Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လားရှိုးမြို့နယ်အတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန ၊ လားရှိုးမြို့ ၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များအလိုက်ဆောင် ရွက်လျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင်  ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  လားရှိုးမြို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လည်းကောင်း၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးမှ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး(ဆင့်ပွား)သင်တန်း၌ လည်းကောင်း၊ သီပေါမြို့နယ်တာဝန်ခံရုံးမှ အိုအေစစ် ဘော်ဒါဆောင်တို့တွင်လည်းကောင်း စားသုံးသူအခွင့်အရေးနှင့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအရာများအား အသီးသီးအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း   သိရှိရပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဘုတလင်မြို့နယ်တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၂၇.၁၀.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် (၅)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ မတူညီကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ မိမိတို့ ကုန်စည်များကို ဝယ်ယူအသုံးပြုမည် ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဘုတလင်မြို့နယ်တာဝန်ခံမှလည်း စားသုံးသူများ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများ ရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ‌ကျောင်းသား/သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို ကလေးအရွယ်မှ စ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာ စောင် များ ဖြန့်ဝေကာ အခမ်းအနားကို (၁၁:၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးနှင့် ရေဦးမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အချက်အလက်များသိရှိနိုင်ရန် ကုန်စည်ဒိုင် ဒု-ဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ယခင်က ရွှေဘိုမြို့ရှိ ဘုရင့်ရုပ်ရှင်ရုံတွင် ပဲ၊ နှမ်းများကို စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ရာမှ (၃)နှစ်ခန့် အရောင်း အဝယ်လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် နေရာတစ်ခုသတ်မှတ်၍ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်ရန် ယခုလက်ရှိတည်ရှိသည့် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို ၂၀၀၂ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ပြီး အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို အလုပ်အမှုဆောင်အဖွဲ့(၁၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို (၂)နှစ် သတ်မှတ်ထားပါကြောင်း၊ နေ့စဉ်ရောင်းဝယ်မှုဈေးနှုန်းအနေဖြင့် မန္တလေးဈေးကွက်ကိုအခြေခံ၍ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း၊ တောင်သူများမှ ပွဲရုံသို့ပို့ထားသည့် ပစ္စည်းနမူနာကို ပွဲစားများမှ ကုန်စည်ဒိုင်သို့ယူဆောင်လာပြီး ရောင်းဝယ်ပြုလုပ်ကြကြောင်း၊ လက်ရှိအချိန်၌တစ်ရက်လျှင် မြေပဲဆံတစ်တင်းခွဲဝင်အိတ်(၂၀၀)ခန့်နှင့် အစေ့ထုတ်ပြောင်း တစ်တင်းခွဲဝင် အိတ်(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် သင်းဖွဲ့စည်းမျဉ်းရှိပြီး အသင်းသားအရေအတွက်(၁၀၀)ခန့်ရှိကြောင်း၊ အသင်းသို့ဝင်ရောက်လိုပါက အသင်းသားတစ်ဦးလျှင် အသင်းဝင်ကြေးခုနှစ်သိန်းကျပ်၊ နှစ်စဉ်ကြေးခုနှစ်သောင်းကျပ်နှင့် ကိုယ်စားလှယ်တစ်ဦးလျှင် နှစ်စဉ်ကြေး ငါးသောင်းကျပ် သတ်မှတ်ထားပါကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့်လွှမ်းခြုံနိုင်သည့် သီးနှံများမှာ ပဲစဉ်းငုံ၊ မြေပဲဆံနှင့် နှမ်းသီးနှံများဖြစ်ပြီး တစ်နှစ်လုံးအဓိကအရောင်းအဝယ်ပြုလုပ်သည့်အပြင် ရွှေဘိုဒေသမှ ထွက်ရှိသည့်ပဲစဉ်းငုံသည် တစ်နိုင်ငံလုံးတွင် နာမည်ကြီးသည်ဟုသိရကြောင်း၊ ကျန်သီးနှံအနေဖြင့် အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းများအပြင် အခြားပဲ မျိုးစုံအနည်းငယ်လည်းအရောင်းအဝယ်ဖြစ်ကြောင်း၊ လွှမ်းခြုံချိတ်ဆက်ဝယ်ယူသည့်ဒေသမှာ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့ဖြစ်ပြီး ပြန်လည်ရောင်းချသည့် ဒေသမှာ မန္တလေးသို့အဓိကတင်ပို့ပြီး ပဲစဉ်းငုံကို ရန်ကုန်သို့လည်းတင်ပို့ကြောင်း၊ ယခင်ကတောင်သူများကို မိမိ၏ယုံကြည်မှုဖြင့် သီးနှံကြိုတင်ငွေထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း Covid-19ကာလမှ စတင်၍ယနေ့အချိန်ထိ ဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်း ပေးချေသည့်နည်းလမ်းကို အသုံးပြုပြီး ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ခြင်းလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်မှ နှစ်စဉ်အရောင်းအဝယ် ပြုလုပ်နိုင်မှုငွေကြေးတန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ်သီးနှံဈေးနှုန်းများ မြှင့်တက် လာသည့်အပေါ်မူတည်၍ တိုးမြှင့်လာကြောင်း၊ အသင်း၏နှစ်ပတ်လည်အစည်းအဝေးကို ၂နှစ်တစ်ကြိမ် ကျင်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနဖြင့်သာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အခြားသောအစိုးရဌာနများ၊ နယ်များရှိရုံးခွဲများ နှင့်ချိတ်ဆက်ဆောင်ရွက်မှုမရှိကြောင်း၊ ဒေသတွင်းရှိ တောင်သူ၊ လယ်သများ၊ ကုန်သည်များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းဝယ်ယူ၍ ဒေသပြင်ပရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့သာ ကုန်ကြမ်းပြန်လည်ရောင်းချပြီး ပြည်ပမှဝယ်ယူသူများနှင့်ချိတ်ဆက်၍ ရောင်းချမှုမရှိကြောင်း၊ ပြည်တွင်း ဆွေးနွေးပွဲအနေဖြင့် ရန်ကုန်၊ မူဆယ်နှင့် မုံရွာတွင်ကျင်းပသည့် ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ကုန်စည်ပြပွဲများတွင် ပါဝင်ပြသမှုမရှိသေးကြောင်း၊ ရွှေိဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် မိမိတို့ အသင်းဝင်သက်တမ်းတစ်လျှောက်လုံးတွင် အသင်းဝင်အချင်းချင်း အငြင်းပွားမှုလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် ရွှေဘိုမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည့် ကထိန်ပွဲတော်တွင် နှစ်စဉ် ပါဝင်လှူဒါန်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အသင်းဝင်များအတွက် သီးနှံရောင်းဝယ်ရာတွင် ရင်းနှီးမြှုပ်နှံ ရန်အတွက် ချေးငွေလိုအပ်သဖြင့် ချိတ်ဆက်၍ ပံ့ပိုးကူညီပေးစေလိုကြောင်းနှင့် ရွှေိဘိုကုန်စည်ဒိုင်အနေဖြင့် အခြားသောတိုင်းဒေသကြီးများနည်းတူ UMFCCI အသင်းဝင်ပြီး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်လိုကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

မုံရွာခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

       စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ( Community Center)ခန်းမ၌(၂၆.၁၀.၂၀၂၂) ရက်နေ့ ၊ နေ့လယ် ( ၁၃ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး က စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေး နိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိ လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄)ချက်အား ရှင်းလင်းခြင်း ၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ် လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ ရှိ စားသုံးသူရေးရာဦးစီးဌာနရဲ့ (Consumer Information and Complaint Center) CICC ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှာ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်တဲ့ ( www.doca.gov.mm ) (Complaint System)၊Mobile Application ဖြစ်သည့် (Doca Myanmar) app ၊Consumer Call Center (1535)သို့ဆက်သွယ်၍ သော်လည်း‌ကောင်း၊ ထို့အပြင် ACCP Website (ASEAN Cross-border Complaint)စသည့်တို့ကို ဆက်သွယ်ပြီးတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခေတ်မီတိုးတက်နေသည့် မုံရွာမြို့မှ ဆန်စက်များ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး တဖက် မှာလည်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းအပါအဝင် ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် နီးနီးကပ်ကပ်ဆက်ဆံ၍ တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲ များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခြင်း၊ အထက်အဆင့်တာဝန်ရှိသူများထံ တင်ပြခြင်းများကို စဉ်ဆက် မပြက် ဆောင်ရွက်လျှက်ရှိပါသည်။

      မုံရွာမြို့ရှိ ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဆန်/ စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက် ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့နယ် ဆန်စက်လုပ်ငန်းရှင် အသင်းဝင် ဆန်စက်လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မုံရွာစက်မှုဇုံနဲ့ မုံရွာမြို့ပေါ်မှာ ဆန်စက်(၁၃)လုံးရှိပါကြောင်း၊ ဆန် တန်(၅၀) မှ တန်(၁၀၀)ကြား ကြိတ်ခွဲနိုင်တဲ့ အလတ်စားဆန်စက်တွေဖြစ်ပါကြောင်း၊ ဆန်စက်အားလုံး လက်ရှိလည်ပတ်လျှက်ရှိပါ ကြောင်း၊ဆန်စက်အများစုက ဂျပန်နိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံထုတ် ခေတ်မီဆန်စက်တွေဖြစ်ပါကြောင်း၊ဆန်စက်များ တနှစ်ပတ်လုံး ကြိတ်ခွဲလျှက်ရှိကြောင်း၊ တစ်ချို့ဆန်စက်များတွင် နေ့/ည (၂)ဆိုင်းထားပြီးလည်ပတ်နေပါကြောင်း၊ စက်မှုဇုန်က ဆန်စက်များသည် နေ့ဘက်တွင်သာ လည်ပတ်သည်ဟု သိရှိရပါကြောင်း၊ အများဆုံးကြိတ်ခွဲတာကတော့ ဧရာမင်းစပါးဖြစ်ပါကြောင်း၊ မနောသုခနဲ့ ရွှေဘိုပေါ်ဆန်းကိုလည်း ကြိတ်ခွဲပါကြောင်း ၊ ကုန်ကြမ်းစပါးဝယ်ယူရရှိမှုအနေနဲ့ကတော့ ကလေးမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ မင်းကင်းမြို့၊ ဒီပဲယင်းမြို့၊ ဘုတလင်မြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ ချောင်းဦးမြို့၊ ရွှေဘိုမြို့ စတဲ့ မြို့နယ်များက အများဆုံးဝယ်ယူပါ ကြောင်း ၊ ပုလဲမြို့နယ်ကထွက်တဲ့ ဝန်ကြီးဧရာစပါးနဲ့ ချောင်းဦး မြို့နယ်ကထွက်တဲ့ မနောသုခ စပါး‌တွေကတော့ အရည်သွေးရော၊ ဆန်ထွက်နှုန်းရော ကောင်းမွန် ပါ ကြောင်း ၊ ရွှေဘိုပေါ်ဆန်းကတော့ အထူးပြောစရာမလိုပါဘူး။ 

     ဆန်ချောထဲမှာတော့ အကောင်းဆုံးဘဲ ဖြစ်ပါ ကြောင်း ၊စစ်ကိုင်းတိုင်းဒေသကြီးက အဓိကထွက်တဲ့ ဆန် (၂) မျိုးရှိပါ ကြောင်း ၊ ဧရာမင်းနှင့်ရွှေဘိုပေါ်ဆန်း ဖြစ်ပါ ကြောင်း ၊ မြန်မာတစ်နိုင်ငံလုံး ‌ဒေသအနှံ့ ဖြန့်ဖြူးရောင်းချကြပါ ကြောင်း ၊ မနောသုခဆန်ကတော့ Export တင်ပို့ပါကြောင်း၊ မန္တလေးနဲ့ ရန်ကုန်က ဆန်ကုန်သည်ကြီးတွေက တဆင့် Export ရောင်းချကြ ပါ ကြောင်း ၊ ကျွန်တော်အနေနဲ့ ရန်ကုန်မှာရှိတဲ့ မိတ်ဆွေကုန်သည်ကြီးအချိူ့နဲ့ ချိတ်ဆက်ပြီး ရွှေဘိုပေါ် ဆန်းနှင့် ဧရာမင်းဆန်ကို အ‌ရည်အသွေးကောင်းကောင်း ထုတ်လုပ်ပြီး Export တင်ပို့နိုင်ဖို့ ဆောင်ရွက် နေတာရှိပါ ကြောင်း ၊ လက်ရှိပေါက်ဈေးမှာ ဧရာမင်းစပါး တင်း (၁၀၀) ကို ၁၅ သိန်း‌ခန့် ၊ မနောသုခ ၁၂ သိန်းခန့် ရှိပါကြောင်း၊ ရွှေဘိုပေါ်ဆန်းမှာ ၁၉ သိန်းနှင့် သိန်း ၂၀ ဝန်းကျင်မှာရှိပါကြောင်း၊ ဆန်ဈေးအနေနဲ့ကတော့ ဧရာမင်းဆန်တစ်အိတ် ၅၅၀၀၀ ကျပ်၊ မနောသုခ ဆန်တစ်အိတ် ၄၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ၈၃၀၀၀ ကျပ် ဝန်းကျင်ရှိပါ ကြောင်း ၊ အရည် အသွေးပေါ်မူတည်ပြီး ဈေးနည်းနည်းကွာမှုရှိကြောင်း၊ ဆန်လတ်ကတော့ မုန့်လုပ်ငန်းတစ်ချို့က ဝယ်ကြတာရှိကြောင်း ၊ ဆန်ကွဲနဲ့ ဖွဲနုကတော့ မွေးမြူရေး အစားအစာအတွက် ဝယ်ကြပါကြောင်း ၊ မုံရွာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ထွက်သမျှကို ဝယ်ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ သီးနှံကဏ္ဍစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုတိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပြည်ပပို့ကုန် မြှင့်တင်၍ နိုင်ငံခြားဝင်ငွေတိုးတက် ရှာဖွေနိုင်ရေးတို့အတွက် ပြည်ပပို့ကုန်အလားအလာရှိသောသီးနှံများအပြင် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက်စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေတို့ကို ပြုစုတင်ပြလျက်ရှိပါသည်။

      အောက်တိုဘာလ(၂၆)ရက်၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ဂျုံသီးနှံဆိုင်ရာ အချက်အလက်များ သိရှိတင်ပြနိုင်ရန် အမှတ်(၆)ရပ်ကွက်၊ ဆုံကုန်းရပ်၊ ရွှေဘိုမြို့ရှိ ရွှေဥဒေါင်းဂျုံစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် နှစ်စဉ်စပါးကိုသာအဓိကစိုက်ပျိုး၍ ဂျုံသီးနှံကို ဆောင်းသီးနှံ အဖြစ်ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးပြီး ဝက်လက်မြို့နယ်တွင် အဓိကစိုက်ပျိုးပါသည်။ စိုက်ဧကအနေဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်မှစတင်၍ နှစ်စဉ်ဧက သုံးသောင်းဝန်းကျင်ခန့် စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင်တင်းနှစ်ဆယ်ခန့်ထွက်ရှိသဖြင့် တစ်ခရိုင်လုံး အထွက်တင်းအနေဖြင့် ခြောက်သိန်းဝန်းကျင်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါ သည်။

     ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဂျုံစက်များ၏ ကြိတ်ခွဲနိုင်မှု ရွှေဘိုခရိုင်တွင် ဂျုံသီးနှံကို ဝက်လက်မြို့နယ်နှင့် ဝက်လက်မြို့နယ်အဆုံး စစ်ကိုင်းမြို့နယ်နှင့် နယ်နိမိတ်အစပ်ရှိ ဆားတောင်မြို့တွင် အများဆုံးစိုက်ပျိုးပြီး ထွက်ရှိသော ကုန်ကြမ်းဂျုံသီးနှံများကို ဆားတောင်မြို့မှတစ်ဆင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြသဖြင့် ရွှေဘိုမြို့တွင်ရှိသော ဂျုံစက် များမှလိုအပ်သော ဂျုံသီးနှံကုန်ကြမ်းကို ဆားတောင်မြို့နှင့် မန္တလေးမြို့တို့မှဝယ်ယူရကြောင်း၊ လက်ရှိ အခြေအနေများအရ ရွှေဘိုမြို့၊ စက်မှုဇုန်တွင် ရွှေဥဒေါင်းဂျုံစက်နှင့် ရွှေစင်မြင့်ဂျုံစက်တို့ရှိပြီး စက်ကြီး အမျိုးအစားမဟုတ်ဘဲ မိသားစုတစ်နိုင်တစ်ပိုင် စက်များသာဖြစ်ကြောင်း၊ အဆိုပါဂျုံစက်နှစ်လုံးမှ တစ်ရက်လျှင်(၈)နာရီကြာကြိတ်ခွဲ၍ ဂျုံ(၃၁)တင်းကြိတ်ခွဲနိုင်ပြီး ဂျုံမှုန့်ကုန်ချော(၆၂၀)ပိဿာထွက်ရှိ ကြောင်းသိရှိရပါသည်။

      ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ ထွက်ရှိသော ဂျုံမှုန့်ကုန်ချောကို ဒေသတွင်းရောင်းချကြကြောင်း၊ ယခုအချိန်တွင် ယခင်ကထက် ကုန်ချောရောင်းချမှုဈေးကွက် ကျဆင်းလာပြီး ဒုံးပျံတံဆိပ်ဂျုံမှုန့်ကို လူသုံးများလာကြောင်း၊ စက်ရုံများ အနေဖြင့် တစ်လလျှင်(၁၀)ရက်ခန့် အလုပ်သများ ထိန်းရုံသာလည်ပတ်ရကြောင်း၊ လက်ရှိအချိန်တွင် ဂျုံတစ်တင်းလျှင် (၆၀၀၀ဝိ/-)ဖြင့် မန္တလေးမြို့မှဝယ်ယူပြီး ဂျုံတစ်တင်းကြိတ်ခွဲပါက ဂျုံမှုန့်(၂၀)ပိဿာ ထွက်ရှိကြောင်း၊ ဂျုံမှုန့်တစ်ပိဿာလျှင် (၃၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိရာ စက်ရုံလုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်နည်းပါးကြောင်း၊ မိဘအမွေလုပ်ငန်းဖြစ်၍သာ ဆက်လက်လုပ်ကိုင်နေကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်အတွင်း ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ တမူးမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ သွားရောက်စစ်ဆေးရာတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးရေးရာ ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဈေးကွက်စောင့်ကြည့် စစ်ရေးရာတွင် ဦးစားပေးအမယ် ( ၇ ) မျိုးကို သတ်မှတ်ခဲ့သည့်အတွက် လူအများစုသုံးစွဲနေသည့် အမယ်များကိုအဓိကထား၍ စစ်ဆေးကာ စားသုံးရန်သင့်/မသင့်အခြေအနေများနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ တမူးမြို့၊ စည်ပင်သာယာဈေးတွင် အသင့်စားပဲငပိ၊ ဖောင်းပြင်မြို့တွင် အချိုရည်များနှင့် သွားတိုက်ဆေးများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၆/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၆/၂၀၀၂) ကြိမ်မြောက် အစည်းအဝေးကို ၂၈.၁၀.၂၀၂၂ ရက်နေ့ နံနက်၁၀နာရီတွင် တိုင်းဒေသကြီး အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပရာစားသုံးသူရေးရာကော်မတီဥက္ကဌ၊စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်း အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စားသုံးသူရေးရာကော်မတီဥက္ကဌ စီပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေးတွင် ယခင်အစည်းအဝေဆုံးဖြတ်ချက်များကို ရွက်နိုင်မှုအခြေအနေများ၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လစဉ်လျာထားချက်များအလိုက် စားသုံးသူကာကွယ်ရေးပညာပေးဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်တွေ့ဆုံပညာပေးဆောင်ရွက်နိုင်မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းဆောင်ရွက်မှုများ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းများကို တွေရှိရပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ကျန်းမာရေးရှုထောင့်၊ စားသုံးသူရှုထောင့်၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထုတ်ကုန်များလုံခြုံမှုရှိစေရန် ဘက်ပေါင်းစုံမှဥပဒေနှင့်အညီ ဆောင်ရွက်ကြရမှာ ဖြစ်ပြီးကော်မတီအဖွဲ့ဝင်များမှလည်း အကြံပြုဆွေးနွေးပေးစေလို ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဌာန၏လုပ်ငန်း ဆောင်ရွက်နိုင်မှု၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အမှာစာ(၅)စောင်ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ တိုင်းဒေသကြီးအတွင်းခရိုင်များ၌ စားသုံးသူအသိပညာပေး ဗွီနိုင်းချိတ်ဆွဲခြင်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ကုန်စည်များကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြကြစေရေး စိစစ်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအဖွဲ့ဝင်များမှ လည်းဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေးကို အောင်မြင်စွာကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် (၉)ရပ်ကွက် ဓမ္မာရုံတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်း များ၊ မိတ်ဖက်ဌာနများနှင့်အတူ (၂၇.၁၀.၂၀၂၂)နေ့ နေ့လယ် (၁၅:၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့ ရပ်ကွက်နေပြည်သူ (၈၅) ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူ တက်စေရန် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သေချာကြည့်ရှုမှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူများတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှု တွေကို ပြန်လည်ရောင်းချရန်၊ ပြန်လည် ကုန်သွယ်မှုပြုလုပ်ဖို့ရန်အတွက် ဝယ်ယူခြင်းမဟုဘဲ မိမိကိုယ် တိုင်အသုံးပြရန်အတွက် ရည်ရွယ်ပြီးတော့ ဝယ်ယူအသုံးပြုသူတွေကိုဆိုလိုပြီး၊ စားသုံးသူတွေ အခွင့်အရေး အပြည့်အဝရရှိစေရန်၊ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး တိကျရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေအသိပေးပြီး အာမခံရှိပြီး အရည် အသွေးမြင့်တဲ့ ကုန်စည်ဝန်ဆောင်မှုတွေကို သိရှိနားလည် အသုံးပြုနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် နစ်နာဆုံးရှုံးမှုများကို စားသုံးသူဘက်မှ အပြည့်အဝမှန်ကန်းသော လမ်းစဉ်ဖြင့်ကာကွယ်ပေးရန် အန္တရာယ်ဖြစ်စေသေသာ ကုန်စည်/ ဝန်ဆောင် မှုတွေနှင့် စပ်လျဉ်းပြီးတော့မှ အရေးယူဆောင်ရွက်ပေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနသို့လည်း လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် (၁၀)ရပ်ကွက် ဓမ္မာရုံတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

     ဧရာဝတီတိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများနှင့်အတူ (၂၇.၁၀.၂၀၂၂)နေ့ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့ ရပ်ကွက်နေပြည်သူ (၇၃)ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ရပ်ကွက်နေပြည်သူများအား စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူပြည်သူများအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အရ နစ်နာဆုံးရှုံးမှုများကို စားသုံးသူဘက်မှ အပြည့်အဝမှန်ကန်သော လမ်းစဉ်ဖြင့် ကာကွယ်ပေး၍ အန္တရာယ်ဖြစ်စေ‌သော ကုန်စည်/ ဝန်ဆောင်မှုတွေနှင့် စပ်လျဉ်းပြီးတော့မှ အရေးယူဆောင်ရွက်ပေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနသို့လည်း  လူကိုယ်တိုင်သော်လည်း ကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူများက သိရှိလိုသည့်အချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ