Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

       ၂၈-၅-၂၀၂၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One  စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် Crown အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ Alpha အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀ကျပ်၊ Max အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၁၂၀၀တို့ဖြင့်ရောင်းချပေးလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းအောက် အနည်းငယ်သာကျဆင်းကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

ငါန်းဇွန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များတွင် သုံးစွဲရန်မသင့်သောအလှကုန်များ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ (၂၄-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှတာဝန်ရှိသူများသည် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချသောဈေးဆိုင်များသို့ကွင်းဆင်း၍ သုံးစွဲမသင့်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့သည် အလှကုန်ပစ္စည်းရောင်းချသောဈေးဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင်၊ တားမြစ်ဓာတုပစ္စည်းများပါဝင်၍ သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှဈေးဆိုင်များမှ တာဝန်ရှိသူများအား မိမိတို့ရောင်းချသောကုန်ပစ္စည်းများမှာ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်ပစ္စည်းများကိုသာ စနစ်တကျထားသိုရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍မြန်မာဘာသာဖြင့်မဖြစ်မနေ ထည့်သွင်း ဖော်ပြပါရှိရန် သတ်မှတ်ချက်များရှိပါကြောင်းနှင့်၎င်းအချက်များနှင့်လည်းကိုက်ညီရန် လိုအပ်ပါကြောင်း၊ သက်တမ်းလွန်ကုန်ပစ္စည်းများကိုလည်းရောင်းချခြင်းမပြုရန်လိုအပ်ပါကြောင်း၊ အကယ်၍ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါသတ်မှတ်ချက်များ၊ စည်းကမ်းချက်များအား ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများအတိုင်းအရေးယူဆောင်ရွက်မှုများခံရမည်ဖြစ်၍ တာဝန်ရှိအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများ၊ ဥပဒေများ၊ နည်းဥပဒေများကိုလည်းသိရှိနားလည် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် အသိပညာပေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တာမွေမြို့၊ တာမွေယာယီဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်နေ့တွင် တာမွေမြို့နယ်တာဝန်ခံ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်း(၁) ဦးသည် တာမွေမြို့၊ တာမွေယာယီဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

 ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီဖော်ပြထားသည်ကိုစိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စမ်းချောင်းမြို့နယ်ရှိ ဆေးကမ္ဘာဆေးဆိုင်အားသွားရောက်စစ်ဆေးခြင်း

   ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ စသည့် ဌာနများပူးပေါင်း၍ (၂၈-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင်  အမှတ် (1၆၇) ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ဆေးကမ္ဘာဆေးဆိုင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင်ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၂၀၀)မျိုးကျော်ရှိသည့်အနက် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့်တို့မှာ အများဆုံးရောင်းရကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းဖြင့်သာရောင်းချပေးပါကြောင်း ဆိုင်တာဝန်ခံဒေါ်မိုးမမငြိမ်းထံမှ စုံစမ်းသိရှိခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Alpha Mat Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်တို့ပူးပေါင်း၍ ၂၈-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင်  အမှတ် (15)၊ မြေညီထပ်၊  ဗိုလ်တထောင်မြို့နယ်ရှိ Alpha Mat Co.,Ltd မှ  ဒါရိုက်တာ ဒေါ်ထက်ဝေနိုင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေးပစ္စည်း(၄)မျိုးရှိပြီး အဆိုပါဆေးပစ္စည်းများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ခရိုင်ဦးစီးမှူးရုံး၌(၂၄.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် စားသုံးဆီဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးဆီ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃.၁၂.၂၀၁၉)ရက်စွဲပါညွှန်ကြားချက်အမှတ်၂/၂၀၁၉နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏(၂၀.၁၂.၂၀၂၁)ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်၁/၂၀၂၁ဖြင့် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသည့်ကုန်စည်များကိုသာရောင်ချရန်၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စားသုံးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ပေးရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအား အသိပညာပေးဆွေးနွေး

     (၂၇.၅.၂၀၂၄)ရက်နေ့နံနက် (၁၀:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ နတ်တလင်းခရိုင် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီကုန်သည်များအား စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းမှ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ် ထားသည့်အမိန့်အမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုက်နာ ဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စားသုံးဆီလုပ်ငန်းရှင်များသို့ ရောနှောဆီ (Blended Oil)ရောစပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်နှင့် ညွှန်ကြားချက်များအား အသိပညာပေးဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ လုပ်ငန်းများပြုလုပ်ရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃.၁၂.၂၀၁၉)နှင့် စီးပွား/ ကူးသန်းဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့ကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)တို့အား လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆောင်ရွက်ရန် လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်း စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

     ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ ဒုခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့မှ ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက် (သို့) ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖြစ်စေ ဖေါ်ပြရမည့် ညွှန်ကြားချက် (၂/၂၀၁၉)နှင့် ဟင်းသီးဟင်းရွက် ဆီများနှင့်စပ်လျဉ်း၍ အမျိုးအမည်ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖေါ်ပြရမည်ဖြစ်ပြီး ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)စသည်ဖြင့် ဖော်ပြရမည်ဖြစ်ကာ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်‌ဖော်ပြရမည့် ညွှန်ကြားချက်(၁/၂၀၂၁)တို့အကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက်တာဝန်ခံမှ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အမှတ် (၂/၂၀၂၄)အား အသေးစိတ်ရှင်းလင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

     စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့ပေါ်ကုန်စုံဆိုင်များသို့ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ သရက်တောရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်ဈေးနှင့် ဥသျှစ်ပင်မြို့ပေါ်ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုး ကိုလည်းကောင်း၊  ပေါက်ခေါင်းမြို့တွင် မြို့ပေါ်ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ပွဲများ ဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့တွင် မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show) ပြုလုပ်ခြင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ