မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းနှင့် နိုဝင်ဘာလ(၉) ရက်နေ့၊ နေလယ် (၁၅:၀၀) အချိန်တွင် ပခုက္ကူမြို့၊ သူနာပြု သင်တန်းကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်မှ ဆွေးနွေးရာ၌ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံ သာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုအခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှု များအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများမရှိဘဲ နောင်အနာဂတ်၌ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏ တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည်များဝယ်ယူ သုံးစွဲရာတွင် သတင်းအချက်အလက်များပြည့်စုံစွာ ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ပြီး စိတ်ကျေနပ်မှုများရရှိစေလိုကြောင်း၊ အမှန်တကယ် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက်အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။
ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်မှ ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူ၏သုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံ စိတ်ချရမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းမှာဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည် များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့် အစားအစာများကို သတိလက်လွတ် ဝယ်ယူသုံးစွဲမှုမပြုစေရန် နှင့် သေချာစွာစိစစ် ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ မေးမြန်းလာမှုများအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။
DOCA(မကွေး)