Main menu

HighLight News

Powered by Drupal

ဟင်္သာတမြို့နယ်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဌေးဝင်းဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား (၁၇-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးအတွက် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ်ရှိ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမ(၁၈)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၉၅ဦးအား (၁၇-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောမုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk (၁၀/၂၀၂၃) အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုစေရန် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၇)ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဋ္ဌာန်းချက်ပါ အခန်း(၁)မှ အခန်း(၅)အထိဆွေးနွေးခဲ့ရာ ဥပဒေ၏အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များကိုရှင်းလင်းပြီးနောက် ပုဒ်မ ၂ပါ အဓိပ္ပါယ်ဖော်ပြချက်များအနက် စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု စသည့်ပုဒ်မ(၂)ပါ အချက်များ၏အဓိပ္ပါယ်များကိုရှင်းလင်းခြင်း၊ အခန်း(၂)တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက် (၈) ရပ်ကို အသေးစိတ်ရှင်းလင်းခြင်း၊ အခန်း(၃)တွင် ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မတီတွင် ဖွဲ့စည်းရမည့်အဖွဲ့ဝင်ဦးရေ၊ ကော်မရှင်ဥက္ကဋ္ဌ၏တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ခံစားခွင့်များ၊ အတွင်းရေးမှူး၏တာဝန်များကိုရှင်းလင်းခြင်း၊ အခန်း (၄)တွင် ကော်မရှင်၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကိုရှင်းလင်းခြင်းနှင့် အခန်း(၅)တွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကိုဆွေးနွေးခဲ့ပါသည်။

     ဦးစီးမှူး ဒေါ်စန်းမြင့်ရီက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုမှ အမျိုးသားအကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၆)တွင်ပြဋ္ဌာန်းထားသော စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်၊ အခန်း(၇)ပါ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၈)ပါ စားသုံးသူရေးရာကော်မတီ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတို့ကို လွယ်ကူစွာမှတ်သားနိုင်စေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ငွေစာရင်းဌာနခွဲမှစာရင်းပြုစုရသော ဌစ (၉) မှ ဌစ (၁၆)အထိ စာရင်းရေးသွင်းပြုစုနည်းများကို သိသာလွယ်ကူစေရန် နမူနာပုံစံများပြသ၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဦးဝေဠုအောင်က ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးခဲ့သူများကိုလည်းကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဌာနခွဲများမှလုပ်ငန်းများကိုနားလည်စေရန်အတွက် Thursday Talk ကို လစဉ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၂)စည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁၇-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော “ထူးကဲပို” ပုန်းရည်ကြီးကြော်အမှတ်တံဆိပ်ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                                                                                                    

စားသုံးသူကာကွယ်ရေးဥပဒေကိုသိရှိဖို့ လုပ်ငန်းရှင်များအား ဆွေးနွေးစို့

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော ဖရုံစေ့လှော်၊ ပဲကြော်၊ ပဲကြီးလှော်၊ ဆေးမန်ကျည်းလုပ်ငန်းရှင်များအား  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သိရှိလိုက်နာဆောင်ရွက်တတ်လာစေရန်နှင့် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် စိတ်ချယုံကြည်မှုရရှိလာစေရန်တို့အတွက်  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကိုဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပါကြောင်း၊ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများအကြောင်း၊ စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535) ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များထုတ်လုပ်နေသော်လည်း စားသုံးသူများဖြစ်သောကြောင့် စားသုံးသူ၏အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် Power Point ဖြင့်ရှင်းလင်းဆွေးနွေး၍ စားသုံးသူ၏တာဝန်များလည်းလိုက်နာရန်လိုအပ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဌာနသို့ လာရောက်တိုင်ကြားစေလိုကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မင်းဘူးမြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သူလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၌ (၁၈-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းနှင့် မြို့နယ်တာဝန်ခံတို့သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်စေရန်အလို့ငှာ ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မုန့်လုပ်ငန်းရှင်နှင့် ပဲကြော်လုပ်ငန်းရှင်တို့အားခေါ်ယူတွေ့ဆုံ၍ အသိပညာများဆွေးနွေးဟောပြောခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မင်းဘူးခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကောမရှင်မှထုတ်ပြန်ထားသော   ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ မြန်မာစာဖြင့်ထည့်သွင်းဖော်ပြရမည့် ကုန်စည်အုပ်စု(၈)ခုအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်တို့ကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိသော ဂျာမနီနိုင်ငံထုတ် Pabrinex IV/HV Injection အကြောအားဆေး (Composition & Strength) နှင့် ဈေးကွက်အတွင်း ဘူးခွံ Design ချင်းဆင်တူ၍ တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No. နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများအား တရားမဝင်တင်သွင်းဖြန့်ချိလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အဆိုပါဆေးရောင်းချခြင်းရှိ/ မရှိကို (၂၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။  

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဇော်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဒေါ်ဌေးဌေးနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်များသို့သွားရောက်၍ Pabrinex IV/HV Injection ဆေးဝါးနှင့် ဘူးခွံ Design ချင်းဆင်တူပြီး FDA ၏ထောက်ခံချက် DRC No နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ အခြားဆေးဝါးများတွင် FDA ၏ ထောက်ခံချက်ပါ/မပါနှင့် သက်တမ်းလွန်ဆေးများရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ အဆိုပါဆေးဝါးများကို ရောင်းချမှုမရှိကြောင်းတွေ့ရှိရပါသည်။ ၎င်းနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ရွှေညောင်တော်ကျေးလတ်စျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ရွှေညောင်တော်ကျေးလတ်စျေးအတွင်း ရောင်းချလျက်ရှိသောစားသောက်ကုန်စည်များအား (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ရောင်းချနေသောစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိနှင့် (FDA)မှတားမြစ်ထားသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန့်ဦးနှင့်အဖွဲ့ကဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တာဝန်ခံဒေါ်မြတ်မြတ်မိုးနှင့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဂွေးပင်ရဲစခန်းနှင့် ဂွေးပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် စျေးကွက်အတွင်း ရောင်းချနေသာစားသောက်ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပဒ်ကင်းရှင်းစွာသုံးစွဲနိုင်‌စေရေး၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသည့်ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဥပဒေနှင့် ညီညွတ်သောကုန်ပစ္စည်းများကိုသာရောင်းချနိုင်စေရေး၊ ရောင်းချသည့်စျေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာရောင်းချစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

နတ်မောက်မြို့ပေါ်ရှိ မုန့်မျိုးစုံရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နတ်မောက်မြို့၊ မြို့မစျေး၊ စျေးရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်တို့၌ ရောင်းချလျက်ရှိသော မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးဥပဒ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲနိုင်စေရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များကိုလည်းစစ်ဆေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသော စျေးဆိုင်(၈)ဆိုင်အား စစ်ဆေးခဲ့ပြီးနောက် မြို့မစျေးတွင်ရောင်းချသော စျေးဆိုင်(၂)ဆိုင်တွင်လည်း (FDA)မှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော လျှာရင်းမြက်အမှတ်တံဆိပ် (ဆီးစပ်လုံး)များအားတွေ့ရှိခဲ့ရပြီး (၁)ထုပ်လျှင် ကျပ်(၁၀၀)ဖြင့်ရောင်းချလျက်ရှိ၍ အထုပ်ရေ (၃၀၅)ထုတ်၊ စုစုပေါင်းတန်ဖိုးငွေ ကျပ်(၃၀၅၀၀)အား အဖွဲ့စုံရှေ့တွင် မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

နတ်မောက်မြို့၊ အိုးဘို၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  နတ်မောက်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေနှင့်အဖွဲ့သည် (၁၆-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးဥပဒေပါသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    ထို့သို့ အသိပညာပေးဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များအကြောင်း၊  ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် စားသုံးသူ၏အခွင့်အရေးဖြစ်သည့် မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိ၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်တို့ကိုဝယ်ယူသုံးစွဲခြင်းမပြုရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News