Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား၌ စားသုံးသူအသိပညာပေးဟောပြောခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်မှ ၁၇ ရက်နေ့ထိ ၁၀ ရက်ကြာ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်မှ ဇူလိုင်လ ၇ ရက်ထိ တစ်လကြာ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို သင်တန်းသား (၂၀)ဦးဖြင့်လည်းကောင်း အရာတော်မြို့နယ်၊ နဘဲလှကျေးရွာ ကမ္ဘာ့ဧကရာဇာသာသနာအေးရိပ်သာကျောင်း၌ ၂၀၂၁ ခုနှစ် ဇွန်လ(၈)ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အရာတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မိတ်ဖက်ဌာန အသီးသီးမှ တာဝန်ရှိသူ (၁၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲထွဋ်နိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ၊ စားသုံးသူများအနေဖြင့် သိရှိလိုက်နာရမည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးပါက မိမိတို့ ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ ဌာနပိုင် Website မှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

တရုတ်ဝယ်လက် မရှိတဲ့ စိန်တလုံးသရက်

             ကသာခရိုင်၊ ကသာမြို့နယ်တွင် စိန်တလုံးသရက်စိုက်ဧက (၆၀၀၀)ကျော်ရှိပြီး ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတဆင့် တရုတ်ဈေးကွက်ကို တင်ပို့နိုင်မှုမရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရသည်ဟု သိရှိရသည်။

       စိန်တလုံးသရက်ခြံများ၌ တစ်ဧကလျှင် အပင်(၃၀)စိုက်ပျိုးပြီး အပင်လတ် ရှစ်နှစ်သားအရွယ် တစ်ပင်လျှင် အသီး(၁၅၀)ကျော်သီးပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပေါင်းရှင်း၊ ပိုးသတ်၊ အားဆေးကျွေး၊ အိတ်စွပ်၊ ခူးဆွတ်ခများ အပါအဝင် (၄)သိန်းနီးပါး ကုန်ကျကြောင်း၊ တရုတ်ဝယ်လက် မရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်း၊ တနှိုင်း၊ ဖားကန့်နှင့် ဗန်းမောက်မြို့နယ် ဈေးကွက်များကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း သရက်ခြံ လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

                                                                                                 စားသုံးသူရေးရာဦးစီးဌာန

                                                                                                    ကသာခရိုင်ဦးစီးမှူးရုံး

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့၊ အစည်းအဝေသို့ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး တက်ရောက်ဆွေးနွေး

          မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်သည် ၁၀.၆.၂၀၂၁ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်သည့်  COVID-19  သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ချေးငွေ ရယူထားသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

          အစည်းအဝေးတွင် COVID-19 သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၏ လမ်းညွှန်ချက်များအား မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလင်းအောင် က ထပ်ဆင့်ရှင်းလင်းပြီး သထုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကိုယ်စား ဦးမင်းတင့်လွင် (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်) မှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ တက်ရောက်လာသူ လုပ်ငန်းရှင်များမှ ဆွေးနွေးခြင်းများအား စိစစ်ကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး (မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး) မှ ပြန်လည်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ဖြည့်သွင်းရမည့် အချက်အလက်ပုံစံများကို ဖြည့်သွင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်(DOCA)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲများတင်ပို့ရေးအတွက် ကုမ္ပဏီများမှတ်ပုံတင်ခွင့် ရရှိရေးဆိုင်ရာသင်တန်း

ရန်ကုန်၊ (၁၆.၆.၂၀၂၁)

           တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့ခွင့်ရရှိရန် လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာသင်တန်းကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် မြန်မာလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO) Studio ခန်းမ၌ Zoom ဖြင့် ကျင်းပပြုလုပ်ခဲ့ ရာ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့ရန် လျှောက်ထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့် Protocol များကိုလည်းကောင်း၊  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ ဆန်စက်သိုလှောင်ရုံများအား ကွင်းဆင်းစိစစ်မည့် အချက်အလက်များကိုလည်းကောင်း၊ ယခင်နှစ်အစစ်ဆေးခံကုမ္ပဏီများက ၎င်းတို့၏ ဆန်/ဆန်ကွဲတင်ပို့ခြင်း အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအာယုက ဆန်/ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများနှင့် ဆန်စက်များ တရုတ်နိုင်ငံ(The General Administration of Customs of the People's Republic of China - GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများက ပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ITQM

ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ

         စားသုံးသူရေးရာဦးစီးဌာန   ပဲခူးခရိုင်အတွင်း ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ    ပြည့်စုံစွာ ဖော်ပြပါရှိစေရန်နှင့် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်   အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒိုက်ဦး မြို့နယ်ဦးစီးမှူးရုံး၌   (၉.၆.၂၀၂၁) ရက်နေ့တွင် ဒိုက်ဦးမြို့နယ် ရှိ     စီးပွားရေးလုပ်ငန်းရှင်    (၃၅)ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့အားဖိတ်ကြား၍    စားသုံးသူကာကွယ်ရေးဥပဒေပါ   ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးက ၂၀၁၄ခုနှစ်တွင် စားသုံးသူအကာအကွယ် ပေးရေးဥပဒေ ကို စတင်ပြဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူပြည်သူများ ရရှိမည့်အခွင့်အရေးများ သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိကြောင်းနှင့်   စီးပွားရေးလုပ်ငန်းရှင်များ   အနေဖြင့် လိုက်နာရမည့်တာဝန်  ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်  ဆွေးနွေးပွဲများပြုလုပ်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးက ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ   စားသုံးသူရေးရာဌာနခွဲတာဝန်ခံ  ဦးအောင်သိုက် (လက်ထောက်ညွှန်ကြားရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ တားမြစ်ချက်များ၊    ကုန်စည်နှင့်    ဝန်ဆောင်မှုများပေါ်တွင်    အာမခံချက်ပေးရမည့်     အကြောင်းအရာများကို လည်းကောင်း ၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်ပေါ်တွင်ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း နှင့်   စပ်လျဉ်း၍    ကုန်စည် အမျိုးအစား အလိုက်   သတ်မှတ်ချက်များနှင့်အညီ    ဖော်ပြပါရှိရေးကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေး‌နွေးခဲ့ပြီး လုပ်ငန်းရှင်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက်ဖော်ပြပါ သိုလှောင်ရုံနှင့် မြေတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

                      (၁)နှစ်သက်တမ်းငှားရမ်းခြင်း

Lot -1      (က)  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ မြေ (၉၀' x ၅၀') နှင့် မြေ(၇၉' x ၈၂')

                      (၃)နှစ်သက်တမ်းငှားရမ်းခြင်း

Lot-2       (ခ)   မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုလှောင်ရုံ အမှတ် (၁၁) (၁၅၀x၆၀) (သွပ်၊ သွပ်၊ ကွန်)

              (ဂ)   တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၅.၆.၂၀၂၁) ရက်မှ (၁၄.၇.၂၀၂၁)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (ဃ) တင်ဒါပုံစံရောင်းချရန်               - (၁၄.၇.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                

              (င)   တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၁၅.၇.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ

              (စ)   တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (ဆ) စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (ဇ)   တင်ဒါစည်းကမ်းချက်များ         - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (ဈ)တင်ဒါပုံစံရောင်းချမည့်နေရာ        - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့၊

                                                                         တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့။

              (ည) Deposit ပေးသွင်းမှု                 - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဒေသထွက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုရှိစေရေး ဆွေးနွေးဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင်အတွင်း၌ ထုတ်လုပ်သည့်ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာ ဖော်ပြပါရှိစေရန် ရည်ရွယ်၍ သာယာဝတီခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၄.၅.၂၀၂၁)ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင်  လက်ပံတန်းမြို့နယ်ရှိ     စီးပွားရေးလုပ်ငန်းရှင်(၃၀)ဦးအားလည်းကောင်း၊  (၂၀.၅.၂၀၂၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သာယာ၀တီမြို့နယ်တာ၀န်ခံရုံးခန်းမ၌ သာယာ၀တီမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် (၂၅)ဦးအားလည်းကောင်း၊ ဒေသထွက်ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ပဲကြီးလှော်လုပ်ငန်း၊ ကရေကရာလုပ်ငန်းများ၊  ရေသန့်လုပ်ငန်းများ၊ ပေါင်မုန့်နှင့်ကိတ်မုန့်လုပ်ငန်းများ ၊ပဲကြော်၊ အာလူးကြော်၊ ငါးမုန့်ကြော် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအားဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေဆုံဆွေး နွေးခဲ့ပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်အကြောင်း အရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြပါရှိစေရေးကိုလည်ကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

“စံပြ” ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ ကွင်းဆင်းလေ့လာခြင်း

          သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ ကြက်မောက်သီး စိုက်ဧက (၄၃၇) ဧက၊ အောင်ဧက (၃၁၇) ဧက ရှိကြောင်းနှင့် အထွက်နှုန်းမှာ (၈၉,၀၀၀) ပိဿာခန့် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ စိုက်ဧကများအနက်မှ သထုံခရိုင်၊ သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ “စံပြ” ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၃.၆.၂၀၂၁ ရက်နေ့တွင် ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ခဲ့ရာ အဆိုပါ ဥယျာဉ်ခြံအတွင်း ကြက်မောက်သီး ဒေသမျိုး (၂) ဧကခန့် စိုက်ပျိုးထားရှိပြီး အပင်များ၏သက်တမ်းမှာ (၁၁) နှစ်ခန့် ရှိကြောင်း သိရှိရပါသည်။

          ကြက်မောက်သီးပင်များအား သဘာဝဓာတ်မြေဩဇာများ ဖော်စပ်၍ စနစ်တကျ စိုက်ပျိုးထားပြီး အရည်အသွေးကောင်းသော ကြက်မောက်သီးများ သီးပွင့် ရင့်မှည့်၍ ဒေသတွင်းသို့ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ဈေးနှုန်းအားဖြင့် အလုံးကြီး (၁) လုံးလျှင် (၈၀) ကျပ်၊ အလုံးလတ် (၁) လုံးလျှင် (၆၀) ကျပ်၊ အလုံးသေး (၁) လုံးလျှင် (၄၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ခြံရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

          ယခုအချိန်တွင် သထုံခရိုင်အတွင်း ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်လျှက်ရှိပြီး ဒေသတွင်းစားသုံးရန် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

 မွန်ပြည်နယ်(DOCA)

အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံ

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ် ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာခရိုင် ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် အရာတော်မြို့နယ်တာဝန်ခံရုံး၌ အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံခဲ့ပါသည်။

          အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလက အလုပ်အမှုဆောင်(၂၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အရာတော်မြို့နယ်တွင် သနပ်ခါး စိုက်ဧက(၆)သောင်းခန့်ရှိပြီး သနပ်ခါးမြို့တော် အရာတော်ဟုပင် တင်စားခေါ်ဝေါကြပါသည်။ အရာတော်မြို့ အဝင်တွင် သနပ်ခါးရောင်းသည့် ဈေးတန်းအဖြစ်လည်းကောင်း၊ သနပ်ခါးအသင်း အနေဖြင့်  သနပ်ခါးပွဲရုံအဖြစ်လည်းကောင်း ဖွင့်လှစ်၍ သနပ်ခါးတုံးများကို လက်လီ၊ လက်ကား ရောင်းချလျက်ရှိရာ အရွယ်အစား၊ အရည်အသွေး၊ အပင်အရှည်ပေါ် မူတည်၍ တစ်ပင်လျှင် ငွေကျပ် (၄,၀၀၀) မှ (၁၀,၀၀၀) ကြားထိ ပေါက်ဈေးအသီးသီး ရရှိပြီး တိုင်းဒေသကြီးအတွင်း ဈေးကွက်များအပြင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးများသို့လည်း အမှာစာများဖြင့် တင်ပို့ရောင်းချလျက်ရှိကြပါသည်။ အချို့ သနပ်ခါးအသင်းသားများမှာ သနပ်ခါးမှ တန်ဖိုးမြှင့် ထုတ်ကုန်   ( Value Added ) အဖြစ် ဘုရားဆင်တုတော်၊ စိတ်ပုတီး၊ အုပ်/ခွက်၊ အမြစ်မှုန့်၊ အပွေးမှုန့်၊ သနပ်ခါးဆပ်ပြာ၊ သနပ်ခါးရေမွှေး၊ ဆေးဝါးအဖြစ် အကြောပြေလိမ်းဆေး၊ နှလုံး အားတိုးဆေး စသည့်များ ထုတ်လုပ်ပြီး ဈေးကွက်များရှာဖွေရောင်းချလျက်ရှိကြပါသည်။  ယခု အချိန် တွင် COVID-19 ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အရောင်းအဝယ် ပါးလျက်ရှိကြောင်း သနပ်ခါးအသင်း အတွင်းရေးမှူးထံမှ သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်တွေမြို့ပေါ်ရှိ ငါးမုန့်(ပါပရာ)လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

        စစ်တွေမြို့ပေါ်ရှိ  ငါးမုန့်(ပါပရာ) ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြသော လုပ်ငန်းရှင်များနှင့် တေွ့ဆုံဆွေးနွေးခြင်းကို ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၃.၆.၂၀၂၁)နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  ငါးမုန့်(ပါပရာ) ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ၎င်းတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများပေါ်တွင် ကုန်းအညွှန်းအမှတ်အသားဖော်ပြခြင်းကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ လိုက်နာ ဆောင်ရွက်စေရန်ဖြစ်ပါသည်။

            ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်း၊ ပြည်နယ်စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဒေါ်အေးအေးသန်း၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်နှင်းအေးခိုင်၊ FDA မှ တာဝန်ရှိသူတစ်ဦးနှင့် စစ်တွေမြို့ပေါ်ရှိ ငါးမုန့်(ပါပရာ) လုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။

    ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ မတ်လ (၁၅)ရက်နေ့တွင် ပြဌါန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် ပြစ်မှုပြစ်ဒါဏ်များကိုလည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌါန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

      ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် စစ်တွေခရိုင်ဦးစီးမှူးတို့က ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ငါးမုန့်(ပါပရာ)တစ်မျိုးတည်းမဟုတ်ဘဲ လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များအားလုံးကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင်  စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ကိုဖွင့်လှစ်ပြီး လုပ်ငန်းရှင်နှင့် စားသုံးသူများအကြား စေ့စပ်ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းနေရာများသည်လည်း သန့်ရှင်းမှုရှိရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် FDA မှ တာဝန်ရှိသူကလည်း စားသုံးသူများ ဘေးဉပါဒ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေး GHP ၊ GMP နှင့်အညီထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ငါးမုန့်(ပါပရာ)စားသောက်ကုန်အား GHP နှင့်ညီညွတ်ပါက Chemical နှင့် Micro စစ်ဆေးပေးပြီး ထောက်ခံချက်ပေး၍ ရပါကြောင်း ပြောကြားခဲ့ပါသည်။

     လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သည့် ငါးမုန့်(ပါပရာ)လုပ်ငန်းသည် ရာသီချိန်ပေါ် မူတည်ပြီး မိုးဉီးကျ ငါးပေါများစွာရရှိသည့်အချိန်တွင်သာ ထုတ်လုပ်နိုင်ပြီး ဆောင်းဦးကာလတွင် အနည်းငယ်သာထုတ်လုပ်နိုင်သည့်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းသာ ဖြစ်ပါကြောင်း၊ တာရှည်ခံဆေးနှင့် ဓါတုဆေးဝါးများ သုံးစွဲထားခြင်းမရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌါန်းချက်များကိုလည်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်(DOCA)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ