Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီတင်သင်္ဘောအားကွင်းဆင်းစစ်ဆေး

   ၂၉-၅-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီလိုအပ်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးမှထွက်ခွာလာပြီး မော်လမြိုင်မြို့၊ မုပွန်ကျောက်ချစခန်းသို့ ဝင်ရောက်လာသည့် MT Denko Princess ဆီတင်သင်္ဘောအားကွင်းဆင်းစစ်ဆေးခဲ့သည်။

    ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စက်သုံးဆီတင်သင်္ဘောများတွင် တရားမဝင်စက်သုံးဆီများ ဝင်ရောက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာကြီးကြပ်အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြိတ်မြို့တွင် စားအုန်းဆီရောင်းချမှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

    မြိတ်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူနှင့် ဆီရောင်းကိုယ်စားတို့သည် ၂၀၂၄ခုနှစ်၊ မေလ(၂၉) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခေတ္တခရိုင် ဦးစီးမှူးနှင့် တွေ့ဆုံပြီး ဇွန်လမူသစ်ဖြင့် စားအုန်းဆီရောင်းချမည့်အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်ဆီကုန်သည်အသင်းမှ စားအုန်းဆီရောင်းချနေမှုလုပ်ငန်းစဉ်များ ဆွေးနွေးခြင်းနှင့် မြိတ်ခရိုင်ဆီကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီရောင်းချမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်း ဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဆီလက်ဝယ်သိုလောင်ခြင်းမျိုးမဖြစ်စေရန်နှင့် မိမိတို့ဒေသတွင် ဆီပြတ်လပ်မှုမရှိစေ‌ရေး ဆောင် ရွက်ရမည့်အကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

"ရွှေလင်းယုန်" အမှတ်တံဆိပ် မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     ၂၇.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် အမှတ်(၁၉)၊ စမ်းသီတာလမ်း၊ စာစင်အလယ်ပိုင်း၊ မုဒုံမြို့ရှိ "ရွှေလင်းယုန်" အမှတ်တံဆိပ် မုန့်လုပ်ငန်းရှင်နှင့် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆွေးနွေးရာတွင် မုန့်လုပ်ငန်းရှင်မှ တစ်ရက်လျှင် အထုပ်အကြီး/အသေး ၂၀၀၀ ထုပ် ခန့်ထုတ်လုပ်ရရှိပြီး အမျိုးအစား ၂၀ မျိုးခန့်ထုတ်လုပ်ကြောင်း၊ မုဒုံမြို့ပေါ်နှင့် ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချသူများအား လက်ကားရောင်းချပေးရကြောင်း ဆွေးနွေးခဲ့ပြီး မုဒုံမြို့နယ်တာဝန်ခံမှလည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာ အချက်များ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များအား ဖော်ပြပေးရန် စသည့်အချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၂၇.၅.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည်  မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ မြို့မစည်ပင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချလျက်ရှိသော ခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် စားသုံးသူအန္တရာယ်မရှိစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် MSME ချေးငွေထုတ်ချေးခြင်းနှင့်စပ်လျဉ်း၍ကွင်းဆင်းစစ်ဆေး

       ၂၈.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်တွင်MSME ချေးငွေထုတ်ချေးခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းကို ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဌေးမြင့်အောင်ယိုစုံအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် MSME ချေးငွေထုတ်ချေးခြင်းနှင့်စပ်လျဉ်း၍ အာမခံပစ္စည်းထားရှိမှု၊ ဖြေလျော့ပေးနိုင်မည့်နည်းလမ်း၊ ချေးငွေအစားလိုအပ်သော စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အခြေခံစားကုန်ဈေးနှုန်းများကွင်းဆင်းမေးမြန်းခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့မဈေးအတွင်း/ အပြင်ရှိကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုနေ့စဉ်ဈေးကွက်အတွင်းသို့သွားရောက်ပြီး ဆီများရောင်းချနေမှုအခြေအနေများကို သိရှိရန်ကွင်းဆင်းဆောင်ရွက် လျက်ရှိပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လုပ်နိုင်မှုအပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် နေ့စဉ်ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး သီဟိုဠ်အသင်းနှင့် တွေ့ဆုံ

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ပုသိမ်ခရိုင်ဦးစီးမှူးနှင့် မေလ ၂၅ ရက်နေ့ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် တိုင်းအတွင်း သီဟိုဠ်စိုက်ဧက ၂၀၀၀၀ ဝန်းကျင်နှင့် အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိ‌သော သာပေါင်းမြို့နယ် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌအပါအဝင် အသင်းသားများနှင့် တွေ့ဆုံခဲ့ပါသည်၊၊

    ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဦးစီးမှူးမှ သာပေါင်းမြို့နယ်သည် ပြည်တွင်း/ပြည်ပဈေးကွက် ဝယ်လိုအားရှိသော သီဟိုဠ်အများဆုံး စိုက်ပျိုးလျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး မိမိတို့ မြို့နယ်အတွင်း သီဟိုဠ်အထွက်နှုန်းတိုးတက်လာစေရန်နှင့် အပင်များရေရှည်ထိန်းသိမ်းနိုင်ရန် စိုက်ပျိုးရရှိရေးအတွက် ရေကန်များတူးဖော်ရန်နှင့် သီဟိုဠ်ထွက်ရှိချိန်အလေအလွင့်မရှိစေရေး သီဟိုဠ်စေ့ပေါ်ချိန် တောဆင်ရိုင်းအန္တရာယ်များကျရောက်ပါက ကာကွယ်ရန်နည်းလမ်းများ သီဟိုဠ်စိုက်တောင်သူများ စိုက်ပျိုးမြေတရားဝင်အမည်ပေါက် အခွန်အခပေးဆောင်ရွက်ရန်ကိစ္စရပ်များအသင်း၏အားသာချက်၊ အားနည်းချက်များ ဆွေးနွေးလာမှုအပေါ် တိုင်းဦးစီးမှူးမှ မိမိတို့ ဒေသတွင် သီဟိုဠ်စေ့ ကုန်ကြမ်းများ ထွက်ရှိသည့်အတွက် သီဟိုဠ်ကုန်ချောထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ပါက မိမိတို့ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာဖြစ်သလို သီဟိုဠ်ကုန်ချောထုတ်လုပ်နိုင်ရန် စက်ရုံအတွက်မြေနေရာရရှိရေး စိုက်ပျိုးမြေရရှိရန်ကန်များ တူးဖော်ရန်အသင်းအဖွဲ့မှ တင်ပြပေးရမှာဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပေးမှာဖြစ်ကြောင်း ၎င်းအပြင် သက်ဆိုင်ရာဌာနများနှင့်လည်း ပေါင်းစပ်ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပဈေးကွက် ပိုမိုတင်ပို့ရောင်းချနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

တောင်ငူခရိုင်မှ ဘူးသွင်းဆီထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည်(၂၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်အတွင်းရှိဘူးသွင်းစားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် ၂/ ၂၀၂၄နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် ဟင်းသီးဟင်းရွက်ဆီများကိုရောနှောဆီအဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးကိုသာရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်စေရန်၊ မည်သည့်အနံ့မျှထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရန်၊ အမှတ်တံဆိပ်ကပ်နှိပ်ရာတွင် ရာခိုင်နှုန်းများသည့်ဆီအမျိုးအမည်ကိုဦးစားပေးဖော်ပြရန်၊ ရှေ့မြင်ကွင်းမျက်နှာပြင်ပေါ်တွင် ရောနှောဆီဆိုသည့်အမည်ကို မြင်သာသည့်နောက်ခံတွင်ဖတ်ရလွယ်ကူစေရန်နှင့်ကွဲပြားစွာဖော်ပြရန်အမိန့်ထုတ်ပြန်ထားခြင်းကို လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းပြောကြားပါသည်။

   စားသုံးဆီထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၁တို့ကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ် ၂/ ၂၀၂၄ တို့ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ လုပ်ငန်းရှင် ၁၆ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့်ဆိုင်များ၊ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၅-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့်ဆိုင်များ၊ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထို့သို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးထွန်းမင်းသန့်၊ အကြီးတန်းစာရေးနှင့် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်၊ သီရိရတနာ(မြို့မဈေး)ရှိ စားအုန်းဆီ လက်လီရောင်းချသည့်ဆိုင်(၅)ဆိုင်၊ သပြေပင်ကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၈)ဆိုင်၊ ပတ္တာကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၁)ဆိုင်၊ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၁)ဆိုင်တို့မှာ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ကြပါသည်။

         ထိုကဲ့သို့စစ်ဆေးရာတွင် လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းမရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့သည်။ ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ၎င်းတို့ရောင်းချသော ဆန်အမျိုးအစားများ၊ တစ်နေ့ရောင်းအား၊ ယခုနှစ်ဈေးနှုန်း၊ ယခင်နှစ်ဈေးနှုန်းများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(နေပြည်တော်)

 

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်းမြို့နယ်နှင့်ငပုတောမြို့နယ်တို့မှ အမှုတွဲများ လာရောက်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှုနှင့် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ငပုတော/ သာပေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်မွေးမြုးရေးနှင့် ကုသရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပါဝင်သော မေလ ၂၇ ရက်နေ့ တွင် ပုသိမ်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းက လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများအား လုပ်ငန်းခွင်အတွင်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ဆွေးနွေခဲ့ပါသည်။

     အဆိုပါ ချေးငွေနှင့် ပတ်သတ်၍ လုပ်ကိုင်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်း ၊ MSMES လုပ်ငန်းတို့အတွက် ယခင်နှစ်က ပြန်လည်ပေးအပ်မှုအခြေအနေ ယခုစိုက်ပျိုးရာသီ ပြန်လည် စိုက်ပျိုးမည့် အစီအမံများနှင့် ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ချေးငွေကိစ္စ ဆောင်ရွက်လျက်ရှိသော ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများမှ ယခုနှစ်ပြန်လည်ချေးယူမည့် ကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ