Main menu

HighLight News

Powered by Drupal

တောင်ငူခရိုင်အတွင်း ဓာတ်မြေဩဇာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့နှင့်အတူ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ တောင်ငူ-ထန်းတပင်လမ်းမပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောပူးပေါင်းအဖွဲ့သည် ကျောင်းရှစ်ဆယ်ကျေးရွာရှိ ပတ္တမြားဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်၊ ထန်းကုန်းကျေးရွာရှိ လင်းဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့ရောက်ရှိပြီး ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများ၌ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးကြည့်ရှုပြီး ဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းမရှိသောကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ညနေပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ အညာသားလေးမုန့်ဖတ်ခြောက်လုပ်ငန်း၊ မိုးမြင့်ကမ္ဘာဝါးတူစက်ရုံနှင့် အင်ဒိုင်းကျေးရွာရှိ “နေလဝန်းကြီး” မုန့်ဟင်းခါးခြောက်လုပ်ငန်းများသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပဲခူးမြို့တွင် ဖွင့်လှစ်ရောင်းချမည့် ဒေသထွက်ကုန်ဆိုင်ခန်းများ၌ မိမိတို့၏ထုတ်ကုန်ပစ္စည်းများရောင်းချနိုင်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင် (၂) ဆိုင်အား ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂) ဦးတို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားရှိသဖြင့် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ တရားမဝင်တင်သွင်းသောကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ တရားမဝင်တင်သွင်းသောကုန်စည်များကို ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်၊ ဘဏ္ဍာငွေဆုံးရှုံးမှုဖြစ်စေရုံသာမက အဆိုပါကုန်စည်များသည် အရည်အသွေးအာမခံချက်မရှိနိုင်ခြင်း၊ ကုန်စည်အတုများဖြစ်နေနိုင်ခြင်းနှင့် စားသုံးသူပြည်သူများအတွက် ဘေးကင်းလုံခြုံမှုမရှိနိုင်ခြင်းတို့ဖြစ်စေနိုင်သဖြင့် ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနကဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်၏ ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ သက်တမ်းလွန်သည့်ကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့်  စားသုံးရန်/သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၈-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက် အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဒု-တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး  တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ဦးကျော်သက်‌ဝေ (အငယ်တန်းစာရေး) က “ကောင်းမွန်သော Power Point Presentation တစ်ခုကို ဘယ်လိုဖန်တီးမလဲ” အကြောင်းကိုဆွေးနွေးခဲ့ပြီး  ရုံးစာကြည့်တိုက်မှ စာအုပ်များအားဖတ်ရှုပြီး နှစ်ပတ်လျှင် တစ်ကြိမ် စာပေစကား ဝိုင်းဆွေးနွေးပွဲကို  မုံရွာမြို့နယ်တာဝန်ခံရုံးမှ ဒေါ်တိုးတိုးချွန် (ဦးစီးအရာရှိ) က  စာရေးဆရာ နန္ဒသိန်းဇံ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းအကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ပပဝင်း (အငယ်တန်းစာရေး) က စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ဝတ္ထုတိုများအကြောင်းတို့ကို    အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက EC၊ CEC များ၊ ညီနောင်အသင်းများနှင့်တွေ့ဆုံဆွေးနွေး

    ကရင်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ (၂) ၌ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက EC၊ CEC များ၊ ညီနောင်အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     တွေ့ဆုံပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်ခြင်းအပေါ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့ရောင်းချပြီး အခြားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ဒေသထွက်ကုန်ကြမ်းများကို သွင်းကုန်အစားထိုးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်မှုများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုအနေအထားအရ သွင်းကုန်လျှော့ချ၍ ပို့ကုန်တိုးမြှင့်နိုင်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများက အမှန်တကယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းနှင့် မိမိတို့လုပ်ငန်းရှင်များကလည်း အချင်းချင်းစည်းလုံးညီညွှတ်စွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ်အတွင်းရှိ MSMEs အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက SMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင် အသင်း၊ စုစုပေါင်းအသင်း (၃၀) သင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲအား ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီး (SSSCCI) တွင် ကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး (Export Promotion Task Force) အဖွဲ့က ကြီးမှူးကျင်းပသော ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို (၁၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (SSSCCI) တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးမိုးသွယ်၊ ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရှိ စီးပွားရေးအသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ လုပ်ငန်းရှင်များတက်ရောက်ကြပါသည်။

   ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးအသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်နှင့် အခက်အခဲများကိုတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သီပေါမြို့၊ နောင်ကော်ကြီးကျေးရွာတွင် နာနတ်သီးအသင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   သီပေါမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက သီပေါမြို့၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၆-၆-၂၀၂၃) ရက်‌နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နောင်ကော်ကြီးကျေးရွာရှိ နာနတ်သီးအသင်းအဖွဲ့မှ ဒေသခံအသင်းသား (၄၀) ယောက်တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

     အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းဦး၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မြပွင့်ဖြူတို့က မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဒေါ်လင်းလင်းထွန်းက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ DOCA Myanmar Application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း Consumer Call Center No. (၁၅၃၅) နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာကိစ္စများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   တက်ရောက်လာသူများ၏မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ရှမ်း)

ကသာမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချရသောကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ဌာနမှဝန်ထမ်းများသည် (၆-၆-၂၀၂၃) ရက်နေ့တွင် ကသာမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ “ငွေဖြိုး” စားသောက်ကုန်မျိုးစုံအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  စစ်ဆေးရာတွင် အဓိကအနေဖြင့် ကုန်စုံဆိုင်တွင်ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာစာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် သက်ဆိုင်ရာဌာနများမှ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ရောင်းချသူဆိုင်ရှင်အား စားသုံးသူများအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်စားသောက်ကုန်များနှင့် တားမြစ်စားသောက်ကုန်များအား ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအား သိရှိလိုက်နာရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၃) အစည်းအဝေး၌ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အမှာစာများ၊ ၂၀၂၃ခုနှစ်၊ မတ်လမှ မေလအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်​တွေ့ဆုံဆွေးနွေးခြင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ ကုန်ညွှန်းအမှတ်အသားများလျှောက်ထားလာမှုများအား စိစစ်တင်ပြအတည်ပြုပေးခဲ့ခြင်းများ၊ စားသုံးသူတိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား Power Point  ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၈-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ စိမ်းမြောက်ရပ်ကွက်အတွင်းရှိ ဒေါ်မိုးမိုး(ကုန်စုံဆိုင်)သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အုန်းနို့ခရမ်(အရည်)CHAOKOH အမှတ်တံဆိပ်ပါ နို့နှင့်နို့ထွက်ပစ္စည်းတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့နှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများ ကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပြည့်စုံမှုမရှိသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သဇင်မိုးကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ သီတာရပ်ကွက်အတွင်းရှိ သဇင်မိုး(ကုန်စုံဆိုင်)သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ TRIO (ကော်ဖီသကြားလုံး) အမှတ်တံဆိပ်ပါ အရန်သင့်အစားအစာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်မှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့နှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများသည် ကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုမရှိသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News