Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ)ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများကြောင့် စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရေးမှာ နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ASEAN EEEMRA (Asean Sectoral Mutal Recognition for Electrical and Electonic Equipment) နှင့် AHEEERR (Asean Harmonized Electrial and Electronic Equipment Regulatory Regime) အစီအစဉ်တို့တွင် ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနက် Regulations ထုတ်ပြန်ရန် ကျန်သော သုံးနိုင်ငံမှာ မြန်မာ၊ လာအို နှင့် ဘရူနိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီအမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ARISE Plus ၏ နည်းပညာအကူအညီဖြင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် စည်းမျဉ်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်ကဏ္ဍသည် ကျယ်ပြန့်သည့် အတွက် နိုင်ငံတကာတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍများခွဲ၍ တာဝန်ယူဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ပါ၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နိုင်ကြစေရေး ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေမှုများ၊ အာဆီယံစံချိန်စံညွှန်းနှင့် လိုက်လျောညီထွေ ရှိစေရေး လိုက်ပါဆောင်ရွက်မှု အခြေအနေများ၊ ပြည်ပမှ တင်သွင်းလာသော လျှပ်စစ်ပစ္စည်းများ၊ ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းများအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ်က လျှပ်စစ်ဥပဒေနှင့် ပတ်သက်သော အချက်အလက်များနှင့် ၎င်းဌာနမှ ဆောင်ရွက် နေမှုများကို ဆွေးနွေးပါသည်။  ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးရာတွင် မိမိတို့ဌာနသည် စံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး Focal ဌာနဖြစ်ပါကြောင်းနှင့် လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်သော ထုတ်ပြန်ပြီးစံချိန်စံညွှန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက နိုင်ငံတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုများ၊ ARISE Plus အကူအညီဖြင့် Regulation မူကြမ်း ရေးဆွဲထားရှိမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ကိုးကား၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ Regulation မူကြမ်းပါ အချက်အလက်များ၊ ARISE Plus နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ Regulation ထုတ်ပြန်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ အမြန်ဆုံး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန် နှင့် Regulation များ ထုတ်ပြန်ရာတွင် ဝန်ကြီးဌာနများ အကြား တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကဏ္ဍများ ထပ်နေမှုမရှိစေရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြာရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊  ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၅

                  “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

                  ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီး ဌာနအနေနဲ့ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်း ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေး၊ စားသုံးသူအကာအကွယ် ပေးရေးစတဲ့ မဏ္ဍိုင်ကြီး(၆)ရပ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့အပြင် SMEs ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊

                  စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့သော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရာ၌အားနည်းချက်များ၊ အခက်အခဲများတွေ့ရှိရသဖြင့် အသစ်ပြန်လည်ရေးဆွဲခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေသစ်ကိုပြဌာန်းနိုင်ခဲ့ပါကြောင်း၊

                  စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ယခင်ကဖွဲ့စည်းခဲ့တဲ့ “စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီ” အစား “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်”ကို ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဝင် (၂၁)ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်တဲ့အတွက် ယခုကဲ့သို့ ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊

                  ကော်မရှင်အဖွဲ့ဝင်များအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မရှင်၏ လုပ်ငန်း တာဝန်(၁၂)ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန်(၁၂)ရပ်အနက် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ် ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့် ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရန် ဦးစားပေး ကဏ္ဍများသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စု နယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာ ကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော်မတီများဖွဲ့စည်းပေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်း စတဲ့ လုပ်ငန်းတာဝန်(၄)ရပ်ကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပဏာမ ဆွေးနွေးပြောကြားပါသည်။

                  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ကော်မရှင်သို့တင်ပြသည့်  အမှာစာများအား ရှင်းလင်း ဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

            ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနဲ့ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူ အခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်မှာဖြစ်တဲ့ အတွက်  အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ ၁၆.၉.၂၀၁၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သန်းမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာကိုင်တွယ်အသုံးပြုခြင်း သင်တန်း အောင်မြင်စွာကျင်းပပြီးစီး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) (CTQM) တွင် "စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာ ကိုင်တွယ်အသုံးပြုခြင်းသင်တန်း"ကို ၂.၉.၂၀၁၉ မှ ၄.၉.၂၀၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးသုံးပိုးသတ်ဆေး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ပိုးသတ်ဆေးဓာတ်မြေသြဇာစစ်ဆေးရာတွင် အရေးပါသော ကုန်ညွှန်အမှတ်အသား၊ အမှတ်တံဆိပ်၊ ကုဒ်နံပတ် စသည်တို့နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ် (GAP) အသိအမှတ်ပြုလက်မှတ်များအကြောင်း၊ ပိုးသတ်ဆေးဥပဒေ၊ ဓာတ်မြေသြဇာဥပဒေများအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ CTQM မှပညာရှင်များဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် တက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများကို သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက "ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာသုံးစွဲပုံနှင့်ပတ်သက်၍ အညွှန်းအမှတ်အသား၊ ဖော်ပြချက်စသည်တို့သည် သုံးစွဲသူအတွက်သာမကပဲ စိုက်ပျိုးသီးနှံများ အတွက်ပါအရေးပါကြောင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများနှင့်ပတ်သက်၍ တိုင်ကြားချက်များ၊ အငြင်းပွားမှုများပေါ်ပေါက်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အခြေခံအချက်အလက်များကိုနားလည်ထားဖို့လိုအပ်ကြောင်းနှင့် သင်တန်းမှရရှိသည့်အတွေ့အကြုံဗဟုသုတများကို မိမိသက်ဆိုင်ရာဌာနရှိဝန်ထမ်းများနှင့် တောင်သူလယ်သမားများထံ အသိပညာပြန်လည်ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများအနေဖြင့်ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး သင်တန်းသားများ၏ အကြံပြုချက်များဖြစ်သော နည်းပညာအထောက်အကူပြုသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ နှင့်ဆက်စပ်ဥပဒေများ အကြောင်း ပို့ချသည့်သင်တန်းဖြစ်သဖြင့် နောက်နောင်ဖွင့်လှစ်မည့်သင်တန်းများတွင် ဥပဒေပညာရှင်များ၊ အပြန်အလှန်ဆွေးနွေးမှုပြုနိုင်မည့် အဆင့်မြင့်အရာရှိများအား ဆွေးနွေးပို့ချသွားရန် တို့ကို လက်ခံစဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    အဆိုပါသင်တန်း၏သင်တန်းဆင်းပွဲအခမ်းအနား၌သင်တန်းသားများကိုယ်စား ပဲခူးတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးမှ ဒေါက်တာသရဖီထွန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ နှင့်ဆက်စပ်ဥပဒေများကို သင်ကြားရသဖြင့် ဥပဒေ၏အားနည်းချက်အားသာချက်များတွေ့ရှိရကြောင်း၊ အထူးသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ စစ်ဆေးရေးအရာရှိများသည် ကုန်ပစ္စည်းမျိုးစုံအပေါ်စစ်ဆေးရသည့်တာဝန်ရှိပြီး ပိုးသတ်ဆေးဥပဒေ၊ ဓာတ်မြေသြဇာဥပဒေတို့၏ စစ်ဆေးရေးအရာရှိများ၏ တာဝန်များလုပ်ပိုင်ခွင့်များကိုပါ သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် အဆိုပါအချက်များကိုလေ့လာတွေ့ရှိရသဖြင့် ဥပဒေပညာရှင်များ၊ စစ်ဆေးရေးအရာရှိများ ယခုသင်တန်းကို ပိုမိုတက်ရောက်သင့်ပါကြောင်းအကြံပြုပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိပြီး ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာကဏ္ဍသည် အဆိုပါကိစ္စရပ်နှစ်ရပ်စလုံး နှင့်ဆက်စပ်နေပေသည်။ သုံးစွဲသူတောင်သူများအနေဖြင့် အရည်အသွေးအာမခံချက် မရှိသော ပစ္စည်းများကို မသမာသောနည်းလမ်းဖြင့်ရောင်းချမှုကြောင့် နစ်နာဆုံးရှုံးမှုများ ရှိသဖြင့် စားသုံးသူအငြင်းပွားမှုကိစ္စများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့အပြင်ပိုးသတ်ဆေးအသုံးပြုမှု ဓာတ်မြေသြဇာအသုံးပြုမှုစနစ်မကျမှုကြောင့် သုံးစွဲသူဘေးဥပဒ်ဖြစ်စေခြင်း၊ ကုန်ညွှန်းအမှတ်အသား၊ ဖော်ပြချက်မပြည့်စုံမှုကြောင့် သုံးစွဲသူဘေးဥပဒ်ဖြစ်စေခြင်းတို့သည် ထုတ်ကုန်၏လုံခြုံစိတ်ချရမှုကဏ္ဍများနှင့်လည်ဆက်စပ်နေပေသည်။ အရေးကြီးဆုံးအချက်မှာ ပိုးသတ်ဆေးနောက်ဆုံးဖြန်းရမည့်ရက်နှင့် ရိတ်သိမ်းခူးဆွတ်ချိန်ရက် ကွာခြားရမည့်ပမာဏကို တိကျစွာလိုက်နာမှု အားနည်းချက်ကြောင့် ဓာတ်ကြွင်းပြဿနာများဖြစ်ပေါ်ပြီး ပြည်ပပို့ကုန်များအပြင် ပြည်တွင်းကုန်စည်စီးဆင်းမှုကိုပါသက်ရောက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲမှ ဦးဆောင်၍ ပြည်သူလူထုအပေါ်ဆင့်ပွားသင်တန်းများပြုလုပ်၍အသိပညာပေးဟောပြောနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှဝန်ထမ်းများကို သင်တန်းပို့ချပေးခြင်း ဖြစ်ပါသည်။

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၁၉)ကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၉

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဉီးအောင်ထူးက ယနေ့အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေအဟောင်းအရ ဌာနစုံပါဝင်သော အဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ မတ် ၁၅ ရက်တွင် ပြင်ဆင်ပြဌာန်းခဲ့သော ဥပဒေအသစ်အရ စားသုံးသူရေးရာ ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများအား စစ်ဆေးရေး အရာရှိများအဖြစ် တာဝန်ပေးအပ်ထားသည့် အတွက် စစ်ဆေးရေးအရာရှိများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စစ်ဆေးသည့်အခါ နည်းစနစ်ကျနစွာဖြင့် စစ်ဆေးနိုင်ရန်၊ ပညာပေးခြင်းလုပ်ငန်းများ၊ တိုင်ကြားမှုကိစ္စ၊ အခြားဆက်စပ်ဌာနများက အကူအညီ တောင်းခံ ဆောင်ရွက်လုပ်ကိုင်သည့် အခါများတွင် စနစ်တကျ ဖြင့်ဆောင်ရွက်နိုင်စေရန်နှင့် စားသုံးသူပြည်သူများကို ဥပဒေပြဌာန်းချက်ပါအတိုင်း ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

ဥပဒေအရ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပကတင်သွင်းရသည့် ကုန်စည်များအပေါ် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စောင့်ကြည့်စစ်ဆေးရန် ပြဌာန်း ထားပါကြောင်း စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့ စစ်ဆေးတွေ့ရှိချက် များအပေါ် သက်ဆိုင်ရာ အဆင့်ဆင့်ဆက်လက်တင်ပြပြီး ဥပဒေနှင့်အညီ စနစ်တကျ ကိုင်တွယ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူကာကွယ် ရေးဥပဒေ အသစ်နှင့်ပတ်သက်ပြီး စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ချက်များကို စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့က ပါဝင်ပို့ချသွားမည်ဖြစ်၍ လက်တွေ့နယ်ပယ်တွင် စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကို အကောင်းဆုံး အကာ အကွယ်ပေးရန် လိုအပ်ပါကြောင်း မှာကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို တစ်ကြိမ်လျှင် ၅ ရက်ဖြင့် သုံးကြိမ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သီးနှံဆိုင်ရာရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ဆန်စပါးကြိတ်ခွဲခြင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း

 

ရန်ကုန် ဩဂုတ် ၁၉

စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)တွင် သီးနှံဆိုင်ရာရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ဆန်စပါးကြိတ်ခွဲခြင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)CTQM တွင် သီးနှံဆိုင်ရာရိတ်သိမ်းချိန်လွန် နည်းပညာနှင့် ဆန်စပါးကြိတ်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို (၁၉.၈.၂၀၁၉)နေ့မှ (၂၃.၈.၂၀၁၉)နေ့ထိ ကျင်းပခဲ့ရာ ဖွင့်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဝေ က “ကုန်သွယ်မှုဖြင့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး”ဟူသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ပါဝင်သော နိုင်ငံတော်၏ဆန်စပါးကဏ္ဍရှိ အရည်အသွေးမြင့် မြန်မာ့ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဆန်စပါးကြိတ်ခွဲရေးအတွက် စပါးသီးနှံ၏ရိတ်သိမ်းချိန်လွန်ကိုင်တွယ်ထိန်းသိမ်းခြင်း နည်းပညာများ၊ နိုင်ငံတကာအဆင့်တန်းမီ GMP, GHP နည်းစနစ်များဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ရေးသင်ခန်းစာများကို သင်ကြားပို့ချပြီး ခေတ်မီဆန်စက်များ၏ကြိတ်ခွဲထုတ်လုပ်မှုများကို လက်တွေ့ကွင်းဆင်းလေ့လာခြင်းအစီအစဉ်များ ပါဝင်ကြောင်းနှင့် သင်တန်းကို ဆန်စက်ပိုင်ရှင်များ၊ ဆန်စက်ကိုကိုင်တွယ်ထိန်းသိမ်းမောင်းနှင်းသူများ စုစုပေါင်းသင်တန်းသား (၄၈)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် - သြဂုတ်လ ၁၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(International Labour Organization)နှင့် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှု (German Cooperation))တို့ ပူးပေါင်းကျင်းပသည့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ PARK ROYAL HOTEL တွင် ယနေ့နံနက် ၀၉:၃၀ နာရီ ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဦးစားပေးကဏ္ဍ အလိုက် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization)နှင့် INGOများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပါသည်။

အခမ်းအနားတွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ကုန်သွယ်ရေးကဏ္ဍ၊ စက်မှု ကုန်ချောထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကဏ္ဍ အစရှိသည့် ကဏ္ဍများအလိုက် တိုးတက်မှုအခြေအနေများတင်ပြနိုင်ရန်၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် Myanmar Sustainable Development Planပါ လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အလုပ်အကိုင် ဖန်တီး ပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG)၏ ကဏ္ဍအလိုက်အဖွဲ့ခွဲများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန်နှင့် ကဏ္ဍအလိုက်အဖွဲ့ခွဲများမှ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးကို အထောက်အကူပြုမည့် ဦးစားပေးရွေးချယ်ထားသည့် စီမံကိန်းအဆိုပြုလွှာများ ဖော်ထုတ်ပြီး ဖွံ့ဖြိုးမှုအကူအညီများ ရယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော် ဆောင်ခြင်းသည် နိုင်ငံ၏စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ အချိန်အခါတွင် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသော်လည်း ဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသော အခက်အခဲများဟူ၍သာ မှတ်ယူ၍ နိုင်ငံတကာမှ ဖွံ့ဖြိုးမှုအကူအညီများ၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်ပါက မိမိတို့၏ လုပ်ငန်းစဉ်များ အောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization)မှ Liasion Officer, Mr.Donglin Li က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုကုန်ချောထုတ်လုပ်မှု ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍ အစရှိသည့် ဦးစားပေးကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကိုင်းမြို့ရှိ စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရင်များအသင်း (SDCCI )မှ အသင်းသူ၊အသင်းသားများ ၊စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) အစည်းအဝေး ခန်းမ၌ (SDCCI) မှ အလုပ်အမှုဆောင်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို  သြဂုတ် လ ၃ရက်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် (SDCCI)မှ နာယက၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောက်စိမ်းအချောထည်၊ ဂစ်တာ၊ ရက်ကန်း၊ ကြိမ်ထည်၊ ငွေထည်ကြေးထည် အသင်းများမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ (SDCCI) မှအလုပ်အမှု ဆောင်များ၊ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရသည့် အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ တက်ရောက်လာကြသူများအနက်မှ တစ်ဝက်ကျော် ကျော်လောက်က ယခင်ကရင်းနှီးသည့်သူများဖြစ်ကြောင်း၊ နောက်ထပ်ဝင်ရောက်လာသော အသင်းသူ/ သားများလည်း ညီအစ်ကိုတွေလို သဘောထားစေလိုကြောင်း၊ စျေးကွက်အတွင်း တစ်ဉီးတစ်ယောက်တည်း လုပ်ကိုင်သည်ထက် အသင်းတွေဖွဲ့စည်းဆောင်ရွက်ခြင်းသည် ကောင်းမွန်ကြောင်း၊ စာပေနှင့်လုပ်ငန်းအတွေ့အကြုံတွေရှိရန် လိုကြောင်း၊ အသင်းကြီး အနေဖြင့် အရွေ့တခုရအောင်၊ အောင်မြင်မှုရအောင်၊ စည်းလုံးညီညွတ်မှုရှိအောင် ညီနောင်အသင်းများနှင့် ( Network)ချိတ်ဆက်၍ ကုန်သွယ်မှုကို လက်ရှိအခြေအနေများ သိရှိအောင် ဆောင်ရွက်နိုင်ကြောင်း ၊ စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ သင်တန်းများအနေဖြင့် နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ SME ကဏ္ဍ၊ ပညာရေး ကဏ္ဍသင်တန်းများအား ထားရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာအသင်းများမှ တက်ရောက်လိုသည့် လူအင်အားစာရင်းနှင့် လိုချင်သည့်နည်းပညာများ တင်ပြလာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ နေရာတိုင်းမှာ အရင်းအနှီး လိုကြောင်း၊ အသင်းတစ်သင်းဖြစ်ရန် လူ၊ ဖွဲ့စည်းပုံ၊ သင်းဖွဲ့စည်းမျဉ်း အရေးကြီးကြောင်း၊ ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်ဖြစ်ကြောင်း၊ အလွဲသုံးစားမလုပ်အောင် စစ်ဆေးရန်အတွက် စာရင်းစစ်၊ ဘဏ္ဍာရေးမှူးများ ပါဝင်ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ကြပ်မတ်ထိန်းကျောင်း လုပ်ဆောင်သွားပါက သာယာပျော်ရွှင်သည့် အသင်းကြီးဖြစ်လာမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက်  (SDCCI)၏ အကြံပေး ဦးဝင်းမော်နှင့် အဖွဲ့ဝင်များက အသင်းကြီးကို ၁၈.၆.၂၀၁၈ ရက်နေ့တွင် အလုပ်အမှုဆောင်(၂၂) ဦး၊အသင်းသား(၇၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိမှာ အလုပ်အမှုဆောင် (၄၁) ဦး၊ အသင်းသား(၂၀ဝ)ဦးကျော်ရှိပြီဖြစ်ကြောင်း၊ ၃.၁၁.၂၀၁၈ ရက်နေ့တွင် ရုံးခန်းဖွင့်ပွဲနှင့် အသေးစား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး စကားဝိုင်း၊ ၁၁.၁.၂၀၁၉ မှ ၁၂.၁.၂၀၁၉ ရက်နေ့အထိ (Myanmar- India Business Summit and Trade Fair) မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ၊ ၂.၃.၂၀၁၉ ရက်နေ့တွင်(Japan- Myanmar SME Seminar and Business Exchange In Sagaing District)( ဂျပန်-မြန်မာ  စီးပွားရေး ဆွေးနွေးပွဲ၊ ၂၃.၆.၂၀၁၉ မှ ၂၄.၆.၂၀၁၉ ရက်နေ့ထိ ဒိန်းမတ်နိုင်ငံမှ ( Responsible Business Fund RBF Myanmar) အဖွဲ့အစည်းနှင့် တွေ့ဆုံ၍ စစ်ကိုင်းခရိုင်ရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်လာစေရန် ဆွေးနွေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းမှ အသိပညာတွေပေးပြီး ဆောင်ရွက်ရမည့် နည်းလမ်းတွေ ပေးသွားတာ ကျေးဇူးတင်ရှိပါကြောင်း၊ ကုန်စည်ဒိုင်၊ အများပိုင်ကုမ္ပဏီ တည်ထောင်ရန် ဆက်လက် ဆောင်ရွက်နေပါကြောင်းပြောကြားပြီး တက်ရောက်လာကြသော စီးပွားရေး လုပ်ငန်းရှင် အသင်းသူ၊အသင်းသားများမှ သိရှိလို သည်များကို မေးမြန်းမှုအပေါ် ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong နှင့်တွေ့ဆုံ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

                   တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉) ပါ ပြဌာန်းချက်နှင့် အညီ  မြန်မာနိုင်ငံတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် Electrical and Electronic Equipment (EEE) Safety Regulation မူကြမ်းရေးဆွဲနိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် EEE Safety Regualtion အား ASEAN EEEMRA နှင့် AHEEEERR မူဘောင် အဖြစ်သို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

                                                                           သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ