတ်လုပ်ရန်အတွက် စင်ကာပူဒေါ်လာ သန်း(၁၀၀) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ရာ ယင်းစီမံကိန်းနှင့်ပတ်သက်၍ စင်ကာပူ စားသောက်ကုန်အေဂျင်စီနှင့် ISE Foods Holdings ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ၁၀-၉-၂၀၂၁ ရက်‌နေ့တွင် Virtual နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ISE Foods Holdings သည် စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း၊ ISE Foods Holdings အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် စတင် နိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၄ ခုနှစ်မှစ၍ ကြက်ဥ မွေးမြူထုတ်လုပ်ခြင်းကို အဆင့်လိုက် စတင် ပြုလုပ်မည်ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး အလုံးစုံပြီးစီးပါက တစ်နှစ်လျှင် ကြက်ဥ အလုံးရေ(၃၆၀)သန်းနှင့် ကြက်ပေါက် (Day-old chicken)အကောင်ရေ (၅)သန်းမွေးမြူ ထုတ်လုပ် သွားနိုင်မည်ဖြစ်ကြောင်း၊စင်ကာပူတွင် ကြက်ဥမွေးမြူထုတ်လုပ်ရေးလုပ်ငန်း(၃)ခုရှိပြီး ပြည်တွင်း လိုအပ်ချက်၏ ၃၀%ခန့်ထုတ်လုပ်ပေးလျှက်ရှိကြောင်း၊ ISE Foods Holdings ကုမ္ပဏီမှ စတုတ္ထ မြောက် ကြက်ဥ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းအဖြစ် စတင်ဆောင်ရွက်လာနိုင်ချိန်တွင် စင်ကာပူ၏ ကြက်ဥလိုအပ်ချက် ထက်ဝက်ခန့်ကို ပြည်တွင်း၌ ထုတ်လုပ်၍ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့်လက်ရှိကာလတွင်ကြက်ဥလိုအပ်ချက်၏၇၀%ကိုနိုင်ငံပေါင်း(၁၂)နိုင်ငံမှတင်သွင်း လျှက်ရှိသည်ဟု စင်ကာပူစားသောက်ကုန်အေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ ကြောင်း၊ ISE Foods Holdings ၏ ရင်းနှီးမြှုပ်နှံမှုသည်စင်ကာပူ၏စားနပ်ရိက္ခာဖူလုံရေးအတွက် “၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်၏၃၀% ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး” ရည်မှန်းချက်အ‌ပေါ် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စင်ကာပူသည် စားနပ်ရိက္ခာ လိုအပ်ချက် ၏၇၀%ကို နိုင်ငံပေါင်း(၁၇၀)ကျော်မှ ဝယ်ယူတင်သွင်းနေရပြီး ကိုဗစ်၁၉ ရောဂါအတွင်း အချို့ သောနိုင်ငံများသည်ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက်ပြည်ပတင်ပို့မှုများ‌အပေါ်ကန့်သတ်ချက် များလုပ်ဆောင်လာကြသဖြင့် ကမ္ဘာ့စား‌သောက်ကုန်ဈေးကွက်အပေါ် ကြီးမားသောသက်ရောက်မှု များဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-စင်ကာပူနိုင်ငံ၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဂျပန်နိုင်ငံ
ဝန်ထမ်းမပါသည့်အရောင်းကောင်တာဖွင့်လှစ်ဆောင်ရွက်ရန်ပြင်ဆင်နေခြင်း
ဂျပန်နိုင်ငံမှ Family Mart Co.,Ltd သည် ဝန်ထမ်းမပါသည့် အ‌ရောင်းကောင်တာများ (unstaffed checkout counters)ကို အသုံးပြု၍ Family Mart စတိုးဆိုင်(၁၀၀၀)ခန့်ကို ၂၀၂၅ ခုနှစ်ဝန်းကျင်၌ တည်ထောင်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း၊ ဝန်ထမ်းမပါသည့် အရောင်း ကောင်တာများသည် ဆိုင်ခန်းနေရာ ကျယ်ဝန်းစွာမလိုအပ်ဘဲ ကုန်ကျစရိတ်နည်းနည်းဖြင့် တည် ထောင်ဆောင်ရွက်နိုင်သည့်အတွက် Itochu Corporation သည်လည်း လူနေသိပ်သည်းမှု နည်းပါး သည့်ဒေသများနှင့်ရထားဘူတာရုံများတွင် ၎င်း၏စတိုးဆိုင်ခွဲများကိုဖွင့်လှစ်ဆောင်ရွက်ရန်ပြင်ဆင် နေကြောင်း၊ Family Mart Co.,Ltd သည် ပြည်တွင်းနေရာအနှံ့၌ ၎င်း၏ဆိုင်ခွဲများကို လည်ပတ် ဆောင်ရွက်လျှက်ရှိသော်လည်း စီးပွားရေးပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ ထိုကဲ့သို့ ဝန်ထမ်းမပါသည့် အရောင်းကောင်တာများကို ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ဈေးဝယ်သူမှ ရွေးချယ် ဝယ်ယူသည့်ပစ္စည်းများကို မှတ်တမ်းယူထားမည့် CCTV Camera များကို စတိုးဆိုင်ရှိ ပစ္စည်းများ တင်သွင်းသည့်စင်များ၌ တပ်ဆင်ထားမည်ဖြစ်ကြောင်း၊ Family Mart Co.,Ltd သည် အဆိုပါ ဝန်ထမ်းမပါသည့် အရောင်း‌ကောင်တာများဖြင့် ၎င်း၏ Family Mart ဆိုင်ခွဲများကို မြို့တော်တိုကျို ၌ ဉီးစွာစမ်းသပ်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းမပါသည့် အရောင်းကောင်တာများကို တည် ထောင်ရာတွင် CCTV Camera များနှင့် sensor များတပ်ဆင်မှုအတွက် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်သော်လည်း ဆိုင်ဖွင့်လှစ်ပြီးပါက အရောင်းဝန်ထမ်း အသုံးပြုဆောင်ရွက်နေသည့် သမားရိုးကျ စတိုးဆိုင်များ၏ ပုံမှန်ကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါက ဝန်ထမ်းငှားရမ်းခများမှာမူ သက်သာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-တိုကျိုမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ