Main menu

HighLight News

Powered by Drupal

ပြည်ခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်

        ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပြည်မြို့နယ်တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်အလိုက် ဖွဲ့စည်းထားသော စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များဖြင့် ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းများ အဆမတန် ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချစေရေး ကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ယင်းသို့ ကွင်းဆင်းစိစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်ခရိုင်အတွင်းရှိ ကွင်းဆင်း စိစစ်ခဲ့ သည့် ဆေးဝါးနှင့် ဆေးပစ္စည်းလက်လီ၊ လက်ကားအရောင်းဆိုင်ကြီးများ၌ ဆေးဝါးနှင့် ဆေးပစ္စည်း များပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချနေမှုများ တွေ့ရှိရကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ခရိုင်ဦးစီးမှူးရုံး(ပြည်)

ဆောင်းသီးနှံပိုမိုစိုက်ပျိုးလာခဲ့

        ကရင်ပြည်နယ်အတွင်းရှိလယ်မြေများတွင် ယခင်နှစ်က ရာသီဥတုများ ဆိုးရွားခဲ့ မှုကြောင့် ဆောင်းသီးနှံများဖြစ်သော ဆီထွက်သီးနှံ မြေပဲနှင့် အခြားပဲမျိုးစုံတို့အား စိုက်ပျိုး ထုတ်လုပ်မှု အားနည်းခဲ့သော်လည်း ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော မြေပဲစိုက်ဧကမှာ ၂၆၄၁၇ ဧက၊ နှမ်းစိုက်ဧကမှာ ၃၉၂၇၄ ဧက၊ ပဲတီစိမ်း စိုက်ဧကမှာ ၁၀၈၃၃ ဧက၊ မတ်ပဲစိုက်ဧကမှာ ၈၈၅ ဧက၊ ဘိုကိတ်ပဲစိုက်ဧကမှာ ၂၁၂၃၇ ဧက ၊ ပဲပုပ်စိုက်ဧကမှာ ၉၀၃၅ ဧကနှင့် အခြားပဲမျိုးစုံများလည်း စိုက်ပျိုးထားကြောင်း၊  ရာသီဥတုကောင်းမွန်မှုကြောင့် ဆောင်းသီးနှံဖြစ်သော မြေပဲ၊ နှမ်း နှင့် ပဲမျိုးစုံမှ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း သီးနှံများကို ယခင်နှစ်ကထက်ပိုမိုစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထံမှ လေ့လာစုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ပဲခူးကြက်သွန်နီဈေးနှုန်းတည်ငြိမ်လျှက်ရှိ

               ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်နီစိုက်ဧက (၁၉၅၄) ဧကဝန်းကျင်ခန့် ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၂၈၄၃) ပိဿာထွက်ရှိပြီး စိုက်ဧက၏အထွက်နှုန်းစုစုပေါင်း (၉၀၇၁) တန်ထွက်ရှိ၍ တိုင်းဒေသကြီးအတွင်း တစ်နှစ်တာကာလ  စားသုံး/သုံးစွဲမှု ပမာဏမှာ စုစုပေါင်း  (၂၄၆၄၁) တန်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်နီ လိုအပ်သော တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး ရန်ကုန် ၊မကွေး၊ မန္တလေးတို့မှ စီးဝင်ရောက် လျက်ရှိကြောင်းသိရသည်။

          ပဲခူး ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်း အနေဖြင့် လက်လီ ၊ လက်ကားဈေးမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဈေးနှုန်းအနေဖြင့် (ကြီး၊လတ်၊သေး) အမျိုးအစားအလိုက်ကျပ် ၇၀၀ မှ ၁၀၀၀နှုန်းဖြင့် အသီးအသီးရောင်းအဝယ်ဖြစ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်တွင် (ကြီး၊လတ်၊သေး) အမျိုးအစားအလိုက် ကျပ် ၇၀၀ မှ ၁၀၀၀ နှုန်းအသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခုလနှင့်ယခင်လတွင် ဈေးနှုန်းအနေဖြင့် တည်ငြိမ်၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

၁၀.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၀.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

တံတားဦးမြို့နယ်မှ သင်ဖြူးဖျာလုပ်ငန်း

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် လက်မှုလုပ်ငန်းဖြစ်သည့် သင်ဖြူးဖျာယက်လုပ်ခြင်း လုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product)အဖြစ် လုပ်ကိုင်ကြပါသည်။သင်ဖြူးဖျာယက်လုပ်ခြင်းလုပ်ငန်းကို ဘိုးဘွားအစဉ်အလာမပျက်ယက်လုပ်ကြပြီး ကုန်ကြမ်းအား ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်မှ ဝယ်ယူရရှိပါသည်။ ယခင်ကကုန်ကြမ်းဝယ်ယူရာတွင် ဧရာဝတီမြစ်ရိုးတလျှောက် သင်္ဘောများဖြင့် သွားရောက်ဝယ်ယူရသော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသောကြောင့် လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာ ကုန်သည်ပွဲစားများမှ ကိုယ်ပိုင်ကားများဖြင့် သွားရောက်ဝယ်ယူပြီး မိမိတို့ကျေးရွာရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်သူများကို တဆင့်ပြန်လည်ရောင်းချကြပါသည်။ သင်ဖြူးဖျာယက်လုပ်သူများသည် မိမိတို့တွင်ရှိသည့် အရင်းအနှီးပေါ်မူတည်၍ ကုန်ကြမ်းများဝယ်ယူ ယက်လုပ်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေပါကြောင်း လက်ဆောင်ယူကျေးရွာနေ သင်ဖြူးဖျာယက်လုပ်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

    သင်ဖြူးဖျာယက်လုပ်သူများသည် သင်ဖြူးဖျာများကို အကြီးဆိုဒ်(၅’×၆.၅’) ၊ အလတ်ဆိုဒ် (၄’×၅.၅’)၊ အသေးဆိုဒ်(၃’×၄.၅’)ဟူ၍ ဆိုဒ်(၃)မျိုး ယက်လုပ်ကြပါသည်။ ကုန်ကြမ်းဝယ်ယူမှုအနေဖြင့် သင်ဖြူးဖျာ(၂)ချပ် ယက်လုပ်ရန်အတွက် သင်တစ်ထုပ်ဝယ်ယူရပြီး သင်တစ်ထုပ်လျှင် (၂၅၀၀၀-၂၈၀၀၀)ကျပ် စျေးပေး၍ဝယ်ယူရပါသည်။ သင်ဖြူးဖျာတစ်ချပ် ယက်လုပ်ရာတွင် နှီးနွှာသူနှင့်ယက်လုပ်သူ (၂)ဦးလိုအပ်ပြီး လူတစ်ဦးလျှင် (၂)ရက်အတွင်း သင်ဖြူးဖျာ အကြီးဆိုဒ်(၃)ချပ် ယက်လုပ်နိုင်ကြောင်း၊ သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်ကြသူများသည် ကိုယ်ပိုင်ကုန်ကြမ်း ဝယ်ယူပြီး မိမိကိုယ်တိုင် ယက်လုပ်သူများရှိသလို ပုတ်ပြတ်လုပ်သားများ ငှားရမ်း၍ ယက်လုပ်သူများလည်းရှိကြောင်း၊ ငှားရမ်းယက်လုပ်ရာတွင် လုပ်သားခအနေဖြင့် သင်ဖြူးဖျာ အကြီးဆိုဒ် တစ်ချပ်လျှင်(၃၀၀၀/-)ကျပ်၊ အလတ်ဆိုဒ်တစ်ချပ်လျှင်(၂၅၀၀/-)ကျပ်၊ အသေးဆိုဒ် တစ်ချပ်လျှင် (၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ယက်လုပ်ကြကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာများအား အိမ်အရောက် ကုန်သည်ပွဲစားများမှ လာရောက်ဝယ်ယူလျက်ရှိရာ စျေးနှုန်းအနေဖြင့် ကတ္တီပါအနားကွပ် တစ်ချပ်လျှင် အကြီးဆိုဒ်(၂၅၀၀၀/-)ကျပ်၊ အလတ်ဆိုဒ် (၁၈၀၀၀/-)ကျပ်၊ အသေးဆိုဒ်(၁၆၀၀၀/-)ကျပ်၊ ရိုးရိုးသင်ဖြူးဖျာ တစ်ချပ်လျှင်အကြီးဆိုဒ် (၂၂၅၀၀/-)ကျပ်၊ အလတ်ဆိုဒ်(၁၅၅၀၀/-)ကျပ် ၊ အသေးဆိုဒ်(၁၃၅၀၀/-)ကျပ်ရရှိပြီး သင်ဖြူးဖျာယက်လုပ်သူများအနေဖြင့် ကုန်ကြမ်းသင်တစ်ထုတ် ဝယ်ပြီး ယက်လုပ်လျှင် အကျိုးအမြတ်အနေဖြင့်(၁၀၀၀၀/-)ကျပ် ခန့်ရရှိပါကြောင်း သိရှိရပါသည်။ လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာယက်လုပ်သူများသည် ယခင်က သင်ဖြူးဖျာများကို ဘုရားပွဲစျေးများ၊ နယ်များသို့ လှည့်လည်ရောင်းချဖြန့်ဖြူးနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားသည့်အချိန်တွင် ဘုရားပွဲတော်များကျင်းပရန်ခွင့်မပြုခြင်း၊ နယ်များသို့ လှည့်လည်ရောင်းချ နိုင်မှုမရှိခြင်းတို့ကြောင့် သင်ဖြူးဖျာယက်လုပ်ခြင်းလုပ်ငန်းများ ရပ်နားခဲ့ရပါသည်။ ယခုအခါတွင် ကိုဗစ်-၁၉ရောဂါများလျော့ပါးလာသည့်အတွက်ကြောင့် အရောင်းကုန်သည်များမှ လာရောက်ဝယ်ယူခြင်းနှင့် မန္တလေးစျေးကွက်သို့ တင်ပို့ရောင်းချခြင်းများပြုလုပ်လျက်ရှိပါသည်။ လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာယက်လုပ်ငန်းသည် လက်မှုလုပ်ငန်းဖြစ်ပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(One Village One Product)လုပ်ငန်းအဖြစ် အစဉ်အလာမပြတ် ယက်လုပ် ရောင်းချသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် နေပူထဲလုပ်ကိုင် ရန်မလိုဘဲ နေရိပ်ထဲမှာပင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့်အတွက် ပုံမှန်ဝင်ငွေရရှိလာ၍ မိသားစုစားဝတ်နေရေးပြေလည်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာပါကြောင်း၊ အပိုဝင်ငွေများရရှိပြီး လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာပါကြောင်း၊ သင်ဖြူးဖျာ ဝယ်ယူသုံးစွဲသူများအနေဖြင့် နွေရာသီတွင်အသုံးပြုပါက အပူဒဏ်သက်သာစေပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်သောကြောင့် ဝယ်ယူအသုံးပြုသူများ စိတ်ကျေနပ်မှုရရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး

ဘရာဇီးလ် ပဲပုပ်သီးနှံမှာ မိုးခေါင်မှု ပြင်းထန်လာခြင်းကြောင့် အထွက်နှုန်း လျော့ကျ

         ဘရာဇီးလ် နိုင်ငံ၏ပဲပုပ်ထုတ်လုပ်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၁၄၅.၁၁သန်းထိ ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန်၁၃၄ သန်းသာ ထုတ်လုပ်နိုင်သည့်အတွက် ယခင်နှစ်ကထက် ၁၁ တန်လျော့ကျခဲ့ရာ ပဲပုပ်အဓိက စိုက်ပျိုးသည့် ဒေသများတွင် မိုးခေါင်ခြင်းမှာ အဓိကအချက်ဖြစ်ကြောင်း ပုဂ္ဂလိကခန့်မှန်းသူများမှ သုံးသပ် ခန့်မှန်းထားကြကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ ဘရာဇီးလ်နိုင်ငံ၏ ထုတ်လုပ်မှုမှာ  တန်ချိန် ၁၄၄ သန်း ခန့်မှန်းထားသော်လည်း ပိုမိုလျော့ကျနိုင်ကြောင်း၊ ပဲပုပ်သီးနှံများမှာ စိုက်ပျိုးပြီးစီးသော်လည်း မိုးမရွာသွန်းမှုကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မတ်ဆိုပိုလို၊ စာအိုပိုလိုနှင့် ဥရုဂွေးဒေသများတွင် ရေ ၅ မီလီမီတာထိ လျော့ကျခဲ့ကြောင်း၊  မတ်ဆိုပိုလိုဒေသ၏ ပဲပုပ်သီးနှံ ထုတ်လုပ်မှုအနေဖြင့် ၈ ရာခိုင်နှုန်းဖြစ်ပြီး၊ ပါရန်ဒါနှင့် ရီကာဇန်ဒိုဒေသများအပါအဝင် အခြားဒေသများ၌ ၁၈ ရာခိုင်နှုန်းအထိ ပဲပုပ်များ ထုတ်လုပ်ကြောင်း သိရှိရပါသည်။

          သို့ရာတွင် ဘရာဇီးလ် နိုင်ငံ တောင်ဘက်ပိုင်းတွင် မိုးခေါင်မှု ဖြစ်ပေါ်ခဲ့သော်လည်း မြောက်ဘက်ပိုင်းတွင် ပဲပုပ်သီးနှံအဓိကစိုက်ပျိုးသည့် ဒေသများ၌ မိုးရွာသွန်းခဲ့သည်ဟု USDA၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ မတ်တိုဂရိုဆို ဒေသသည် ဘရာဇီးလ် နိုင်ငံ၏ အဓိက ပဲပုပ်စိုက်ပျိုးသည့်ဒေသဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ၏ ၂၅ ရာခိုင်နှုန်းထိရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် ရိတ်သိမ်းမှုမှာ ဖေဖော်ဝါရီလမှစ၍ မေလတွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ပဲပုပ်ထုတ်လုပ်မှု လျော့နည်းလာခြင်းနှင့်အတူ ပဲဆီတင်ပို့မှုမှာလည်း ၀.၁၉ ရာခိုင်နှုန်း ထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

          အာဂျင်တီးနားနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မမျှော်မှန်းထားသော မိုးရွာသွန်းမှုများကြောင့် ပဲပုပ်အစိုဓါတ် ပါဝင်မှုကို လျော့နည်းရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အာဂျင်တီးနားနိုင်ငံ၏ ပဲပုပ် စိုက်ပျိုးရန်မျှော်မှန်းသည့် ဧရိယာမှာ တန်ချိန် ၄၉.၅၀ သန်းဖြစ်ပါကြောင်း၊ CBOT websites တွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ US$ 358.60 မှ US$ 411.30 ထိ  မြင့်တက်ခဲ့ရာ 14.76ရာခိုင်နှုန်း ထိ တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။        

ရင်းမြစ် - Palm oil analytics

မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် ဆီထွက်သီးနှံများ ပျက်စီး

          မလေးရှားနိုင်ငံကမ်းရိုးတန်းအရှေ့၊ အနောက်နှင့် တောင်ဘက်ခြမ်း ဒေသများတွင် မှတ်တမ်းဝင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိလာမည့် ဆီထွက်သီးနှံများစွာ ပျက်စီးခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ရှိရမည့် သီးနှံများစွာ ပျက်စီးခဲ့ရကြောင်း၊ မလေးရှားနိုင်ငံ၏ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်လုပ်မှုမှာ ၂၀၂၁ ဒီဇင်ဘာလအတွင်း မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီအုန်း စိုက်ပျိုးသည့် ဒေသများတွင် သစ်ပင်များ၊ လမ်းများပျက်စီးခဲ့မှုများသည် ကျေးလက်ဒေသများတွင် ပိုမိုဖြစ်ပွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ မလေးရှားနိုင်ငံ ပဟန်း ဒေသတွင် မြစ်ရေမှာ အမြင့်ပေ ၃၀ မီတာထိ မြင့်တက်ခဲ့ပြီး ကျေးလက် လူနေအိမ်များ အနီးထိ ရောက်ရှိခဲ့ပါကြောင်း၊ ရာသီဥတုအခြေအနေ ပိုမိုဆိုးရွားလာပါက ပင်နီဆူးလာ တောင်ဘက်ရှိ အဓိကဆီအုန်းထုတ်လုပ်ဒေသဖြစ်သည့် ဂျိုဟိုဒေသ ထိရောက်ရှိလာနိုင်ကြောင်းနှင့် ဂျိုဟိုဒေသည် ဆီအုန်း ထုတ်လုပ်သည့် အကြီးဆုံးဒေသ ဖြစ်ကြောင်းသိရှိရပါသည်။

           မလေးရှားနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ အချက်အလက်များအရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၈.၅ ရာခိုင်နှုန်း မျှော်မှန်းထားသော်လည်း မျှော်မှန်းထားသည် ထက် ၁၀ ရာခိုင်နှုန်းပိုမိုလျော့ကျလာနိုင်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ ၅ရက်နေ့မှ စ၍ ပိုမိုလျော့ကျနိုင်ကြောင်း၊ မလေးရှားနိုင်ငံ ဆီအုန်းအသင်း၏ အချက် အလက်များအရ ပင်နီ ဆူးလားဒေသမှထုတ်လုပ်မှုမှာ ၁၅ ရာခိုင်နှုန်း ထိလျော့ကျပြီး၊ မလေးရှား တစ်နိုင်ငံလုံး အနေဖြင့် ၁၀ ရာနိုင်နှုန်း ထိလျော့ကျနိုင်ကြောင်း သိရှိရပါသည်။

ရင်းမြစ် - PALM OIL ANALYTICS

၆.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၆.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

           မြင်းခြံခရိုင်သည်မြို့နယ်(၄)ခုဖြင့် ဖွဲ့စည်းထားရှိပြီးစိုက်ပျိုးရေးအနေဖြင့် မြေပဲကိုအဓိထား စိုက်ပျိုးကြပါသည်။ မြေပဲတွင် ပင်တောင်နှင့်ပင်ပြန့်(၂)မျိုးရှိပါရာ ပင်တောင်မြေပဲမျိုးသည် စိုက်ပျိုး ရက်ပေါင်း (၁၁၀) မှ (၁၃၀) အတွင်းခူးဆွတ် ရိတ်သိမ်းရပြီး ပင်ပြန့်မျိုးသည် ရက်ပေါင်း (၁၃၀) မှ (၁၅၀) အတွင်း ခူးဆွတ်ရိတ်သိမ်းလေ့ရှိပါသည်။

        မြင်းခြံခရိုင်၏၂၀၂၀-၂၀၂၁ခုနှစ် ယခင်နှစ်မိုးမြေပဲစိုက်ဧကမှာ (၁၇၉၀၅၂) ဧကရှိပြီး အထွက်နှုန်းမှာ (၄၀.၀၅) တင်းနှုန်းဖြင့် တင်းပေါင်း (၇၁၇၁၀၃၂) တင်းထွက်ရှိခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးမြေပဲကို (၁၈၀၆၉၄) ဧကစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလ စတုတ္တအပတ်အထိ ရိတ်သိမ်းဧကမှာ (၁၀၆၉၂၂) ဧက၊ အထွက်နှုန်းမှာ (၄၂.၄၀) တင်းနှုန်းဖြင့် တင်းပေါင်း (၄၅၃၃၄၉၂) တင်း ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။

        ယခင်နှစ်စိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်း အနေဖြင့်လည်း ပိုမိုထွက်ရှိခဲ့ပါသည်။၂၀၂၁-၂၀၂၂ခုနှစ် ခရိုင်အတွင်းရှိမြို့နယ်များ၏ စိုက်ပျိုးထုတ်လုပ် မှုအခြေအနေများမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၂၃၅၂၈)၊ ရိတ်ဧက(၁၈၉၄၀)ဧက၊ အထွက်နှုန်း (၄၆.၇၉)တင်း၊ အထွက်တင်းပေါင်း(၈၈၆၂၀၂)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၉၉၇၄၇) ဧက၊ ရိတ်ဧက(၅၀၂၁၁)ဧက၊ အထွက်နှုန်း(၃၉.၂၅)တင်းနှင့် အထွက်တင်းပေါင်း (၁၉၇၀၇၈)တင်း၊ နွားထိုးကြီးမြို့ နယ်တွင်စိုက်ဧက(၃၉၁၆၈)ဧက၊ ရိတ်သိမ်းဧက(၁၉၅၂၀)ဧက၊ အထွက်နှုန်း(၄၁.၅၁)တင်းနှင့်ငါန်းဇွန်မြို့ နယ်တွင်စိုက်ဧက(၁၈၂၅၁)ဧက၊ ရိတ်ဧက(၁၈၂၅၁)ဧက၊ အထွက်နှုန်း(၄၇.၄၆)တင်းနှုန်းဖြင့် တင်းပေါင်း (၈၆၆၁၉၂)တင်းထွက်ရှိခဲ့ပါသည်။ မိုးမြေပဲကို မေလနှင့်ဇွန်လတို့တွင်စတင်စိုက်ပျိုးကြပြီး၊ပင်ထောင်မျိုး မြေပဲကိုစက်တင်ဘာ၊အောက်တိုဘာ၊ပင်ပြန့်မျိုးမြေပဲကို နိုဝင်ဘာနှင့်ဒီဇင်ဘာလ  တို့တွင်ရိတ်သိမ်း လေ့ရှိကြောင်းသိရပါသည်။ မြေပဲကိုစားသုံးဆီအဖြစ် အသုံးပြုသည်သာမက မြေပဲကြော် မြေပဲဆား လှော်နှင့် မုန့်ပဲသွားရေစာများတွင်လည်းကောင်း၊အခြားမုန့်အမျိုးမျိုးတွင်ရောစပ်၍လည်းကောင်း၊ဟင်းချက်စရာအဖြစ်လည်း ကောင်းအသုံးပြုကြပါသည်။ ထို့အပြင် ဆီထုတ်ယူပြီး မြေပဲကြိတ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသည့် ကုန်ကြမ်းအနေဖြင့် အသုံးပြုကြပါသည်။ ယခင်လ မြေပဲဆံဈေးအနေဖြင့် ဆီဆံတစ်ပိဿာလျှင် (၂၁၀၀)ကျပ်၊ လုံးဆံတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြစ်ပေါ်ခဲ့ပြီး ယခုလအတွင်းဆီဆံ(၂၄၀၀)ကျပ်၊ လုံးဆံ(၂၅၀၀)ကျပ်နှင့် မြေပဲကြိတ်ဖတ် တစ်ပိဿာလျှင်မြို့ပေါ် ဈေး(၁၁၀၀)ကျပ်နှင့် ရွာဈေးအနေဖြင့် (၉၀၀)ကျပ်၊ မြေပဲဆီသန့်တစ်ပိဿာလျှင် (၆၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။

          ယခင်နှစ်ထက် စိုက်ပျိုးဧက ပိုမိုစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းများလည်း ၂.၃၅တင်း ပိုမိုထွက်ပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများပိုမိုစိုက်ပျိုးသင့်ကြောင်း ပြည်ပဆီတင်သွင်းမှုအား လျော့ချနိုင်ရေးနှင့် ပြည်တွင်းဆီစက်လုပ်ငန်းများ ပိုမိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသကဲ့သို့ နိုင်ငံတော်နိုင်ငံခြားငွေအသုံးချမှု လျော့ချစေနိုင်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေမှာဖြစ်ပြီး လူနေမှုဘဝ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။‌

DOCA(မန္တလေး)

အိမ်သုံးဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြို့နယ်ဦးစီးမှူးသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန် နှင့်စျေးတာဝန်ခံတို့ပူးပေါင်းပြီး ဒေသခံပြည်သူများ အိမ်သုံးဆေးဝါးများ ဝယ်ယူသုံးစွဲရာ၌ဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၈) ရက်နေ့ နံနက်(၀၉:၀၀)မှ(၁၀:၀၀) အထိ ချောက်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်(၇)ဆိုင်သို့ ကွင်းဆင်း ပြီးသက်တမ်းလွန်ဆေးဝါးများ၊ ပျက်စီးနေသောဆေးဝါးများ၊ တရားမဝင်တားမြစ်ထားသော ဆေးဝါး များရောင်းချမှုရှိ/မရှိနှင့် ပြည်တွင်းထုတ်တိုင်းရင်းဆေးများ၊ နိုင်ငံခြားမှတင်သွင်းသောဆေးဝါးများ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ပူးပေါင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမရှိသော ကုန်စည်များအား ဆိုင်တင်ရောင်းချမှုမရှိ စေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူပြည်သူများ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချမှုရှိစေရန် FDA ထောက်ခံချက်ပါ ရှိသော ဆေးဝါးများသာ ရောင်းချကြရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအား အစားအသောက် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အခါအားလျော်စွာ စားသောက်ကုန်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆေးဝါးများဝယ်ယူသုံးစွဲရာ၌ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆေးဝါး များအား စျေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေသည့်အပြင် ဆေးဝါးများစျေးနှုန်းကြီးမြင့်မှု မရှိစေရေး ဆေးဝါးစျေးနှုန်းကောက်ယူခြင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အပတ်စဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News