Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

     (၁၅.၂.၂၀၂၀) နှင့် (၁၇.၂.၂၀၂၀) ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေကြီးဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ထုတ်လုပ်သောလုပ်ငန်းများ၊ လက်လီလက္ကားရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များ၊ Magway Shopping Mall ၊ ကောင်းမွန်စင်တာ၊ သာလှစတိုး ဆိုင်ကြီးများနှင့် မကွေးမြို့ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား မိမိတို့ တင်သွင်းဖြန့်ဖြူး ရောင်းချသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင် ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာနှင့် မြန်မာဘာသာ တွဲလျက် ဖြစ်စေထည့်သွင်းဖော်ပြလာရေး လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်နိုင်ရေး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့ပြီးနောက် (၁) နှစ်ဆိုင်းငံ့ထားခဲ့ရာ (၁၆.၃.၂၀၂၀) ရက်နေ့မှစ၍ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ၏ ထုပ်ပိုးမှုတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးနှင့် ပြည်ပမှတင်သွင်းလာသော ကုန်စည်များအားလည်း မြန်မာဘာသာပူးတွဲလျက် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်း တင်သွင်းသည့် လုပ်ငန်းရှင်မှ ထည့်သွင်းထုတ်လုပ်ဖော်ပြရမည်ဖြစ်ကြောင်း၊ လက်လီလက္ကား ရောင်းချ ဖြန့်ဖြူးသူ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်၍ မှာယူရောင်းချကြရန် တိုက်တွန်းဆွေးနွေးခဲ့ပြီး (၁၆.၃.၂၀၂၀) နောက်ပိုင်း တွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေး ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အလားတူ တိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူခရိုင်ဦးစီးမှူးများမှလည်း မိမိတို့ ခရိုင်အတွင်း ထုတ်လုပ်သည့်လုပ်ငန်းရှင်များသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြလာရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက် လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြား ချက်အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ပြသ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

       စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါပြပွဲတွင် နည်းပညာကုမ္ပဏီများမှ e-Government ဆိုင်ရာ စနစ်များ၊ နည်းပညာများနှင့် ၎င်းတို့၏ဝန်ဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ကြီးဌာနများမှ e-Government ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ပါဝင်ပြသခဲ့ကြပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း e-Government လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြခန်းပါဝင်ပြခဲ့ပါသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသော e-Government လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် www.doca.gov.mm Website ၊ အွန်လိုင်းမှတိုင်ကြားနိုင်သည့် နည်းစနစ်များနှင့် Governmnet Employees Payroll System တို့နှင့်ပတ်သက်၍ ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ဗွီဒီယိုဖိုင်များဖြင့် ပါဝင်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ၊ စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာဦးစီးဌာန Website နှင့်တိုင်ကြားမှုပုံစံ တို့နှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များ၊ အစိုးရဌာနများ၏ ဝန်ထမ်းများလစာစရိတ်တွက်ချက်ခြင်းစနစ် အသုံးပြုနည်းစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

         ပြခန်းသို့လာရောက်လေ့လာကြည့်ရှုသူများမှလည်း စားသုံးသူရေးရာဦးစီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)

အရည်အသွေးမြင့် မြန်မာ့ဆန်များ တင်ပို့နိုင်ရေးအတွက် ဆန်စပါးရူပအရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အောက်တွင် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးကဏ္ဍနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှုများ၊ သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိသော ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနစုဟူ၍ရှိပါသည်။ ယခင်မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ကော်ပိုရေးရှင်း လက်ထက်တွင် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာန (Post-Harvest Technology Application Center-PTAC) အဖြစ် မြန်မာ့ဆန်စပါး အရည်အသွေးကဏ္ဍအတွက် အလွန်အရေးပါသော ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဆန်စပါးသီးနှံသည်အခြားသောသီနှံများနှင့်မတူညီဘဲ သဘောသဘာဝ ကွဲပြားမှုရှိပါ သည်။ ဆန်သည် မြန်မာလူမျိုးတို့အတွက် အခြေခံစားသုံးသီးနှံဖြစ်သည့်အားလျော်စွာ နေ့စဉ် နှင့်အမျှ ဈေးကွက်လိုအပ်ချက်ရှိနေပေသည်။ ဆန်သည် စပါးသီးနှံကိုကြိတ်ခွဲသန့်စင်ပြီးမှ ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ပေါ်နေသည့် ဆန်ဈေးကွက်အတွက် ကြိတ်ခွဲပြီးဆန်ကို နှစ်ပေါက်သိုလှောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်တစ်နှစ်ပတ်လုံးဖူလုံရန်အတွက် စပါးကိုသာ နှစ်ပေါက်သိုလှောင်ပြီး လိုသလိုကြိတ်ခွဲလေ့ရှိပါသည်။ အကျိုးအကျေနည်းပြီး ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး ကောင်းမွန်မှုသည် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကွက် ဝင်ဆန့်နိုင် ပြီး ဈေးကောင်းလည်း ရရှိနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော ဆန်ရရှိရန် မျိုးကောင်းမျိုးသန့်စပါး ရရှိရန်လိုအပ်သလို ရိတ်သိမ်းပြီးချိန်တွင် အရည်အသွေး ဆုံးရှုံးမှု မဖြစ်ရန် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ အဖျင်းအမှော်ပါဝင်မှု၊ ဖုန်၊ သဲ၊ ခဲ မသန့်စင်မှု၊ အဆစ်ကျိုးစပါးပါဝင်မှု စသည်တို့သည် ကြိတ်ခွဲမှု အရည်အသွေးကို ကျဆင်း စေနိုင်ပြီး၊ ဆန်သားအထွက်နည်းစေနိုင်ပါသည်။ ထို့အပြင် ဆန်ကြိတ်ထွက်နှုန်း ကောင်းမွန် ရန် ကြိတ်ခွဲမည့်စပါး၏အစိုဓာတ်ပမာဏကို တိတိကျကျ မှန်မှန်ကန်ကန် သိရှိနိုင်ရန် လိုအပ်ပါသည်။

CTQM တွင်မြန်မာနိုင်ငံဒေသအသီးသီးရှိ စပါးများ၏ ရူပအရည်အသွေးကို နှစ်စဉ် စမ်းသပ်စစ်ဆေးလျက် ရှိပါသည်။ အထူးသဖြင့် ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ စပါးနမူနာများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရယူ၍ စမ်းသပ်စစ်ဆေးခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခဲ့သော စပါးအမျိုးအစားများမှာ ရွှေဝါထွန်း၊ ရွှေသွယ်ရင်၊ မှော်ဘီ(၂)၊ ဧရာမင်း၊ သီးထပ်ရင်၊ ဆင်းဧကရီ၊ ဆင်းသုခ၊ နှံကား၊ မနောသုခ၊ ရတနာတိုး၊ ရွှေမန်း၊ ရာကျော်၊ ဗျော့ထွန်း၊ ဧည့်မထ (ကောင်း)၊ ဧည့်မထ(အခြား)၊ ဆင်းသွယ်လတ်၊ ငကျွဲ၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းကြီး၊ မြီးဒုံး၊ ငစိန် စသည့်အမျိုးအစားများဖြစ်ပြီး နမူနာအရေအတွက် (၅၅)မျိုးရှိပါသည်။ ၂၀၁၈-၁၉ ခုနှစ်ထွက် စပါးနမူနာများ၏ စမ်းသပ်စစ်ဆေးချက်များအနက် သိမှတ်ဖွယ်ရာများကို ထုတ်နှုတ်ဖော်ပြလိုပါသည်။

မြန်မာ့စပါးအမျိုးအစားများအနက် ဧည့်မထအုပ်စုဝင်စပါးများသည် ထိုင်း၊ အိန္ဒိယ စပါးမျိုးများ နှင့်နှိုင်းယှဉ်ပါက အကြိတ်အဖွတ်ခံနိုင်မှု နည်းပါးပါသည်။ ထို့အပြင် အဆစ်ကျိုး စပါး ပါဝင်မှုကြောင့် ဆန်ကွဲပိုမိုထွက်ရှိနိုင်ပြီး ဆန်သားရရှိမှု ပိုမိုလျော့ကျလေ့ရှိပါသည်။ အဆစ်ကျိုးစပါးဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းမှာ စပါးအတွင်းရှိအစိုဓာတ်ပမာဏ ပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။ ခြောက်သွေ့ပြီးသော စပါးကိုသိုလှောင်ရာတွင် ရာသီဥတု ကြောင့် သော်လည်းကောင်း၊ စနစ်မကျသော ကိုင်တွယ်ထိန်းသိမ်းမှုကြောင့် သော်လည်း၊  ခြောက်သွေ့ပြီးသော စပါးကိုအကြောင်း တစ်မျိုးမျိုးကြောင့် ပြန်လည်စိုစွတ်စေခြင်းကြောင့် သော်လည်းကောင်း၊ အစိုဓာတ်မညီသော စပါးများကို ရောနှောခြင်းကြောင့်သော် လည်းကောင်း  အဆစ်ကျိုးစပါးများ ဖြစ်ပေါ်စေနိုင်ပါသည်။

ရိတ်သိမ်းခြွလှေ့စက်မသုံးဘဲ လူအားဖြင့်ရိတ်ခြွေသောစပါးများကို ရိတ်သိမ်းပြီးသည် နှင့် တစ်ပြိုင်နက် ကောက်လှိုင်းများကို ကန်သင်းရိုးတွင်မစုပုံထားဘဲ ခြွေလှေ့သင့်ပါသည်။ ကောက်လှိုင်းများက ကန်သင်းရိုးတွင်စုပုံထားပါက အဆစ်ကျိုးစပါးပမာဏ မြင့်တက် လာနိုင်ပါသည်။ စပါးခြွေလှေ့ခြင်းမပြုမီ ကန်သင်းရိုးတွင်စုပုံထားလျှင် ညပိုင်းအချိန်အတွင်း အမိုးအကာဖြင့် ဖုံးအုပ်ထားရန်လိုအပ်ပါသည်။ မြန်မာ့စပါးများသည် အစိုဓာတ် အပြောင်း အလဲပေါ်တွင် ခံနိုင်ရည်နည်းပါးပါသည်။ ထို့အပြင် မြန်မာ့ရေမြေရာသီဥတုသည်လည်း ပူနွေးစိုစွတ်သော အနေအထားရှိသဖြင့် အဆစ်ကျိုးစပါး ပါဝင်မှုကို ထိန်းချုပ်ရန် အခက်အခဲများစွာရှိပါသည်။ ထို့ကြောင့် အခြေခံစပါးဈေးနှုန်း သတ်မှတ်ခြင်းနှင့် စပါး ဝယ်ယူမှု စည်းမျဉ်းများအတွက် အဆစ်ကျိုးစပါးပါဝင်မှု ကန့်သတ်ချက်ကို အနည်းငယ် ဖြေလျော့ပေးရန်လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပမှနည်းပညာအကူအညီများဖြင့် အဆစ်ကျိုး စပါး ကဏ္ဍအတွက် အဖြေရှာဆောင်ရွက်သင့်ပါသည်။

          မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးခေတ် ကာလတွင် ထိုအချက်များ ကြောင့် စပါးဝယ်ယူရာတွင် အဆစ်ကျိုးစပါး ပါဝင်မှုကိုကန့်သတ်မထားဘဲ ဆန်၏ စက်ကြိတ်ထွက်နှုန်းအရဖြင့်သာ သတ်မှတ်ဝယ်ယူပါသည်။ (ဥပမာ စပါးတင်း ၁၀ဝ ကြိတ်ခွဲ လျှင် ဆန်သား ၃၆တင်း ထွက်ရှိရန် စံသတ်မှတ်ထားပြီး ၃၆တင်းအောက် လျော့နည်းထွက် ရှိသော စပါးများကို စပါးအမျိုးအစားကိုလိုက်၍ ၂.၅တင်းနှင့်ညီမျှသော ငွေကို ခုနှိမ် ဖြတ်တောက်မှုပြုလုပ်ပါသည်။) CTQM တွင်စမ်းသပ်သော စပါးနမူနာ (၅၅)မျိုးအနက် အဆစ်ကျိုးစပါး ၂၅ ရာခိုင်နှုန်းအထက်ပါဝင်သော စပါး (၁၀)မျိုးတွေ့ရှိရပါသည်။ 

ဆန်သားထွက်နှုန်း အနေနှင့်လည်းကွဲပြားခြားနားမှုများရှိပါသည်။ စုစုပေါင်း ဆန်သား ထွက်နှုန်း (Total Rice) သည် စပါးအမျိုးအစားကိုလိုက်၍ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အကြားရှိတတ်ပါသည်။ စုစုပေါင်းဆန်သားထွက်နှုန်းဆိုသည်မှာ လုံးပြည့်ဆန်သား (Whole Kernel) များအပါအဝင်၊ ဆန်သား (Head Rice)၊ ဆန်ကွဲ (Brokens)၊ ဆန်ကွဲသေး(Small Brokens) စသည့်အရာအားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ စမ်းသပ်ခဲ့သော စပါးနမူနာများ တွင် ဆန်သား (Head Rice) ရရှိမှု ၃၀ရာခိုင်နှုန်းနှင့်အောက်ရရှိသော နမူနာ (၆) မျိုးနှင့် ၆၀ ရာခိုင်နှုန်းနှင့်အထက် ရရှိသော နမူနာ (၈)မျိုး ကိုအောက်ပါအတိုင်း တွေ့ရှိရပါသည်။ စပါးအမျိုးအစားများတူသော်လည်း စိုက်ပျိုးရာဒေသ၏ ရေမြေသဘာဝနှင့် ကိုင်တွယ် ထိန်းသိမ်းမှုတို့အပေါ်မူတည်၍ ဆန်သားထွက်နှုန်း ကွဲပြားမှုများလည်းရှိပါသည်။ ဥပမာ အားဖြင့် ပဲခူးမြို့မှထွက်ရှိသော မနောသုခစပါးသည် ဆန်သားပြန်လည်ရရှိမှု၌ ၂၇ ရာခိုင်နှုန်း ခန့်သာရှိသော်လည်း တိုက်ကြီးမြို့မှထွက်သော မနောသုခ စပါးသည် ဆန်သား ၆၅.၆၇ ရာခိုင်နှုန်းအထိရရှိပါသည်။ ထို့ကြောင့် မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင်  အထွက်နှုန်းကောင်း စပါးစိုက်ပျိုးနိုင်ရန်သာမကဘဲ ဆန်ကြိတ် ထွက်နှုန်းကောင်းမွန်စေရန် ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်း အလေ့အထကောင်းများဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်သင့်ပါသည်။

စမ်းသပ်စစ်ဆေးချက်များအရ ဧည့်မထအုပ်စုဝင် မြန်မာ့စပါးမျိုးများ၏ ဆန်သား အလျားကို တိုင်းတာစစ်ဆေးရာတွင်အောက်ပါအတိုင်းတွေ့ရှိရပေသည်။ မနောသုခ၊ ဆင်းသု၊ ဧရာမင်း၊ နှံကား စသည့်စပါးမျိုးများသည် ဆန်သား အလျား ၆ မီလီမီတာ ဝန်းကျင်းတွင် တွေ့ရှိရပြီး မှော်ဘီ (၂)၊ ရွှေသွယ်ရင်၊ ဆင်းသွယ်လတ် တို့သည် အလျား ၇ မီလီမီတာ အထက်တွင်ရှိပြီး ဆင်းဧကရီ၊ ဗျော့ထွန်း၊ ရတနာတိုးစသည်တို့သည် အလျား ၆.၆ မီလီမီတာ အထက်တွင်ရှိပါသည်။ စပါးမျိုးကွဲအလိုက် ပျမ်းမျှဆန်သားအလျား၊ အနံ နှင့် အလျားအနံ အချိုး နှိုင်းယှဉ်ချက်များကို အောက်ပါ ပုံတွင်လေ့လာနိုင်ပါသည်။

မြန်မာ့ဆန်မျိုးကွဲများသည် အလျား၊ အနံ ပမာဏမတူညီဘဲ ကွဲပြားခြားနားမှု များစွာရှိပါသည်။ ထို့ကြောင့် မြန်မာ့ဆန် စံချိန်စံညွှန်းတွင် ဆန်အရွယ်အစားနှင့်ပတ်သက်၍ လုံးပု၊ လုံးလတ်၊ လုံးရှည် စသည်ဖြင့် သတ်မှတ်ပုံကို နိုင်ငံတကာမှ သတ်မှတ် နည်းစနစ်များနှင့်ပါလိုက်လျောညီထွေမှုရှိစေရန် နည်းလမ်း (၃)မျိုးဖြင့် ရွေးချယ်ခွင့် ပေးထား ပါသည်။ လုံးရှည်သတ်မှတ်ရာတွင် အချို့သော ဆန်အမျိုးအစားများသည် အလျား ၆.၆ မီလီမီတာထက်ပိုသော်လည်း အချို့သောဆန် အမျိုးအစား များသည် အလျားတိုလေ့ ရှိပါသည်။ သို့ရာတွင် အနံတိုသောဆန်သားများအနေဖြင့် အလျားသတ်မှတ်ချက်နှင့် အတူ အလျားအနံ အချိုး သတ်မှတ်ချက်ပါ ပေါင်းစပ်၍ လုံးရှည် (သို့မဟုတ်) လုံးလတ် အတန်း အစားအဖြစ် ပြည့်မီနိုင်ပါသည်။  ဥရောပသမဂ္ဂမှ ဆန်သားများ၏အရွယ်အစား အဆင့် အတန်းကို အထက်ဖော်ပြပါအတိုင်း သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။

မြန်မာဆန်စပါးကဏ္ဍသည် မြန်မာ့သမိုင်းတစ်လျောက် လူတန်းစားအလွှာပေါင်းစုံ ပါဝင် ပတ်သတ် နေသော ကဏ္ဍဍတစ်ရပ်ဖြစ်ပေရာ ဆန်စပါးအရည်အသွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အမျိုးသားရေး တာဝန်တစ်ရပ်ကဲ့သို့ အလေးထား ဆောင်ရွက်သင့်ပေသည်။ ယခုအခါတွင် တိုးတက်များပြား လာသော ကမ္ဘာလူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေး ပြဿနာသည် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့အတူ အကန့်အသတ်ရှိသော ကမ္ဘာ့စိုက်ပျိုးမြေဧရိယာကြောင့် စိုက်ပျိုးရေးနည်းလမ်းသစ်များကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် သုတေသနစမ်းစစ်မှုများဖြင့် ဖော်ထုတ်လေ့လာနေကြ ပေသည်။ အစ္စရေး နှင့် ဂျပန်နိုင်ငံများတွင် ရာသီဥတုအတု၊ မြေအစားထိုး စိုက်ပျိုးနည်းစနစ် များ၊ အထွက်နှုန်း တိုးတက်စေသည့် နည်းလမ်းသစ်များ စသည်တို့ကို နေ့စဉ်နှင့်အမျှ သုတေသနလုပ်ငန်းများဆောင်ရွက်နေကြပြီဖြစ်သည်။

စိုက်ပျိုးမြေအကန့်အသတ်ရှိသော်လည်း တိုးတက်များပြားလာသောလူဦးရေ ပမာဏ အတွက် စားနပ်ရိက္ခာဖူလုံစေရန် အထွက်နှုန်းမြှင့်မားသော စပါးမျိုးကောင်းမျိုးသန့် များကို  စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုအပ်ပါသည်။ ထို့အတူ အရည်အသွေးကောင်းမွန်သော ထွက်ကုန်၊ ထုတ်ကုန်များကို စားသောက်သုံးစွဲခွင့်ရရန် အလွန်အရေးကြီးပါသည်။ အထွက် ကောင်းသောစပါး၏ ဆန်အရည်အသွေး ကောင်းများကိုထိန်းသိမ်းနိုင်ရန် ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်း အလေ့အကျင့်ကောင်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက် သင့်ပေသည်။ သို့မှသာတိုးတက်ကောင်းမွန်သော မြန်မာဆန်စပါး ရွှေရောင်ခေတ်ဆီသို့ ပြန်လည်ဦးမော့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။

အောင်ကျော်မိုး

(CTQM)

 

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်  ညနေ ၂ နာရီတွင် ပြည်နယ်စားသုံးသူရေးရာဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဉီးမော်မော်မှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဉီးစီး ဌာန ပြည်နယ်ဉီးစီးမှူး ဉီးကျော်ဝင်းက ကယားပြည်နယ်တွင် စားသုံးသူရေးရာကော်မရှင်ကို အဖွဲ့ဝင် (၉) ဉီးဖြင့် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ခုနှစ် ဘဏ္ဍာနှစ်အတွင်း စားသုံးသူ အကာအကွယ်ပေး ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုများဖြစ်သော မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးဉပဒေ ၈၃ ပုဒ်မ၊ ပုဒ်မခွဲ (က) အရ လုပ်ပိုင်ခွင်ကို ကျင့်သုံးပြီး မြန်မာဘာသာနှင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်တွဲလျက် အခြားဘာသာဖြင့် ဖော်ပြနိုင်ရေးအတွက် စီးပွားလုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများအား ခေါ်၍ အသိပညာပေးခြင်း၊ ကျောင်း၊ ရပ်ကွက်၊ ဈေးများ၊ ကျေးရွာများတို့ စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးခြင်းများ၊ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ခြင်းစသည် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအပေါ်  စားသုံးသူရေးရာကော်မ ရှင်အဖွဲ့ဝင်များသို့ အသိအမှတ်ပြုအကြံပေးနိုင်ပါရန် ဆွေးနွေးတင်ပြခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးတွင် တက်ရောက်သူများက အတွင်းရေးမှူး ပြည်နယ်စားသုံးသူ ရေးရာဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးကျော်ဝင်းက ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဖြည့်စွက်ဆွေးနွေး သဘောတူလက်ခံပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဉီးမော်မော်က  ရှေ့ဆက်လက်လုပ်ဆောင်ရမည့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါရန် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး

(၆.၂.၂၀၂၀)ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်ပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှတာဝန်ရှိသူများနှင့်  မိတ်ဘက်ဌာနဆိုင်ရာအဖွဲ့များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာ အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေ သောဆိုင်များမှ စားသောက်ကုန်များကို သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာ တွင်စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များအားရောင်းချနိုင်ရေး ရွေးချယ်ဝယ်ယူနိုင်ရေး၊ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးပြခန်းဖွင့်လှစ်

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်သော(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ   တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများသည် ရွှေမော်ဓော စေတီတော်အနောက်ဘက် ယာဉ်ရပ်နားကွင်း၌ ပြုလုပ်သည့်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ ပြခန်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိ ပညာပေးပြခန်းကို (၁၁.၂.၂၀၂၀ မှ ၁၂.၂.၂၀၂၀)ရက်‌နေ့အထိဖွင့်လှစ်ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါပြခန်းသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိလူကြီးမင်းများ လာရောက်လေ့လာခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းမှ စားသုံးသူအခွင့်အရေးများ အကြောင်းကိုလည်းကောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားများ အကြောင်း ကို လည်းကောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အငြင်းပွားမှုဆိုင်ရာများကို ဗီနိုင်းများပြုလုပ်၍ ခင်းကျင်း ပြသကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာများ ပါဝင်သည့်လက်ကမ်းစာစောင်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထား သည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အားဖြန့်ဝေ ခဲ့ပြီး အဆိုပါပြခန်းသို့လာရောက်လေ့လာသော မြို့မိမြို့ဖများ ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များ နှင့် ကျောင်းသား၊ကျောင်းသူများအားစားသုံးသူကာကွယ်ပေးရေး ဆိုင်ရာအချက်အလက်များ ရှင်းလင်း ပြောကြား ခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စားသောက်ကုန်များ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နှင့် မင်းစုရပ်ကွက်အတွင်းရှိ စားသောက်ကုန်များ လက်လီ/ လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများအား  စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြစ်သည့် “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်” အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပြီး  လုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရေဦးမြို့မ စည်ပင်သာယာဈေးအတွင်းရှိ လက္ကားဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မစည်ပင်သာယာဈေး စားသုံးသူရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်း အင်အား(၁၃)ဦးပါ ပူးပေါင်းအဖွဲ့ဖြင့် ရေဦးမြို့မ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် လက္ကားကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဆိုင်ပိုင်ရှင်များအနေဖြင့် ယင်းတို့၏ ကုန်ပစ္စည်းများအား ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သောစာစောင်များအား ဆိုင်ရှင်များထံသို့ ဖြန့်ဝေပညာပေး ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

          ၃၁.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေးမြို့နယ်တာဝန်ခံတို့သည် ရေးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ရေးမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့အပြင် မွန်ပြည်နယ် တွင် ပြည်ပပို့ကုန်အလားအလာရှိသော ဝဥကို တိုးချဲ့စိုက်ပျိုးလာကြပြီး ဝဥအခြောက်ခံစက်ရုံများ တိုးချဲ့တည်ထောင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရေးမြို့တွင် ဝဥကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ