Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

     ၁၆.၁.၂၀၂၀ ရက်နေ့၊ နေ့လည် ၁၁ နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကုန်စည်ဒိုင်ဖွင့်လှစ်မည့် ရက်စွဲ၊ ဖိတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး ကိစ္စများအား အတည်ပြုခဲ့ကြပြီး တာဝန်ခွဲဝေသတ်မှတ်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

         ၁၅.၁.၂၀၁၂၀ ရက်နေ့ ၀၉:၀၀ နာရီတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် မွန်ပြည်နယ်ချောင်းဆုံမြို့နယ် အထက (ခွဲ)ဒရယ် ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၆၆) ဦးအားလည်းကောင်း၊ ၁၁:၀၀ နာရီတွင် အမက (ဒရယ်) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၈) ဦးအားလည်းကောင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့သည်။

ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ခန်းမတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် နှင့်ပတ်သက်သည့် အသိပညာပေးခြင်း

     ၁၅.၁.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ခန်းမ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့် စားသုံးသူ ကာကွယ် ရေးဥပဒေ ပြဌာန်းချက် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့် အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြန်မာနိုင်ငံစားသုံးသူသမဂ္ဂအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးတွင် ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

        ၁၄.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော မွန်ပြည်နယ်စားသုံးသူသမဂ္ဂတို့ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ အမှတ် (၁) အောက်ဈေး တွင် စားသောက်ကုန်၊ အလှကုန်များရောင်းချသည့် ဈေးဆိုင်ပေါင်း (၆၀) ခန့်အား ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၊ ဆိုင်ရှင်များအား သိရှိ လိုက်နာ ဆောင်ရွက်နိုင်​ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း

၁၃.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို အထက (ချောင်းနှစ်ခွ) နှင့် အထက (တောင်ကလေး) ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

         ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြေညာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ဆေးဝါးများရောင်းချမှု ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆေးဆိုင်(၄)ဆိုင်မှ သက်တမ်းလွန် ဆေးဝါးများ၊ လိုင်စင်မဲ့ဆေးဝါးများ တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပါသည်။ ဆေးဆိုင်ပိုင်ရှင်အား အဆိုပါ ဆေးဝါးများကို အများပြည်သူသုံးစွဲမိပါက ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် သက်တမ်းလွန် ဆေးဝါးများအား သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အပ်နှံရန် အသိပညာပေးဆွေးနွေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများအား နောက်နောင် ရောင်းချခြင်းမပြုရန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၏ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေဝယ်သား

ဟင်းခတ်အချို့မှုန့်များ အလေးချိန်မှန်ကန်မှုရှိ မရှိကွင်းဆင်းစစ်ဆေး

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်/ကုန်စုံဆိုင်များနှင့် မြို့မစျေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဟင်းခတ်အချိုမှုန့်များ အလေးချိန်မှန်ကန်မှုရှိ မရှိ  ၁၅.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန FDA စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်သောအဖွဲ့မှ Golden Fish ၊ Crown ထိုင်းဇွန်းတံဆိပ်၊ ထိုင်းအိုးတံဆိပ်  ဟင်းခတ်အချိုမှုန့်အမျိုးအစား(၄)မျိုးအား  အလေးချိန်မှန်ကန်မှုရှိ မရှိ စစ်ဆေးရာတွင် အချို့မှာ အလေးချိန်မှန်ကန်မှုမရှိကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်ရရှိပြီး အလေးချိန်မှန်ကန်မှုရှိသော အချိုမှုန့်အမျိုးအစားများနှင့် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ပါရှိသော ကုန်စည်များ အား ရွေးချယ်ဝယ်ယူရောင်းချကြရန် ဆွေးနွေးအကြံပြုကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့မှ ကျိုင်းတုံမြို့မစျေးအတွင်းရှိ ကြော်ငြာသင်ပုန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပါသော လက်ကမ်းစာစောင်အားကပ်၍ စားသုံးသူပြည်သူများသိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

မိုးထက်နိုင်(ကျိုင်းတုံ)

မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေး၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေး

           ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ(၁၂)ရက်နေ့တွင် မကွေးမြို့ပသာဒဟိုတယ်၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင်ပါရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ မိမိတို့ထုတ်လုပ်သည့်ရေသန့်များအပေါ် အာမခံပေးထားသည့် အတိုင်းကိုက်ညီအောင် ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ အာမခံပေးထားသည့်အတိုင်း ကိုက်ညီမှု မရှိပါက စားသုံးသူမှတောင်းဆိုလာပါက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့တွင် စတင်အာဏာတည်မည့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ညွှန်ကြားချက်အရ ရေသန့်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များဖြစ်သော အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်း ဖော်ပြနိုင်ရေး လုပ်ငန်းရှင်များမှ မိမိတို့၏တံဆိပ်အမှတ်အသားများကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိအား ဌာနသို့လာရောက်တင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားရန် အသိပေးလို ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ ကုန်အညွှန်းအမှတ်အသားများ ပြင်ဆင်ရိုက်နှိပ်နိုင် ရေး ခရိုင်/မြို့နယ်များသို့လည်း အသိပေးအကြောင်းကြားထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်း အနားတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း GMPနှင့်အညီ ထုတ်လုပ်နိုင် ရေး သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်သင်းလုံး ကျွတ်အစည်းအဝေးသို့ ခရိုင်/မြို့နယ်များမှ ရေသန့်လုပ်ငန်းရှင်များ စုစုပေါင်း(၁၀၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ညွန့်ညွန့်စိန်
ဦးစီးမှူး
မကွေး
၀၉-၄၀၁၅၇၀၁၃၃

ကော်ဖီစိုက်ပျိုးမှုနည်းပညာ၊အထောက်အပံ့ရရှိရေး ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZ အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်

         ကျိုင်းတုံဒေသအတွင်း ရေ မြေ ရာသီဥတုနှင့်ကိုက်ညီသည့် စျေးကွက်ဝင် နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးရည်ရွယ်၍ ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZ အဖွဲ့တို့ပူးပေါင်း၍ (Coffee Innovation Fund Project) အဖြစ် (၁၄-၁-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စု၊ ဂျဒယ် အာခါရွာ စိုက်ပျိုးရေးခြံတွင် နည်းပညာပံ့ပိုးနိုင်ရေးအစီအစဉ်တစ်ရပ်ကျင်းပခဲ့ပါသည်။ အဆို ပါနည်းပညာပေးရေးအစီအစဉ်သို့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံကော်ဖီအသင်းနာယကနှင့် ဌာနဆိုင်ရာများ၊ အာခါယာဉ်ကျေးမှု့အဖွဲ့အသင်းမှတာဝန်ရှိသူများ သစ်သီးဝလံအသင်းမှ တာဝန်ရှိသူများနှင့် ကော်ဖီ စိုက်ပျိုးသူ ဂျဒယ်ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြပါသည်။

          ကျိုင်းတုံဒေသအနေဖြင့် ကောဖီ၊ ​ရော်ဘာ၊ လက်ဖက် အစရှိသည့် နှစ်ရှည်သီးနှံများ ရေ မြေ ရာသီဥတုနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်သောလည်း စိုက်ဧကနည်းပါး၍ အထွက်နှုန်းနည်းခြင်း၊ အရည် အသွေးပေါ်မူတည်၍ ဈေးကွက်တန်းဝင် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းပညာလိုအပ်ခြင်း တို့ကြောင့် ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZအဖွဲ့အစည်းတို့မှ ကော်ဖီကဏ္ဍအတွက် ဆန်းသစ် သောဒီဇိုင်း၊ အလေ့အကျင့်ကောင်းများဖြင့် လိုအပ်သည့်နည်းပညာ၊ စက်ကိရိယာများပံ့ပိုး တိုးမြင့်ပေးခြင်းဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကာ ထောက် ပံ့မှုပေးရာ၌လူတစ်ဦး (သို့) အဖွဲ့အစည်း တစ်ဖွဲ့လျှင် ယူရိုငွေ (၅၀၀၀၀)တန်ဖိုးနှင့်ညီသည့်  သွင်း အားစုများကို ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ကြောင်းသိရှိရပါသည်။၎င်းအပြင် ကော်ဖီဈေးကွက် ရှိရာ နိုင်ငံများကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှု့နည်းပညာဖြင့် အရည်းအသွေးကောင်း ကော်ဖီများ ထုတ် လုပ်၍ ဈေးကွက်ချိတ်ဆက်နိုင်ရေးကိုလည်း ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်းနှင့် ဂျဒယ် အာခါရွာကို အစွဲပြု၍ “ JADAE” အမှတ်တံဆိပ်အဖြစ် နိုင်ငံတကာစျေးကွက်တန်းဝင် ကော်ဖီအရည်အသွေး ကောင်းများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ရေး ဒေသနေပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုဆောင်ရွက်သွားမည့် လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။

 

ရန်နောင်

ကျိုင်းတုံ

ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ညောင်ဦးခရိုင်ဦ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ ခရိုင်ရုံးများမြေနေရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမြေနေရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်သိန်း၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူတာကပေါ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တို့နှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦး၊မြင်းခြံခရိုင်၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့်အတူ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို (၁၁.၁.၂၀၂၀) ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား ပန္နက်တင်မင်္ဂလာအချိန်(၀၈:၀၅)နာရီတွင် ညောင်ဦးခရိုင် ဦးစီးမှူးရုံးသစ် ဆောက်လုပ်မည့် (၅၀_ ၃၅_ ၂၄)အာစီ(၂)ထပ် နေရာ၌  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူတာကပေါ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်စိန်၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦးတို့မှ မင်္ဂလာ ပန္နက်ရိုက်ကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးခဲ့ကြပါသည်။ ထို့နောက် Mauk Kha Co,.Ltd မှ အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ပြီး၊ နံနက်စာများဖြင့် ဧည့်ခံခဲ့ ပါသည်။ ထို့နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ နံနက်(၈:၄၅)နာရီတွင် ခရိုင်ဦးစီးမှူး ရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ