Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်းရှိ မုန့်လုပ်ငန်းရှင်အား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဘူတာလမ်း၊ ရတနာမာရ်အောင်ရပ်ကွက်၌ ထုတ်လုပ်ရောင်းချနေသော မုန့်မျိုးစုံလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ မုန့်မျိုးစုံလုပ်ငန်းတွင် ပေါင်မုန့်၊ ကိတ်မုန့်နှင့် မုန့်ကြွပ်စသည့် မုန့်များကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြကြောင်း၊မိတ္ထီလာမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ မုန့်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့ စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်သာစည်မြို့အတွင်းရှိ (တောင်ကြီး-မိတ္ထီလာ)ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၁.၃.၂၀၂၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် ရှမ်းရွှေတောင် စက်သုံးဆီအရောင်းဆိုင်နှင့် Moon Sun စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီများအား သတ်မှတ်စျေးနှုန်းများအတိုင်းရောင်းချစေရေး၊ ပြည်သူလူထုလက်ဝယ်သို့ အမှန်တကယ် ရောင်းချစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး/အခြင်အတွယ်များ မှန်ကန်စွာရောင်းချစေရေး၊ ယာဉ်တစ်စီးချင်းအလိုက် ကုမ္ပဏီသတ်မှတ်ထားသည့်အတိုင်း ရောင်းချနေသည်။ သို့သော်လည်း ရောင်းချခွင့်ရရှိသည့် စက်သုံးဆီပမာဏအတိုင်း အမှန်တကယ်ရောင်းချစေရေး၊ အများပြည်သူသိရှိစေရန်အတွက် အထူးစျေးနှုန်း ဆိုင်းဘုတ်များကို ဆိုင်ရှေ့မျက်နှာစာများတွင် မြင်သာထင်သာအောင်ချိတ်ဆွဲထားစေရေးစသည်များအား အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

           

တောင်ငူမြို့ မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်းများသို့ ကွင်းဆင်းပညာပေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နေ့လယ် ပိုင်းက တောင်ငူမြို့ပေါ်ရှိ မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်း (Car Workshop & Auto Service Center) များသို့ သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းအတုအပများ အသုံးမပြုစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းဆက်စပ်လုပ်ငန်းရှင်များ အသင်းက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင် ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းတို့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသို့ တင်ပြလာပါကြောင်း၊ ၎င်းအတုအပ ပစ္စည်းများကို အသုံးပြုပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် (ဆ)တို့ကို ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိဒေသမှ မော်တော်ယာဉ်ပြုပြင်ရေး လုပ်ငန်းရှင်များ ဥပဒေအရ အရေးယူခံရမှုမရှိစေရေး အတုအပ ထုတ်လုပ်သည့်သူများက လာရောက်ကမ်းလှမ်းပါက ဝယ်ယူအသုံးမပြုမိစေရန်လိုအပ်ပါကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်းများကို ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ၂၃ ရက်နေ့တွင် အောက်တိန်း92 တစ်ဂါလံလျှင် (၉၆၀၀)ကျပ်၊ အောက်တိန်း95 တစ်ဂါလံလျှင် (၁၀၂၀၀)ကျပ်နှင့် ပရီမီယံဒီဇယ် တစ်ဂါလံလျှင် (၁၀၂၂၀)ကျပ်ထိ အသီးသီး ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းကာ အများပြည်သူသက်သာစေရေးအတွက် (၈.၂.၂၀၂၂)ရက်နေ့မှ ၈.၃.၂၀၂၂ရက်နေ့အထိ အထူးသတ်မှတ်ဈေးနှုန်းဖြင့် Asia Energy၊ BOC၊ Max(Monywa-1)၊ Denko(မုံရွာ-၁)၊ Denko(မုံရွာ-၂)နှင့် Denko(မုံရွာ-၃) စက်သုံးဆီဆိုင်တို့မှ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။

          မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်းများကို ယခင်လနှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီတစ်ဂါလံကို (၁၀၀၀)ကျပ်နှင့် ဒီဇယ်တစ်ဂါလံလျှင် (၁၂၅၀)ကျပ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။

တောင်ငူမြို့ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း က တောင်ငူမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွား ရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပ ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် (ဆ)တို့ကို ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ တရားဝင်လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာကို ဆုံးရှုံးစေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိခရိုင်မှ လုပ်ငန်းရှင်များ ဥပဒေအရ အရေးယူခံရမှုမရှိစေရေးအတွက် အတုအပ ထုတ်လုပ်သည့်သူများက လာရောက်ကမ်းလှမ်းပါက လက်ခံရောင်းချပေးခြင်းမပြုရန် လိုအပ်ပါကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးရှင်းလင်းခဲ့ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)

 

စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

        စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စစ်ဆေးရေးမှူးများမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ စားသုံးသူဘေးအန္တရယ်ကင်းရှင်းရေး စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်များအား စျေးကွက်အတွင်းမှပပျောက်စေရေးတို့အတွက် လုပ်ငန်းကျွမ်းကျင်မှုရှိသော စစ်ဆေး ရေးမှူးများ မွေးထုတ်ပေးနိုင်စေရန်ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွား သင်တန်းကို မတ်လ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

        ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးမှူးများခန့်အပ်တာဝန်ပေးပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးများနှင့်စပ်လျဥ်း၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး လိုအပ်သည့်အတွက် စစ်ဆေးရေးမှူးများလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားသင်တန်းသူများအနေဖြင့် ယခု သင်တန်းမှရရှိလာမည့် အသိပညာဗဟုသုတအသီးသီးကို စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးရှိရှိအသုံးပြုနိုင်ပြီး နိုင်ငံတော်နှင့်ပြည်သူများအတွက် အလေး ထားရသည့် တာဝန်ကျေပွန်သောဝန်ထမ်းကောင်းများအဖြစ် ရပ်တည်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

         ဆက်လက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့်မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီးသည့် စစ်ဆေးရေးမှူးတို့မှ တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား စစ်ဆေးရေးအရာရှိများ ၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လိုက်နာရမည့် လုပ်ငန်း တာဝန်များ၊ ဘေးအန္တရာယ်ရှိသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများတွေ့ရှိပါကဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းစဥ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ပါဝါပွိုင့်များဖြင့် အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းသင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလ တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း နောင်တွင်လည်း ယခုကဲ့သို့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကိ အခါအားလျော်စွာ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည်ခရိုင်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်တွင် မတ်လ ၉ ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့၊ ရွှေတောင်မြို့နယ်တွင် မတ်လ ၂၁ ရက်နေ့၊ ပေါင်းတည်မြို့နယ်တွင် မတ်လ ၂၄ ရက်နေ့၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် မတ်လ ၂၅ ရက်နေ့တို့၌ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များမှ ဈေးကွက်များအတွင်းရှိ ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ် ကုသဆေးဝါးများ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ အရည်အသွေးမီသော ဆေးဝါးများကိုသာ ရောင်းချမှုရှိစေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် သက်တမ်းလွန်ဆေးဝါးများအား သွယ်ဝိုက် ရောင်းချခြင်းများအား ရှောင်ကြဉ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးနှင့် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံတို့သည် မတ်လ ၃ ရက်တွင် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နီလာရိုးမစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မတ်လ (၁၇) ရက်တွင် ရတနာစက်သုံးဆီဆိုင်နှင့် မတ်လ (၁၈) ရက်တွင် Petro – K စက်သုံးဆီဆိုင်တို့သို့ လည်းကောင်း သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စက်သုံးဆီများအား ရရှိသောခွဲတမ်းများအတိုင်း အထူးဈေးနှုန်းဖြင့် သတ်မှတ်ထားသော အရေအတွက်အတွင်း ရောင်းချမည်ဆိုပါက စီးပွားရေးကျင့်ဝတ်စည်ကမ်းများနှင့်အညီ ရောင်းချကြရန်၊ အရည်အသွေးပြည့်မီသော စက်သုံးဆီများသာ ရောင်းချကြရန်၊ စားသုံးသူပြည်သူများအား မိမိတို့ ရောင်းချသည့် စက်သုံးဆီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ကုန်စည်များတရားမဝင်ကုန်သွယ်ရောင်းဝယ်မှုပပျောက်စေ ရန်နှင့် နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိစေရန် ရည်ရွယ်၍ ကလေး၊ ရွှေဘို၊ စစ်ကိုင်းနှင့် မုံရွာမြို့များတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှုအထူးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

          အဆိုပါ တရားမဝင်ကုန်သွယ်မှုအထူးတိုက်ဖျက်ရေးအဖွဲ့တွင် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အကောက်ခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ တရားမဝင်သစ်မျိုးစုံ၊ တိရိစ္ဆာန်(နွား)၊ ဂျုံမှုန့်၊ အင်ဂျင်စက်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှင့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများကို ဖမ်းဆီးရရှိကြောင်းသိရှိရပါသည်။ မတ်လအတွင်း ဖမ်းဆီးရရှိသည့်အမှုပေါင်း (၆၂) မှု ရှိရာ ကာလတန်ဖိုးအားဖြင့် (၁၅၈၆၉၉၅၄၀) ကျပ်ရှိကြောင်း သတင်းရရှိပါသည်။

မင်းပြားမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မှု

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်းနှင့် ဝန်ထမ်းများသည် ၂၅-၃-၂၀၂၂ နေ့ နံနက်( ၉:၃၀) နာရီအချိန်တွင် မင်းပြားမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောစားသောက်ကုန်များ၊ အလှကုန်ပစ္စည်များနှင့်ပတ်သက်၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ပူးပေါင်းပြီး စားသုံးသူပြည်သူများနေ့စဉ်ဝယ်ယူစားသုံးနေကြသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို သတင်းအချက်အလက်ပြည်စုံမှန်ကန်စွာဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ  ဖော်ပြထားခြင်း ရှိ/မရှိ နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

          မင်းပြားမြို့မြို့မဈေးအတွင်းရောင်းချနေသော လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော မြန်ဘာဘာသာဖြင့်ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ရောင်းချကြရန်၊ အကယ်၍ သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများအား ရောင်းချပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ (သို့မဟုတ်) သက်ဆိုင်ရာဌာနများမှ  စားသုံးရန်(သို့)သုံးစွဲရန် မသင့်ထုတ်ပြန်ထားသည့် သုံးစွဲသူမိဘပြည်သူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများအားလည်း ရောင်းချမှုမပြုလုပ်ကြပါရန် အသိပညာပေးဆွေးနွေးခြင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်းချက်လက်ကမ်းစာစောင်များနှင့် FDA မှ လတ်တလော စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းနမူနာများအားဖြန့်ဝေပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ