Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ပွဲများ ဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့တွင် မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Wednesday Talk ၊ စာပေးစကားဝိုင်းဟောပြောဆွေးနွေးခြင်းနှင့် သတင်း/ဆောင်းပါးရေးသားသူများအား ဆုချီးမြှင့်ပွဲကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Wednesday Talk နှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ၁၅.၅.၂၀၂၄  ရက်နေ့၊ နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပထမပိုင်း၊ ဒုတိယပိုင်း ဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ် ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပြီး အရာထမ်းများ၊ အမှုထမ်းများ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ပထမပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က ကုန်ပစ္စည်းအမှတ်တံဆိပ်မှန်ကန်စေရေးနှင့် ပတ်သက်၍  သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ငွေစာရင်းဌာနခွဲမှ ရုံးအကူမှူး ဦးကျော်သီဟက စာရေးဆရာဆလိုင်း အောင်မင်းလှိုင်၏ သင့်ရဲ့ ကျောက်ဆူးက ဘယ်သူလဲ စာအုပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။            

    ဒုတိယပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒု-တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ သတင်းဆောင်းပါးရေးသားသည့် ဝန်ထမ်းများအား သတင်း၊ ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ်ရေးသားရာတွင် ဂရုစိုက်ရမည့်အချက်များ၊ ဌာနခွဲအလိုက် ရေးသားပေးပို့နိုင်သည့် သတင်း၊ဆောင်းပါးအမျိုးအစားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး  တိုင်း/ခရိုင်မှ သတင်းဆောင်းပါးရေးသားသူ(၂၄)ဦးအား ဆုငွေများချီးမြှင့်ပေးခဲ့ပြီး အရှိန်အဟုန်မပျက် ဆက်လက်ရေးသားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊တိုင်းဒေသကြီးအစိုးရရုံး DICA အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပဆောင်ရွက်

      ၁၄.၅.၂၀၂၄ ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီအချိန် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး DICA အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌစီးပွာရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများစုစုပေါင်း(၁၅)ဦး တက်ရောက်ကြောင်း  သတင်းရရှိပါသည်။

       စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွာရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျမတို့ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများအပေါ် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ နစ်နာမှုရှိကတိုင်ကြားလာမှုများအား ညှိနှုင်းဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များ လိုက်နာရမည့်စည်းကမ်း အချက် အလက်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ထိရောက်စွာဆောင်ရွက်နိုင်ရေးကို ပူးပေါင်းအကြံပြု ပါဝင်ဆောင်ရွက် စေလိုကြောင်းပြောကြားပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်ဒေသကြီး ဦးစီးမှူးကလည်း တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ စားသုံးသူရေးရာဦးစီးဌာန၏ လအလိုက်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အမှာစာ (၆)ခုဖြင့် တင်ပြ ဆွေးနွေး၍ အဖွဲ့ဝင်များမှလည်း ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ ဥက္ကဌကအဖွဲ့ဝင်များအနေဖြင့် ယခင်နှင့် ယခုအားသာချက်၊ အားနည်းချက် များမှုများကို နှိုင်းယှဉ်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွက် အရေးကြီးကုန်စည်(၁၀)မျိုးမှ ဈေးကွက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် အမျိုးစားခွဲခြားသတ်မှတ်စိစစ် ဆောင်ရွက်နိုင်ရန် ကော်မတီကရွေးချယ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားရင်းအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ]ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မြို့သစ်(၁၃) လမ်းနေ၊ ဦးရဲနောင်မြင့်၏ စန်းကမ္ဘာ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊  ရွှေတောင်မြို့ တွင် ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းရွာ၊ ဦးပိုင်စိုးကျော်၏ AK သောက်ရေသန့်လုပ်ငန်းနှင့် သရက်တောရပ်ကွက်၊ ယုဇနလမ်းရှိ ဦမျိုးမင်းနိုင်၏ ကံ့ကော်အောင် ရှောက်အစာကြေဆေးလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်လမ်းမတော်ရှိ ဒေါ်စိုးရီဦး၏ ပင်ရွှေဦး ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဒေါ်ကြည်ကြည်လှိုင်၏ ထက်အောင်ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဝင်းထက်၏ ဘရဏီ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးအောင်နိုင်ဖြူ၏ ဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဦးနေလင်းထွန်း၏ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးအေးကျော်၏ အောင်စုရည် မျှစ်လုပ်ငန်းသို့ လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးခင်ဇော်၏ ပွိုင့် ဘိလပ်မြေရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဖေါ်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မွန်ပြည်နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးမှူးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးငြိမ်းမင်းအောင်တို့နှင့်အတူ ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ဆေးဆိုင်ကြီးများသို့သွားရောက်၍ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခဲ့ပါသည်။

        ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်အလက်များကိုပြဋ္ဌာန်းထားရှိရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းမရှိသည့် ဆေးဝါးများကိုရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများမဖြစ်ပေါ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် ဆိုင်ပိုင်ရှင်များနှင့်ကိုယ်စားလှယ်များအား အသိပေးပြောကြားခဲ့ပါသည်။

         တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးဝါးတချို့မှာ ယခင်လထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး တချို့မှာ ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေသည်ကိုတွေ့ရပါသည်။ မဖြစ်မနေသုံးစွဲရန် လိုအပ်သည့်ဆေးဝါးများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေသော်လည်း အားဆေးများမှာ ယခင်ကာလများကဲ့သို့ ရောင်းအားမကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် (၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ "အလင်းအိမ်" ကော်ဖီစက်ရုံဝင်းအတွင်း၌ မြို့လှမြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

        ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ ၁၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့နယ်၊ ရတနာထွန်းပွဲရုံတန်း၌ အသင့်စား​ခေါက်ဆွဲ​ခြောက်ထုပ်အမျိုးမျိုးအား အဖွဲ့စုံဖြင့် စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ​မော်လမြိုင်မြို့နယ် တာဝန်ခံသည် ၁၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ​မော်လမြိုင်မြို့နယ်၊ ရတနာထွန်းပွဲရုံတန်းရှိ ကုန်စုံဆိုင်ကြီးများအား ဦးစား​ပေးကုန်စည်ဖြစ်​သော ​အသင့်စား​ခေါက်ဆွဲခြောက်ထုပ်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အသင့်စားခေါက်ဆွဲထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသူဆိုင်ရှင်များအား  ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုကြရန် အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ် ဟောပြောဆွေးနွေးခြင်း

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၏ Talk Show အစီအစဉ်တွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံမှ  Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးစွာပြောကြားပြီးနောက် Online ရောင်းဝယ်မှုဆိုင်ရာနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီး ဌာနမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား မေးမြန်းခဲ့ရာ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပုံ အဆင့်ဆင့်၊ အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူများ ဝယ်ယူသုံးစွဲရာ၌ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဌာနမှ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြောင်း၊ နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်၍ စားသုံးသူများ ဝယ်ယူမှုမပြုမီ သတိပြုသင့်သည့် အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး ဌာန၏ လက်ကမ်းစာစောင်နှင့်ဂျာနယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

တောင်ငူမြို့ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုတို့နှင့်အတူ (၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်စပါးသိုလှောင်ထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ အောင်ဟေမာန်ဆန်စက်၊ ကောင်းပြည့်ဆန်စက်၊ လမင်းဆန်စက်၊ အေးမေတ္တာဆန်စက်နှင့် အိုးတက်ဆန်ပွဲရုံများသို့ သွားရောက်စစ်ဆေးရာ ဆန်စက်များအနေဖြင့် မိုးစပါး တင်း၁၀၀လျှင် ၂၄၀၀၀၀၀ကျပ်ဖြင့်ဝယ်ယူရပြီး ကြိတ်ခွဲထွက်ရှိသည့်ဆန်များကို တစ်အိတ်လျှင် ၈၈၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်အထိရောင်းချရကြောင်း၊ နွေစပါး တင်း၁၀၀လျှင် ၁၉၅၀၀၀၀ကျပ်မှ ၂၀၀၀၀၀၀ကျပ်အထိဝယ်ယူရပြီး ကြိတ်ခွဲထွက်ရှိသည့် ဆန် များကို တစ်အိတ်လျှင် ၇၂၀၀၀ကျပ်မှ ၇၃၀၀၀ကျပ်အထိရောင်းချရကြောင်း၊ လျှပ်စစ်မီးပုံမှန်ရရှိမှုမရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် ဆန်မြောက်များစွာသိုလှောင်ထားခြင်းမရှိကြောင်း၊ လက်ကျန်ဆန်များကို ဈေးကွက်သို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရှိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် ကွင်းဆင်းစစ်ဆေးစဉ် သက်ဆိုင်ရာလုပ်ငန်းရှင်များအား မိမိခရိုင်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် ဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများမပြုရန် အသိပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ