Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြို့ပင်‌ကောက်မြို့နယ်တွင် သင်တန်းသားများနှင့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဉပ‌ဒေအကြောင်းအသိပညာပေး‌ဟောပြောခြင်း

         ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်‌‌ကောက်မြို့နယ်မှ (၃)မိုင်ခန့်ဝေးသော ဂုမ္မကွင်းအုပ်စု၊ လိမ္မကွင်း(မြောက်စု) ၊ ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအား (၂၁.၄.၂၀၂၂)နေ့ နံနက် (၉:၀၀)နာရီတွင် စိုက်ပျိုးရေးဌာန၊ မွေး/ကုဌာနနှင့် စားသုံးသူ ရေးရာဉီးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ (၃၂)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းပြခဲ့ပါသည်။

            တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ခြင်း၊ စားသုံးသူအခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်များ ၊  နစ်နာမှုရှိလျှင် ကုစားပေးနိုင်သည့် အချက်များ ၊ ကုန်စည်၊ ဝန်ဆောင်မှု နှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့ပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ စားသုံးဆီသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကိုပါ ထည့်သွင်းအသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ ပြန်လည်ရှင်းပြခဲ့ပါသည်။

            ‌ဟောပြောပွဲအပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့်အတူ ကျေးရွာအတွင်းရှိ မုန့်မျိုးစုံဆိုင်၊ ကုန်စုံဆိုင်(၂)ဆိုင်အား ကုန်အညွှန်းအမှတ်အသားများပါမှသာ ရောင်းချပါရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ တက်ရောက်နိုင်ရေးအတွက် ရည်ရွယ်၍ ‌ဧပြီလ (၂၂)ရက် နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးသို့  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၊ ဉက္ကဌ ၊ ဒုဥက္ကဌ  ၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအစီအစဉ်များနှင့် ‌ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ ရွေးချယ်နိုင်‌ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

     ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် စိုက်ပျိုးရေးဆေးပစ္စည်း၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းအား တန်ဖိုးကျပ် (၉၄၄၇၄၀၆၀) ကိုလည်းကောင်း ၊ ဖေဖော်ဝါရီလတွင် အင်ဂျင်ဝိုင်ဖာ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအားတန်ဖိုးကျပ် (၆၄၃၀၂၄၃၄) ကိုလည်းကောင်း၊ မတ်လတွင် မော်တော်ယာဉ်နှင့်စားသောက်ကုန်များအားတန်ဖိုးကျပ် (၂၂၁၅၂၈၇၇၇) ကိုလည်းကောင်း၊ ဧပြီလ ၁ရက်နေ့မှ ၂၁ရက်နေ့ထိ မော်တော်ယာဉ်နှင့်စားသောက်ကုန်များအား တန်ဖိုးကျပ် (၉၅၇၂၆၈၅၂) ကိုလည်းကောင်း၊ စုစုပေါင်း တန်ဖိုးကျပ် (၄၇၆၀၃၂၁၂၃)ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

           ဒိုက်ဦးမြို့နယ် နတ်ကင်းကျေးရွာအုပ်စု ကြီးပေါင်းစုရွာရှိတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ်(၅) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း(ACLC) နှင့် ကုတရာရွာရှိတောင်သူများအား ကျေးရွာဘုန်းတော်ကြီး‌ဓမ္မာရုံ၌ စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နည်းပညာ ပေး ဆွေးနွေးပွဲအား(၂၄.၄.၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ ဉီးဝင်းမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနများနှင့်အတူ ပူးပေါင်းပါဝင်ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ   စားသုံးသူကာကွယ်‌ရေးအသိပညာပေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ စားသုံးဆီဖူလုံရေးအတွက်တိုးချဲ့စိုက်ပျိုးကြရန်နှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများဆိုင်ရာအသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်

            ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန်မြှင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ အသင်းအဖွဲ့များစုစည်းမှု ခိုင်မာအားကောင်းရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI) အသင်းခွဲများ ဖြစ်သော  ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလုပ်မှုလုပ်ငန်းရှင်အသင်းအား ၁၉၉၈ ခုနှစ်တွင် ပဲခူး(အရှေ့) အား စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ပဲခူး(အနောက်) ကိုဖွဲ့စည်းခဲ့ပါသည်။ ပဲခူးတိုင်း ဒေသကြီး ကုန်သည်များနှင့်  စက်မှုလုပ်မှုလုပ်ငန်းရှင်အသင်းတွင် ၃နှစ် ၁ကြိမ် အသင်းသားပုံမှန် အစည်း အဝေး နှင့် နှစ်ပတ်လည်အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိပြီး ယခုအချိန်တွင် ပဲခူးတိုင်း‌ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (အရှေ့ ၊ အနောက်) အလုပ်အမှုဆောင်အဖွဲ့တွင် ကွယ်လွန်သွားသူများ ၊ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းလာသူများရှိသည့်အတွက် သက်ဆိုင်ရာဌာနများ ၊ ညီနောင်အသင်းတို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် အားနည်းလျက်ရှိကြောင်းသိရှိရပါသည်။ အသင်းအဖွဲ့များ၏ ဆက်သွယ်မှုအားကောင်းစေရေး၊ ကုန်သွယ်မှုဆိုင်ရာအခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်‌ရေးအတွက် ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလုပ်မှုလုပ်ငန်းရှင်အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်‌ရေး ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

FDA မှစားသုံးရန်မသင့်ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပေါက်တောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂-၄-၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီခန့်အချိန်တွင် ပေါက်တောမြို့နယ် မြို့မဈေးသို့လည်းကောင်း၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်      (၂၂-၄-၂၀၂၂)ရက်နေ့ နေ့လည် (၁၅:၀၀)နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့ မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များသို့သွားရောက်၍ FDAမှစားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်အတွင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း‌ ဆောင်ရွက်ခဲ့ကြပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရခိုင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စစ်တွေမြို့နယ်မြို့မဈေးနှင့် သံတွဲမြို့နယ် ဒွါရာဝတီမြို့မဈေးတို့မှ နမူနာကောက်ယူစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက် နမူနာအချို့မှာ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းသတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်၍ပါဝင်နေသည့်အတွက် စားသုံးရန်မသင့်သည့်အစားအသောက်ဖြစ်ကြောင်း အကြောင်းကြားလာသည့်အတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ သွား‌ရောက်၍ စိစစ်စစ်ဆေးရခြင်း ဖြစ်ပါသည်။

      ဈေးကွက်စိစစ်ဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်ဖြစ်သည့် စစ်တွေမြို့ မြို့မဈေးအတွင်းမှ တွေ့ရှိသည့် ခြင်္သေ့မင်း အမှတ်တံဆိပ် ငရုတ်ဆီ ၊ Lucky Tiger အမှတ်တံဆိပ် ငရုတ်ဆီ နှင့် စူပါဆွိ အမှတ်တံဆိပ် သံပုရာ‌ပေါင်း၊ သံတွဲမြို့ ဒွါရာဝတီ မြို့မဈေးအတွင်းမှ တွေ့ရှိရသည့် Strawberry Natural Fruit အချိုရည်၊ Cream Soda Natural Fruit အချိုရည်၊ လိမ္မော် Juice ၊ Lychee Natural Fruit အချိုရည်တို့အား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စိစစ်ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။

     ဈေးအတွင်းရှိ စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား FDA မှအစားအသောက်နမူနာ လက်ကမ်းစာစောင်များအား ဖြန့်ဝေအသိပေးခြင်း၊ ဈေးကွက်တင်ရောင်းချမှုမရှိစေရေး အသိပညာ‌ပေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကုန်အညွှန်းအမှတ်အသားပါ၊ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင် တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်များ၌ မြို့နယ်ဦးစီးမှူးများသည် (၂၂.၄.၂၀၂၂) နေ့တွင် သက်ဆိုင်ရာမိတ်ဖက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ဈေးများသို့ ကွင်းဆင်း၍ Paris ဆပ်ပြာခဲ များတွင် ကုန်အညွှန်းအမှတ်အသားပါ၊ အလေးချိန်ဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

" ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေး"

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဧပြီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်အမှတ် အသားပြည့်စုံစွာ ဖော်ပြလာရေးအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအစားကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရန် (ဥပမာ-ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)အပြင် ကုန်စည်၏ အသားတင်ပမာဏ နှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့်ဖော်ပြရန်၊ ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အချင်အတွယ်ဖြင့် ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များ မှန်ကန်စွာ ရောင်းချ စေလိုကြောင်း၊ စားအုန်းဆီနှင့်အခြားဆီများ ရောစပ်ရောင်းချနေလျှင်လည်း ရောနှောမှုအချိုးအဆ ကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ စားသုံးဆီအမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာ စေရန် ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင်  လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်၏ အရည်အသွေးအချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန် လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီမှာ အခြေခံစားသောက်ကုန်ဖြစ်၍ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား အရည်အသွေးကိုအဓိကထား၍ ထင်ယောင်ထင်မှားမဖြစ်စေရန် ရောင်းချစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

မိုးညှင်းမြို့၊အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်းသားများအားစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးကျော်မိုးလွင်သည် မိုးညှင်းမြို့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားလျက်ရှိ သော အခြေခံမွေးမြူရေးနှင့်ကုသရေး စာတွေ့လက်တွေ့သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား(၁၆)ဦးအား ၂၀၂၂ခုနှစ်၊ ဧပြီလ၂၂ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဦးကျော်မိုးလွင်က စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံနှင့်ဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉၊ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေများ ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်(၈)ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်မှုများ၊ Digital ငွေကြေးဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၅)မျိုးကိုဖြန့်ဝေခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးဦးဆောင်၍ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်၊ စားသုံးဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင် နှင့် ဒုဦးစီးမှူး ဒေါ်ဖြူသီခိုင်၊ အငယ်တန်းစာရေး ဦးဝေယံဖြိုး တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လက်ကား အရောင်းဆိုင်များသို့  Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန် ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်(၄)ဆိုင်တို့အား သွားရောက်၍  ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဈေးကွက်အတွင်းတွင် Paris ဆပ်ပြာခဲများအား ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီ မှုမရှိဘဲ ရောင်းချနေသည်ဟု တိုင်ကြားလာခြင်းကြောင့် ယင်းဆပ်ပြာခဲများတွင် ကုန်အညွှန်း အမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးသွားရန် ရုံးချုပ်မှ အကြောင်းကြားလာမှုအရ လာရောက်စစ်ဆေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး Paris ဆပ်ပြာခဲများအား အလေးချိန် ချိန်တွယ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များ ကိုသာ မှာယူရောင်းချဖြန့်ဖြူးသွားရန် အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီရုံးခွဲ လိပ်စာ များ တောင်းယူခဲ့ခြင်း၊ စားသုံးဆီ ရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များအားလည်း ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်ကိုလည်း (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ (၆)လပြည့်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်၍ စားသုံးဆီဖြန့်ဖြူး ရောင်းချသူ များအနေဖြင့်လည်း ယခုချိန်မှစ၍ ပြင်ဆင်ရန်လိုအပ်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။           

DOCA(မကွေး)

ချောက်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီလက်လီ/လက္ကားအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် စားသုံးသူများ ဈေးကွက်အတွင်း အရည်အသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်ပစ္စည်း အတုအပကင်းစင်ရေး ဘေးကင်းလုံခြုံစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ချောက်မြို့ပေါ်ရှိ စက်ဆီ/ချောဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော အရောင်းဆိုင် (၈)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စက်ဆီ/ချောဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးအာမခံချက်ရှိသော ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(PPRD)မှ တရားဝင်ခွင့်ပြုထားသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချ ရန်၊ တရားမဝင်လုပ်ငန်းလိုင်စင်မရှိဘဲ စျေးကွက်အတွင်း အရည်အသွေးနိမ့် စက်ဆီ/ ချောဆီများ ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက်  အခွန်အခများနစ်နာခြင်း၊ စားသုံးသူများ၏ စက်ပစ္စည်းများ၊ အချိန်မတိုင်မှီ ပျက်စီးမှုများဖြစ်ပေါ်စေသောကြောင့် စက်ဆီ/ချောဆီအတုအပများအား ဆိုင်တင်ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် တရားမဝင်စက်ဆီ/ချောဆီစျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

            ယခုကဲ့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူများ အရည်အသွေးပြည့်မှီ၍ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည့်ဖြစ်ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ