Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၅-၇-၂၀၂၂) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်ချက်)၌ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဝင့်ဝင့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး၊ဦးခင်မောင်ဆွေက စားသုံးသူ ကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ဒေါ်မြင့်မြင့်အေး၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ် သက်၍ စားသုံးသူ ရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ် နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေး မေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၅း၀၀)နာရီအချိန်တွင် ပြီးဆုံး ခဲ့ပြီး တက်ရောက် အင်အား (၅၀)ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

နေပြည်တော်၌ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးစေခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဥတ္တရခရိုင်ဦးစီးမှူးနှင့် ဒက္ခိဏခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၈-၇-၂၀၂၂) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးစေခြင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ စိန်ဒေါင်း စူပါစတိုး၊ SPIRITစတိုးနှင့် ပျဥ်းမနားမြို့နယ်ရှိ စိန်ဒေါင်းစူပါစတိုးတို့တွင် Mistine အလှကုန် ပစ္စည်းများ၊ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ(3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခဲ့ရာ အလှကုန်ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများ ဖော် ပြခြင်း၊ FDA ၏ ထောက်ခံချက်များပါရှိကြောင်း  စိစစ်တွေ့ရှိခဲ့ရပြီး ထိုင်းနိုင်ငံထုတ် Gano အမှတ် တံဆိပ် ကော်ဖီ(3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိပါကြောင်း၊ ဒက္ခိဏခရိုင်ဦးစီးမှူးမှ“ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ "အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေး ရှင်းလင်း ပြောကြားခဲ့ပြီး နံနက် (၁၂း၀၀)  နာရီအချိန်တွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်‌မြေ)

 

မြန်အောင်မြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင် မြို့နယ်တာဝန်ခံ ဦးမြင့်အောင်သည် စမ်းကျေးရွာ၊ ဘုန်းကြီးကျောင်း၌ (၆.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စည်သည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဝက်လက်မြို့ရှိ သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ဌာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။

             ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝက်လက်မြို့နယ် တာဝန်ခံသည် ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ပိတောက်ဝါ သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် အဆိုပါစက်ရုံသည် ဇွန်လဒုတိယပတ်မှ စတင်လည်ပတ်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုန်စည်ကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိမိထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်ကုန်စည်အပါ် တာဝန်ရှိမှုကိုသိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပြီး ဌာန၏အတည်ပြု ချက်ရယူနိုင်ရေးဆောင်ရွက်ကြရန်နှင့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ပြစ်မှုနှင့် ပြစ်ဒဏ်များထဲမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပုဒ်မ ၆၇နှင့် ၆၈ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းအကြောင်း၊ သောက်ရေသန့်ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနသို့ကုန်အညွှန်း အမှတ် အသား အတည်ပြုချက်တင်ပြနိုင်ရေး တစ်ပါတည်းချိတ်ဆက်ရယူခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် စက်ရုံ အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအကြောင်းသိရှိနိုင်စေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီလက်လီ/လက်ကားဆိုင်သို့ ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊မုံရွာခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံ တို့သည် (၆.၇.၂၀၂၂)ရက်နေ့တွင် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အဖွဲ့ဝင်ဖြစ်သော စက်မှုဇုံရပ်ကွက်ရှိ ဦးစိန်လွင် စားအုန်းဆီပွဲရုံသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့  ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စားအုန်းဆီရောင်းချသောလုပ်ငန်းရှင်အား ယခုရောင်းချခွင့်ရရှိသော စားအုန်းဆီများကို ဝယ်ယူလာသည့်ရက်ရှိ လက်ကားရည်ညွှန်းဈေးအပေါ် အသားတင်အမြတ်(၂%)ထပ် မပိုသော ဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ ရောင်းချရာတွင်လည်း ခရိုင်အသင်းခွဲများအနေဖြင့် မိမိတို့အသင်းဝင်များအား ဦးစားပေးဖြန့်ဖြူးသွားရန်၊ ဖြန့်ဖြူးပြီးပါက ရောင်းချဖြန့်ဖြူးပေးသည့် အမည်နှင့်တကွ အသေးစိတ်စာရင်းများကို စားသုံးသူရေးရာဦးစီးဌာနသို့ ပြန်လည်တင်ပြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

          

ConsumerCallCenter နံပါတ် ၁၅၃၅ သို့ MPT Sim Card User များ ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း

ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

“မိတ္ထီလာခရိုင်တွင်း  မိုးနေကြာ စိုက်ပျိုးရန်ပြင်ဆင်နေ”

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနေကြာ မျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဖြစ်ပါသည်။စိုက်ပျိုးသော မျိုးများမှာ စင်ရွှေကြာ (၂)မျိုးနှင့် ရေဆင်း(၁) မျိုးတို့ဖြစ်ပါသည်။ မျိုးစေ့ထုတ်နေကြားများမှာ မေလ မှ အစောစိုက်၍ သြဂုတ်လဆန်းတွင် စတင်ရိတ်သိမ်းသွားမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးခြင်း ၊ မျိုးကောင်း မျိုးသန့် ဧရိယာ ကျယ်ပြန့်လာစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထွက်ရှိလာသော မိုးနေကြာ မျိုးစေ့များကို ဒေသအတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများထံ ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်၍ ပိုလျှံမျိုးစေ့များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချ ပေးမည်ဖြစ်ကြောင်း ၊ တောင်သူအချင်းချင်းမျိုးဖလှယ်ခြင်းများလည်းရှိကြောင်း သိရှိရပါသည်။ မိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် ယူရီးယားမြေသြဇာ အိတ်ဝက်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း နှင့် တောင်သူများမှာလည်း ယခု အခါ မိုးနေကြာစိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၈) ရပ်ကွက်၊ ကံကြီးလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၄.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ ကုန်စုံဆိုင်များအတွင်းရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            စစ်ဆေးသည် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များ နှင့်အညီ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသား မပြည့်စုံသော ကုန်စည်များကို ထုတ်လုပ်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်‌၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇူလိုင်လ (၆.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် RAMBUTAN IN SYRUP   ကြက်မောက်သီးအချိုရည်၊ တရုတ်တံဆိပ် ပြောင်းအူချောင်း၊ ထိုင်းတံဆိပ် နို့ခဲချောကလက်နှင့် Doraeman Game ခေါက်ဆွဲခြောက်ဗူး များပေါ်တွင် မြန်မာဘာသာစာသားများဖော်ပြခြင်း မပါရှိဘဲ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရာ၌ RAMBUTAN IN SYRUP  ကြက်မောက်သီးအချိုရည်နှင့်  တရုတ်တံဆိပ် ပြောင်းအူချောင်းများပေါ်တွင် တရုတ်ဘာသာစာသားဖြင့်လည်ကောင်း ထိုင်းတံဆိပ် နို့ခဲချောကလက်နှင့် Doraeman Game ခေါက်ဆွဲခြောက်ဗူးများပေါ်တွင် ထိုင်းဘာသာစာသားဖြင့် လည်ကောင်း ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁) ၊ (၄၃)နှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းကုန်စည်များအား ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့ပြီး ဆိုင်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ရှမ်း)

ခွင့်ပြုချက်မရှိ/သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများအားရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

           သံတွဲခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် FDA၊ မြို့နယ်စည်ပင်တို့ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  (၄-၇-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍ သက်ဆိုင်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဝါးထောက်ခံချက် ရယူထားခြင်းမရှိသော ဆေးဝါးများ၊ သုံးစွဲရန်မသင့်တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ “ဝင်းပပ” ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော “က္ကုစ္ဆာသယ” အခိုးပွင့်ဆေးနှင့် ဆင်တုံးမနွယ် အစာကြေလေနိုင်လျက်ဆား (၂)မျိုးအား တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေခြင်း ရှိ/မရှိ နှင့်  “အာရှရွှေကြယ်”အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးအား အများပြည်သူသုံးစွဲရန် မသင့်သောဆေးဝါးဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည့်အတွက် ၎င်းတိုင်းရင်းဆေးအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ