ဗဟိုကချုပ်ကိုင်သော စီးပွားရေးစနစ်ကျင့်သုံးခဲ့ပြီး နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခဲ့သည့် ကာလများ အလွန်၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်း စျေးကွက် (Market) ဟူသော စကားလုံး ရောက်ရှိလာခဲ့သည်။ Market-oriented system၊ market Economy၊ Market Economic System စသဖြင့် စျေးကွက်စနစ် အခေါ်အဝေါ်များကို နေရာတကာတွင် ကြားသိမြင်တွေ့ခဲ့ကြ ရပါသည်။ ယခုတော့ ‘စျေးကွက်’ ဝေါဟာရသည် လူတိုင်းနှင့် ရင်းနှီးနေခဲ့ပြီဖြစ်သည်။ စျေးကွက်စီးပွားရေးစနစ်ထဲ လူတိုင်း ကျင်လည်လျက် စနစ်၏ အကောင်းအဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင်နေကြရပြီဖြစ်ပါသည်။
စျေးကွက်စနစ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား အင်အားနှစ်ရပ်သည် လွန်စွာ အရေးကြီး၏။ ထိုအင်အားစုနှစ်ရပ်၏ အခြေအနေပေါ် မူတည်၍ စျေးကွက်သည် လှုပ်ရှား ပြောင်းလဲရသည်။ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ထိန်းချုပ်မှုမှမရှိဘဲ စျေးကွက် အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရသောကြောင့် လွတ်လပ်သော စျေးကွက် စီးပွားရေး စနစ် (Free Market Economic System) ဟုလည်း ဆိုရမည်။
လွတ်လပ်သောလှုပ်ရှားမှုကို ပိုမိုသဘောကျ နှစ်သက်လာကြသည့် ယနေ့ ကမ္ဘာ့နိုင်ငံ အများစုသည် စျေးကွက်အခြေခံသော စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့ လူအဖွဲ့အစည်း အခြေအနေများနှင့် လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံး နေကြသည်။ စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေမြင့်၊ ဂုဏ်တင့် လာသောနိုင်ငံများ အများအပြား ပေါ်ထွက်လာခဲ့သောကြောင့် နိုင်ငံအတော်များများသည် လည်း အဆိုပါနိုင်ငံများကို အတုယူလျက် စျေးကွက်စနစ်လမ်းကြောင်းကို လျှောက်လှမ်း လာခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့အခြေအနေများအရ စျေးကွက်စီးပွားရေးစနစ်သည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက်အထောက်အပံ့ ဖြစ်စေသည်မှာ ငြင်းခုံစရာမလိုသည့် အကြောင်းကိစ္စဖြစ်သည်။
စျေးကွက်စီးပွားရေးစနစ်ပီပြင်မှု၊ ထိရောက်မှု၊ စွမ်းဆောင်ရည်ရှိမှု အခြေအနေများ ဖြစ်၊မဖြစ် အခြေခံစံပေတံသုံးချောင်းဖြင့် တိုင်းတာတတ်ကြပါသည်။ထိုစံပေတံများမှာ စီးပွား ရေးစနစ် အတွင်းရှိ နယ်ပယ်ကဏ္ဍစုံ၌ စွမ်းဆောင်ရည်မြင့်မားလာမှု၊ ဆွဲဆောင်မှုမက် လုံးများ ဖန်တီးလာနိုင်မှု နှင့် လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နိုင် မှုတို့ဖြစ်ပါသည်။ လုပ်ငန်းများစွမ်းဆောင်ရည် မြင့်မားလာမှုဆိုသည်မှာ စီးပွားရေး အဆောက်အအုံအတွင်းရှိ လုပ်ငန်းများအကြား အပြိုင်အဆိုင် လုပ်ကိုင်နိုင်သည့် အခွင့် အရေးများ ရှိလာ သောကြောင့် စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှု စသဖြင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်လာ ခြင်း၊ ရလဒ် အပိုင်းတွင် အရည် အသွေးမြင့်မား၍ စျေးနှုန်းသက်သာသော ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်လာနိုင်ခြင်း စသည့် အခြေအနေတို့ကို ဆိုလိုပါသည်။
ထိုအခြေအနေများသည် တီထွင်ကြံဆမှုများကိုလည်း ဖြစ်ထွန်းစေနိုင်သဖြင့် နည်းပညာ တိုးတက်မှုကိုပါ တွန်းအားပေးသကဲ့သို့ရှိသည်။ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်မှုဆိုသည်မှာ ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူစားသုံးသူ အင်အားစု နှစ်ဖက်စလုံးအတွက် ဆွဲဆောင်မှု များပြား လာစေခြင်းဖြစ်သည်။ စျေးကွက်အတွင်းရှိ များပြားလှသော ဝယ်ယူစားသုံးသူများ၏ လိုအင် ဆန္ဒများစွာက ထုတ်လုပ် ရောင်းချသူများကို ကုန်ပစ္စည်း အသစ်အဆန်းများ ထုတ်လုပ်လာစေရန် ဆွဲဆောင်နေသကဲ့သို့ စျေးကွက်အတွင်း တီထွင်ကြံဆထုတ်လုပ်ထားသော များပြားလှသည့် ကုန်ပစ္စည်း အသစ်အဆန်းများကလည်း ဝယ်ယူစားသုံးသူများကိုဆွဲဆောင်နိုင်သည့် အခြေအနေ ဖြစ်လာသည်။ ထို့ကြောင့် စွမ်းဆောင်ရည်ရှိသော စျေးကွက်စီးပွားရေးစနစ်သည် ထုတ်လုပ်သူများ အတွက် လည်းကောင်း၊ စားသုံးသူများအတွက်လည်းကောင်း ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်သည့် အခြေခံ အကြောင်းရင်းများ တည်ရှိရာဖြစ်နေသည်။
လွတ်လပ်စွာ လှုပ်ရှား၊ လုပ်ကိုင်၊ ဆောင်ရွက်နိုင်မှုသည်လည်း စျေးကွက်စနစ်ကို ကျင့်သုံးမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ်ပါသည်။ အမှန်တကယ်လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ စျေးကွက်အင်အားစုနှစ်ဖက်စလုံးသည် စွမ်းရည်ပြည့် လှုပ်ရှားနိုင်စွမ်း ရှိလာမည်ဖြစ်ပြီး စျေးကွက်ယန္တရားသည်လည်း စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စျေးကွက်စနစ်ကို ကျင့်သုံးသော စီးပွားရေး အဆောက်အဦအတွင်းရှိ စီးပွားရေး လုပ်ငန်းကြီး၊ လတ်၊ ငယ်အားလုံး တရားမျှတ မှုရှိသောဝန်းကျင်တွင် လွတ်လပ်စွာ ထုတ်လုပ် ရောင်းဝယ် ဖောက်ကားနိုင်စွမ်းရှိရေး အတွက်ပံပိုး ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
ထိုအခြေအနေဖြစ်ပေါ်စေရန် တရားဥပဒေစိုးမိုးမှုရှိခြင်းသည် သော့ချက်ကျသော အကြောင်းတရားဖြစ်သည်ကိုလည်း သဘောပေါက်ရန်လိုပါသည်။ စျေးကွက်အတွင်း ပါဝင် လှုပ်ရှားနေသူများကို မည်သူတစ်ဦးတစ်ယောက်ကမျှ၊ မည်သည့်အဖွဲ့အစည်းကမျှ လမ်းညွှန် ထိန်းကျောင်းပေးစရာမလိုပေ။ စျေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိလေလေ၊ စျေးကွက် စနစ်သည် ပီပြင်လေလေဖြစ်ပသည်။ စျေးကွက် အနေအထားမူ မမှန်ချိန်မှ လွဲ၍ (အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်မတည်ငြိမ်မှုဖြစ်နေချိန် လွဲ၍) စျေးကွက်ယန္တရား လည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်။ စျေးကွက်ယန္တရား လည်ပတ်မှု လွယ်ကူ ချော့မွေ့စေရေးအတွက်သာ ဖြည့်ဆည်းပံ့ပိုးပေးရန် တာဝန်ရှိပေ မည်။
စျေးကွက်စနစ်ထဲရှိ စီးပွားရေးလုပ်ဆောင်ချက်မှန်သမျှသည် စျေးကွက်အင်အား စုနှစ်ရပ် ပြဋ္ဌာန်းပေးသော အချက်ပြစျေးနှုန်းပေါ်မူတည်၍ လှုပ်ရှားပြောင်းလဲ နေသည်ဖြစ်ရာ စျေးကွက်သည် အချိန်တိုင်းတွင် ရောင်းလိုအား နှင့် ဝယ်လိုအား အင်အားစုနှစ်ခုတို့ ၏ သဘောအတိုင်းသာ ဖြစ်နေလိမ့်မည်။ စျေးကွက်အလေ့အထများကို ထိထိရောက်ရောက်၊ ပီပီပြင်ပြင် ကျင့်သုံးနိုင်ရေး အတွက် အသိပညာပေးခြင်း၊ လိုအပ်သော အင်စတီကျူးရှင်း များထူထောင်ပေးခြင်း၊ အခြားသော လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးခြင်းတို့ကို လုပ်ဆောင် ပေးကြရသည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်ယန္တရား လည်ပတ်မှုကို ထိခိုက်စေ သော အခြေအနေများဖြစ်ပေါ်လာပါက စျေးကွက် ပြန်လည်လည်ပတ်မှုချောမွေ့စေရေး ပြန်လည် ထိန်းကျောင်းပေးကြရသည်။ စီးပွားရေးအင်အားနည်းသောဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စျေးကွက်စီးပွားရေးစနစ်ကျင့်သုံးရာ၌ စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအလိုက် အခြေအနေများနှင့် အလိုက်သင့်ဖြစ်စေရေး သတိထား ကျင့်သုံးသင့်သည်ဟုဆို ကြပါသည်။
စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေသည့်တိုင် အများပြည်သူနှင့် သက်ဆိုင်သည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု နယ်ပယ်များ၌ နိုင်ငံတော်မှပါဝင်ဆောင်ရွက်သည့်ကဏ္ဍများလည်း ရှိသည်။ အခြေခံပညာရေး၊ အခြေခံကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးကဲ့သို့ အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှု ဖြည့်ဆည်းပေးခြင်းများကို များသောအားဖြင့် စျေးကွက်ထဲတွင် ခွင့်ပြု ပေးထားခြင်းမရှိဘဲ စျေးကွက်ယန္တရား စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်ရေးကို အလေးထားရန် လိုသကဲ့သို့ စျေးကွက်အားနည်းချက်များရှိလာသည့် အချိန်တွင်လိုအပ်ချက်များ ဝင်ရောက် ဖြည့်ဆည်းပေးရေး၊ နိုင်ငံသားအားလုံးအတွက် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းပေးရမည့် အခြေအနေတွင် ကိုယ်တိုင် ပါဝင် လုပ်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
ယနေ့ကမ္ဘာပေါ်တွင် လုံးဝလွတ်လပ်သော စျေးကွက်စနစ်မျိုးကို ကျင့်သုံးနေသည့် နိုင်ငံဟူ၍ မရှိပေ။ ရောစပ်စီးပွားရေးစနစ် (Mixed Economic system) ဟု ခေါ်သည့် နိုင်ငံတော်မှပတ်သက်မှု တစ်စိတ်တစ်ပိုင်းပါဝင်သည့် စျေးကွက်စနစ်မျိုး ကျင့်သုံး နေကြသည် ကိုတွေ့ရလိမ့်မည်။ ထို့ကြောင့် စီးပွားရေး စနစ်ကျင့်သုံးမှုတွင် အစိုးရနှင့် စျေးကွက် ယန္တရား တို့သည် အဝေးဆုံးနေရာ တစ်နေရာစီ၌ တသီးတခြား တည်ရှိနေကြသည် မဟုတ်ဘဲ မနီးမဝေး အခြေအနေတစ်ရပ်တွင် အတူတည်ရှိနေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။
DOCA(ရန်ကုန်)