Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

        ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ်အတွင်း စားသုံးသူများ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်    လစဉ်ဆောင်ရွက်လျှက်ရှိရာ (၂၁.၁၂.၂၀၂၂) ရက်နေ့ ၊  နံနက်(၉:၀၀)နာရီအချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ပြည်မြို့ မြို့မ စည်ပင်သာယာဈေးအတွင်းရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်မျိုးစုံ ဆိုင်များနှင့် အလှကုန် ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကုန်စည်များ၏ ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများကို ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် FDA ဌာနမှ နမူနာပစ္စည်းရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သထုံမြို့ ကောင်းပြည့်ဖြိုးဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          မွန်ပြည်နယ် သထုံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ၂၀.၁၂.၂၀၂၂ ရက်နေ့ တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ ကောင်းပြည့်ဖြိုး ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်  ဦးဝင်းဌေးအောင်နှင့်တွေ့ဆုံကြောင်း သိရပါသည်။

      အဆိုပါ ကောင်းပြည့်ဖြိုးဆန်စက်ပိုင်ရှင် ဦးဝင်းဌေးအောင်မှ ဆန်စက်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုများရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးအောင်ကျောင်မင်း (ဦးစီးအရာရှိ) မှ စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များအား လိုက်နာစေရေး၊သန့်ရှင်းမှုရှိစေရေး၊ စားသုံးသူအလေးထားဆောင်ရွက်ရေးထုန်ကုန် များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်အခြေအနေ၊ လက်ရှိဈေးနှုန်း အတက်အကျနှင့် ထုပ်ပိုးမှု အပိုင်းတွင်လည်း မိမိဆန်စက်၏ အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့အား ရိုက်နှိပ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဌာနမှထုတ်ဝေပေးသော စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပဲခူးမြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ကျင်းပပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းတို့သည် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန၌ ၂၃.၁၂.၂၀၂၂ ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်း အမှတ်အသားခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို Talk Show အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည် ။

          ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းက ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား၏ အ‌ရေးပါပုံများ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဥပဒေပုဒ်မ များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရေးအတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( CICC ) များ ဖွင့်လှစ်ထားရှိ၍ တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပြီး ဆွေးနွေးပွဲအပြီးတွင် ပဲခူးမြို့နယ်အတွင်းရောင်းချနေသော ကုန်စုံဆိုင်များရှိ သွားတိုက်ဆေးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခြင်း

       ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးကျော်မြင့် (ဦးစီးအရာရှိ)ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်သောအဖွဲ့သည်(၂၁-၁၂-၂၀၂၂) ရက်နေ့မှ (၂၃-၁၂-၂၀၂၂) ရက်နေ့ အထိ နေ့စဉ် နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များဖြစ်သော ကံပိုင်ရပ်ကွက်၊ ဂူတာရပ်ကွက်၊ သိမ်တောင်ရပ်ကွက်၊ ချောင်းကောက်ရပ်ကွက်ရှိ စားသောက်ကုန် ရောင်းချသည့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ယင်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကုတ် ခရိုင်ဦးစီးမှူး ဦးကျော်မြင့်(ဦးစီးအရာရှိ)သည် စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး၊ စားသုံးသူများအခွင့်အရေးမဆုံးရှုံးစေရေးအတွက် မိမိတို့ ဦးစီးဌာနအနေဖြင့် ပြဌာန်းထားရှိသော စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် နည်းဥပဒေများအရ  ပြဌာန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များနှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များထုတ်ကုန်လုံခြုံစိတ်ချရမှုစေရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရယူသုံးစွဲနိုင်ရေးအတွက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ဒိုက်ဦးမြို့ အထက (၁)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

             စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် လက်ထောက်ပညာရေးမှူးတို့နှင့် ပူးပေါင်း၍ ၂၁.၁၂.၂၀၂၂ ရက်နေ့  ၊ နံနက်ပိုင်းက ဒိုက်ဦးမြို့  ၊ အထက (၁) တွင် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းတွင်  စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ /ဆရာမ (၁၀)ဦး နှင့် ကျောင်းသားကျောင်းသူ ၁၅၀ ဦးတက်ရောက် ခဲ့ပါသည်။

              အဆိုပါ ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/မရှိကို ဆရာ /ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ သိရှိနိုင်စေရန် နှင့် ဖတ်ရှု လေ့လာတတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်း များသည် ပဲခူးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၁.၁၂.၂၀၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့ ၊ ပဲနွယ်ကုန်းမြို့အတွင်းရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင် များတွင် ရောင်းချနေသော ဓာတ်မြေသြဇာများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဓာတ်မြေသြဇာများတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ၊  စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ကုန်ပစ္စည်းများအား မရောင်းချကြရန် ဆိုင်ပိုင်ရှင် များအား  အသိပညာပေးပြောကြားခဲ့ခြင်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာထုပ်ပိုးမှု (သို့မဟုတ်) ထည့်သွင်းထားသည့် ပစ္စည်းများပေါ်တွင် မြေသြဇာဥပဒေပါ ပါဝင်ရမည့်အချက်များကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် ၊ တောင်သူများနှင့်  ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့ ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံစီးပွား ဖွံ့ဖြိုးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သာယာဝတီခရိုင်အတွင်း နွေစပါး (၅၀၈၇၉) ဧကအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် လုပ်ငန်းကြီးကြပ်မှု ကော်မတီများ ၊ လုပ်ငန်းရှင်များ ၊ တောင်သူအစုအဖွဲ့များ ညှိနှိုင်းပေါင်းစပ်၍ စိုက်ပျိုး ဆောင်ရွက် သွားမည်ဖြစ်ရာ အစည်းအဝေးပွဲကို ၂၁.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက်  ၁၀ : ၃၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

        အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ၊ ခရိုင်/မြို့နယ် လုပ်ငန်း ကြီးကြပ်မှု ကော်မတီများ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ၊ မြို့နယ်များမှ စိုက်ပျိုးရေး ဦးစီး ဌာနမှူး ၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးများ ၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များ ၊ လုပ်ငန်းရှင် ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး သာယာဝတီ ခရိုင်အတွင်း နွေစပါးလျာထားဧကထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်အတွင်း ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်ရှိ တီစူးအာလူးကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်မှ တီစူးအာလူးကြော်လုပ်ငန်းအနေဖြင့် ရွှေဘိုမြို့ရှိ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည်မှာ (၅)လခန့်သာရှိသေးကြောင်း၊ အာလူးကြော်ရာတွင် တရုတ်အာလူးများအသုံးပြု၍မရဘဲ ရှမ်းပြည်ထွက်အာလူးများကို အသုံးပြုကြောင်း၊  အာလူးကြော်ရန်အတွက် ပထမဦးစွာအာလူးကို အခွံနွာပြီးခြစ်နှင့်ခြစ်၍ ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး ရေကြည်ပါက ဆားရေဖြင့် ၁၅မိနစ်၊ မိနစ်၂၀ကြာစိမ်ရကြောင်း၊ ဆားရေဖြင့်စိမ်ပြီးသောအာလူးများကို သန့်စင်သော သံဇကာဖြင့်ရေစစ်ထားပြီး အချိုမှုန့်အနည်းငယ်ဖြင့်ရောနယ်၍ မြေပဲဆီသန့်ကို အသုံးပြုပြီးကြော်ကြောင်း၊ မြေပဲဆီသန့်ကိုအသုံးပြုသဖြင့် တစ်လခန့်အထားခံကြောင်း၊ အာလူးကြော်များကို အထုပ်တွဲများပြုလုပ်၍ ရောင်းချခြင်းမဟုတ်ဘဲ ပလပ်စတစ်ဘူးများဖြင့် ထည့်သွင်းရောင်းချကြောင်း၊ လက်လီ(၁၂၀ဝိ/-)တန်နှင့် လက်ကား(၁၁၀ဝိ/-)တန်ဘူး၊ လက်လီ(၄၅၀ဝိ/-)တန်နှင့် လက်ကား(၄၂၅ဝိ/-)ဘူးနှစ်မျိုးသာ ပြုလုပ် ရောင်းချကြောင်း၊ ယခုလတ်တလောအချိန်တွင် ရွှေဘိုမြို့ရှိ လက်လီ/လက်ကားရောင်းချသည့် ဆိုင်(၁၀)ဆိုင်ခန့်သာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များရယူဆောင်ရွက်လိုပါက သက်ဆိုင်သည့်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှလည်း ယခုအချိန်တွင် မိသားစုတစ်နိုင်တစ်ပိုင်ဆောင်ရွက်သည့် လုပ်ငန်းအဆင့်သာဖြစ်ပြီး မကြာမီအချိန်တွင် လုပ်ငန်းတိုးချဲ့ပြီး လိုအပ်သောလုပ်ငန်းလိုင်စင်များပြုလုပ် ဆောင်ရွက်မည့်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ဓာတ်မြေဩအတုများ ရောနှောရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ICP Shwe Me Fertilizer Co, Ltd သည် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဇာ အိတ်ခွံများထဲတွင် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ပြန်လည် ထုပ်ပိုးပြီး အိုင်စီပီ မြင်းပျံမြေဩဇာအတုများ ပြုလုပ်၍ ဈေးကွက်ထဲတွင် လိမ်လည်ဖြန့်ဖြူးရောင်းချနေ ကြောင်း တိုင်ကြားလာပါသဖြင့် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး၍ ပြန်လည်တင်ပြရန် ညွှန်ကြားလာမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူးနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၂၁.၁၂.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များဖြစ်သော ဓနအောင်စံ၊ ဇွဲမာန်၊ ခိုင်ဖုန်း၊ မြင်းကျား၊ ပြင်ဦးလွင်၊ ဝက်ရဲ၊ မြပုလဲ စသည့်ဆိုင်များသို့ သွားရောက်၍  မြင်းပျံဓာတ်မြေဩဇာများ တင်သွင်းခြင်း၊ ရောင်းချနေခြင်း၊ ဝယ်ယူခြင်းများ ရှိ/မရှိ သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာများသည် မိမိတို့ဒေသတွင် အသုံးနည်းသဖြင့် ရောင်းချသည့်ဆိုင်များမှ ရောင်းချမှု မရှိကြောင်း၊ ဝယ်ယူသူများလည်း မရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော

       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းကို ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂ဝ)ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါသင်တန်း၌ စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို ပါဝင်ဟောပြော ဆွေးနွေးခဲ့ပါသည်။

       စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေ ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ကပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) မှာ (က)ကုန်စည်၏ တံဆိပ်အမှတ်အသား၊ (ခ)ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ)ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဃ)ပြည်တွင်းသို့ တင်သွင်း လာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊(င)ထုတ်လုပ်သည့်နေရာသို့မဟုတ်ပြည်ပမှကုန်စည်များတင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့် နေရာ၊ (စ)ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ (ဆ)ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဇ)သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထား သော အချက်အလက်များ ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူ များကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေ တစ်ခုဖြစ်ပါ ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးများရှိ ကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ