Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

တရုတ်နိုင်ငံ

ကောက်ပဲသီးနှံထုတ်လုပ်မှုတိုးတက်လာစေရေးစီမံကိန်းများချမှတ်ဆောင်ရွက်လျှက်ရှိ

          တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသည့် ကောက်ပဲသီးနှံများ ထုတ်လုပ်ထွက်ရှိမှု တိုးတက် လာစေမည့်စီမံကိန်း(၆)ခု ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊အစားအသောက် လုံခြုံစိတ်ချရမှု စဉ်ဆက်မပြတ် စေရန်၊၂၀၂၅ ခုနှစ်သို့အရောက်တွင် ကောက်ပဲသီးနှံ အရည်အသွေးနှင့်လတ်ဆတ်မှုကို ထိန်းသိမ်းထား နိုင်ရန်၊ အပူချိန် ထိန်းညှိသိုလှောင်ထားနိုင်ရန်၊ ဓါတုပစ္စည်းအသုံးချမှုလျှော့ချရန်၊ အစားအသောက် ထိန်း သိမ်းရာတွင် လိုက်လျောညီထွေရှိမှုမည့် ပတ်ဝန်းကျင်‌ကောင်းဖန်တီးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျှက် ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစတင်၍ အစားအသောက်အရည်အသွေး မြင့်မားစေမည့် စီမံကိန်းများ ချမှတ်လုပ်ဆောင်လျှက်ရှိရာ ဗဟိုအစိုးရမှ အဆိုပါစီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ(၃.၃)ဘီလီယံ ခွဲဝေချထားပေးခဲ့ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ (၆၀)ဘီလီယံအထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်ဟု တရုတ် အမျိုးသားအစားအသောက်နှင့်မဟာဗျူဟာအရန်ထားရှိရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ပြည်ပကုန်သွယ်မှု တည်ငြိမ်စေရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်

          တရုတ်နိုင်ငံသည်  ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသစုစုပေါင်း(၂၃၀)နှင့်ကုန်သွယ်မှုဆောင်ရွက်လျှက်ရှိ ကြောင်း၊ တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့မှုသည် ကမ္ဘာ့စုစုပေါင်းတင်ပို့မှု၏ ၁၄.၆% ၊ တင်သွင်းမှု သည် ကမ္ဘာ့စုစုပေါင်းတင်သွင်းမှု၏ ၁၂% အသီးသီးပါဝင်လျှက်ရှိရာကြောင်း၊သို့ရာ၌ ကိုဗစ် ၁၉ ကမ္ဘာ့ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားလျှက်ရှိခြင်း၊ ကမ္ဘာ့နိုင်ငံများစုအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်း၊ငွေ ဖောင်းပွမှု မြင့်တက်ခြင်း၊ နိုင်ငံတကာစက်မှုလုပ်ငန်းများနှင့် ရောင်းလိုအားတို့အကြား  ချိတ်ဆက်ကူးပြောင်းသည့်ပုံစံ၊ပြောင်းလဲသည့်အရှိန်မြင့်တက်လာခြင်းကြောင့် ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းများအနေဖြင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှုဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းရှင်များ အနေဖြင့် လက်တွေ့ကုန်သွယ်မှုပြုရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများအား ကျော်လွှားနိုင်စေရန် အတွက်  ပြည်ပကုန်သွယ်မှု တည်ငြိမ်စေမည့် မူဝါဒပိုင်းဆိုင်ရာစီမံဆောင်ရွက်မှုများအား အချိန်အခါ အလိုက် ထိန်းညှိပေးခြင်း၊ မူဝါဒအသစ်များ ချမှတ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

ဆန်ဝယ်ယူမှုအမှာစာများအားလက်ခံရရှိခြင်း

          အိန္ဒိယနိုင်ငံရှိဆန်တင်ပို့သူလုပ်ငန်းရှင်များအနေဖြင့်လက်တင်အမေရိကဈေးကွက်သို့ဘာစမာတီ ဆန်များကို ပထမဉီးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလ မှစတင်၍ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း၊ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာက လက်တင်အမေရိကဒေသရှိ နိုင်ငံများသည် ဆန်ကို ယခင်က အမေရိကန်နိုင်ငံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါ အိန္ဒိယနိုင်ငံသို့ ဉီးလှည့်၍ အမှာစာများပေးပို့လာသည်ဟု ပြောဆိုခဲ့ကြောင်း၊ ယခုကဲ့သို့ ဈေးကွက်အသစ်ရရှိလာမှုသည်  ငွေပေးချေမှုဆိုင်ရာ အခက်အခဲပြဿနာများကြောင့် အဓိကဆန်တင်ပို့ရာ အီရန်နိုင်ငံ၌ ဈေးကွက် ပျောက်ဆုံးမှုနှင့်ရင်ဆိုင်နေရသော အိန္ဒိယကုန်သည်များအတွက်  သက်သာမှုရရှိစေမည်ဖြစ်ကြောင်း၊ နှစ်ကာလများစွာကပင် ဘာစမာတီဆန်များအား တင်ပို့လျှက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံအပေါ် စီးပွားရေးအရအရေးယူမှုက ငွေပေးချေမှုစနစ်ကို ပျက်ယွင်းမှုဖြစ်ပေါ်စေပြီး အိန္ဒိယကုန်သည်များအနေဖြင့် အီရန်ရှိ ၎င်းတို့ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေရရှိရန် ကြန့်ကြာမှုများ ကြုံတွေ့ရလျှက်ရှိကြောင်း၊ အီရန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် အိန္ဒိယရှိ ရေနံချက်လုပ်သည့် ကုမ္ပဏီများသည် ရေနံစိမ်းများ ဝယ်ယူတင်သွင်းမှုအတွက် ကုန်ဖိုးငွေများကို UCO Bank ၌ ဖွင့်လှစ်ထားသည့် အီရန်နိုင်ငံ၏ ရူပီးငွေ စာရင်းသို့ ပေးသွင်းထားရှိပြီး အိန္ဒိယ၏ ပို့ကုန်များအတွက် ၎င်းငွေစာရင်းမှ ပြန်လည်ခုနှိမ်ပေးချေခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အီရန်နိုင်ငံအပေါ် အရေးယူကန့်သတ်မှုအား အမေရိကန်နိုင်ငံက ဖြေလျှော့ပေးထားသည့်ကာလကုန်ဆုံးချိန် ၂၀၁၉ ခုနှစ်၊ မေလ မှစတင်၍ အီရန်နိုင်ငံထံမှ ရေနံများအား ရူပီးငွေဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည့်နောက်ပိုင်း အိန္ဒိယဘဏ်များ၌ အပ်နှံထားသည့် အီရန်နိုင်ငံ၏ အရန်ရူပီးငွေ လက်ကျန်ပမာဏမှာ လျော့ပါးလာခဲ့ရာ ယခင်က ပြည်တွင်း၌ ဆန်စပါး ရိတ်သိမ်း ထွက်ပေါ်ချိန်တွင် ပြည်ပမှတင်သွင်းမှုကို တားမြစ်လေ့ရှိသည့် ရာသီအလိုက်ကန့်သတ်ချက်အား အီရန် အစိုးရက ပယ်ဖျက်ပေးခဲ့ကြောင်း၊ အိန္ဒိယကုန်သည်များသည် အီရန်နိုင်ငံနှင့်ကုန်သွယ်ရာ၌ ငွေပေးချေမှု အကျပ်အတည်းအား ကျော်လွှားနိုင်မည့်အခြေအနေကို စောင့်ဆိုင်းလျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၌ ယခု နှစ်မိုးနှောင်းကာလ မိုးသည်းထန်မှုများကြောင့် စိုက်ပျိုးထားဆဲ စပါးခင်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ အရည်အသွေးမြင့် ဘာစမာတီဆန် ထွက်ရှိမှုမှာ ယခင်နှစ်ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက ၁၅ % မှ ၂၀% ထိ ကျဆင်းဖွယ်ရှိပြီး ဈေးနှုန်းများသည်လည်း ၂၀% မှ ၄၀% အထိမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

ပို့ကုန်တင်ပို့သူများကို အသိအမှတ်ပြုဆု ချီးမြှင့်ခြင်း

          ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီးသည် အလုပ်အကိုင်များ၊ စီးပွားရေးနှင့်ဒေသခံလူထုများကိုကူညီပံ့ပိုးပေးသည့်အတွက်ဩစတြေးလျပို့ကုန်တင်ပို့သူဆု(Australian  Export Awards )တွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းအားလုံးကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ မြောက်ပိုင်းနယ်မြေစီးပွားရေးလုပ်ငန်း Monsoon Aquatics သည်   နိုဝင်ဘာလကုန်ပိုင်း၌ပြုလုပ်သည့် ၅၉ ကြိမ်မြောက် ဩစတြေးလျပို့ကုန်တင်ပို့သူဆုတွင် ယခုနှစ် အတွက် ပို့ကုန်တင်ပို့သူအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ အဆိုပါ Monsoon Aquatics သည် ပညာရေး သုတေသန၊ လူငယ်အလုပ်အကိုင်နှင့် Great Barrier Reef ၏ ကျန်းမာရေးကိုထိန်းသိမ်းခြင်း အပါအဝင် လူမှုရေးနှင့်ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစပျိုးလုပ်ဆောင်မှုများတွင် ပါဝင်ကူညီခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးလျှက်ရှိကြောင်း၊ ဩစတြေးလျအစိုးရသည်  နိုင်ငံတွင်းမှ စွန့်ဉီးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာကုန်သွယ်မှုနှင့် ထိတွေ့စေပြီး အောင်မြင်မှုရရှိရန် ဆန်းသစ်တီထွင်ပြီးလိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးကူညီပေးနေသည်ဟု ပြောကြားထားကြောင်း၊ နိုင်ငံအဆင့်ပေးအပ်သော ဆုအမျိုးအစား(၁၃)မျိုးမှာ အဆင့်မြင့်နည်းပညာ၊ လယ်ယာစီးပွား၊ အစားအသောက်နှင့်အဖျော်ယမကာ၊ တီထွင်ဖန်တီးမှုလုပ်ငန်းများ၊ E-commerce၊ ပေါ်ထွန်းစ ပို့ကုန် တင်ပို့သူ၊ နိုင်ငံတကာပညာရေးနှင့်လေ့ကျင့်ရေး၊ နိုင်ငံတကာကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် အဆင့်မြင့်ကုန်ကြမ်းများ၊ ဓါတ်သတ္ထု၊ စွမ်းအင်နှင့်ဆက်စပ်ဝန်ဆောင်မှုများ၊ ကျွမ်းကျင်ပညာရှင်ဝန်ဆောင်မှု၊ ဒေသတွင်း ပို့ကုန်တင်ပို့သူ၊ လုပ်ငန်းငယ်နှင့် ရေရှည်တည်တံ့မှုတို့ဖြစ်ကြောင်း၊ နှစ်စဉ် ဩစတြေးလျ ပို့ကုန်တင်ပို့သူဆုများကို ဩစတြေးလျ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်(Austrade)နှင့် Australian  Chamber of Commerce and Industry(ACCI)မှ ပြည်နယ်များနှင့်နယ်မြေများပူးပေါင်း၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ

ဓါတ်မြေဩဇာဈေးနှုန်းများမြင့်တက်နေခြင်း

          တောင်အာဖရိကနိုင်ငံ၌ လွန်ခဲ့သော ၁၂ လအတွင်း ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ရကြောင်း၊ ဓါတုဓါတ်မြေဩဇာမျိုးစုံ အမိုးနီးယား၊ ယူရီးယားနှင့် DAPအမျိုးအစား ဓါတ်မြေဩဇာတို့၏ ဈေးနှုန်းများသည် ၂၀၀%၊ ၁၄၅% နှင့် ၉၀% အသီးသီး မြင့်တက်ခဲ့သည့်အပြင်  ဓါတ်မြေဩဇာထုတ်လုပ်မှုတွင် အသုံးပြုသည့် သဘာဝဂတ်စ်ဈေးနှုန်းသည်လည်း ၁၈၀%အထိ မြင့်တက်ခဲ့ကြောင်း၊ ဓါတ်မြေဩဇာဝယ်လိုအားမြင့်တက်မှုနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်မှုသည် ဓါတ်မြေဩဇာဈေးနှုန်း မြင့်တက်ရသည့်အကြောင်းရင်းများဖြစ်သည့်အပြင် လယ်သမားများအနေဖြင့် ကုန်စည်ဈေးနှုန်းများမြင့်တက်မှုကြောင့် ဝင်ငွေပိုမိုရရှိသည့်အတွက် ဓါတ်မြေဩဇာပိုမိုဝယ်ယူ အသုံးပြုရန်တွန်းအားဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုသည် ဓါတ်မြေဩဇာ ထုတ်လုပ်နေသော စက်ရုံများအား ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်တက်စေသဖြင့် ဓါတ်မြေဩဇာလျော့နည်း ထုတ်လုပ်ရန် (သို့) ထုတ်လုပ်မှုကိုရပ်တန့်ရန် အခြေအနေရှိကြောင်း၊  အမေရိကန်နိုင်ငံ၌ တိုက်ခတ်ခဲ့သော ဟာရီကိန်းလေမုန်တိုင်းကြောင့် Louisiana မြို့ရှိ ဓါတ်မြေဩဇာစက်ရုံများ ပိတ်ထားရခြင်း၊ ယူရီးယား ဓါတ်မြေဩဇာ၊ ဆာလရိတ်နှင့် ဖော့စဖိတ် အဓိကထုတ်လုပ်သော တရုတ်နိုင်ငံ၏ မကြာမီက ဓါတ်မြေဩဇာ တင်ပို့မှုအပေါ်  ပိုမိုတင်းကြပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် မူဝါဒချမှတ်ခြင်း၊ မော်ရို့ကိုနှင့် ရုရှားနိုင်ငံအပေါ် ၎င်းတို့အစိုးရ၏ အထောက်အပံ့ဖြင့် ထုတ်လုပ်နေသော ဓါတ်မြေဩဇာအပေါ် တန်ပြန်အခွန် ကောက်ခံခြင်း နှင့် အီးယူက ဘယ်လာရုစ်နိုင်ငံမှ  ပိုတက်ရှ်များတင်သွင်းမှုအား တားမြစ်ခြင်းများသည်  ဓါတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးခြင်း ဈေးကွက်အပေါ် များစွာထိခိုက်လျှက်ရှိကြောင်း၊ ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ထုတ်လုပ်မှုအကျပ်အတည်းများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုသည် လာမည့်နှစ်တွင် အခက်အခဲဖြစ်နိုင်ကြောင်း၊ ပြောင်းထုတ်လုပ်နေသော ဘရာဇီးလ်နှင့် ဂျုံထုတ်လုပ်နေသော ပြင်သစ်ရှိ လယ်သမားများသည်လည်း လာမည့်နှစ်စိုက်ပျိုးရာသီတွင်  ဓါတ်မြေဩဇာ လုံလောက်စွာမရရှိနိုင်မည်ကို စိုးရိမ်နေကြောင်း၊ ဗီယက်နမ်နိုင်ငံ အပင်ထုတ်လုပ်ရေးဌာနက လယ်သမားများအား စပါးစိုက်ပျိုးမှုတွင်  ဓါတ်မြေဩဇာအသုံးပြုမှု  ထက်ဝက်လျှော့ချရန် တွန်းအားပေးနေမှုကြောင့် စပါးအထွက်နှုန်းလျော့နည်းကာ သီးနှံဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း၊ လာမည့် ၆ လအတွင်း စက်သုံးဆီနှင့် သဘာဝဂတ်စ် ဈေးနှုန်းများ လျော့ကျမည့် အရိပ်အရောင်မရှိခြင်းတို့ကြောင့် ဓါတ်မြေဩဇာဈေးနှုန်းကျဆင်းရေးသည် ခန့်မှန်းရန်ခက်ခဲနေ သေးကြောင်း၊ ဓါတ်မြေဩဇာဈေးနှုန်း ဆက်လက်မြင့်တက်နေမှုသည် အနာဂတ်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ရန် တွန်းအားပေးနေမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်း

မိုးပိုမိုရွာသွန်းမှုကြောင့် ပဲစင်းငုံအထွက်နှုန်းလျော့ကျဖွယ်ရှိသည့်သတင်း

၁။      အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီကာလအတွင်း  မိုးရွာသွန်းမှုအားကောင်းသည့်အပြင် မိုးလွန်ကာလ၌ မိုးရွာသွန်းမှု အားကောင်းသဖြင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ပုံ ခန့် ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ် စသည့်ပြည်နယ်များတွင်လည်း မိုး ပိုမိုရွာသွန်းမှု ရှိသဖြင့် ယခုနှစ် ပဲစင်းငုံအထွက်နှုန်းမှာ လျော့ကျဖွယ်ရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုနေ ကြကြောင်း၊ ဌာနဆိုင်ရာသတင်းအရင်းအမြစ်များအရ ကာနာတကာပြည်နယ်၌ ယခုနှစ်တွင် ပဲစင်းငုံ ဧရိယာ ဟက်တာ ၁၄.၅၅ သိန်း စိုက်ပျိုးထားရှိရာ အဓိကခရိုင်များဖြစ်သော Kalaburgi နှင့် Bidar ဒေသ များ၌ မိုးပိုမိုရွာသွန်းမှုများကြောင့်  ဟက်တာ ၂.၉၁ သိန်းခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ် အတွင်းရှိ တောင်သူများသည် ယခုနှစ်၌ ပဲစင်းငုံစိုက်ဧရိယာ လျာထားချက် ဟက်တာ ၁၄.၃ သိန်းကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သော်လည်း  အချို့ခရိုင်များ၌ စိုက်ခင်းများ၏ ၃၃% မှ ၅၅% အထိ  ထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း Hindu Business Line သတင်းဌာနကဖော်ပြထားကြောင်း၊ ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံ စိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူက ယခုနှစ်သည် ပဲစင်းငုံ စိုက်ပျိုးသူများအတွက် အောင်မြင်မှုမရသောကာလပင်ဖြစ်ပြီး သည်းခံနိုင်ဖွယ်မရှိသောဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ၏စာရင်းများအရ ၂၀၂၁-၂၀၂၂ သီးနှံ စိုက်ပျိုးရေးနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ စိုက် ပျိုးထားရှိမှုမှာ ဧရိယာဟက်တာ ၄၉.၈၃ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၁.၈၅ သိန်းခန့် ပိုမို ခဲ့ကြောင်း၊ပဲစင်းငုံအဓိကစိုက်ပျိုးသည့် မဟာရဋ္ဌပြည်နယ်တွင် ၁၃.၂၃ သိန်းနှင့် မဒ္ဒရာပရာ‌ဒေ့ရှ် ပြည် နယ်တွင် ၄.၂၅ သိန်း စိုက်ပျိုးထားကြောင်း၊ Kalaburgi ဒေသရှိ ပဲခွဲစက်နှင့် ပဲရောင်းဝယ်ရေးလုပ်ငန်း ရှင်က ယခုနှစ်ကာနာတကာပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုမှာ ၄၀% အထိလျော့ကျနိုင်ကြောင်း၊ အချို့သော ဒေသများတွင် ဒီဇင်ဘာလလယ်ပိုင်း၌  ရိတ်သိမ်းမှုလုပ်ငန်း စတင်ဆောင်ရွက်တော့မည်ဖြစ်‌သော်လည်း ပွဲတော်ရာသီကာလအတွင်း ဝယ်လိုအားနည်းပါးခဲ့မှုနှင့် ပြည်ပမှ ဆက်လက်တင်သွင်းခွင့် ရရှိနေမှုတို့ ကြောင့် ပဲစင်းငုံဈေးနှုန်းမှာအကျဘက်၌ တည်ငြိမ်လျှက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာက ရာသီဥတုပြောင်းလဲလာသည့်ဖြစ်စဉ်က ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ကြီးမားစွာသက်ရောက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကာနာတကာနှင့် အန္တရာ ပရာဒေ့ရှ်ပြည်နယ်များ၌  ပျက်စီးဆုံးရှုံးမှုများအပါအဝင် တစ်နိုင်ငံလုံးပဲစင်းငုံထွက်ရှိမှုမှာ၂၀% ခန့် လျော့ ကျဖွယ်ရှိကြောင်း၊ ကုန်သည်များထံမှ တုန့်ပြန်ချက်များအရ ယခုနှစ် ပဲစင်းငုံတန်ချိန် ၂.၉ သန်း ခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းရသည်ဟုပြောကြားခဲ့ကြောင်း၊ မိုးနှောင်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း စိုက် ခင်းများထိခိုက်ပျက်စီးမှုကြောင့် ပဲစင်းငုံအထွက်လျော့နည်းပြီး ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်း ရန်အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းမှုကို တိုးမြှင့်‌ဆောင်ရွက်ရဖွယ်ရှိကြောင်းသိရှိရပါသည်။

အိန္ဒိယနှင့်ရုရှား နှစ်နိုင်ငံမိတ်ဖက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုတိုးမြှင့်မည်

၂။       အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်‌ဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁ ရက်နေ့၌ ကျင်းပခဲ့ရာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့်အတူ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ တက်ရောက်လျှက် နှစ်နိုင်ငံ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်မည့်ကဏ္ဍများအပေါ် အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊အဆိုပါညီလာခံဆွေးနွေးပွဲအပြီး  ပူးတွဲသတင်းထုတ်ပြန်ရာ၌ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက၂၀၂၁ ခုနှစ်၊ပထမနှစ်ဝက်အတွင်း ၃၈% တိုးတက် လာခဲ့ကြောင်း၊နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ်အရောက်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးအမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိရရှိရေးအတွက်  ပိုမိုကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အိန္ဒိယ နှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား ကုန်သွယ်မှုသဘောတူညီချက် ဖော်ဆောင်နိုင်ရေး ညှိနှိုင်း မှုများ စတင်လုပ်ဆောင်ရန်လိုအပ်လျှက်ရှိမှုကိုလည်း အလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ ဉီးစားပေးကဏ္ဍစုံ၌  နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက်  ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်‌ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အိန္ဒိယ-ရုရှား အစိုးရကော်မရှင်အောက်၌ နှစ်ဘက်ထိတွေ့ ဆက်ဆံမှုများဆက်လက်လုပ်ဆောင်ရန်လိုအပ်မှုကိုလည်း အသိအမှတ်ပြုခဲ့ကြသည်ဟုဖော်ပြထားကြောင်း၊ အိန္ဒိယအစိုးရက ချမှတ်ဖော်ဆောင်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး အစီအမံတစ်ရပ်ဖြစ်သည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ချိတ်ဆက်အားပေးဆွဲဆောင်မှု(Production-Linked Incentive -PLI) အစီအစဉ် အောက်ရှိ ကုန်ထုတ်လုပ်မှုကဏ္ဍ ၁၃ ခုတွင် ရုရှားကုမ္ပဏီများအနေဖြင့် ပါဝင်လုပ်ကိုင်ရန် ဝန်ကြီးချုပ် မိုဒီ ကတိုက်တွန်းခဲ့ကြောင်း၊ နှစ်နိုင်ငံ အမျိုးသားငွေပေးချေမှု အခြေခံအဆောက်အအုံစနစ်အတွင်း အိန္ဒိယ RuPayကတ်နှင့် ရုရှားMIRကတ်တို့ကို လက်ခံအသိအမှတ်ပြုလျှက် အိန္ဒိယ၏ပေါင်းစည်း ငွေပေးချေမှု စနစ်(UPI)နှင့်ရုရှား၏ လျင်မြန်စွာငွေပေးချေမှုစနစ်(FPS) တို့ကို အပြန်အလှန် ချိတ်ဆက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိသည်ကို ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတပူတင်တို့က  ဖော်ပြခဲ့ကြကြောင်း၊ ဘဏ်လုပ်ငန်းအချင်းချင်းအကြား ငွေပေးချေမှုလွယ်ကူချောမွေ့စေရေး ရုရှားဗဟိုဘဏ်၏ ဘဏ္ဍာငွေကြေးဆိုင်ရာ သတင်းအချက်အလက် ပေးပို့မှုစနစ်သို့ အိန္ဒိယ ငွေကြေးအဖွဲ့အစည်းများက ပါဝင်ချိတ်ဆက်ဆောင်ရွက်ရန် ရုရှားနိုင်ငံဘက်မှဖိတ်ခေါ်ခဲ့ကြောင်း၊ ရုရှားနိုင်ငံအတွင်း အိန္ဒိယကောင်စစ်ဝန် ရုံးများဖွင့်လှစ်ရေးမြေနေရာချထားမှုနှင့် ဗလာဒီဗော့စတော့မြို့၌ အိန္ဒိယကောင်စစ်ဝန်ချုပ်နေအိမ် ဆောက်လုပ်မှု စသည့်နယ်ပယ်များနှင့်သက်ဆိုင်သော အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၉ စောင်ကိုလက်မှတ်ရေးထိုးခဲ့သည့်အပြင် နှစ်နိုင်ငံရှိ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများ အကြား အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ ရေနံထွက်ကုန်၊ သံမဏိထုတ်ကုန်၊ကျန်းမာရေး၊ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့်ကုန်သွယ်ရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘော တူညီချက်များနှင့် နားလည်မှုစာချွန်လွှာ ၁၉ စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ဩစတြေးလျနိုင်ငံ

လုပ်သားအင်အား နည်းပါးသော်လည်း သစ်သီးဝလံပန်းမန်ထုတ်လုပ်မှုထိန်းထားနိုင်ခြင်း

၁။          The Australian Bureau of Agricultural and Resource Economics and Sciences (ABARES) ၏ သုတေသနပြုချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဩစတြေးလျ တွင် လယ်ယာလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်သူဉီးရေ  ၈% ကျဆင်းသွားသော်လည်း  သစ်သီးဝလံ ပန်းမန်ထုတ်လုပ်မှုမှ အထွက်နှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း၊ ဩစတြေးလျ စိုက်ပျိုးမွေးမြူရေး ကဏ္ဍရှိအလုပ်သမားအသုံးပြုမှုစစ်တမ်းရလဒ်အရ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ တိုးတက် ကောင်းမွန်လာပြီး လယ်ယာအဆင့်လိုက်လျောညီထွေရှိမှုသည် ကိုဗစ် ၁၉ ကာလအတွင်း နိုင်ငံ ရပ်ခြားလုပ်သားရရှိမှု လျော့ကျသွားခြင်းကို တန်ပြန်ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ကိုဗစ်၁၉  ကူးစက်ရောဂါကြောင့် နိုင်ငံတကာ ဝင်/ထွက်ပေါက်များပိတ်ပစ်ခြင်းက ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးလုပ်သားထုတ်လုပ်မှုအပေါ်သက်ရောက်ခြင်းကို သစ်သီးဝလံပန်းမန်ကဏ္ဍ က တိုက်ရိုက်ခံစားရလျှက်ရှိကြောင်း၊ရာသီအလိုက် အလုပ်အားလပ်ရက် အလုပ်လုပ်ကိုင်သူနည်းပါးခြင်းကြောင့် ၂၀၁၉-၂၀၂၀ မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း  စိုက်ခင်းများတွင်အသုံးပြုသည့် အလုပ်သမားဉီးရေ (၁၁၁၀၀)ကျဆင်းသွားခဲ့သော်လည်း ရာသီအလိုက် ရာသီဥတုအခြေအနေတိုးတက် ကောင်းမွန်မှုကြောင့်သစ်သီးဝလံပန်းမန်စိုက်ခင်းအထွက်နှုန်းတည်ငြိမ်လျှက်ရှိနေမည်ဟုခန့်မှန်း ထားကြောင်း၊ လက်ရှိ လုပ်သားအင်အား၏အလုပ်ချိန်တိုးမြှင့်ခြင်း၊ထုတ်လုပ်မှုစနစ်များ ပြောင်းလဲ ကျင့်သုံးခြင်းနှင့်ဩစတြေးလျတွင်ရောက်ရှိလျှက်ရှိသောနိုင်ငံခြားသားများကဝင်ရောက်လုပ်ကိုင် ခြင်းတို့က လုပ်ငန်းကဏ္ဍ၏ထုတ်လုပ်မှုကို အရှိန်မပျက်စေခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း ကန်ထရိုက်ဝန်ထမ်းများအပါအဝင် ပျမ်းမျှအလုပ်သမား ၁၃၅၁၀၀ ခန့်ကို အသုံး ပြုလျှက်ရှိကြောင်း၊စုစုပေါင်းလယ်ယာလုပ်သားအသုံးပြုမှုမှာ ဆောင်းရာသီနှင့် နွေဉီးအစောပိုင်း တွင် အနိမ့်ဆုံးအလုပ်သမား ၁၂၆၀၀၀ ဝန်းကျင်မှ  နွေရာသီနှင့်ဆောင်းဉီးအစောပိုင်းတွင် အများ ဆုံး ၁၄၆၃၀၀ အထိအသုံးပြုလျှက်ရှိကြောင်း၊ ဩစတြေးလျအစိုးရအနေဖြင့် ကိုဗစ်၁၉ ကာလအတွင်း နိုင်ငံတွင်းထုတ်လုပ်မှုကဏ္ဍအသီးသီး၏ လုပ်သားအင်အားပြတ်လပ်မှုကို ဖြေရှင်း‌ နိုင်ရန်အတွက်  ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးဗီဇာ အစီအစဉ်အသစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ဆောင်လျှက်ရှိကြောင်းသိရှိရပါသည်။

 

ဩစတြေးလျပို့ကုန်ကဏ္ဍ ကြံ့ကြံ့ခံရပ်တည်လျှက်ရှိခြင်း

၂။           ဩစတြေးလျစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ပို့ကုန်ဈေးကွက် ချဲ့ထွင်ရန်ရှာဖွေခြင်းဖြင့် အစိုးရ၏ ကုန်သွယ်မှုစုံလင်ကွဲပြားခြင်းအစီအစဉ် The  Government’s trade diversification program) ကို တုံ့ပြန်‌ဆောင်ရွက်ခဲ့သည်ဟု ကုန်သွယ်ရေး၊ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဩစတြေးလျ နိုင်ငံတကာ စီးပွားရေးစစ်တမ်း(Australian’s 2021 International Business Survey)အရ ဩစတြေးလျ  ပို့ကုန်လုပ်ငန်းရှင်များသည် ရရှိပြီးသား ဈေးကွက်များကိုသာမက လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များကို ဉီးတည်လုပ်ဆောင်နေ သည့် အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားအပါအဝင် ဈေးကွက်အသစ်များကို ပစ်မှတ်ထားရန် ကြိုးပမ်းလျှက်ရှိကြောင်း၊အဆိုပါဝန်ကြီးဌာန ဝန်ကြီးက အစိုးရသည် ကုန်သွယ်ဖြေလျှော့မှုများဆောင်ရွက် ပေးပြီး  လယ်ယာစီးပွားရေးချဲ့ထွင်မှုတွင် ဒေါ်လာ ၇၂.၇ သန်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်မှု ကွဲပြား ခြင်းကို ပံ့ပိုးရန်လုပ်ဆောင်နေကြောင်း၊ အစိုးရ၏ Agrobusiness Expansion Initiative အစီအစဉ်အရ  ပို့ကုန်တင်ပို့သူများသည်၎င်းတို့၏ပို့ကုန်များကိုဈေးကွက်ချဲ့ထွင်ပြီးကွဲပြားစုံလင်စွာတင်ပို့နိုင်ရေးအတွက် လယ်ယာစီးပွား‌ရေးလုပ်ငန်း ၅၀၀၀ ကျော်ကို ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း၊ ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များသည် တက်ကြွပြီးဆန်းသစ်တီထွင်သောလုပ်ငန်းရှင်များဖြစ်ပြီး ၎င်းတို့၏လုပ်ငန်းများသည် ပြည်တွင်းအလုပ်အကိုင်များနှင့်စီးပွားရေးတိုးတက်မှုကိုသိသာထင်ရှားစွာအထောက်အကူပြုလျှက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်စစ်တမ်းတွင်  အစိုးရ၏ ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်မှုအစီအမံများ မည်မျှအရေးပါသည်ကို မီးမောင်းထိုးပြထားပြီး အစိုးရ၏ နိုင်ငံတကာကုန်စည်ပို့ဆောင်မှုအကူအညီယန္တရားသည် ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာခရီးစဉ် ၆၀ ခုနီးပါးကြားတွင် လေကြောင်းချိတ်ဆက်မှုကို ထိန်း သိမ်းထားနိုင်ခဲ့ရာ ထုတ်လုပ်သူများသည် ကိုဗစ် ၁၉ ဆိုင်ရာ အနှောက်အယှက်များကြုံရချိန်တွင် ၎င်း တို့၏ နိုင်ငံတကာဖောက်သည်များထံ ဆက်လက်ရောက်ရှိနိုင်ကြောင်းကို သေချာမှုရှိစေကြောင်း သိရှိရ ပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံ

နှစ်ကုန်ပိုင်းအမှာစာများအားမျှော်လင့်နေသည့် ပြည်ပတင်ပို့သူများ

၃။          ၂၀၂၁ ခုနှစ်၊နှစ်ကုန်ပိုင်းပွဲတော်များအတောအတွင်း ပြည်ပမှကုန်ပစ္စည်းမှာယူမှုများ ပိုမိုများပြား လာကာ ပို့ကုန်တင်ပို့မှုတန်ဖိုးအနေဖြင့် ယခုနှစ်အတွက် ၁၅ % မှ ၁၆ % တိုးတက်ရန်နှင့် အမေရိကန် ဒေါ်လာ(၂၆၆-၂၆၈)ဘီလီယံရရှိရန် မျှော်လင့်လျှက်ရှိသည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (FTI) ကပြော ကြားခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှုအတွက် အလားအလာကောင်းဖြစ်သည့် ခရစ်စမတ်နှင့် နှစ်သစ် ကူးပွဲတော်များ နီးကပ်လာသည်နှင့်အမျှ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူ လေ့ရှိသည်ဟု FTI  ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်အရသိရှိရကြောင်း၊ နှစ်ကုန်ပိုင်းနောက်ဆုံးလသည် ဈေးဝယ်ရာသီဖြစ်ပြီး ထုတ်ကုန်များ၏ ဝယ်လိုအားကိုမြှင့်တင်ပေးကြောင်း၊ လူအများအနေဖြင့် ပြည်ပ နိုင်ငံများမှ လက်ဆောင်ပစ္စည်းများဝယ်ယူခြင်းကို နှစ်သက်လေ့ရှိကြကြောင်း၊ ကမ္ဘာ့စီးပွား‌ရေး ပြန်လည် နာလန်ထူလာမှုကြောင့် ပို့ကုန်တင်ပို့မှုအနေဖြင့်၂၀၂၁ ခုနှစ်တွင်  ၁၂% -၁၄ % တိုးတက်လာနိုင်သည်ဟု ကူးသန်းရောင်းဝယ်‌ရေး စက်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အမြဲတမ်းပူးတွဲ‌ကော်မတီ(JSCCIB)အဖွဲ့ဝင်နှင့်  ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ‌ပြောကြားခဲ့ကြောင်း၊ပို့ကုန်တင်ပို့မှုအလားအလာကောင်းများကို မျှော်လင့်လျှက်ရှိနေသော်လည်း ကွန်တိန်နာမလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ခနှုန်း မြင့်တက်မှုတို့က  ပြည်ပတင်ပို့သည့်လုပ်ငန်းရှင်များကို ထိခိုက်စေသည့် ပြဿနာများအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ် ကြောင်း၊ ကုန်စည်ပို့ဆောင်ခနှုန်းအနေဖြင့် ပေ(၄၀)ကွန်တိန်နာတစ်လုံးအတွက် အမေရိကန်ဒေါ်လာ (၅၀၀၀)မှ(၁၅၀၀၀)အထိတိုးမြင့်လာကြောင်း၊ကုန်စည်ပို့ဆောင်နိုင်မှုအပိုင်းတွင် အကန့်အသတ်ဖြင့်ရှိနေ သော်လည်း ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးလိုအပ်ချက် မြင့်မားမှုကြောင့် ကုန်စည်ပို့‌ဆောင်ခနှုန်းများမှာ ဆက်လက်မြင့်မားနေကြောင်း၊ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သယ်ယူပို့‌ဆောင်ရေးကုန်ကျစရိတ် မြင့်မားမှုကြောင့် ကုန်ပစ္စည်းဝယ်ယူမှုနှင့် ဖြန့်ဖြူးမှုများတွင် နှောင့်နှေးမည်ကိုစိုးရိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်၊ နှစ်ဆန်းမှစ၍ အသက်ဝင်လာတော့မည့်  တရုတ်- ကမ္ဘောဒီးယား FTA

၄။          တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်မှာ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစတင်အသက်ဝင်တော့မည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို  ယခင်နှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊နှစ်နိုင်ငံအကြားကုန်သွယ်မှုပြုနေသည့်ကုန်စည်များ၏ ၉၀ % ကျော်ကို အခွန် နှုန်း သုည သို့ လျှော့ချထားကြောင်း၊ ကုန်စည်ကုန်သွယ်ရေးအပြင် ဝန်ဆောင်မှုကုန်သွယ်‌ရေးကဏ္ဍများ ကိုလည်း တတ်နိုင်သမျှ တံခါးဖွင့်ပေးသွားမည်ဟု သဘောတူညီချက်တွင်ဖော်ပြထားကြောင်း၊၎င်းအပြင် ရင်းနှီးမြှုပ်နှံမှု၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ၊ e-commerce နှင့် စီးပွားရေးနှင့်နည်းပညာဆိုင်ရာကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြုလုပ်သွားရန် နှစ်ဖက်နိုင်ငံများက သဘောတူညီထားကြ ကြောင်း၊ လွတ်လပ်သည့် ကုန်သွယ်‌ရေးသဘောတူညီချက်မှာ နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွွယ် ဆက်ဆံရေးတွင်  သမိုင်းမှတ်တိုင်သစ်များဖြစ်ကြောင်း၊ နှစ်နိုင်ငံလုပ်ငန်းများနှင့် ပြည်သူများ ပိုမိုကြွယ်ဝ ချမ်းသာစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံတွင် မိုးပိုမိုရွာသွန်းမှုများကြောင့် ပဲစင်းငုံအထွက်နှုန်း လျော့ကျဖွယ်ရှိ

အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၂ ခုနှစ် သီးနှံရာသီကာလအတွင်း မိုးရွာသွန်းမှုအားကောင်းသည့် အပြင် မိုးလွန်ကာလ၌ပါ ရွာသွန်းမှုကြောင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ခန့် ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ် စသည့် ပြည်နယ်များတွင်လည်း မိုးပိုမိုရွာ သွန်းမှုရှိသဖြင့် ယခုနှစ် ပဲစင်းငုံအထွက်နှုန်းမှာ လျော့ကျဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်း က ပြောဆိုလျက်ရှိကြပါသည်။
ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များအရ ကာနာတကာပြည်နယ်၌ ယခုနှစ်တွင် ပဲစင်းငုံ ဧရိယာ ဟက်တာ ၁၄.၅၅ သိန်း စိုက်ပျိုးထားရှိရာ အဓိကခရိုင်များဖြစ်သော Kalaburgi နှင့် Bidar ဒေသများ၌ မိုးပိုမိုရွာသွန်းမှုများကြောင့် ဟက်တာ ၂.၉၁ သိန်းခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ နေရာဒေသအချို့တွင် အပင်ငယ်ရွယ်စဉ်အချိန်၌ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်သကဲ့သို့ မကြာသေးမီက ရွာသွန်းသည့် မိုးများကြောင့် နောက်ကျစိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အပွင့် ပွင့်ချိန်နှင့် အစေ့အိမ်တည်ချိန်တို့တွင် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယခုနှစ်၌ ပြည်နယ်အတွင်းရှိ တောင်သူများသည် ပဲစင်းငုံစိုက်ဧရိယာ လျာထားချက် ဟက်တာ ၁၄.၃ သိန်းကို ကျော်လွန်လျက် စိုက်ပျိုးနိုင်ခဲ့သော်လည်း Bagalkot, Koppal နှင့် Chikkaballapur ခရိုင်များတွင် စိုက်ခင်းများ၏ ၃၃% မှ ၅၅% အထိ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းဖြင့် Hindu Business Line သတင်း ဌာနက ဖော်ပြပါသည်။
Kalaburgi ခရိုင်ရှိ ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Basavaraj Ingin က ယခုနှစ်သည် ပဲစင်းငုံစိုက်ပျိုးသူများအတွက် အောင်မြင်မှု မရသော ကာလပင်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ အလွန်အမင်းဆိုးရွားပြီး ၎င်းတို့အနေဖြင့် မည်သို့ မျှ သီးနှံရိတ်သိမ်းရရှိနိုင်မည် မဟုတ်ကြောင်း၊ တောင်သူများအတွက် သည်းခံနိုင်ဖွယ်မရှိသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။
သို့ဖြစ်ရာ ကာနာတကာပြည်နယ်၏ ယခုနှစ် ပဲစင်းငုံထွက်ရှိနိုင်မှုမှာ မျှော်မှန်းထားသည့် ပမာဏကို ရရှိနိုင်မှု မရှိသကဲ့သို့ တစ်နိုင်ငံလုံး၏ ပဲစင်းငုံထွက်ရှိမှုကိုလည်း လျော့ကျစေဖွယ်ရှိပါ သည်။ အစိုးရ၏စာရင်းများအရ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ စိုက်ပျိုးထားရှိမှုမှာ ဧရိယာဟက်တာ ၄၉.၈၃ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၁.၈၅ သိန်းခန့် ပိုမိုခဲ့ကြောင်း၊ အခြားသော ပဲစင်းငုံအဓိကစိုက်ပျိုးသည့် ပြည်နယ်များမှာ မဟာရဋ္ဌပြည်နယ်နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တို့ဖြစ်ပြီး ဧရိယာဟက်တာ ၁၃.၂၃ သိန်းနှင့် ၄.၂၅ သိန်း အသီးသီး စိုက် ပျိုးထားကြောင်း သိရှိရသည်။
Kalaburgi ဒေသရှိ ပဲခွဲစက်နှင့် ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် Mr. Santosh Langar က ယခုနှစ် ကာနာတကာပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုမှာ ၄၀% အထိ လျော့ကျနိုင်ကြောင်း၊ အချို့သောဒေသများတွင် ဒီဇင်ဘာလလယ်ပိုင်း၌ ရိတ်သိမ်းမှုလုပ်ငန်း စတင်ဆောင်ရွက်တော့ မည်ဖြစ်သော်လည်း ပွဲတော်ရာသီကာလအတွင်း ဝယ်လိုအားနည်းပါးခဲ့မှုနှင့် ပြည်ပမှ ဆက်လက် တင်သွင်းခွင့် ရရှိနေမှုတို့ကြောင့် ပဲစင်းငုံဈေးနှုန်းများမှာ အကျဘက်၌ တည်ငြိမ်လျက်ရှိကြောင်း ပြောကြားပါသည်။
Ahmedabad မြို့အခြေစိုက် Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Punit Bachawat ကမူ ရာသီဥတုပြောင်းလဲလာသည့်ဖြစ်စဉ်က ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုဖြစ်စေခဲ့ကြောင်း၊ မဟာရဋ္ဌနှင့် ဂူဂျရတ် ပြည်နယ် များတွင်လည်း ပဲစင်းငုံစိုက်ခင်းများမှာ ၁၀% မှ ၁၅% အထိ ထိခိုက်မှုရှိခဲ့ကြောင်း၊ ကာနာတကာ နှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှုများ အပါအဝင် တစ်နိုင်ငံလုံး ပဲစင်းငုံထွက်ရှိ မှုမှာ ၂၀% ခန့် လျော့ကျဖွယ်ရှိကြောင်း၊ ကုန်သည်များထံမှ တုန့်ပြန်ချက်များအရ ယခုနှစ် ပဲစင်းငုံ တန်ချိန် ၂.၉ သန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလ၌ ကာနာတကာနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်တို့တွင် မိုးဆက်လက်ရွာသွန်းမှုရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါသည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၁-၂၂ သီးနှံ စိုက်ပျိုးရေးနှစ်အတွက် ပထမအကြိမ် မိုးသီးနှံအထွက်ပမာဏ ကြိုတင်ခန့်မှန်းချက်အား ၂၁-၉-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ရာတွင် ယခင်နှစ် ထွက်ရှိခဲ့သော ပမာဏထက် တန်ချိန် ၀.၁၅ သန်း ပိုမိုလျက် ပဲစင်းငုံတန်ချိန် ၄.၄၃ သန်း အထိ ထွက်ရှိရန် ခန့်မှန်းထားသည်။ သို့ရာတွင် မိုးနှောင်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း စိုက်ခင်းများ ထိခိုက်ပျက်စီးမှုကြောင့် ပဲစင်းငုံအထွက်လျော့နည်းပြီး ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန် အတွက် ပြည်ပမှဝယ်ယူတင်သွင်းမှုကို တိုးမြှင့်ဆောင်ရွက်ရဖွယ်ရှိပါသည်။
Source: Tur output set to shrink as excess rains hit crop in major States, 26-11-2021, The Hindu Business Line

(နေအေးလွင်)
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

လက်တင်အမေရိကဒေသထံမှ ဆန်ဝယ်ယူရန် အမှာစာများအား ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကုန်သည်များ လက်ခံရရှိ

အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူလုပ်ငန်းရှင်များအနေဖြင့် လက်တင်အမေရိကဈေးကွက်သို့ ဘာစမာတီဆန်များကို ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလမှ စတင်၍ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်းသိရှိရပါသည်။
အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) မှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul က လက်တင်အမေရိကဒေသရှိ နိုင်ငံများသည် ဆန်ကို ယခင်က အမေရိကန်နိုင်ငံထံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါ အိန္ဒိယနိုင်ငံသို့ ဦးလှည့်၍ အမှာစာများ ပေးပို့လာကြ ကြောင်း ပြောဆိုပါသည်။
ယခုကဲ့သို့ ဈေးကွက်အသစ်ရရှိလာမှုသည် ငွေပေးချေမှုဆိုင်ရာ အခက်အခဲပြဿနာများ ကြောင့် အဓိကဆန်တင်ပို့ရာ အီရန်နိုင်ငံ၌ ဈေးကွက်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရသော အိန္ဒိယ ကုန်သည်များအတွက် သက်သာမှုရရှိစေမည်ဖြစ်ပါသည်။ နှစ်ကာလများစွာကပင် ဘာစမာတီ ဆန်များအား တင်ပို့လျက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုက ငွေပေးချေမှုစနစ်ကို ပျက်ယွင်းမှုဖြစ်ပေါ်စေပြီး အိန္ဒိယကုန်သည်များအနေဖြင့် အီရန်ရှိ ၎င်းတို့၏ ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေရရှိရန် ကြန့်ကြာမှုများ ကြုံတွေ့ရလျက် ရှိသည်။
အီရန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် အိန္ဒိယရှိ ရေနံချက်လုပ်သည့် ကုမ္ပဏီများသည် ရေနံစိမ်း များ ဝယ်ယူတင်သွင်းမှုအတွက် ကုန်ဖိုးငွေများကို UCO Bank ၌ ဖွင့်လှစ်ထားသည့် အီရန်နိုင်ငံ၏ ရူပီးငွေစာရင်းသို့ ပေးသွင်းထားရှိပြီး အိန္ဒိယ၏ ပို့ကုန်များအတွက် ၎င်းငွေစာရင်းမှ ပြန်လည် ခုနှိမ် ပေးချေခြင်းဖြစ်ပါသည်။ သို့ရာတွင် အီရန်နိုင်ငံအပေါ် အရေးယူကန့်သတ်မှုအား အမေရိကန်နိုင်ငံ က ဖြေလျော့ပေးထားသည့် ကာလကုန်ဆုံးချိန် ၂၀၁၉ ခုနှစ် မေလမှ စတင်၍ အီရန်နိုင်ငံထံမှ ရေနံများအား ရူပီးငွေဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည်။ ထို့နောက်ပိုင်း အိန္ဒိယ ဘဏ်များ၌ အပ်နှံထားသည့် အီရန်နိုင်ငံ၏ အရန်ရူပီးငွေ လက်ကျန်ပမာဏမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ယခင်က ပြည်တွင်း၌ ဆန်စပါးရိတ်သိမ်းထွက်ပေါ်ချိန်တွင် ပြည်ပမှ တင်သွင်းမှု ကို တားမြစ်ထားလေ့ရှိသည့် ရာသီအလိုက်ကန့်သတ်ချက်အား အီရန်အစိုးရက ပယ်ဖျက်ပေးခဲ့ သည်။ အိန္ဒိယရှိ Kohinoor Foods စားသောက်ကုန်လုပ်ငန်းမှ တွဲဖက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Gurnam Arora က အီရန်နိုင်ငံသည် ဆန်တင်သွင်းရန်တင်ဒါခေါ်ယူမှုကို မကြာသေးမီက ဆောင် ရွက်ခဲ့ကြောင်း၊ အိန္ဒိယဆန်ကုန်သည်အချို့သည် အီရန်သို့ ဆန်တန်ချိန် ၁၀၀ ခန့် တင်ပို့ခဲ့သည်ဟု ကြားသိရကြောင်း ပြောဆိုပါသည်။ AIREA မှ Mr. Vinod Kaul က အိန္ဒိယကုန်သည်များသည် အီရန်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ငွေပေးချေမှု အကျပ်အတည်းအား ကျော်လွှားနိုင်မည့် အခြေအနေ ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ အီရန်ရှိ ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေအချို့ လက်ခံရရှိမှု ရှိသော်လည်း ကုန်သည်အများစုမှာ ကုန်တန်ဖိုး အပြည့်အဝ ပြန်လည်လက်ခံရရှိခြင်း မရှိသေး ကြောင်း ပြောကြားပါသည်။
အိန္ဒိယနိုင်ငံ၌ ယခုနှစ် မိုးနှောင်းကာလ မိုးသည်းထန်မှုများကြောင့် စိုက်ပျိုးထားရှိဆဲ စပါးခင်းများ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရာ အရည်အသွေးမြင့် ဘာစမာတီဆန် ထွက်ရှိနိုင်မှုမှာ ယခင်နှစ် ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၁၅% မှ ၂၀% အထိ ကျဆင်းဖွယ်ရှိပြီး ဈေးနှုန်းများသည်လည်း ၂၀% မှ ၄၀% အထိ မြင့်တက်လာခဲ့ကြောင်း၊ AIREA ကုန်သည်အသင်းက ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အတွင်း ဘာစမာတီဆန် ပြည်ပသို့ တင်ပို့မှုမှာ ယခင်နှစ် တင်ပို့မှု တန်ချိန် ၄.၆ သန်းအောက် ၂၀% ခန့် လျော့ကျမည်ဟု ခန့်မှန်းလျက်ရှိကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော် ပြထားပါသည်။
Source: Latin America opens doors to Indian basmati rice for first time ever, 30-11-2021, Economic Times
(နေအေးလွင်)
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများတင်ပြခြင်း

ဂျပန်နိုင်ငံ
ဂျပန်ရိုးရာစက္ကူဗူးများဖြင့်ထုပ်ပိုးကာ ပြည်ပပို့ကုန်တိုးမြှင့်‌ရေးဆောင်ရွက်နေသည့်သတင်း
ဂျပန်နိုင်ငံမှသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ကားရောင်းချ နေသည့် Tokyo Seika Corporation သည် ပြည်ပတင်ပို့ရာတွင် ထုပ်ပိုးမှုဒီဇိုင်းပုံစံအသစ်များဖြင့်ထုပ်ပိုး ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း၊ Tokyo Seika Corporation အနေဖြင့် အခြားသောနိုင်ငံများမှ တင်ပို့သည့် သစ်သီးနှင့်ဟင်းသီးဟင်းရွက်ပို့ကုန်များနှင့်မတူဘဲ တမူထူးခြားစေရန် ဂျပန်ရိုးရာပုံစံဖြင့် ခမ်းနားစွာ ဖန်တီးထားခြင်းဖြစ်ကြောင်း၊ Tokyo Seika Corporation သည် SUGIO အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံထွက်သစ်သီးမျိုးစုံကို ပြည်ပသို့တင်ပို့နေသည့် Wismettac Foods,Inc နှင့်လုပ်ငန်းအတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ဂျပန်ဘာသာစကားဖြင့် SUGIO ဆိုသည်မှာ အလွန်ကောင်းမွန်သည်ဟု အဓိပ္ပာယ်ရကြောင်း၊ Tokyo Seika Corporation နှင့် Wismettac Foods,Inc တို့သည် စက္ကူဗူးများထုတ်လုပ်သည့် Rengo Co., Ltd., နှင့် ပူးပေါင်းကာ လှပသည့်ဂျပန်ရိုးရာစက္ကူဗူးများဖြင့် ထုပ်ပိုးထားသော သစ်သီးများတင်ပို့ရန်ပြင်ဆင်နေကြောင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကန်စွန်းဥများနှင့် တန်ဂျရင်းလိမ္မော်သီးများ(tangerine oranges)ကို စတင် တင်ပို့နေပါကြောင်း၊ ပြည်ပဈေးကွက်တွင် ၎င်းတို့၏ ကုန်ပစ္စည်းများကို တုပ၍ ရောင်းချခြင်းများမဖြစ်စေရန် ဂျပန်ရိုးရာဒီဇိုင်းများပါသည့် စက္ကူဗူးများကို အသုံးပြုခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ကုန်ပစ္စည်းအရသာနှင့် အရည်အသွေးပိုင်းကောင်းမွန်မှုကို စားသုံးသူများသိရှိခံစားနိုင်ရန် ရည်ရွယ်‌ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊အီဘာရာခိစီရင်စုရှိ ဒေသခံစိုက်ပျိုးရေးသမဝါယမအစုအဖွဲ့ ဖြစ်သည့် JA Namegata Shoisai သည် ယခုနှစ်အတွင်း ကန်စွန်းဥ တန်ချိန် (၆၈၀)ခန့် ပြည်ပသို့တင်ပို့ ရန် စီမံချက်ချထားကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်မှ ပမာဏထက် ၁၀ ဆခန့် များပြားကြောင်း၊ ၎င်းတို့အနေဖြင့် ဂျပန်ရိုးရာဒီဇိုင်းဖြင့် လှပစွာပုံဖော်ထားသည့် စက္ကူဗူးများအသုံးပြုကာ ပြည်ပသို့ ဂျပန် နိုင်ငံထွက်အရည်အသွေးမြင့်ကုန်ပစ္စည်းများတင်ပို့ရခြင်းကြောင့် များစွာအားတက်ရပြီး ဆက်လက်၍ လည်း ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု JA Namegata Shoisai သမဝါယမအစုအဖွဲ့ က ပြောကြားခဲ့ ကြောင်း၊SUGIO အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံထွက်သစ်သီးမျိုးစုံကို ပြည်ပသို့တင်ပို့နေသည့် Wismettac Foods, Inc. သည် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း Japan External Trade Organization (JETRO) ၏ ၂၀၂၁ ခုနှစ်အတွက် “(JETRO)Chairman’s Award ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဘယ်လ်ဂျီယံနိုင်ငံ
ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးနလန်ထူမှုကိုနှောင့်နှေးစေသည့်လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ
ဘယ်လ်ဂျီယံနိုင်ငံရှိကုမ္ပဏီများ၏ လက်ရှိဝင်ငွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ အဆင့် ထက် သာလွန်မှုများရှိလာပြီဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းအများစုသည် လုပ်သားရှားပါးမှုနှင့် ထုတ်လုပ်မှုထောက်ပံ့‌ရေးကွင်းဆက်ဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရပြီး ယင်းအချက်များကပင် ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးပြန်လည်နလန်ထူမှုကိုနှောင့်နှေးစေလျှက်ရှိကြောင်း၊ဘယ်လ်ဂျီယံအမျိုးသားဘဏ် (National Bank)မှ လုပ်သားပေါင်း(၂၀၀၀)ကျော်ကို ကောက်ယူခဲ့သည့်စစ်တမ်းအရ ၎င်း လုပ်ငန်းများ၏ထက်ဝက်ကျော်သည် ဝန်ထမ်းခေါ်ယူမှုအပိုင်းတွင် အခက်အခဲများရှိကြောင်း၊ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ၎င်းတို့အနေဖြင့် အလုပ်သမားများအား လုပ်ခွင်ဆိုင်ရာဖြေလျှော့မှု များဖြင့် ကမ်းလှမ်းခြင်းနှင့် ပို၍မြင့်မားသောလုပ်ခလစာဖြင့် ခေါ်ယူခြင်းများကို ‌‌ဆောင်ရွက်ကြကြောင်း၊ ဘယ်လ်ဂျီယံရှိကုမ္ပဏီများသည် ၎င်းတို့၏လက်ရှိဝန်ထမ်းများကိုထိန်းထားနိုင်ရေး(သို့)ဝန်ထမ်းသစ်များ အား ဆွဲဆောင်ခေါ်ယူနိုင်‌ရေးတို့အတွက် မတူညီသောနည်းဗျူဟာများဖြင့် ချမှတ်ဆောင်ရွက်လျှက်ရှိ ကြရာ ဥပမာအနေဖြင့် ပုံမှန်ခေါ်ယူနေကျ ပထဝီဒေသပြင်ပနိုင်ငံများမှ လုပ်သားအသစ်များကို ခေါ်ယူမှု ရှိသော်လည်း မြင့်မားသောလုပ်ခလစာများဖြင့်ခေါ်ယူရန်ကမ်းလှမ်းရခြင်းကြောင့် ကုမ္ပဏီများအတွက် ဖိအားပိုမိုများပြားလာလျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ
ဟိုင်နန်ပြည်နယ်၏ တံခါးဖွင့်ပေးမည့်စီမံကိန်းထုတ်ပြန်ကြေငြာခြင်း
တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ်သည် အခွန်လွတ်ဈေးဝယ်ယူခြင်း၊ အပြည်ပြည် ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုနှင့် အပြည်ပြည်ဆိုင်ရာပညာရေးတို့ပါဝင်သည့် ကဏ္ဍ(၃)ရပ်တွင် ဉီးစားပေးကာအပြည်ပြည်ဆိုင်ရာခရီးသွားနှင့်စားသုံးမှုဉီးတည်လာရောက်သည့်နေရာဖြစ်စေရန်ကြိုးပမ်း သွားမည်ဟု ၎င်း၏(၂၀၂၁-၂၀၂၅)ဖွံ့ဖြိုးမှုစီမံကိန်းတွင် ဖော်ပြထားကြောင်း၊ဟိုင်နန်ပြည်နယ်သည် ကျွန်း ပြည်နယ်ဖြစ်ကာ လွတ်လပ်သည့် ကုန်သွယ်ရေးဆိပ်ကမ်းလည်းရှိကြောင်း၊ ယခုအစီအစဉ်ကို ထုတ်ပြန် ကြေငြာရာ၌ ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ခရီးသွားကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ (၁၇.၈%) ခန့် ပါဝင်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းချက်ချထားကြောင်း၊ ဒေသတွင်းဘက်စုံစီးပွား‌ရေးမိတ်ဖက်ပြုမှု (RCEP) တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများမှပြည်သူများကိုလည်း ဤဆေးဖက်ဆိုင်ရာစမ်းသပ်ဇုန်တွင် ဆေးကုသ မှုများလာရောက်ပြုလုပ်ကြရန်တိုက်တွန်းထားကြောင်း၊စီမံကိန်းအရ၂၀၂၅ ခုနှစ်တွင်ဟိုင်နန်၌လူပေါင်း (၅)သိန်းခန့် ဆေးဝါးကုသမှုများလာရောက်ပြုလုပ်နိုင်မည်ဟုခန့်မှန်းထားကြောင်း၊ ပညာရေးကဏ္ဍ နှင့်စပ်လျဉ်း၍ ဟိုင်နန်ကျွန်းပေါ်တွင် ပြည်ပမှ ကောလိပ်များနှင့် ပညာရေးအဖွဲ့အစည်းများ လာ ရောက်တည်ထောင်ကြရန် တိုက်တွန်းထားကြောင်း၊၂၀၂၅ ခုနှစ်တွင် ဟိုင်နန်ကျွန်း၌ နိုင်ငံတကာမှ ကေျာင်းသားဉီးရေ(၁၀၀၀၀) လာရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်ထားသည်ဟု စီမံကိန်းတွင် ဖော်ပြထားကြောင်း၊၂၀၂၅ ခုနှစ်၌ ဟိုင်နန်ကျွန်းပေါ်တွင် နိုင်ငံတကာမှ အထက်တန်းကေျာင်းနှင့်မူကြို ကျောင်းပေါင်း (၁၅)ကျောင်းခန့်နှင့် သိပ္ပံ၊ စိုက်ပျိုးရေးနှင့် ဆေးပညာနယ်ပယ်များမှ အဆင့်မြင့် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ် (၃)ခုကျော် လာရောက်ဖွင့်လှစ်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နန်နင်းမြို့စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများတင်ပြမှု

ဩစတြေးလျနိုင်ငံ
လယ်ယာလုပ်သားများ၏ လစာနှုန်းထားများ ပြောင်းလဲသတ်မှတ်ရန်ဆောင်ရွက်လျှက်ရှိခြင်း
သစ်သီးဝလံ ပန်းမန်ကဏ္ဍ၏လုပ်သားများအတွက် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များခူးဆွတ် ရန် လစာပေးချေမှုနည်းလမ်းကြောင့် ယခုအပတ်အတွင်းငြင်းခုံမှုများ ဖြစ်ပွားစေကြောင်း၊ လုပ်ငန်း ကဏ္ဍသည် လယ်ယာလုပ်သားများ အသီးအနှံခူးသည့်နှုန်းတွင် အနည်းဆုံးတစ်နာရီလျှင် အနိမ့်ဆုံး ဩစ တြေးလျဒေါ်လာ (၂၅.၄၁) အာမခံရမည်ဟူသည့် တရားမျှတသော အလုပ်ကော်မရှင်၏ စီရင်ချက်ဆိုင်ရာ သက်ရောက်မှုများကို သိရှိနားလည်အောင်ကြိုးစားလျှက်ရှိကြောင်း၊ သမားရိုးကျ ခူးဆွတ်မှုနှုန်းများ ပေး ချေရာတွင် အလုပ်သမားများကို ၎င်းတို့ရိတ်သိမ်းသည့် (သို့) ထုပ်ပိုးသည့်ပမာဏအလိုက် ပေးချေခြင်း ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းစည်းရုံးရေးအဖွဲ့က အရည်အချင်းရှိဝန်ထမ်းများသည် ယခုအနိမ့်ဆုံး တစ်နာရီစာနှုန်းထက် ပိုမိုရရှိစေသည်၏ဟု ငြင်းခုံထားကြကြောင်း၊ တစ်ဖက်တွင်မူ ဩစတြေးလျ အလုပ်သမားသမဂ္ဂသည် အပိုင်းလိုက်နှုန်းထားစနစ်က သစ်သီးခူးသူများကို ခေါင်းပုံဖြတ်ခြင်း၊ အခကြေး ငေွ နည်းပါးစွာပေးချေခြင်းဖြစ်သည်ဟု အရေးဆိုထားမှုမှာ ကြာမြင့်လျှက်ရှိပြီဖြစ်ကြောင်း၊ ကော်မရှင် သည် ရာသီအလိုက်ရိတ်သိမ်းသည့်လုပ်သားအင်အား၏ များပြားလှသောအချိုးအစားမှာ လက်ခစားနှုန်း ထားဖြင့်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယာယီရွှေ့ပြောင်းအလုပ်သမားအများအပြားမှာ ခေါင်းပုံဖြတ်ခံရမှုတွင် ပါဝင်လျှက်ရှိသည်ကိုတွေ့ရကြောင်း၊အမျိုးသားတောင်သူလယ်သမားအဖွဲ့ချုပ်က အပိုင်းလိုက်နှုန်းထား စနစ်က ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ပြီး ယခုတစ်နာရီအနိမ့်ဆုံးနှုန်းထားက လယ်သမားများ၏ စီးပွားရေးကို ပျက်သွားစေနိုင်သည်ဟုထုတ်ဖော်ပြောကြားထားကြောင်း၊ အလုပ်ရှင်အများအပြားသည် ထုတ်လုပ်နိုင်စွမ်းမရှိသောအလုပ်သမားများအတွက် နာရီအလိုက်နှုန်းထားများကို မပေးဆောင်နိုင်ခြင်း (သို့)အပိုအုပ်ချုပ်ရေးဝန်ထုပ်ဝန်ပိုးကို မထမ်းဆောင်နိုင်ခြင်းကြောင့် အပိုင်းလိုက်နှုန်းထားများကို ပေး ဆောင်ရန်တတ်နိုင်တော့မည်မဟုတ်ကြောင်းသိရှိရပါသည်။
ဩစတြေးလျထောပတ်သီးများပုံနေခြင်း
အနောက်ပိုင်းဩစတြေးလျ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများသည် ထုတ်ပိုးမှုနှင့် ဈေး ကွက်တင်ပို့မှု ကုန်ကျစရိတ်များ မကာမိတော့သဖြင့် ထောပတ်သီးများ စုပုံလျှက်ရှိကြောင်း၊ အနောက် ပိုင်းဩစတြေးလျတွင် ထုတ်လုပ်မှုစံချိန်တင်မြင့်တက်ပြီးနောက် ထောပတ်သီးတစ်ဗန်းလျှင် ဒေါ်လာ ၁၈ ဒေါ်လာအထိကျဆင်းသွားခဲ့ပြီး နိုင်ငံတွင်း၌ပိုလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အနောက်ပိုင်းဩစတြေးလျ၏ အဓိကပြည်တွင်းဈေးကွက်များဖြစ်သော ဆစ်ဒနီနှင့်မဲလ်ဘုန်းသို့ရောင်းချမှုနှေးကွေးခြင်းနှင့် Lockdown ကြောင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို လအတော်ကြာပိတ်ပစ်လိုက်ပြီးနောက် ဈေးနှုန်း များကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ယခင်နှစ်က ထောပတ်သီးစိုက်ပျိုးမှုစီးပွားဖြစ်ထွန်းခဲ့ပြီး ယခုနှစ်တွင် အမြတ်အစွန်းမရရှိခြင်းက စိုက်ပျိုးထုတ်လုပ်သူများ၏စီးပွားရေးအပေါ် ကြီးစွာသောရိုက်ခတ်မှု ဖြစ်ပေါ် စေခဲ့ကြောင်း၊ ယခုရာသီအတွင်း အနောက်ပိုင်းဩစတြေးလျတွင် ထောပတ်သီး ဗန်းပေါင်း ၈.၂ သန်း ခန့် ဆွတ်ခူးရရှိနိုင်သည်ဟုခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၃၃% မြင့်တက်လာခြင်းဖြစ် ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုမြင့်တက်လာသော်လည်း လက်လီရောင်းချသူအချို့က နယူးဇီလန်နိုင်ငံ မှထောပတ်သီးများတင်သွင်းနေမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာကြောင်း၊ဩစတြေးလျထောပတ်သီး အသင်းကဩစတြေးလျထောပတ်သီးများ ဖူလုံသောအဆင့်သို့ရောက်ရှိသွားသောကြောင့် ဩစတြေးလျ သီးနှံအဓိကလက်လီ‌ရောင်းချသူများက တင်သွင်းမှုကို ရပ်ဆိုင်းရန်မျှော်လင့်သည်ဟု ထုတ်ဖော်ပြော ကြားထားကြောင်း၊ ပြည်တွင်းပိုလျှံမှုကို ဟန်ချက်ညီစေရန် တင်ပို့မှုမှာလည်း အရေးပါသောအချက်တစ်ချက်ဖြစ်ရာ ပြည်ပနိုင်ငံများနှင့်ဈေးကွက်ထူထောင်ရေးမှာ အချိန်ကာလအတိုင်းအတာတစ်ခုလိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်အများအပြားသည် ဈေးနည်းပြိုင်ဖက်များဖြစ်သည့် ချီလီနှင့်ပီရူးတို့မှ သစ်သီးများ ကို တင်သွင်းနေပြီဖြစ်သည့်အပြင် ဤရာသီတွင် မကြုံစဖူး ကုန်စည်ပို့ဆောင်ရေးနှင့် ‌ထောက်ပံ့ပို့ဆောင် ရေးစိန်ခေါ်မှုများသည် ပြည်ပဈေးကွက်များသို့ဝင်ရောက်ရန် ပိုမိုခက်ခဲစေကြောင်းသိရှိရပါသည်။
ဟင်းသီးဟင်းရွက်တင်ပို့သူများအတွက် ပိုမိုတင်ပို့နိုင်မည့်အခွင့်အလမ်းများရရှိခြင်း
ဩစတြေးလျထုတ်ကုန်များသည် ဘေးကင်းမှု၊အရည်အသွေးမြင့်အစားအစာနှင့်ရာသီအလိုက် ထောက်ပံ့ပေးစွမ်းနိုင်မှုတို့ကြောင့် ထိုင်ဝမ်ဈေးကွက်တွင် ဩစတြေးလျထုတ်ကုန်များ၏ ယှဉ်ပြိုင်မှု အား သာချက်ကိုဖြစ်ပေါ်စေကြောင်း၊၂၀၁၉-၂၀၂၀ ခုနှစ်ထက်၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထိုင်ဝမ်သို့တင်ပို့မှု အနေဖြင့် ဩစတြေးလျဟင်းသီးဟင်းရွက်၂၁ %၊ ကြက်သွန် ၆၃ % ၊အာလူး ၁၉%နှင့် မုန်လာဥနီ ၁၄၄% တိုးတက်ခဲ့ကြောင်း၊ထိုသို့ဝယ်လိုအားမြင့်တက်ရခြင်းမှာ အရည်အသွေးမြင့်ဟင်းသီးဟင်းရွက်ထုတ်ကုန် လိုအပ်ချက်တိုးတက်လာမှုနှင့် ပြည်တွင်းရှိကာလတိုထောက်ပံ့မှုကန့်သတ်ချက်များကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အထိ ‌ရေပြတ်လပ်မှုကြောင့် ထိုင်ဝမ်ဟင်းသီးဟင်း ရွက်ထုတ်လုပ်မှု ထိခိုက်နစ်နာခဲ့ရသကဲ့သို့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း၌ တိုင်ဖွန်းရာသီကြောင့်လည်း ထုတ်လုပ်မှုထိခိုက်ခဲ့ရပြီး ပြည်တွင်းပုံမှန်ထောက်ပံ့အား ကျဆင်းခြင်းကလည်း ဒေသထွက် ဟင်းသီး ဟင်းရွက်ဈေးနှုန်းများကို အမြင့်ဆုံးသို့ရောက်ရှိသွားစေခဲ့ခြင်းဖြစ်ကြောင်း၊ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် စတိုးဆိုင်ဒုတိယသိပ်သည်းမှုအများဆုံးဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း လက်လီဆိုင်များအရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကြောင့် စားသုံးသူများသည် အစားအသောက်နှင့်အဖေျာ်ယမကာထုတ်ကုန်များကို ပိုမိုဝယ်ယူ ခွင့်ရရှိစေခဲ့ကြောင်း၊ ထိုင်ဝမ်စားသုံးသူများသည် ဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောစားသောက် ကုန်များကိုနှစ်သက်ကြပြီး အဆိုပါနှစ်သက်မှုသည် စားသုံးသူများက အရည်အသွေးမီ စိုက်ပျိုးရေး ထွက် ကုန်များကို တန်ဖိုးထားခြင်းနှင့်အတူ အစားအသောက်အတွက် တစ်ဉီးချင်းစီ၏ အသုံးစရိတ်ကို မြင့်မားစေမည်ဖြစ်ကြောင်း၊၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထိုင်ဝမ်သည် ဩစတြေးလျနိုင်ငံ၏ (၁၃)ခုမြောက် အကြီးဆုံးဟင်းသီးဟင်းရွက်ပို့ကုန်ဈေးကွက်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်လျှက် သွင်းကုန်လျှော့ချနိုင်မည့်ကုန်စည်အမယ်များဖော်ထုတ်ခြင်း
အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ပြည်တွင်းထုတ်လုပ်မှု မြှင့်တင် ခြင်းဖြင့် ပြည်ပမှတင်သွင်းရမှုကိုလျှော့ချနိုင်မည့် ဉီးစား‌ပေးကုန်စည်(၁၀၂)ခုအား ခွဲခြားသတ်မှတ်ခဲ့ ကြောင်း၊လက်ရှိကာလတွင် အိန္ဒိယပြည်တွင်း၌ထုတ်လုပ်မှုတိုးမြှင့်ရန် အလားအလာကောင်းမွန်မှုရှိသော ကုန်စည်အမယ်များတင်သွင်းမှုမှာ တိုးတက်မြင့်မားလျှက်ရှိသဖြင့် စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း၊ အိန္ဒိယကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနသည်အကောက်ခွန်လိုင်းHScode 8–digit အဆင့်ရှိအဆိုပါ ကုန်စည်စာရင်းကို အီလက်ထရွန်းနစ်နှင့်သတင်းနည်းပညာ၊ချည်မျှင်နှင့်အထည်၊ရေနံနှင့်သဘာဝဓါတ် ငွေ့၊ဆေးဝါးနှင့်ဓါတုပစ္စည်း၊စားသောက်ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်မှု စသည်တို့နှင့်သက်ဆိုင်သော အစိုးရဌာနများအပါအဝင် ဝန်ကြီးဌာန ၁၅ ခုထံသို့မျှဝေလျှက် ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနည်းလမ်းများ ရှာဖွေ‌ဖော်ထုတ်ရန် အကြောင်းကြားခဲ့မှုကို Economic Times သတင်းဌာနကဖော်ပြခဲ့ကြောင်း၊ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏‌ လေ့လာဆန်းစစ်မှုမှာ ကာလတိုအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လမှဩဂုတ်လအတွင်း ပျမ်းမျှတင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း၅၀၀နှင့်အထက်ရှိသောကုန်စည်များ၊ ကာလလတ် ၃ နှစ်အဖြစ် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိလည်းကောင်း၊ ကာလရှည်တွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိလည်းကောင်း နှစ်စဉ်ပျမ်းမျှတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံနှင့်အထက်ရှိသောကုန်စည်များကိုရွေးချယ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပထမ ၇ လအတွင်း ကုန်စည်တင်သွင်းမှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၁.၂၉ ဘီလီယံရှိပြီး ယခင်နှစ် တူညီသည့်ကာလ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၈၅.၃၈ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ၇၈.၇၁% ပိုမိုတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တောင်အာဖရိကနိုင်ငံ
၂၀၂၂ ခုနှစ်တွင် ကူးစက်‌ရောဂါမဖြစ်ပွားခင်တိုးတက်မှုအဆင့်သို့ပြန်လည်ရောက်ရှိရန်ခန့်မှန်းခြင်း
တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း ခန့်မှန်းထားသည်ထက် ပိုမိုတိုးတက်ခဲ့သဖြင့် နိုင်ငံ၏ စီးပွားရေးသည် ကူးစက်ရောဂါမဖြစ်ပွားခင် တိုးတက်မှုအဆင့်သို့ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စတုတ္ထ သုံးလပတ်အတွင်း နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)သည် တစ်နှစ်ပတ်လုံးအတိုင်း အတာဖြင့် ၅.၆ % သို့ တိုးတက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမသုံးလပတ်၌ ၄.၆ % သို့ တိုးတက်ခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံ၏စီးပွားရေးတိုးတက်မှု ခန့်မှန်းနိုင်ခြင်းသည် ကမ္ဘာ့ဝယ်လိုအား မြင့်တက် ခြင်းနှင့် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် Locdown ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းများ ဆောင် ရွက်လာနိုင်ခြင်းတို့ကြောင့်ဟုပြောကြားခဲ့ကြောင်း၊တောင်အာဖရိကနိုင်ငံ၏ အနာဂတ်ကာလစီးပွားရေး ပြန်လည်ကောင်းမွန်နိုင်မှုသည် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအပေါ်တွင်လည်း မူတည်နေ ကြောင်း၊နိုင်ငံအတွင်းရှိလူဉီးရေများစွာအား ကာကွယ်ဆေးထိုးပေးနိုင်ခြင်းသည် နောင်ဖြစ်ပေါ်နိုင်သည့် ကိုဗစ်လှိုင်းအသစ်များဖြစ်ပေါ်မှုကို ကာကွယ်ရာရောက်သကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွက်လည်း အနှောက်အယှက်ဖြစ်ပေါ်မှုမှ ကင်းဝေးမည်ဖြစ်သည့်အပြင် ကမ္ဘာ့စီးပွားရေးကုန်စည်ဈေးနှုန်းနှင့် သတ္ထု ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်နိုင်မှုကြောင့် လာမည့်နှစ်လတ်ကာလအတွင်း လက်ရှိအဆင့် ထက် စီးပွားရေးပိုမိုကောင်းမွန်နိုင်သော်လည်း ထုတ်လုပ်မှုကဏ္ဍအတွက် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ ကုန်ကြမ်းပြတ်လပ်ခြင်းနှင့် သွင်းအားစုကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် စက်မှုထုတ် ကုန်ထွက်ရှိမှုသည် လာမည့်ရေတိုကာလအတွင်း အကန့်အသတ်ဖြင့်သာ တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ သိရှိရပါသည်။
(ရင်းမြစ်- ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

GACC ၏ Website တွင်ဖော်ပြထားသည့် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ ပုံမှန်လမ်းကြောင်းဖြင့်တင်သွင်းခွင့်ပြုသည့် ကုန်စည်(၅၂)မျိုး၏အမည်စာရင်း

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ သွင်းကုန်နှင့် ပို့ကုန် အစားအစာဘေးကင်းလုံခြုံရေးဗျူရို(GACC)၏ Website တွင်ဖော်ပြထားသည့် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ ပုံမှန်လမ်းကြောင်းဖြင့်တင်သွင်းခွင့်ပြုသည့် ကုန်စည်(၅၂)မျိုး၏အမည်စာရင်းအား အောက်ဖော်ပြပါ PDF File တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

စင်ကာပူနိုင်ငံ
ဆန် တင်သွင်းမှုဆိုင်ရာနှင့် ဈေးကွက်အခြေအနေ လေ့လာသုံးသပ်ချက်
၁။ စင်ကာပူနိုင်ငံ၏ဆန်ဈေးကွက်တွင် ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဈေးကွက် ဝေစု (၈၀%) ကျော်အထိ ကြီးစိုးထားကြောင်း၊ မြန်မာနိုင်ငံ၏ဈေးကွက်ရရှိမှုအခြေအနေမှာ တန်ချိန် အားဖြင့် ထိုင်း၊အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့နောက်တွင်အဆင့်(၄)နေရာ၌ရပ်တည်နေသော်လည်း တန်ဖိုးအားဖြင့် အဆင့်(၈)နေရာတွင်သာရှိသဖြင့် မြန်မာနိုင်ငံမှတင်ပို့သောဆန်များသည် အခြားနိုင်ငံများထက် ပိုမို သက်သာသောဈေးနှုန်းဖြင့် စင်ကာပူသို့တင်ပို့နိုင်လျှက်ရှိပြီး ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ယေဘူယျသုံးသပ်နိုင်သော်လည်းစားသုံးသူများထံသို့ တိုက်ရိုက်ထုပ်ပိုးရောင်းချသည့် လက်လီဈေးကွက် တွင် မြန်မာ့ဆန်များကို မြင်တွေ့ရမှုနည်းပါးပြီး ပြန်လည်တင်ပို့မှု (Re-export) များ ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်အသုံးပြုရန်အတွက် အဓိကဝယ်ယူတင်သွင်းလျှက်ရှိကြောင်း၊လက်လီ ရောင်းချသည့်ဈေးကွက်တွင် ထိုင်းနိုင်ငံမှ စံပယ်ဆန်၊ ကောက်ညှင်းဆန်နှင့် ဆန်ညို၊ ဗီယက်နမ်နိုင်ငံမှ စံပယ်ဆန်၊ ဂျပွန်နီကာဆန်နှင့် ဆန်ညို၊ အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်၊ ပေါင်းဆန်၊ပွန်နီဆန်နှင့် ဆန်ညို၊ တရုတ်နိုင်ငံမှ ဂျပွန်နီကာဆန်၊ကမ္ဘောဒီးယားနိုင်ငံမှ စံပယ်ဆန်နှင့် ဆန်ညို၊ဂျပန်နိုင်ငံမှ ဂျပန်ဆန်မျိုး များနှင့်ဆန်ညို၊ ထိုင်ဝမ်မှပုလဲဆန်၊ ဂျပွန်နီကာဆန်နှင့် ဆန်ညို၊ အမေရိကန်နိုင်ငံမှ အမေရိကန် ဆန်မျိုးနှင့် ဂျပန်ဆန်မျိုးများ၊ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်တို့ကို အများဆုံးတွေ့ရကြောင်း၊ ပြည်တွင်းစားသုံးရန်အတွက် စင်ကာပူ၏ဆန်ဝယ်လိုအားမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ပမာဏ နည်းသဖြင့် ယှဉ်ပြိုင်မှုများသော ဈေးကွက်တစ်ခုလည်းဖြစ်ကြောင်း၊ စင်ကာပူတွင် ဆန်ဖြူ၊ ဘာစမာတီဆန်၊ ပေါင်းဆန်နှင့်ပွန်နီ ဆန်များကို ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ အစိုးရမှတာဝန်‌ ပေးအပ်ထားသော သိုလှောင်ရုံတွင် သတ်မှတ်ပမာဏကို သိုလှောင်မှုစနစ်ဖြင့် တင်သွင်းရမည့်အစီအစဉ် (Rice Stockpile Scheme-RSS)အား လိုက်နာဆောင်ရွက်ရမည်ဖြစ်သောကြောင့် စင်ကာပူရှိ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း စားသုံးသူများ၏ ကြိုက်နှစ်သက်မှုရရှိပြီးဖြစ်သောဆန် အမျိုးအစားများကိုသာ ဉီးစားပေးတင်သွင်းမည်ဖြစ်ကြောင်း၊ လက်လီဈေးကွက်အတွင်း မြန်မာ့ဆန် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန်အတွက် ထိုင်း၊အိန္ဒိယနှင့်ဗီယက်နမ်ဆန်များ နည်းတူစားသုံးသူများ၏ ကြိုက်နှစ်သက်လက်ခံမှုရရှိလာစေ‌ရေးနှင့် အရည်အသွေးနှင့်အရေအတွက် တည်ငြိမ်စွာတင်ပို့နိုင်ရေး တို့သည် အရေးကြီး‌သောအချက်များဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့် ၎င်း၏စီးပွားရေးနှင့်ပြည်တွင်း ဝင်ရောက်ခွင့်များကို ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လာသည်ဖြစ်ရာ ကိုဗစ်-၁၉ ကာလအတွင်း ဆန်ကွဲဝယ်လိုအား ကျဆင်းခဲ့သောအခြေအနေမှ ဝယ်လိုအား ပြန်လည်တိုးတက်ကောင်းမွန်လာမည် ဖြစ်သဖြင့်ဆန်ကွဲတင်ပို့မှုအပိုင်းတွင်လည်း မြန်မာနိုင်ငံသည်ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့်ယှဉ်ပြိုင်တင်ပို့ နိုင်သောအခြေအနေရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- စင်ကာပူ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
ကုလားတန် ဘက်စုံစီမံကိန်းလုပ်ငန်း‌ ဆောင်ရွက်ပြီးစီးလုနီးပါးဖြစ်ခြင်း
၂။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား၂၀၀၈ ခုနှစ်၌ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သော ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ၅၁ ကြိမ်မြောက် ပြည်နယ်အုပ်ချုပ်ရေးမှူးများညီလာခံ၌ မီဇိုရမ်ပြည်နယ်နှင့် ကိုးကတ္တားဆိပ်ကမ်းတို့အကြား မြန်မာနိုင်ငံ၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ဆက် သွယ်ရမည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် မီဇိုရမ်ပြည်နယ်ဘက်ခြမ်း၌ တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါးအခြေအနေရှိကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းပြီးစီးရန် မျှော်မှန်းထား သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့်နှောင့်နှေးခဲ့ရကြောင်း၊ မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယ ပြည်မကြီးအကြား သယ်ယူပို့‌ဆောင်မှုမှာ လက်ရှိကာလ၌ Chicken’s Neck ဟုတင်စားခေါ်ဝေါ်သည့် အနောက်ဘင်ဂယ်ပြည်နယ်ရှိ ကျဉ်းမြောင်းသော Siliguri စင်္ကြန်လမ်းတစ်ခုတည်းကိုသာ အားထား နေရကြောင်း၊ ကုလားတန် ဘက်စုံစီမံကိန်းပြီးစီးပါက အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ဒေသနှင့် ပြည်မကြီး အကြား ဆက်သွယ်မှုအကွာအဝေးကို လျှော့ချနိုင်မည်ဖြစ်ရာ နိုင်ငံစီးပွားအတွက် ဤစီမံကိန်းအပေါ် အထူးအလေးပေးဆောင်ရွက်သင့်ကြောင်း ပြည်နယ်အတွင်းစီမံကိန်းလုပ်ငန်းများအခြေအနေတင်ပြရာ၌ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ
ဟင်းသီးဟင်းရွက်ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ခြင်း
၃။ တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် လတ်တလောကာလများအတွင်း စံချိန် တင် မြင့်တက်လာခဲ့ရာ လယ်ယာထွက်ကုန်ဈေးနှုန်းများမှာ ၂၀% ကျော်နှင့် အချို့ထုတ်ကုန် ဈေးနှုန်း များသည် နှစ်ဆအထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ တရုတ် နိုင်ငံရှိ ဒေသအများစုတွင် မိုးကြီးမှုများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အဆမတန်မြင့်တက်လာ ခဲ့ပြီး တရုတ်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ရက်များအထိ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း၊ မြို့တော် ပေကျင်းရှိလက်ကားဈေးကြီးတွင် ကောက်ခံခဲ့သည့်အချက်အလက်များအရ ကြက်သွန်နီပျမ်းမျှဈေးနှုန်း သည်(၃)ရက်တာကာလအတွင်း၂၅% အထိမြင့်တက်ခဲ့ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံ၊ စိုက်ပျိုးရေး နှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကောက်ခံခဲ့သည့်အချက်အလက်များအရ အဓိက ဟင်းသီးဟင်းရွက် (၂၈)မျိုး၏ပျမ်းမျှဈေးနှုန်းများမှာ(၁)ရက်အတွင်း၂.၇% မြင့်တက်လာခဲ့ရာအမြင့်ဆုံးဈေးနှုန်းတက်ခဲ့သော ဟင်းသီးဟင်းရွက်များမှာ ‌ဂေါ်ဖီထုပ်၊ ငရုတ်ကောင်း၊ ပဲမျိုးစုံ၊ ကြက်သွန်နီ(အစိမ်း)နှင့် ခရမ်းသီးတို့ဖြစ် ကြောင်း၊ တရုတ်နိုင်ငံသည် ဆောင်းရာသီကာလများအတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပုံမှန် မြင့် တက်လေ့ရှိသော်လည်း ယခုနှစ်၌မူ ပြီးခဲ့သည့်နှစ်ကထက် သိသာစွာ မြင့်တက်လာခဲ့ကြောင်း၊ ဟင်းသီး ဟင်းရွက်ဈေးနှုန်းများ လတ်တလောမြင့်တက်ခဲ့ခြင်းမျာ တရုတ်နိုင်ငံအတွင်းရှိ ဒေသအများစုတွင် မိုး ကြီးခဲ့ခြင်းကြောင့် စိုက်ပျိုးထိန်းသိမ်းထားရှိမှုအပေါ် ဆိုးရွားစွာထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟင်းသီးဟင်း ရွက်များအား ကာလတိုအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ယခုကဲ့သို့ဈေးနှုန်းများ မြင့်တက် လာခြင်းမှာ ယာယီသာဖြစ်နိုင်ပြီး နှစ်သစ်ကူးကာလအပြီး၌ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်ဖွယ် ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ပေးကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အနာဂတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေစိုးရိမ်ဖွယ်ဖြစ်ကြောင်းကုမ္ပဏီများကပြောကြားလျှက်ရှိခြင်း
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဟောင်ကောင်ဒေသ၏ နယ်စပ်ဖြတ်ကျော် စီးပွားရေး လုပ်ငန်းများ၏အလားအလာမှာ စိုးရိမ်ဖွယ်ဖြစ်ပြီး ကောင်းမွန်မှုမရှိနိုင်ဟု ဟောင်ကောင်ဒေသရှိ ကုမ္ပဏီများမှ ပြောကြားလျှက်ရှိကြောင်းကို South China Morning Post သတင်းစာတွင် ရေးသား ဖော်ပြထားကြောင်း၊ဟောင်ကောင်အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းမှလည်း ငွေ ကြေးအချက်အချာကျသည့် ဟောင်ကောင်ဒေသအနေဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ မကြာမီ ပြန်လည်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း၊ ပေကျင်းမှ တရုတ်ပြည်မကြီးနှင့် နယ်စပ်မှ ခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်နိုင်ရန် နေ့စဉ်အရေးကြီးလုပ်ငန်းများ ဆောင်ရွက် မည့်သူစာရင်းတွင် သတ်မှတ်ပါဝင်သူအများစုအား ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေး ထားမှုအား ရပ်ဆိုင်းမည်ဟု ဟောင်ကောင်‌ဒေသအုပ်ချုပ်ရေးမှူးချုပ်၏ကြေငြာချက်အား စီးပွားရေး လုပ်ငန်းအဖွဲ့များမှ တုံ့ပြန်ပြောကြားမှုများရှိခဲ့ကြောင်း၊ယခုနှစ်အစောပိုင်း ပထမ(၇)လအတွင်းတွင် လစဉ်လူဉီးရေ(၃၈၀၀၀)ဉီးအား ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ နေ့စဉ် လုပ်ငန်းများဆောင်ရွက်ရန် အရေးကြီးသူများနှင့် စီပွားရေးလုပ်ငန်းများအတွက် အရေးကြီးသူများ အား အုပ်စု(၃၆)ခုခွဲ၍ ယခုလက်ရှိတွင် ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကိုဗစ် -၁၉ ကူးစက်မှုနှင့် သေဆုံးမှု အနည်းဆုံးအခြေအနေတွင် ထိန်းထားနိုင်သော်လည်း တရုတ်ပြည်မကြီး၏ တင်းကြပ်သည့်သတ်မှတ်ချက်ဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသုညဖြစ်စေရန် ဟောင်ကောင်အနေဖြင့်လိုက်ပါဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ရုန်းကန်ဆောင်ရွက်လျှက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကေျာ် စီးပွားရေးလုပ်ငန်းများမှာ Online မှ ဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းမိတ်ဖက်အသစ်များ ရှာဖွေရန် အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုခက်ခဲလာပြီး တိုးတက်မှုများ ရပ်တန့် သွားနိုင်ကြောင်း၊ဟောင်ကောင်ဒေသရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ထိခိုက်လျှက်ရှိသောကြောင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ အထူး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။
နည်းပညာအချက်အချာကျသည့်ရှန်းကျန့်မြို့၌ ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲများ ပယ်ဖျက်ခြင်း
တရုတ်နိုင်ငံ၏ အခြားသောဒေသများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မြင့်တက်လျှက်ရှိသော ကြောင့် ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ဆီလီကွန်တောင်ကြားဖြစ်သည့် တရုတ် နိုင်ငံတောင်ပိုင်းရှိ နည်းပညာအချက်အချာကျသည့် ရှန်းကျန့်မြို့၌ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲ များကို ယာယီရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများပြုလုပ်ခဲ့သည်ဟု South China Morning Post သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနည်းပါးစေရန် စီးပွားရေး လုပ်ငန်းများနယ်မြေဖြစ်သည့် ဖူရှင်းခရိုင်ရှိ Shenzhen Convention & Exhibition Centre- SZCEC)၌ ကျင်းပပြုလုပ်မည့်ပြပွဲများကို ပယ်ဖျက်ခဲ့ကြောင်း၊ လူဉီးရေ(၂၀၀၀၀)ခန့် လာရောက်ရန် ခန့်မှန်းထားသော China Public Security Expo အား ယခုနှစ် ဒီဇင်ဘာလကုန်(သို့)လာမည့်နှစ် ဇန်နဝါရီလအစောပိုင်းသို့ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ပြပွဲများအားလုံးကို ယာယီရပ်ဆိုင်းရန် SZCEC မှ ဆုံးဖြတ်ခဲ့ပြီး ကျင်းပပြုလုပ်လျှက်ရှိသည့်ပြပွဲများ ကိုလည်း ၂၅-၁၀-၂၀၂၁ ရက်နေ့က နောက်ဆုံးရက်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ရှန်းကျန့်မြို့ရှိ ပြပွဲကြီးမှူးကျင်းပပြုလုပ်သည့် အဖွဲ့အစည်း(၁၀)ခုမှလည်း အောက်တိုဘာလနောက်ဆုံးပတ်နှင့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ထားသော ပြပွဲများကိုလည်း ယာယီရပ်ဆိုင်းခဲ့သော် လည်း တရုတ်နိုင်ငံ၏ အကြီးဆုံးသိပ္ပံနှင့်နည်းပညာပြပွဲများမှ တစ်ခုဖြစ်သည့် China Hi-Tech Fair အား SZCEC ၌ အစီအစဉ်ရေးဆွဲထားသည့်အတိုင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၁) ရက်နေ့အတွင်း ကျင်းပပြုလုပ်ရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကူမင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ