Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ၌ ၂၀၂၃-၂၄ ခုနှစ် ပဲပုပ်နှင့် ပြောင်းသီးနှံအထွက် ခန့်မှန်းချက် ထုတ်ပြန်

   တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၁၂-၁-၂၀၂၄ နေ့၌ ဇန်နဝါရီလ သီးနှံ အလားအလာခန့်မှန်းချက် ထုတ်ပြန်ရာတွင် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ ပြောင်းထုတ်လုပ်မှုမြင့် တက်မည်ဖြစ်သော်လည်း ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်းမည်ဟု ဖော်ပြပါသည်။

    တရုတ်နိုင်ငံတွင် ပြောင်းစိုက်ဧရိယာ ပိုမိုများပြားလာသဖြင့် ပြောင်းထုတ်လုပ်မှုမှာ ယခင်ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂၈၈.၂၃ သန်းတန်ထက် အနည်းငယ်ပိုမိုလျက် တန်ချိန် ၂၈၈.၈၄ သန်း ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊  ပဲပုပ်စိုက်ပျိုးမှုမှာမူ အထွက်နှုန်းလျော့ကျမည်ဟု ခန့်မှန်းရသဖြင့် ပဲပုပ်စေ့ထုတ်လုပ်မှုကို ယခင်ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂ဝ.၈၉ သန်းမှ တန်ချိန် ၂ဝ.၈၄ သန်းသို့ လျော့နည်းထွက်ရှိမည်ဖြစ်ကြောင်း၊ အထွက်နှုန်းကျဆင်းရသည့် အကြောင်းအရင်းကို တရုတ်အစိုးရက ဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါသည်။

Source: Hellenic Shipping News, 15 January, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရော်ဘာစီမံကိန်းဆိုင်ရာ သဘောတူညီချက် တရုတ်နှင့်ကမ္ဘောဒီးယား လက်မှတ်ရေးထိုး

    ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အရာရှိများသည် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် ရော်ဘာနှင့်တာယာစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။

     ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၈ ရက်နေ့အတွင်း တရုတ်နိုင်ငံ ရော်ဘာနှင့်တာယာ အင်ဂျင်နီယာနည်းပညာ အမျိုးသား သုတေသနဌာန (China’s National Centre for Research on Rubber & Tire Engineering Technology - NERCRAT) သို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chanthol ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဦးစားပေး စီမံကိန်းများကို ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   တရုတ်နိုင်ငံ Shandong ပြည်နယ် Qingdao ဒေသ၌ ရုံးချုပ်အခြေစိုက်ထားရှိသော နိုင်ငံပိုင် ရော်ဘာနှင့်တာယာလုပ်ငန်း အဆင့်မြင့်နည်းပညာ သုတေသနဌာနဖြစ်သည့် NERCRAT က ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာနှင့်တာယာ ဦးစားပေးစီမံကိန်းများကို ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times, 16 January, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

စားသုံးဆီများ အခွန်လျှော့ချ တင်သွင်းခွင့်ကာလအား အိန္ဒိယအစိုးရက ၁ နှစ် သက်တမ်းတိုး

   ကမ္ဘာ့ထိပ်တန်းစားသုံးဆီတင်သွင်းသည့် အိန္ဒိယနိုင်ငံ၌ အစိုးရသည် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သည့် ကာလမတိုင်မီ ပြည်ပမှစားသုံးဆီဝယ်ယူမှုများကို အထောက်အပံ့ပေးအပ်နိုင်ရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်တို့အတွက် စားအုန်းဆီကြမ်း၊ ပဲပုပ်ဆီနှင့် နေကြာဆီများကို အခွန်လျှော့ချတင်သွင်းခွင့် ၁ နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။

  ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂ဝ၂၅ ခုနှစ် မတ်လအထိ ကုန်သည်များနှင့် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းရှင်များသည် စားသုံးဆီအပေါ် သွင်းကုန်ခွန်ပေးဆောင်ရန် လိုအပ်မည် မဟုတ်ကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် လူမှုဖူလုံရေးဆိုင်ရာအခွန်အခများကဲ့သို့သော အခြားအခွန်အခများကိုမူ ပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ သန့်စင်ပြီး စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီ တို့အပေါ် ကောက်ခံသည့် အခြေခံအကောက်ခွန် နှုန်းထား ၁၂.၅% မှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

  အိန္ဒိယနိုင်ငံတွင် စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုနှုန်းမှာ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလတွင် ၈.၇% ရှိခဲ့ရာမှ ဒီဇင်ဘာလအတွင်း ၉.၅၃% သို့ တိုးမြင့်လာခဲ့ကြောင်းနှင့် လယ်ယာထွက်ကုန်များမှာ ယခင်နှစ်ထက် ဈေးပိုမိုမြင့်တက်လာခဲ့ပြီး ဒီဇင်ဘာလတွင် လေးလမြောက် မြင့်တက်လာခဲ့ ခြင်းကြောင့် အစိုးရက လက်လီကဏ္ဍတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် စားသုံးဆီများအပေါ်  သွင်းကုန်ခွန်လျှော့ချပေးခဲ့ခြင်း ဖြစ်ပါသည်။

  အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ B.V. Mehta က အစိုးရအနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်သော်လည်း ကာလရှည်၌ ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအပေါ် အနုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဈေးနှုန်းများအပေါ် ဖိအားများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လယ်သမားများအနေဖြင့် ပိုမိုစိုက်ပျိုးရန် အားလျော့လာကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

   စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေမှုသည် ဝန်ကြီးချုပ် Narendra Modi ဦးဆောင်သည့် အစိုးရအပေါ် ရွေးကောက်ပွဲမတိုင်မီကာလတွင် ရိုက်ခတ်မှုများ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ စရိတ်များ လျော့နည်းသက်သာစေရန် အစိုးရသည် ကြက်သွန်နီ၊ ဂျုံ၊ ဆန်နှင့် သကြားအပါအဝင် ထုတ်ကုန်အမျိုးမျိုးတို့အပေါ် တင်ပို့မှုကို ကန့်သတ်ခဲ့သည်။ စားနပ်ရိက္ခာ ဝန်ကြီးဖြစ်သူ Piyush Goyal က အစိုးရအနေဖြင့် လက်ရှိကာလတွင်လည်း ထိန်းချုပ်ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   မွန်ဘိုင်းမြို့ရှိ Kaleesuwari Intercontinental မှ ကုန်သွယ်မှုဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ Gnanasekar Thiagarajan က ယခုနှစ်သည် ရွေးကောက်ပွဲကျင်းပမည့်နှစ်ဖြစ်သဖြင့် အစိုးရအနေဖြင့် မည်သည့်စွန့်စားမှုများကိုမျှ ပြုလုပ်မည်မဟုတ်ပဲ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်သာ လိုလားမှုရှိကြောင်း ပြောကြားခဲ့ပါသည်။

Source: BNN Bloomberg, 16 January, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၄ ခုနှစ်၌ ပိုမိုတင်ပို့ပြီး ကုန်လက်ကျန်လျှော့ချရန် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ မျှော်မှန်း

   မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်ပမာဏသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂.၂၉ သန်း ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၄.၈% လျော့ကျလျက် တန်ချိန် ၁.၉၅ သန်းသို့ ရောက်ရှိနိုင်ကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြားရေးမှူးချုပ် Dr. Ahmad Parveez Ghulam Kadir က ပြောကြားခဲ့သည်။

    မ‌လေးရှားနိုင်ငံအနေဖြင့် စားအုန်းဆီ အမြောက်အမြားတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ တင်ပို့မှုများပြားမှသာ လက်ကျန်ပမာဏကို လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ယခုနှစ်တွင် ပျမ်းမျှ ၁ တန်လျှင် ရင်းဂစ် ၄၀၀၀ ဝန်းကျင်ထိ မြင့်တက် လာနိုင်ကြောင်းဖြင့် ၁၁-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်  စားအုန်းဆီကဏ္ဍ စီးပွားရေးသုံးသပ်မှုနှင့် အလားအလာခန့်မှန်းဆွေး‌နွေးပွဲ (Palm Oil Economic Review and Outlook Seminar 2024) တွင်  Dr. Ahmad Parveez က The Edge သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းပါးမှုကြောင့် တင်ပို့မှုကျဆင်း သွားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် စားအုန်းဆီကုန်လက်ကျန် မြင့်မားခဲ့ပြီး လက်ကျန်တန်ချိန် ၂.၂၉ သန်း ထိ မှတ်တမ်းတင်ခဲ့ပါသည်။ စားအုန်းဆီ လက်ကျန်ပမာဏ မြင့်မားခြင်းက ၂၀၂ ခုနှစ်တွင် ဖြစ်ပေါ်နိုင်သော စားအုန်းဆီကြမ်း စျေးနှုန်းကို ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ကြောင်း စိုက်ခင်းအကဲခတ်လေ့လာသူများအဖွဲ့က ပြောကြားပါသည်။

    Dr. Ahmad Parveez က ၂၀၁၈ ခုနှစ်အတွင်း မ‌လေးရှား စားအုန်းဆီကြမ်း တစ်တန် ဈေးနှုန်းသည် ၁၈၀၀ ရင်းဂစ် ဖြစ်ပေါ်ခဲ့ချိန်၌ ကုန်လက်ကျန်တန်ချိန် ၃.၂ သန်းဝန်းကျင်ရှိခဲ့ပြီး ဆီလက်ကျန်ပမာဏ အလွန်မြင့်မားခဲ့သည့် ကာလဖြစ်ခဲ့ကြောင်း၊ အဆိုပါကာလ၌ အင်ဒိုနီးရှားတွင်လည်း စားအုန်းဆီကြမ်းတင်ပို့မှုနှင့် ပတ်သက်သည့် မူဝါဒသတ်မှတ်ချက် မရှိသဖြင့် မလေးရှား အနေဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီကြမ်း ပမာဏ အမြောက်အမြားကို တင်သွင်းခဲ့ရာမှ လက်ကျန် ပမာဏ မြင့်တက်ခဲ့ကြောင်း၊ ယခုအခါ အင်ဒိုနီးရှားသည် လောင်စာဆီ၌ ဇီဝလောင်စာ ၃၅% မဖြစ် မနေ ရောစပ်အသုံးပြုရမည့် ဘီ-၃၅ ဇီဝဒီဇယ် အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း၊ ဇီဝဒီဇယ် ထုတ်လုပ်မှုကြောင့် အင်ဒိုနီးရှား၏ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာပြီး စားအုန်းဆီထုတ်လုပ် တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ ဤအခြေအနေက မလေးရှားနိုင်ငံအတွက် အထူးအခွင့်အလမ်းတစ်ခုဖြစ်ပေါ်စေပြီး ပိုမိုကောင်းမွန်သည့် စျေးကွက်ဖော်ဆောင်နိုင်မှုနှင့်အတူ ကုန်လက်ကျန်ပမာဏကို ကျဆင်းစေနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

Source: The Edge Malaysia, 11 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ သွင်းကုန်အခွန်လျှော့ချမှုက စားအုန်းဆီ ဈေးနှုန်းများမြင့်တက်စေခဲ့

   မလေးရှား စားအုန်းဆီ ဈေးနှုန်းသည် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယက စားသုံးဆီတင်သွင်းမှုအတွက် အခွန်သက်သာခွင့်အား ၂၀၂၅ ခုနှစ်၊ မတ်လအထိ တိုးမြှင့် ခွင့်ပြုပေးလျက်ရှိခြင်းကြောင့် ၁၆-၁-၂၀၂၄ ရက်၊ အင်္ဂါနေ့တွင် ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလ၌ဈေးနှုန်းမြင့်တက်နိုင်ကြောင်း NASDAQ သတင်းဌာနက ဖော်ပြ ပါသည်။

   ဘာဆာ မလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း သင်္ဘောတင်ပို့ဆောင်ရန်အတွက် ချုပ်ဆိုသည့် စားအုန်းဆီစာချုပ်တွင် တစ်တန်လျှင် ၃၈၄၉ ရင်းဂစ် (၈၂၁.၉၁ ဒေါ်လာ) ရှိခဲ့ပြီး ၄၉ ရင်းဂစ် (၁.၂၉%) မြင့်တက်သွားကြောင်း ဖော်ပြပါရှိပါသည်။

   အိန္ဒိယ၏ စားသုံးဆီ တင်သွင်းမှုအပေါ် ၂၀၂၅ ခုနှစ် မတ်လအထိ အခွန်လျှော့ချခြင်းနှင့် စားအုန်းဆီ ထုတ်လုပ်မှု နည်းပါးခြင်းတို့က မလေးရှားစားအုန်းဆီ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ဆီလန်ဂေါ အခြေစိုက် Pelindung Bestari ဆီကုန်သည်အဖွဲ့မှ ဒါရိုက်တာ Mr. Paramalingam Supramaniam က ပြောဆိုပါသည်။ အိန္ဒိယအစိုးရသည် ၂၀၂၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည့် စားအုန်းဆီကြမ်း၊ နေကြာဆီကြမ်းနှင့် ပဲပုပ်ဆီကြမ်းများ တင်သွင်းမှုအပေါ် အခွန်လျှော့ချမှုကာလကို နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

  ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သူနိုင်ငံဖြစ်သည့် မလေးရှားတွင် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ဆီထုတ်လုပ်မှုပမာဏကျဆင်းခဲ့ပြီး ခန့်မှန်းချက်ထက် ၁၇% ထိကျဆင်းသွားကြောင်း၊ ထို့ကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အထူးသဖြင့် ပထမ ၃ လပတ်အတွင်း ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း Mr. Supramaniam က ပြောကြားခဲ့ ပါသည်။

   တရုတ်၊ Dalian ပဲပုပ်ဆီ စာချုပ်တွင် ဈေးနှုန်း ၀.၁၆% ကျဆင်းမှုရှိခဲ့ကြောင်း၊ သို့သော် ၎င်း၏ စားအုန်းဆီစာချုပ်တွင် ၀.၅၂% ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ချီကာဂိုကုန်သွယ်ရေးဘုတ် အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းသည် ၀.၀၈% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ရှယ်ယာပါဝင်လျက်ရှိပြီး အခြားစားသုံးဆီများ၏ ဈေးနှုန်း အပြောင်းအလဲများက စားအုန်းဆီ ဈေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ မလေးရှား၏ စားအုန်းဆီတင်ပို့မှုမှာ ယခင်လ တင်ပို့မှုပမာဏအောက် ၂.၆% ခန့် ကျဆင်းလျက် တန်ချိန် ၆၀၄၄၇၄ တန် ခန့်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း စစ်ဆေးရေးကုမ္ပဏီ AmSpec Agri Malaysia က ၁၅-၁-၂၀၂၄ ရက်နေ့တွင် ပြောကြားပါသည်။ သို့ရာတွင် ကုန်တင်စစ်တမ်းကောက်ယူသူ Intertek Testing Services ၏ အချက်အလက်များကမူ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း မလေးရှားမှ စားအုန်းဆီတန်ချိန် ၆၂၉၉၁၈ တန် တင်ပို့ပြီး ၆.၅% ခန့် တိုးတက်ခဲ့ကြောင်း  ဖော်ပြပါသည်။

   စားအုန်းဆီရောင်းဝယ်ရာတွင် အသုံးပြုသည့် ရင်းဂစ်ငွေကြေး၏ တန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၀.၃၆% ကျဆင်းခဲ့ခြင်းကလည်း  နိုင်ငံခြားငွေ ကိုင်ဆောင်ထားသည့် ဝယ်ယူသူများ အတွက် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေပါသည်။

  ရာသီဥတုပြောင်းလဲမှု၊ အမေရိကန်၏ ဝယ်လိုအား ရောင်းလိုအား ပြဿနာများနှင့် အရှေ့အလယ်ပိုင်းဒေ ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ယခင်က အရှုံးပေါ်မှုများရှိခဲ့ပြီးနောက် ရေနံဈေးနှုန်းအပါအဝင် စျေးကွက်အခြေအနေနှင့် စီးပွားရေးတို့အပေါ် စိုးရိမ်မှုများ ရှိနေကြောင်းနှင့် ယင်းသို့ ရေနံစိမ်းအခက်အခဲကြောင့် စားအုန်းဆီသည်   ဇီဝဒီဇယ် ‌ထုတ်လုပ်ရာ တွင် အသုံးပြုနိုင်‌ရန် ဆွဲဆောင်မှုရှိလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: NASDAQ, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဗီယက်နမ်နိုင်ငံ၌ ရာသီဥတုဒဏ်ခံနိုင်သော စပါးတန်ဖိုးကွင်းဆက် ပြောင်းလဲဖော်ဆောင်ရန် စီစဉ်

    နယ်သာလန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (SNV) သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုဒဏ်ခံနိုင်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆန်စပါး တန်ဖိုးကွင်း ဆက်များ အသွင်ပြောင်းခြင်းဟု ခေါ်ဆိုသည့် စီမံကိန်းအား  ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၁၆-၁-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ကြေညာခဲ့သည်။

   အဆိုပါ စီမံကိန်းကို ဗီယက်နမ်နိုင်ငံရှိ သြစတြေးလျသံရုံးမှ ထည့်ဝင်သော ရန်ပုံငွေ ဩစတေးလျဒေါ်လာ ၁၆ သန်း (အမေရိကန်ဒေါ်လာ ၁၀.၅ သန်း) ဖြင့် ၂၀၂၄ ခုနှစ်အတွင်း နွေ-ဆောင်းဦးသီးနှံရာသီကာလ၌ စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

    ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ An Giang၊ Đồng Tháp နှင့် Kiên Giang ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ SNV က ဆောင်ရွက်သွားမည့် ၎င်းစီမံကိန်း၏ အဓိကရည်မှန်းချက် သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဟက်တာ ၂၀၀၀၀၀ ကျော်တွင် ကာဗွန်နည်းပါးသော စပါးများ စိုက်ပျိုးခြင်းသို့ ကူးပြောင်းရန်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်၌ အဆိုပါဒေသတွင် အရည်အသွေး မြင့်မားပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော စပါးစိုက်ဧရိယာကို ဟက်တာ ၁ သန်းအထိ စိုက်ပျိုး နိုင်ရေး ပံ့ပိုးကူညီသွားရန်ဖြစ်သည်။

  အဆိုပါ စီမံကိန်းသည် Pay-for-Results ခေါ် အကျိုးရလဒ်ရရှိမှသာ စရိတ်ကျခံ ဆောင်ရွက်ရသည့် ယန္တရားကို အသုံးပြု၍ ဆန်စပါးတန်ဖိုးကွင်းဆက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်လာရန် ဆွဲဆောင်လှုံ့ဆော်မှု ပြုမည်ဖြစ်ကြောင်း၊ လယ်သမားငယ်များနှင့် စပါးတန်ဖိုးကွင်းဆက်၌ လုပ်ဆောင်သူများအားလုံး ပိုမိုမြင့်မားသော စီးပွားရေး ရလဒ်များရရှိစေရန်၊ ဆန်အရည်အသွေး တိုးတက်ကောင်းမွန်ရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုအား လျှော့ချရန်နှင့် အားလုံးပါဝင်နိုင်သည့် လူမှုတန်ဖိုးများကို မြှင့်တင်ရန်အတွက် နည်းပညာရပ်များ ဆန်းသစ်တီထွင်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

   ၂၀၅၀ ပြည့်နှစ်တွင် အသားတင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေး ရည်မှန်းချက် ချမှတ်ထားရှိသည့် ဗီယက်နမ်နိုင်ငံကို ပံ့ပိုးကူညီရန် ကတိပြုထားကြောင်း၊ ဗီယက်နမ်၏ ဆန်စပါးထုတ်လုပ်မှုသည် ဂေဟစနစ်နှင့် လိုက်လျောညီထွေစွာဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ကာဗွန်နည်းပါးသော ထုတ်ကုန်များတင်သွင်းမှုကို မြင့်တက်စေမည့် ဗီယက်နမ်ဆန်များ၏ တန်ဖိုးမြင့် ပို့ကုန်ဈေးကွက်များသို့ ဝင်ရောက်မှု တိုးတက်လာစေရန် ကူညီပေးလျက်ရှိကြောင်းဖြင့် သြစတြေးလျသံရုံးမှ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အတိုင်ပင်ခံ Cherie Russell က ထုတ်ဖော်ပြောကြားခဲ့ သည်။

  မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါး အဓိက စိုက်ပျိုးထွက်ရှိရာ ဒေသဖြစ်သည်။ သို့သော် ဒေသတွင်းနှင့် ဗီယက်နမ်နိုင်ငံတွင် ယေဘုယျအားဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် လက်ရှိကာလ၌ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု၏ အဓိက အရင်းအမြစ်များအနက် တစ်ခုအဖြစ်ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ ဗီယက်နမ် အစိုးရသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အသားတင်သုညအဆင့် ရောက်ရှိရေး ရည်မှန်းချက် ချမှတ်မှုနှင့်အတူ ၂၀၃၀ ပြည့်နှစ်၌ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အရည်အသွေးမြင့်မားပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဆန်စပါးစိုက်ပျိုးမှု ဟက်တာ ၁ သန်း ပြည့်မီရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Vietnam News, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၌ ဆန်တင်ပို့မှု မဟာဗျူဟာအသစ်ချမှတ် ဆောင်ရွက်မည်

   ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်း ညှိနှိုင်းသဘောတူညီချက်ဖြင့် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း ရောင်းချနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် စီစဉ်လျက်ရှိပြီး တရုတ်နိုင်ငံသို့လည်း အလားတူဆန်ရောင်းချရေးအတွက် ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း သိရှိရပါသည်။

   အမျိုးသား ဆန်စပါးမူဝါဒကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးနောက် အင်ဒိုနီးရှားနိုင်ငံနှင့် အစိုးရချင်းညှိနှိုင်းမှု G2G သဘောတူညီချက်များမှတစ်ဆင့် ဆန်ကုန်သွယ်မှုတိုးချဲ့နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမည့်အဖွဲ့ကို ဦးဆောင်ရန် နိုင်ငံခြားကုန်သွယ်မှုဌာန၏ အကြီးအကဲအား တာဝန် ပေးအပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။

   အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သန်းကို G2G သဘောတူညီချက်များမှ တစ်ဆင့် ဆန်တန်ချိန် ၁ သန်းနှင့် ပုဂ္ဂလိက ညှိနှိုင်းမှုမှတစ်ဆင့် ဆန်တန်ချိန် ၁ သန်း ဝယ်ယူရန် ရည်ရွယ်ချက်ရှိကြောင်း ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယမန်နှစ်နှောင်းပိုင်းတွင် ပြောကြားခဲ့ပါသည်။

    အစိုးရချင်း ညှိနှိုင်းမှုဖြင့် ဆန်တင်ပို့ရောင်းချရာတွင် သမားရိုးကျ ပုံစံအဟောင်းအတိုင်းမဟုတ်ပဲ အစိုးရ၏ ဦးဆောင်မှုနောက်တွင် ပုဂ္ဂလိကကဏ္ဍမှ လိုက်ပါဖော်ဆောင်သည့် ပုံစံအသစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလားအလာရှိသော ဝယ်လက်များသို့ စျေးနှုန်းချိုသာစွာဖြင့် ဆန်တိုက်ရိုက်ရောင်းချခြင်းမျိုးကို အစိုးရက လုပ်ဆောင်မည် မဟုတ်ပဲ G2G သဘောတူညီချက်များကို ညှိနှိုင်းရရှိပါက ဆန်တင်ပို့နိုင်ရေး အာမခံပေးအပ်ခြင်းသာ ပြုမည်ဖြစ်ကြောင်း၊ အစိုးရ၏ ကဏ္ဍသည် ‌စေ့စပ်ညှိနှိုင်းပေးခြင်းဖြစ်ပြီး ပုဂ္ဂလိကအပိုင်းက ဆန်တင်ပို့မှုကို လုပ်ဆောင်ရန်ဖြစ် ကြောင်း Mr Phumtham က ပြောဆိုခဲ့သည်။

   အင်ဒိုနီးရှားနိုင်ငံနှင့် ညှိနှိုင်းမှုအပြင် တရုတ်အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Cofco Corporation မှတစ်ဆင့် ဆန်တန်ချိန် ၂၈၀၀၀၀ ကို G2G အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ဆန်တင်ပို့မှုကာလ ထပ်မံတိုးမြှင့်ပေးမည့်ရလဒ်ကို လာမည့်သီတင်းပတ်တွင် ရရှိ ရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ ဆော်ဒီအာရေးဗီးယား၊ အာဖရိကနှင့် အီရန်တို့အပါအဝင် အခြားဒေသများစွာနှင့်လည်း ညှိနှိုင်းရန် အစီအစဉ်ရှိကြောင်း Mr. Phumtham က ပြောကြားခဲ့သည်။ ဆက်စပ်သတင်းတစ်ရပ်အရ ထိုင်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အမေရိကန် ဆန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်မှ ၂၂ ရက်အထိ လော့စ်အိန်ဂျလိစ်တွင် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

   ထိုင်းအကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံသည် ဘတ်ငွေ ၁၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံ) တန်ဖိုးရှိ ဆန် တန်ချိန် ၇.၉၅ သန်းကို တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏအားဖြင့် ၁၄.၇% တိုးတက်ခဲ့ပြီး တန်ဖိုးအနေဖြင့်လည်း ၂၈.၉% တိုးတက်လာကြောင်း သိရပါသည်။

   စုစုပေါင်းဆန်တင်ပို့မှုတွင် ဆန်ဖြူတန်ချိန် ၄.၄၇ သန်းပါဝင်ပြီး ၃၁% တိုးတက်မှုရရှိ ကြောင်း၊  ပေါင်းဆန်အား တန်ချိန် ၁.၃၂ သန်းတင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူအောက် ၀.၉% ကျ ဆင်းခဲ့ကြောင်း၊ ထိုင်းဟိုမာလီဆန်မွှေးကို တန်ချိန် ၁.၄၄ သန်းတင်ပို့လျက် ၀.၆% တိုးတက်လာ ကြောင်း၊ ထိုင်းဆန်မွှေး ၄၇၄၈၀၆ တန် တင်ပို့မှုသည် ၉.၃% တိုးခဲ့ကြောင်းနှင့် ကောက်ညှင်းဆန်အား ၂၅% လျော့နည်းလျက် ၂၂၇၀၁၂ တန်သာ တင်ပို့နိုင်ကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံ၏ စျေးကွက်အရ ဆန်တင်ပို့မှုမှာ အင်ဒိုနီးရှား သို့ တန်ချိန် ၁.၇ သန်းဖြင့် အများဆုံးတင်ပို့ခဲ့ပြီး ၂၁၄၅% အထိမြင့်တက်ခဲ့ကြောင်း၊ အာဖရိကဒေသသို့ ဆန်တန် ၈၇၆၁၈၄ တန် တင်ပို့ပြီး ၂၆.၆% တိုးတက်ခဲ့ကြောင်း၊ အီရတ်သို့ ဆန်တန်ချိန် ၈၁၄၈၀၅ တန်တင်ပို့ခဲ့ရာ ၄၄.၂% တိုးတက်မှုရရှိကြောင်း၊ အမေရိကန်သို့ ဆန် ၆၄၈၉၄၆ တန် တင်ပို့မှုမှာ တိုးတက်မှု ၈.၉% ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ ၄၄% ကျဆင်းလျက် ဆန်တန်ချိန် ၃၆၇၂၀၄ တန်သာ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

  ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုပိတ်ပင်ခြင်းမှာ အဆုံးသတ်ဖွယ်ရာရှိသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်း ခန့်သာ တင်ပို့နိုင်မည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။ ၂၀၂၃ ခုနှစ် ၁ နှစ်လုံးအတွက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် မျှော်မှန်းထားသည့် တန်ချိန် ၈.၅ သန်းကို ကျော်လွန်လျက် စုစုပေါင်းတန်ချိန် ၈.၈ သန်းမှ ၈.၉ သန်းအထိ ရှိနိုင်ပြီး ဈေးနှုန်းများမြင့်တက်မှုအရ ဆန်တင်ပို့မှုမှ ဝင်ငွေသည်လည်း ဘတ်ငွေ ၁၈၀ ဘီလီယံခန့် ရရှိနိုင်ဖွယ်ရှိကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

Source: Bangkok Post, 17 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားမှ ယူ‌အေအီးသို့ ပထမအကြိမ် ဆန်တင်ပို့

     ကမ္ဘောဒီးယားနိုင်ငံရှိ ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ONE ROAD Group သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဆန်တန်ချိန် ၆၀၀၀၀ ကို ပထမဆုံးအကြိမ် အဖြစ် တင်ပို့မှုစတင်သည့် အခမ်းအနားကို ၁၂-၁-၂၀၂၄ ရက်၊ သောကြာနေ့၌ ဖနွမ်းပင်မြို့တွင် ကျင်းပလျက် ကမ္ဘောဒီးယားဆန်အတွက် ဈေးကွက်အသစ်တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

    ယူအေအီးထံမှ ဒေါ်လာ ၅၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၆၀၀၀၀ ကို ဝယ်ယူမည့် အမှာစာ လက်ခံရရှိခဲ့ခြင်းသည် ဆန်တင်ပို့ရောင်းချသည့်ကုမ္ပဏီ၏ အောင်မြင်မှုပင်ဖြစ်ကြောင်း၊ ယခု ဆန်တင်ပို့မှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအစပြုတင်ပို့မှုသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် စျေးကွက်သစ်များ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု များ အားကောင်းလာစေရန်အတွက်လည်း အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖြင့် ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

   ၂၀၂၃ ခုနှစ် ဇွန်လ၌ ကမ္ဘောဒီးယားနှင့် ယူအေအီး နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အဆိုပါတင်ပို့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Lun Yeng က ယူအေအီး ဈေးကွက်သို့ ဆန်တရားဝင် တင်ပို့နိုင်မှုကို ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယားအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ယူအေအီးဈေးကွက် သို့ ဆန်တစ်ကြိမ် တင်ပို့ခဲ့သော်လည်း ပမာဏအနည်းငယ်မျှသာ ဖြစ်ကြောင်း၊ ယခု ONE ROAD Group က ဆန်တန်ချိန်အမြောက်အမြားကို တင်ပို့ရန် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ပထမအသုတ် အဖြစ် ဆန်တန်ချိန် ၅၀၀ ကို တင်ပို့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုပါသည်။

    ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံပေါင်း ၆၁ နိုင်ငံသို့ စုစုပေါင်း ဆန်တန်ချိန် ၆၅၆၃၂၃ တန်ကို တင်ပို့ခဲ့ပြီး ယခင်နှစ်တင်ပို့မှုထက် ၃% တိုးတက်လာကြောင်း၊ တန်ဖိုးအားဖြင့်   ဒေါ်လာ ၄၆၆ သန်း ရရှိခဲ့ပြီး ယခင်နှစ်တင်ပို့ခဲ့မှုအပေါ် ၁၃% တိုးတက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းတင်ပို့ရန် ရည်မှန်းထားပြီး တရုတ်နှင့် ဥရောပတို့သည် အဓိကစျေးကွက်များ ဖြစ်ကြောင်း သိရပါသည်။

    ဝန်ကြီး Ms. Nimul က ကမ္ဘောဒီးယားဆန်အတွက် စျေးကွက်အသစ်များ ရရှိနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးရန်နှင့် ဈေးကွက်မြှင့်တင်ရန်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ယူအေအီးနိုင်ငံ Abu Dhabi ၌ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှု ဆွေးနွေးပွဲဖိုရမ်ကို ပူးတွဲကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် အမှာစာများ ပိုမိုရရှိလျက် တိုးမြှင့်တင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာစင်မြင့်ထက်တွင် ကမ္ဘောဒီးယားဆန်၏ ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times, 15 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သိုလှောင်ဈေးကစားမှုများကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်

   ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးစပါးအသစ်များ ရိတ်သိမ်းထွက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ကုန်လက်ကျန်များပြားလျက်ရှိသော်လည်း ကော်ပိုရိတ်ကုမ္ပဏီများနှင့် ဆန်စက်ပိုင်ရှင်များ၏ ကြိုးကိုင်ချယ်လှယ်မှုများကြောင့် စပါးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    Babubazar ဆန်ကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး Nizam Uddin က မိုးစပါးရိတ်သိမ်းချိန်ကာလအတွင်း ကော်ပိုရိတ်ကုမ္ပဏီကြီးများနှင့် ဆန်စက်လုပ်ငန်းရှင်အများအပြားသည် တောင်သူလယ်သမားများထံမှ စပါးအမြောက်အမြားကို အလွန်နိမ့်ကျသော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့ကြကြောင်း၊ ယခုအခါ အဆိုပါစပါးများကို မြင့်မားသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ ၎င်းတို့သည် ဆန်စပါးကုန်သွယ်ရောင်းဝယ်မှုတွင် အခြားအထွေထွေ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်နိုင်မှုမရှိအောင် ထိန်းချုပ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ အုပ်စုဖွဲ့လုပ်ကိုင်မှုများကြောင့် ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်းဖြင့် ပြောဆိုပါသည်။

   မိုးစပါးရိတ်သိမ်းထွက်ရှိသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်း၌ တောင်သူလယ်သမား များအနေဖြင့် စပါး ၁ မန် (၄၀ ကီလိုဂရမ်) လျှင် တာကာငွေ ၉၀၀ မှ ၉၈၀ အတွင်းရှိ ဈေးနှုန်းများ ဖြင့်သာ ရောင်းချခဲ့ကြရသည်။

   လယ်ယာစီးပွား သုတေသီတစ်ဦးဖြစ်သူ Dr Jahangir Alam Khan ကလည်း ကော်ပိုရိတ်လုပ်ငန်းများသည် စပါးပမာဏအများအပြားကို ဝယ်ယူခဲ့ကြသော်လည်း ဈေးကွက်အတွင်းသို့ ပြန်လည်ပေးသွင်းခြင်းမပြုပဲ ဝယ်လိုအားများပြားသည့် ရာသီချိန်၌ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချရန် လုပ်ဆောင်နေကြကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်း အရေးကြီးကုန်စည်များနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အစိုးရ၏ စွမ်းဆောင်ရည်နိမ့်ကျသော စီမံခန့်ခွဲမှုများက တာဝန်ရှိကြောင်းဖြင့် Daily Sunသတင်းဌာနသို့ ပြောကြားခဲ့သည်။

   ဒါကာမြို့တော်အပါအဝင် နိုင်ငံတစ်ဝန်း၌ လွန်ခဲ့သော ၇ ရက်မှ ၈ ရက်အတွင်း ဆန်အမျိုး အစားအားလုံး၏ ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ၄ တာကာမှ ၅ တာကာခန့် မြင့်တက်လာခဲ့ သည်။ ဒါကာမြို့ အခြေစိုက် ဆန်ကုန်သည်များ၏ ပြောဆိုမှုအရ လက်လီဈေးကွက်အတွင်း အရည် အသွေး ကောင်းမွန်သည့် Miniket ပေါင်းဆန် ၁ ကီလိုဂရမ်လျှင် ယခင် ၆၄-၆၅ တာကာနှုန်းမှ ယခု ၆၈-၇၀ တာကာနှုန်းသို့လည်းကောင်း၊ အလယ်အလတ်အဆင့် အရည်အသွေးရှိသော အမှတ်၂၈ ဆန်သည် ၁ ကီလိုဂရမ်လျှင် ၅၀ တာကာမှ ၅၄ တာကာသို့လည်းကောင်း၊ Paijam ဆန်သည် ၁ ကီလိုဂရမ်လျှင် ၅၀ တာကာမှ ၅၂ တာကာသို့လည်းကောင်း၊ ဆန်ကြမ်းများသည် ၁ ကီလိုဂရမ်လျှင် ၄၇-၄၈ တာကာမှ ၅၀-၅၁ တာကာနှုန်းသို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်ခဲ့ ကြောင်း သိရှိရသည်။

   ကုမ္ပဏီကြီးများနှင့် စက်ပိုင်များ၏ အုပ်စုဖွဲ့ချုပ်ကိုင်မှုကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်အတွင်း ၅၀ ကီလိုဂရမ်ဝင် ဆန် ၁ အိတ်လျှင် တာကာငွေ ၂၀၀ မှ ၂၅၀ အတွင်း မြင့်တက်သည်အထိ ၎င်းတို့က ဈေးနှုန်းမြှင့်တင်လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ဆန်ဈေးနှုန်းများသည် လွန်ခဲ့သော ၅ လ- ၆ လအတွင်း တည်ငြိမ်မှုရရှိနေခဲ့သော်လည်း အထွေထွေရွေးကောက်ပွဲအပြီး ဈေးနှုန်းမြှင့်တင်မှု ပြုလုပ်လာခြင်းဖြစ်ကြောင်းဖြင့် Karwanbazar ဒေသရှိ Mukta Rice Agency ၏ လုပ်ငန်းပိုင်ရှင် Shahjahan Talukder က ပြောဆိုခဲ့သည်။

    Naogaon စပါးနှင့် ဆန် လက်ကာကုန်သည်များအသင်း၏ ဥက္ကဋ္ဌ Nirod Baran Saha Chandan ကလည်း စပါးဈေးနှုန်းမှာ ၁ မန်လျှင် တာကာငွေ ၁၂၅၀ အထိ မြင့်တက်လာခဲ့ပြီး ဆန် ဈေးနှုန်းများကိုပါ မြင့်တက်စေခဲ့ကြောင်း၊ ပုံမှန်အားဖြင့် စပါးရိတ်သိမ်းထွက်ရှိပြီး ၂ လ - ၃ လ ခန့် အကြာ ရောင်းလိုအားစတင်ကျဆင်းချိန်မှသာ ဆန်ဈေးနှုန်းများ မြင့်တက်လေ့ရှိကြောင်း၊ ယခုအခါ ဆန်စက်ပိုင်ရှင်များအပြင် စီးပွားရေးလုပ်ငန်းရှင်များစွာသည် စပါးများကို တရားမဝင်သိုလှောင် ဈေးကစားမှု လုပ်ဆောင်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ထိုသို့ဈေးကစားလုပ်ကိုင်သူများကို နှိမ်နင်းပြီး ဈေးကွက်အတွင်း စပါးများ ရောင်းလိုအားမြင့်တက်အောင် ဆောင်ရွက်နိုင်ပါက ဆန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လက်ရှိသီးနှံရာသီတွင် စပါးစိုက်ဧရိယာ ဟက်တာ ၅၉.၃၃၅ သိန်း စိုက်ပျိုးထုတ်လုပ်မှုမှ စပါးတန်ချိန် ၁၇၁.၇၈၈ သိန်းထွက်ရှိရန် ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာနက မျှော်မှန်းထားခဲ့သည်။ သို့သော် ယခုနှစ်၌ လယ်သမားများသည် စိုက်ဧကလျာထားချက်ထက်ပိုမို၍ တိုးချဲ့  စိုက်ပျိုးခဲ့ကြသဖြင့် စပါးအထွက်မှာ ခန့်မှန်းသည်ထက် ပိုမိုဖွယ်ရှိကြောင်း ဌာနဆိုင်ရာအရာရှိများက ပြောဆိုခဲ့ကြသည်။

Source: Daily Sun, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ယခုနှစ်၌ ဆောင်းပဲနီလေး တန်ချိန် ၁.၆ သန်းထွက်ရှိမည်ဟု အိန္ဒိယအစိုးရ ခန့်မှန်း

   အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးရာသီ၌ စိုက်ဧကတိုးချဲ့များပြားမှုအရ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်မြင့်တက်ပြီး တန်ချိန် ၁.၆ သန်းအထိ ထွက်ရှိနိုင်ကြောင်း အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh က ပြောကြားခဲ့ ပါသည်။

   ယခုနှစ်တွင် အိန္ဒိယ၏ ပဲနီလေး စိုက်ဧကများမှာ တိုးတက်လာခဲ့ရာ ကမ္ဘာပေါ်၌ အများဆုံး စိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်ကြောင်း၊ လက်ရှိ ဆောင်းသီးနှံရာသီမှ ပဲနီလေးတန်ချိန် ၁.၆ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ကုလားပဲနှင့် ပဲတီစိမ်းတို့၏ ဝယ်လိုအားအတွက် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်စွမ်းရှိသော်လည်း ပဲစင်းငုံနှင့် ပဲနီလေးတို့ကဲ့သို့သော အခြားပဲများကို လုံလောက်စွာ ထုတ်လုပ်နိုင်မှု မရှိသဖြင့် ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်၌ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံဖူလုံသည့်အဆင့် ရောက်ရှိအောင် ကြိုးပမ်းလျက်ရှိပြီး အချိန်ကာလတစ်ခုအထိ သွင်းကုန်အပေါ် မှီခိုနေရဦးမည်ဖြစ် ကြောင်းဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံ ညီလာခံ (Global Pulse Conference) အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲတစ်ရပ်ကို ၁၂-၁-၂၀၂၄ နေ့၌ ပြုလုပ်ခဲ့ရာတွင် အတွင်းဝန် Mr. Singh က ပြောဆိုခဲ့ခြင်းဖြစ်သည်။

   ယခုခန့်မှန်းချက်အတိုင်း ထွက်ရှိပါက ၂၀၁၇-၁၈ ခုနှစ် သီးနှံရာသီကာလအတွင်း ပဲနီလေး တန်ချိန် ၁.၆၂ သန်းခန့် ထုတ်လုပ်ခဲ့သည့်နောက်ပိုင်းတွင် ၂၀၂၃-၂၄ ခုနှစ် ပဲနီလေးထွက်ရှိမှုမှာ အမြင့်ဆုံး အခြေအနေရှိမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ သီးစိုက်ပျိုးရေးနှစ် သတ်မှတ်ချက်သည် ဇူလိုင်လမှ စတင်ပြီး နောက်နှစ် ဇွန်လတွင် ကုန်ဆုံးခြင်းဖြစ်သည်။

  အိန္ဒိယ ဌာနဆိုင်ရာအရာရှိများ၏ ပြောဆိုမှုအရ ပဲနီလေးအတွက် အစိုးရက အနိမ့်ဆုံးထား ဈေးပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) သတ်မှတ်ချက် သည် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၂၀၂၀-၂၁ ဈေးကွက်တင် ရောင်းချရေးနှစ်၌ ရူပီး ၅၁၀၀ နှုန်းရှိရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် ၆၄၂၅ ရူပီးနှုန်းသို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ MSP ဈေးနှုန်းကို ၂၆% ခန့် တိုးမြှင့်ခဲ့ခြင်းက ပဲနီလေးကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် တောင်သူများ၏ စိတ်ပါ ဝင်စားမှု ရရှိလာစေသည့် အဓိကအချက်တစ်ရပ်ဖြစ်ကြောင်း၊ လွန်ခဲ့သော လအနည်းငယ်တွင် ဈေးကွက်အတွင်း ပဲနီလေးဈေးနှုန်းသည် ၁ ကွင်တယ်လျှင် ရူပီး ၇၅၀၀ မှ ၈၀၀၀ အတွင်းသို့ ရောက်ရှိခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးမှုကို တွန်းအားဖြစ်စေခဲ့ကြောင်း၊ လက်ရှိကာလတွင်မူ MSP ဈေးနှုန်း၏ အောက်၌ ၁ ကွင်တယ်လျှင် ရူပီး ၆၁၀၀-၆၁၂၅ ခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

   အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံရာသီ စိုက်ပျိုးမှုများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး ပဲနီလေး စိုက်ဧရိယာမှာ ၁၂-၁-၂၀၂၄ နေ့အထိ ဟက်တာ ၁.၉၄ သန်း စိုက်ပျိုးပြီးဖြစ်ရာ  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၀.၁၁ သန်း (၆.၀၁%) ပိုမိုလျက်ရှိသည်။

   ကုန်သည်အသိုင်းအဝိုင်းက ပြောကြားရာတွင် ကနေဒါနိုင်ငံ၏ ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁.၆၇ သန်းခန့်ရှိမည်ဟု မူလက ခန့်မှန်းထားသော်လည်း နောက်ပိုင်း၌ ၃၀% ခန့် ပြန်လည်လျှော့ချခန့်မှန်းခဲ့သဖြင့် အိန္ဒိယ၏ ထုတ်လုပ်မှုမှာ ထိပ်တန်းသို့ရောက်ရှိလာကြောင်း၊ အခြား အဓိကနိုင်ငံတစ်ခုဖြစ်သည့် ဩစတေးလျ၏ ၂၀၂၃-၂၄ ခုနှစ်အတွက် ပဲနီလေး ထွက်ရှိမှုမှာ တန်ချိန် ၁.၄ သန်းခန့်ရှိနိုင်ကြောင်း သိရှိရသည်။

  မကြာသေးမီ ကာလများအတွင်း ကနေဒါနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ကျဆင်းခဲ့ခြင်းက အိန္ဒိယနိုင်ငံတွင် ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အရေးပါသည့် အခန်းကဏ္ဍသို့ တိုးတက်ရောက်ရှိခဲ့သည်။ ကမ္ဘာ့ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုတွင် ကနေဒါ၊ ဩစတေးလျနှင့် အိန္ဒိယတို့သည် ထိပ်တန်းနိုင်ငံများဖြစ်ပြီး အိန္ဒိယသည် အများဆုံးတင်သွင်းသည့်နိုင်ငံလည်းဖြစ်သည်။ ယခုနှစ်၌ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု တိုးတက်လာနိုင်ဖွယ်ရှိသည့်အလျောက် အိန္ဒိယ၏ ပဲနီလေး တင်သွင်းမှုသည် အနည်းငယ်မျှ လျော့ကျနိုင်ခြေရှိကြောင်း Business Standard သတင်းဌာနက ဖော်ပြထားပါသည်။

Source: Business Standard, 12 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ