Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီကြိတ်စက်များ ကြိတ်ခွဲထုတ်လုပ်ရောင်းချနေမှုကွင်းဆင်းလေ့လာဆွေးနွေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၅-၁-၂၀၂၃) ရက်နေ့တွင် စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချ နေသော ဇီးကုန်းမြို့နယ် သမဝါယမအသင်းလီမိတက်ဆီစက်သို့သွားရောက်၍ ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့် ကုန်ကြမ်းရရှိမှုအခြေအနေတို့အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

       သမဝါယမအသင်းလီမိတက် ဆီစက်၊ တာဝန်ရှိသူအသင်း ဥက္ကဋ္ဌ ဦးသန်းညွန့်ထံမှ ဆီစက်ကို (၂၄-၁၂-၂၀၂၂) နေ့တွင် စတင်လည်ပတ်ခဲ့ကြောင်း ၁ ရက်လျှင် မြေပဲ ၇ တင်းခန့်နှင့် နှမ်း ၁၅ တင်းခန့်ကြိတ်ခွဲပြီး မြေပဲဆီ ၅၆ ပိဿာနှင့် နှမ်းဆီ ၉၅ ပိဿာခန့်ထွက်ရှိပြီး ၁ရက်လျှင် စုစုပေါင်းပိဿာချိန် ၁၅၁ ပိဿာထုတ်လုပ်ကြောင်း၊ လုပ်သား(၂) ဦးဖြင့် ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ထားရှိကြောင်း၊ ကုန်ကြမ်းဖြစ်သော မြေပဲဆီဆံ ၁ ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းနှင့် နှမ်း ၁ ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းတို့ဖြင့် ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်ရှိ ပွဲရုံများမှ ဝယ်ယူကြိတ်ခွဲရပြီး မြေပဲဆီဆံ ၁ ပိဿာလျှင် ဆီ ၃၈/၄၀ ကျပ်သား ၊ နှမ်း ၁ ပိဿာလျှင် ဆီ၄၂ ကျပ်သားထွက်ရှိပြီး ၁ လလျှင် စုစုပေါင်း ပျှမ်းမျှဆီပိဿာ ၄၀၀ ပိဿာခန့်ထုတ်လုပ်နိုင်၍ ဆီကန်များကိုလည်း သီးသန့်ထားရှိကြောင်း၊ ဈေးကွက်ရောင်းချဖြန့်ဖြူးမှုအနေဖြင့် တိုင်းသမဦးစီးဌာန၏ ညွှန်ကြားချက်များအရ သမအသင်းဌာနသို့ မြေပဲဆီ ၁ ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ နှမ်းဖက်/ပဲဖက်များကို မြို့နယ် စားသုံးများကဝယ်ယူပြီး နှမ်းဖက် ၁ ပိဿာလျှင် ၂၁၀၀ ကျပ်နှုန်း၊ မြေပဲဖက် ၁ ပိဿာလျှင် ၂၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း တွင်ကျယ်စွာကြိတ်ခွဲနိုင်ပါက ပဲ/နှမ်း ဒိုင်များသို့ တင်ပို့ရန်ဈေးကွက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူများ အသိပညာတိုးပွားစေဖို့ စားသုံးသူကာကွယ်ရေး အသိပညာများပေးကြပါစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်တို့သည် (၂၄-၁-၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်စေရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ (အ-မ-က)ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စာသင်ကျောင်းမှ ဆရာ/ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ(၄၃)ဦးနှင့် မိဘပြည်သူ (၉)ဦး စုစုပေါင်း (၅၆) ဦးတက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာပါက ထုတ်လုပ်သူရော စားသုံးသူပါ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားများဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

      ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က ဆွေးနွေးရာတွင် စားသုံးသူ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူ သည့်ကုန်စည်များတွင် အာမခံချက်ပေးထားမှုများပါရှိပါက အာမခံမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်ရေးများကို သိရှိစေရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မှန်ကန်ပြည့်စုံသည့်အထောက်အထားများနှင့်အတူ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် လာရောက်တိုင်ကြားခြင်းဖြင့်ကုစားမှုများ ပေးနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဟောပြောဆွေးနွေးမှုများအား ဦးစီးမှူး ဦးဇော်ထွန်းဦးက ပြန်လည်ဆွေးနွေးခြင်းနှင့် မိဘပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ ဟောပြောမှုအား နားလည် မှုစွမ်းရည်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( မကွေး)

ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နှင့်ဆိပ်ဖြူမြို့တို့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ရည်ရွယ်၍ (၂၄-၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ် ကျွန်ညို(ရွာသစ်)ကျေးရွာ အ-မ-က စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၅) ဦးနှင့် ကျောင်းသားမိဘ (၂၅) ဦး စုစုပေါင်း (၅၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

      အသိပညာပေးဟောပြောပွဲတွင် ကျွန်းညို(ရွာသစ်) အ-မ-က စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒု-ဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များနှင့် အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး ကုန်အညွှန်းအမှတ်အသားမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် သုံးစွဲသင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၉)ပါ စားသုံးသူများတွင်ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်နှင့် တိုင်ကြားနိုင်ခွင့်များ၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တွင်လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

       ထို့အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၂၄-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ရည်ရွယ်၍ ဆိပ်ဖြူမြို့ အ-မ-က(ယောဝ) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၁၂)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၄၈)ဦး စုစုပေါင်း (၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ကုစားနိုင်ခွင့်များသိရှိစေရန် အကျယ်တဝင့်ဆွေးနွေးရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သရက်ခရိုင်၊ ကံမမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကံမမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များဖြင့်ပူးပေါင်း၍ ကံမမြို့၊ ရပ်ကွက် (၁/၂/ ၃/၄)ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်အား ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသောပစ္စည်းများ၊ သုံးစွဲရန်မသင့် တားမြစ်ထားသော ပစ္စည်းများနှင့် သက်တမ်းလွန်ပစ္စည်းများကို ဆိုင်တင်ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံသည့် ဆေးဝါးနှင့်ဆေးပစ္စည်းများသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားများရွေးချယ်တတ်စေရေး မိဘပြည်သူများအား အသိပညာပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၁-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ နယ် ဆယ်ရွာကျေးရွာ၊ အ-မ-က (၅၆) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၇၀) ဦး၊ကျောင်းသားမိဘ (၆၅) ဦးနှင့် ဆရာ/ဆရာမ (၈) ဦး၊ စုစုပေါင်း (၁၄၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

       ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များအား ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အား တက်ရောက်လာသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများအား ရှင်းလင်းလွယ်ကူသိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်းမပြုသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် ရောင်းချစေချင်၊ သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ပါ ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းရမည့်အချက်များပါဝင်နိုင်ရေး ဌာနမှသွားရောက်ဆွေးနွေးအသိပညာပေးကြောင်း၊ သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ဒုဦးစီးမှူး ဒေါ်ပပရွှေက အခန်း (၉) ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်ကို စားသုံးသူပြည်သူများ သိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများကိုသိရှိမှသာ မိမိတို့အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ၎င်းရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊ ထို့အပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ တက်ရောက်လာသည့် မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်၌ စားသောက်ကုန်ထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လုပ်ငန်းရှင်များအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၉-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်နှင့် (၂၃-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့ပေါ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ်က တွေ့ရှိခဲ့သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ပခုက္ကူမြို့ရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်(၈)ဦးထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

        ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စု (က) ရှိအစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)                                      

နိုင်ငံစီးပွားမြှင့်တင်ဖို့ နွေစပါးစီမံကိန်းတွင်ပါဝင်စို့

         နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တစ်နိုင်ငံလုံး စိုက်ပျိုးမည့် နွေစပါးစိုက်ဧက (၈၅၀,၀၀၀)တွင် မကွေးတိုင်းဒေသကြီးမှ  ဧက(၂၅၀၀၀)စိုက်ပျိုးရန်သတ်မှတ်ခဲ့ပြီး ပွင့်ဖြူမြို့နယ် အနေဖြင့် ဧက(၁၅၀၀၀) စိုက်ပျိုးရန် လျာထားခဲ့ရာ အချိန်မီလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ (၂၁.၁.၂၀၂၃) ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဖလံတောကျေးရွာ အုပ်စုသို့ သွားရောက်ကွင်းဆင်း၍ စိုက်ပျိုးမည့်တောင်သူများနှင့် ဆွေးနွေးခဲ့ပါသည်။

           အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီမှ  ပွင့်ဖြူမြို့နယ်သည် မဲဇလီ ရေလွှဲဆည်မှတဆင့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး နှစ်သွယ်မှ ဆည်ရေများ ရရှိပြီး ရေခံမြေခံကောင်းများရှိပါသဖြင့် မကွေးတိုင်းဒေသကြီး၏ နွေစပါးစိုက်ဧက (၅)ပုံ (၃)ပုံအား  တာဝန်ယူစိုက်ပျိုးရခြင်း ဖြစ်ပါကြောင်း၊ တောင်သူတစ်ဦး ခေါင်းဆောင်သော (၁၀)ဦးအဖွဲ့ (၁)ဖွဲ့  ဖွဲ့ပေး ခြင်းများအားလည်း အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖွဲ့စည်းပေးနိုင်ရေး၊ သွင်းအားစုများကိုလည်း တောင်သူလက်ဝယ်အမြန်ရရှိနိုင်ရေး၊ သွင်းအားစုကုမ္ပဏီများနှင့်လုပ်ဆောင်ရမည့်အချက်များ၊ နွေစပါးပေါ်ချိန်တွင် ဝယ်ယူကြိတ်ခွဲမည့် အဖွဲ့မှဝယ်ယူမည့်အစီအစဉ်များ၊ ဆည်မြောင်းမှရေပေးဝေမှု အခြေအနေများ၊ စီမံကိန်းတွင် တောင်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ ကျေးရွာအုပ်စု(၂၀)၊ ကွင်းပေါင်း(၇၉)ကွင်း၊ ဦးပိုင် ပေါင်း(၆၆၃၃) နှင့် ဧကပေါင်း(၁၅၀၀၀) စိုက်ပျိုးရမှာဖြစ်ပါကြောင်း မိမိတို့မြို့နယ်မှ တောင်သူများ အားလုံးပူးပေါင်းပါဝင် ပေးကြပါရန်နှင့်  စီမံကိန်းပါ အချက်အလက်များ အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

            ပွင့်ဖြူမြို့နယ် နွေစပါးစီမံကိန်းတွင် ပါဝင်သောစိုက်ပျိုးမည့် တောင်သူများအနေဖြင့် တောင်သူအစုအဖွဲ့များဖွဲ့၍ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် မှန်ကန်သော မျိုး၊ မြေဩဇာများကို အရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ နိုင်ငံတော်မှ တစ်ဧက လျှင်ကျပ်(၂)သိန်းနှုန်း ထုတ်ချေးမည့်ငွေမှ ကျခံသုံးစွဲ သွားမည့်ဖြစ်ကြောင်း၊ ရောင်းချသည့်အချိန်တွင်လည်း တစ်ဦးချင်းရောင်းချခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာများမှ ကြီးကြပ်၍ စက်ပိုင်အစုအဖွဲ့များသို့ ရောင်းချရမည်ဖြစ်၍ ဈေးနှုန်းမှန်ကန်ခြင်း အလေးချိန်မှန်ကန်ခြင်း အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ရမည် ဖြစ်၍ “ကုသိုလ်လဲရ ဝမ်းလည်းဝ” ၍ အကျိုးကျေးဇူးများမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

စာသုံးသူကာကွယ်ရေးအသိပညာများရရှိဖို့ စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောဆွေးနွေးစို့

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြတ်မင်းနှင့်အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော် တို့သည် (၂၄.၁.၂၀၂၃)ရက်နေ့ နံနက်(၀၉:၁၅)အချိန်တွင်  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို သိရှိစေရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အမှတ်(၆၂)ကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စာသင်ကျောင်းမှ ဆရာ/ဆရာမ(၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၅၅)ဦး၊ မိဘပြည်သူ(၄၅)ဦး စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

          ဦးစီးမှူး ဦးမြတ်မင်းက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ စားသုံး သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ ကိုပြဌာန်းထားကြောင်း၊ စားသုံးသူ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းဆွေးနွေးခြင်း၊ စားသုံး သူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ကုန်စည်များတွင် အာမခံချက်ပေးထားမှုများပါရှိပါက အာမခံမှု အပေါ် တောင်းဆိုနိုင်သည့် အခွင့်ရေးများကို သိရှိစေရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မှန်ကန် ပြည့်စုံသည့် အထောက်အထားများနှင့်အတူ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် လာရောက်တိုင် ကြားခြင်းဖြင့်ကုစားမှုများပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။

          အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က ဆွေးနွေးရာတွင်အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်ပေါ်တွင်ထည့်သွင်းရမည့်အချက်အလက်များ ပါဝင်သော အစားအသောက်များကို ဝယ်ယူသုံးစွဲမှသာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူမိဘပြည်သူများ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားများဖြစ်ထွန်းမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းက မိဘပြည်သူများမှသိရှိလိုသည်များ  မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့်နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ ဟောပြောမှုအား နားလည်မှုစွမ်းရည် မေးမြန်းခြင်းနှင့်စားသုံးသူကာကွယ်ရေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)         

စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမတွင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) အစည်းအဝေး ကျင်းပ

          ချင်းပြည်နယ်အတွင်းရှိ စာသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (သောကြာနေ့) ညနေ (၀၃:၀၀) နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်၂၀၂၂ခုနှစ်အတွင်း စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နေမှုများသည် ပြည်သူများအတွက် အမှန်တကယ်အကျိုး ရှိသည်ကိုတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာကဏ္ဍတွင် အားနည်းချက်များစွာရှိသည်ကို တွေ့ရပါသဖြင့် စားသုံးသူရေးရာကော်မတီအနေဖြင့် ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုကာ စိတ်ရင်းစေတနာဖြင့် အသိပညာပေးခြင်း၊ ကြိုတင်အသိပေးခြင်း၊ ကြိုတင်တားဆီးကာကွယ် ပေးခြင်း နှင့် ဈေးကွက်အတွင်း စောင့်ကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လစဉ် ကွင်းဆင်း ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း  သိရသည်။

 

DOCA(Chin)

 

ကျိုက်မရောမြို့နယ်၊အလက(ခွဲ) နိတုံကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့်ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၆ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အလက(ခွဲ) နိတုံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် ဝယ်ယူအသုံးပြုတတ်စေရန်အချက်များ၊ ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဌာန်းချက်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျှင် တိုင်ကြားနိုင်မည့်လူပုဂ္ဂိုလ်များတိုင်ကြားနိုင်မည့်နည်းလမ်းများ၊ပြန်လည်ကုစားခွင့်ရှိသည့်အကြောင်းအရာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲ သို့ ဆရာ၊ဆရာမ ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ