Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသောက်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သော အောင်ချမ်းသာဆီစက်၊ ယောက်ျားကြီးငါးငါးပိ၊ မြသော်တာမုန့်လုပ်ငန်းများသို့ (၁၄-၅-၂၀၂၄)ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သော အောင်ချမ်းသာဆီစက်၊ ယောက်ျားကြီးငါးငါးပိ၊ မြသော်တာမုန့်လုပ်ငန်းများအား ဌာန၏ ဂျီဒီပီတွက်ချက်မှုအတွက် ကိုးကားအသုံးပြုမည်ဖြစ်ပြီး လုပ်ငန်းနှင့်ဆက်စပ်မှု၊ လုပ်ငန်းတည်နေရာ၊ လုပ်ငန်းစတင်သည့်ခုနှစ်၊ ကုန်ပစ္စည်းအမည်၊ ထုတ်လုပ်သည့်ပမာဏ၊ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းများနှင့် ကုန်ကြမ်းရရှိသည့်နေရာ၊ အသုံးပြုလုပ်သား၊ အခြားကုန်ကျစရိတ်၊ ကုန်ချောရောင်းချရသည့်တန်ဖိုး (လက်လီ/လက်ကား)၊ ကုန်စည်ရောင်းချသည့်ဈေးကွက် (ဒေသတွင်း၊ အခြားဒေသ၊ ပြည်ပ၊ အွန်လိုင်း) ထုတ်လုပ်မှုအခြေအနေများအားမေးမြန်းကာ ကွင်းဆင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ဆန်ဆိုင်ကြီးများနှင့် ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အရ အခြေခံစားကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊  ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိကို (၁၄-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          နတ်တလင်းမြို့ပေါ်တွင် ဆန်ဆိုင်နှင့် သိုလှောင်ရုံအရေအတွက် (၁၄)ခုရှိသည့်အနက် ဆန်ဆိုင်ကြီးများဖြစ်သော ကသစ်ဆန်ဆိုင်နှင့် တော်ဝင်ဆန်ဆိုင်တို့ကိုစစ်ဆေးခဲ့ရာတွင် ဧည့်မထအမျိုးအစားဖြစ်သည့် အင်းလယ်၊ ရတနာတိုးဆန်များ ဈေးနှုန်းမြင့်တက်မှုမရှိကြောင်း၊ ရန်ကုန်မှဝင်သော ဇီယာဆန်၊ ပေါ်ဆန်းမွှေးဆန်များ အနည်းငယ်ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရ၍ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယအပတ်တွင် အင်းလယ်ဆန်တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်မှ (၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း၊ တချို့ဆန်ဈေးနှုန်းများမှာ အမှတ်တံဆိပ်ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိသော်လည်း မိမိမြို့နယ်အတွင်းမှ ထွက်ရှိသောဆန်များမှာ ဈေးနှုန်းမြင့်တက်မှုမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်‌နေ့၊ နေ့လယ် (၁၁း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းသို့  ယာဉ်မောင်း ဦးဇော်ဇော်အောင်ယာဉ်အမှတ် 7F/3777 ၊ Nissan Diesal မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၆၅ ပေပါ ရောက်ရှိလာခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ ၆၅ ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ပြုလုပ်သော စားသုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ Zomm Meeting ဖြင့် တတ်ရောက်

      ၂၀၂၄  ခုနှစ်၊  မေ ၁၇  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဦးဆောင်၍ စားသုံးဆီဖြန့်ဖြူးခြင်း၊ရောင်းချခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို online virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ UMFCC ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေကြီး/ပြည်နယ် ဦးစီးမှူးများ၊ ဖြန့်ဖြူးရောင်းချမည့် ကုမ္ပဏီ(၁၈)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းမှ Supply Chain ပြတ်တောက်မသွားအောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဖြန့်ဖြူးသူများ သင့်တင့်မျှတသော အကျိုးအမြတ် ရရှိ ပြီး စားသုံးသူပြည်သူများလည်း ကုန်စျေးနှုန်းကြီးမြင့်ခြင်း မရှိစေရန် လုပ်ငန်းရှင်များအလေးထား  သတိပြုဆောင်ရွက်ရန်နှင့် မလိုလားအပ်သော စျေးနှုန်းမဖြစ်စေရန် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပေးရန်၊ မိမိတို့မှလည်း လုပ်ငန်းစဥ် အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းမှ ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တင်သွင်းမှု၊ ဖြန့်ဖြူးမှုကိစ္စရပ်များနှင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။

       နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးချက်များကို ပြန်လည်ရှင်းပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

နတ်တလင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာTalk Show ကျင်းပပြုလုပ်

       နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၁၅-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍    စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် ဆီရောင်းချနေသော ဆီလုပ်ငန်းရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်  ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်းတည်မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများကို ဗီနိုင်းများတွင်ဖော်ပြ၍ ချိတ်ဆွဲရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ထို့နောက် တာဝန်ခံများက ရည်ညွှန်းဈေးနှုန်းများဖြင့် မှန်ကန်စွာရောင်းချပေးနိုင်ရေး၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ်  ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် သတ်မှတ်အမြတ်ရာနှုန်းထက်ပိုမို၍ ရောင်းချခြင်းမပြုလုပ်ကြရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

MSMEs စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေများနှင့် အတိုးနှုန်းများပြန်လည်ပေးဆပ်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းမြို့နယ်များ၌ MSMEs စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ခိုင်မာသောအာမခံချက်များရယူပြီး (၂၅-၅-၂၀၂၃) ရက်နေ့တွင် ချေးငွေများကို စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ချေးပေးခဲ့ပါသည်။ သာယာဝတီခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကျပ်သိန်းပေါင်း (၁၃၆၀) သိန်းထုတ်ချေးပေးခဲ့ပြီးစတင်ချေးယူသည်မှ (၆)လပြည့်မြောက်သည့် (၁၅-၁၁-၂၀၂၃) ရက်နေ့တွင် ပထမအကြိမ် အတိုးနှုန်း (၀.၅၀)% ကို စီးပွားရေးလုပ်ငန်းရှင်များက ပေးဆပ်ခဲ့ကြပါသည်။ ချေးငွေရယူပြီးချိန်၌ လုပ်ငန်းများတိုးတက်အောင်မြင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများကိုလည်းတိုးချဲ့ကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ချေးငွေရယူထားသည်မှာ (၁)နှစ်ပြည့်မြောက်တော့မည်ဖြစ်သဖြင့် ခရိုင်အတွင်းမြို့နယ်များ၌ ချေးငွေအရင်းများနှင့် အတူဒုတိယအကြိမ် အတိုးနှုန်းများကိုလည်း ပေးဆပ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့်ဝန်ထမ်းများအဖွဲ့သည် အခြားမိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ မြို့နယ်အခွန်ဦးစီးမှူးနှင့်အဖွဲ့သည် (၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ဥသျှစ်ပင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်သင့်/မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချမှုရှိ/မရှိ၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပါဝင်မှုပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်ပစ္စည်းရောင်းချမှုရှိ/မရှိကို မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင် (၁၁)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

      (၁၇.၅.၂၀၂၄)ရက်နေ့၊နံနက်(၁၀)နာရီမှ(၁၁)နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ် ဦးဆောင်၍ ဝန်ထမ်းများသည် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ရာ အကျဉ်းဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအကြောင်းနှင့် အသိပညာပေးဟောပြောပွဲတွင် ထည့်သွင်းဟောပြောရန် ရုံးချုပ်မှညွှန်ကြားလာသော အီလက်ထရောနစ်အငွေ့ရှူစက်များနှင့် ပတ်သက်၍ စားသုံးသူများအားအသိပညာပေးရန်နှင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်အကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်း၊ ကျန်းမာရေးရှူထောင့်အရ စားသုံးဆီများ လျော့ပေါ့စားသုံးသင့်သော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီး စားသုံးသူဌာနခွဲတာဝန်ခံဦးစီးအရာရှိဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ တိုင်ကြားနိုင်မှုနည်းလမ်းများနှင့် တိုင်ကြားညှိနှိုင်းဖြေရှင်းဆောင်ရွက်ထားရှိမှုများအကြောင်းကို ဌာန၏ VIDEO-ကလစ်များပြသ၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော အရာထမ်းအမှုထမ်းများမှ သိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းနှင့် ဌာန၏ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

     စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ မြို့ပေါ်ကုန်စုံဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ သရက်တောရပ်ကွက်၊ ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်ဈေးနှင့် ဥသျှစ်ပင်မြို့ပေါ်ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊  ပေါက်ခေါင်းမြို့၊ မြို့ပေါ်ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ