Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စိတ်ချယုံကြည်စွာ သုံးစွဲနိုင်စေဖို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြကြပါစို့

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများသည် (၅.၁.၂၀၂၃) ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော ပဲခွေကြော်၊ တိုဟူးခြောက်ကြော်၊ ပါပလာ၊ ကြူကြူဝါးလား၊ ငါးမုန့်ကြော်၊ မြေပဲပွကြော်၊ အာလူးကြော်၊ ပေါင်မုန့်၊ ကွတ်ကီး၊ ကိတ်မျိုးစုံ လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

          ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီမံခန့်ခွဲရေးနည်း လမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာ ဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာ ဦးစီးဌာန၏စိစစ်ခွင့်ပြု ချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူများမှ စားသောက်ကုန်တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ အသိပညာဗဟုသုတများ ရရှိလာပြီဖြစ်၍ ပြည့်စုံစွာထည့်သွင်းခြင်းဖြင့် အကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေး ဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စောင့်ကြည့်စစ်ဆေး အရေးယူသွား မည်ဖြစ်သော ကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်(၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          "အီဂျစ်မ" အာလူးကြော်လုပ်ငန်းတွင် မိသားစုဝင်များ တစ်ပိုင်တစ်နိုင်မိသားစုဝင်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကုန်ကြမ်းပစ္စည်းများကို အောင်ပန်းမြို့မှ အာလူးထိပ်စ(ရှယ်) များကို ဝယ်ယူအသုံးပြု၍ ရောင်းချလျက်ရှိရာ အထုပ်သေးတစ်ထုပ်လျှင် ကျပ်(၃၀၀)၊ အထုပ်ကြီး တစ်ထုပ်လျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် အထုပ်သေး(၅) ထုပ်လျှင် ကျပ်(၁၄၀၀)၊ အထုပ်ကြီး(၅)ထုပ်လျှင် ကျပ်(၂၃၀၀)ဖြင့် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်းနှင့် ကမ္မမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း "အီဂျစ်မ" အာလူးကြော် လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

တမူးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ( ၇ ) ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်ပူးပေါင်း၍ ဆေးဝါးအရောင်းဆိုင်များတွင် DICION-M ပုံစံတူ  ဆေးဝါးများဖြစ်သည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          တမူးမြို့ပေါ်ရှိ ဆေးဆိုင် ( ၇ ) ဆိုင်တွင် DICION-M ပုံစံတူ  ဆေးဝါးများ ရောင်းချမှုမပြုရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား စနစ်တကျထားသိုရောင်းချရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် ပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးကာ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

  

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိ

       မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

     စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချ ပေးကြောင်း သိရသည်။

      မုံရွာခရိုင်အတွင်း  ၁-၁၂-၂၀၂၂ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့ထိ စားအုန်းဆီ စုစုပေါင်းပိဿာ ချိန် ၂၂၇၂၀ ပိဿာခန့် ရောင်းချပေးနိုင်ခဲ့ပြီး ရောင်းချရာတွင် လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်းနှင့် ယခုအပတ်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြစ်ကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။

       မုံရွာမြို့၏ ဇန်နဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ဧရာမင်း စပါး(အသစ်)တင်း( ၁၀၀ )လျှင် ကျပ် ၁၁၀၀၀၀၀ မှ ၁၂၀၀၀၀၀၊ ဧရာမင်းဆန်(အသစ် ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၄၈၀၀၀ မှ ၄၉၀၀၀ ထိ၊ ဧရာမင်းစပါး(အဟောင်း)တင်း(၁၀၀) လျှင် ကျပ် ၁၃၀၀၀၀၀ မှ ၁၄၀၀၀၀၀ ထိ ဧရာမင်းဆန်(အဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၉၀၀၀ မှ ၆၁၀၀၀၊ မနောသုခစပါး(အသစ်)တင်း( ၁၀၀ )လျှင် ကျပ် ၁၁၀၀၀၀၀၊ မနောသုခဆန်(အသစ် ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ မနောသုခစပါး(အဟောင်း) တင်း(၁၀၀)လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(အဟောင်း) ဆန် ၂၄ ပြည်ပါ(တစ်အိတ်)လျှင် ကျပ် ၄၄၀၀၀၊ ပေါ်ဆန်း စပါး(အသစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း(အသစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၁၀၀၀ မှ ၆၂၀၀၀၊ ပေါ်ဆန်းစပါး(အဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း (အဟောင်း) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။

          ယခင်လ ပထမပတ် စပါး/ဆန် ဈေးနှုန်းများနှင့် ကွာဟချက်မရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိစက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် (၆.၁.၂၀၂၃)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်ဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

     ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်အား စက်သုံးဆီဆိုင်များသို့  လစဉ်ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ PPRDမှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း ရှိ/မရှိနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး  စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာ ရောင်းချနိုင်ရေးနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၆..၂၀၂၃ နေ့တွင်မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ စိုး ” စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများနှင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။  

       ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောရည်ညွှန်း လက်လီဈေးနှုန်းများအတိုင်း ရောင်းချရန်လိုအပ်ကြောင်း၊ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက မြန်မာ့ရေနံ ထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း စက်သုံးဆီမပြတ်လပ် စေရေးအတွက်လည်း ရန်ကုန်မြို့ရှိ ကုမ္ပဏီများမှ မှာယူထားသောစက်သုံးဆီ ဘောက်ဆာကားများ ကြန့်ကြာမှုမရှိဘဲ အချိန်မီရောက်ရှိစေရေးအတွက်လည်း မိမိတို့ဌာနနှစ်ခုမှချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များကလည်း သိရှိလိုသည် အချက်များကိုအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးဝါးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ DICION-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ၎င်း DICION-M Tablet (Diciofenac Sodium 50mg, Paracetamol 500mg) သည်     New Magnate Co.,Ltd မှ ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက်အတွင်း ပုံစံတူ ဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်ထဲတွင် ရောင်းချနေကြောင်း သိရှိရသည့်အတွက် သုံးစွဲသူမိဘပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ သွားရောက် စစ်ဆေးရခြင်း ဖြစ်ပါသည်။

         ဈေးကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား မှတ်ပုံတင်မဲ့ဆေးဝါးများ၊ သက်ဆိုင်ရာ ဌာနများမှ တားမြစ်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့်ပစ္စည်း များကိုသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

ကုန်မျိုးစုံရောင်းချသောစီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊   မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ခရိုင်ဦးစီးမှူး  ဦးမောင်မောင်ခိုင်သည်  ၅.၁.၂၀၂၃ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊နားခါရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး    ဦးမောင်မောင်ခိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်‌ဆောင်မှု၏ အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဉ်း၍ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံ ပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကိုရှောင်ကျဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုဒုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

        မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မုဒုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ၌ ဈေးကွက်အတွင်းတွင် ဈေးနှုန်း သက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာ အတုများပြုလုပ် ရောင်းချနေမှုရှိ ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါတားမြစ်ချက်များ၊ ဥပဒေ အခန်း(၂၄) ပါပြစ်မှုပြစ်ဒဏ်များ ၊ စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းများအကြောင်းအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှလည်း ဓာတ်မြေဩဇာရောင်းချခွင့် လိုင်စင်သက်တမ်း အချိန်မှီတိုးသွားရန် ပြောကြားခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးမှုအရ ထိုင်းနိုင်ငံထုတ် အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာများ တုပရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

           မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ စာသုံးသူကာကွယ်ရေးဥပဒေနည်းဥပဒေများ နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ စားသုံးသူများကို အသိပညာပေးရေးဆောင်ရွက်သည့်အခါ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၂/၂၀၂၂)ကို ၂၉.၁၂.၂၀၂၂နေ့မှ ၃၀.၁၂.၂၀၂၂ရက်နေ့ထိ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးတို့တွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နည်းပြများနှင့်သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၄၃)ဦးတက်ရောက်ခဲ့ကြောင်းရှိရပါမည်။

           သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စာသုံးသူကာကွယ်ရေးဥပဒေ ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးခြင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၁-၂၀၂၅) စားသုံးသူရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ခံများ မှအသီးသီးဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ