Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၃)ဦး၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၉.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ် ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ဆိုင်ကြီးများဖြစ်သော သီရိပွဲရုံ၊ ချမ်းသာအောင်ပွဲရုံ၊ ငွေပဒေသာဆန်ဆိုင်၊ ဦးဝင်းနိုင်ဆန်ဆိုင်၊ ကမ္ဘာကျော်ပွဲရုံနှင့် အောင်မြတ်ကျော်ပွဲရုံတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ ဆေးဆိုင်များတွင် Prescription Only Medicine (POM)ဆေးဝါးများ ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြည်သူများ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များတွင် ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့်(POM)ဆေးဝါးများကို ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု ရှိ/မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၃.၅.၂၀၂၄ ရက်နေ့တွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးမှ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များ၌ သတ်မှတ်လိုင်စင် စည်းကမ်းများနှင့်အညီ ရောင်းချရန်နှင့် ဆရာဝန်ဆေးညွှန်းစာပါမှသာ ရောင်းချရမည့် (POM)ဆေးဝါးများအား ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်းရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များတွင် အဆိုပါ (POM)ဆေးဝါးများအား ဆရာဝန်ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်း မရှိကြောင်း သိရှိရသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ‌စေရေး ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၁၀.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းများအား လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

     လိုက်လံစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ကျိုက်မရောမြို့မဈေးရှိ ဒေါ်ဇင်မာဆန်ဆိုင်၊ ဒေါ်မိုးမိုးကြည်ဆန်ဆိုင်နှင့် မဖြူဖြူအေးဆန်ဆိုင်တို့သို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကိုလိုက်လံစစ်ဆေးရာ သိုလှောင်ထားရှိခြင်းမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းမြှင့်တင် ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးစီးအရာရှိ  ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့က စားသုံးဆီ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ များကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) ကိုပါ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

     ယင်းနောက် ဆီကြိတ်ခွဲစက်များသို့ သွားရောက်၍ တစ်နေ့ကြိတ်ခွဲနှုန်းပိဿာချိန်နှင့် ဆီထွက်ရှိနှုန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး” Talk Show ဆွေးနွေးပြုလုပ်

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၁၀.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး” Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပုံ အဆင့်ဆင့်ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးက ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ၁၃.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စားသုံးဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ များကို လိုက်နာရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) ကိုပါ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုံရွာမြို့၊ အ.ထ.က-၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မုံရွာမြို့၊ အ.ထ.က -၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်း၌ တက်ရာက်လျက်ရှိသော ဆရာ/ ဆရာမစုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အာမခံပေးရမည့်အချက်များ၊ ကုန်စည်များကို ထုတ်လုပ်ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြကြရန်နှင့် စားသုံးသူများကလည်း ဝယ်ယူသုံးစွဲရာတွင်   ကုန်အညွှန်းအမှတ်အသားကို အလေးထားကြည့်ရှုပြီး ပြည့်စုံမှန်ကန်မှသာဝယ်ယူကြရန် စသည့်အကြောင်းအရာများ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားရမည့်နည်းလမ်းများနှင့် တိုင်ကြားမှုများအပေါ် ဌာန၏ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြောဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့ပေါ်ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပုသိမ်မြို့ပေါ်ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် မေလ ၁၀ ရက်၊နံနက် (၁၀:၀၀) နာရီ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းနှင့်ဆရာမများ သင်တန်းသူ (၈၆) ဦးအား အသိပညာပေးဟောပြောဆွေးနွေး၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်၊၊

    စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းမှ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ညွှန်းချက်များ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့မှ ချမှတ်ထားသော စားသုံးသူအခွင့်အရေး ၈ ချက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဖွဲ့စည်းထားရှိမှုနှင့် ကော်မရှင်၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုကိစ္စရပ်များ ၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးနေသောစစ်ဆေးရေးမှူး၏ လုပ်ငန်း တာဝန်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ရုံးချုပ်သို့ တင်ပြဆောင်ရွက်နေမှုများအပြင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဗဟုသုတများကို အသေးစိတ်ဆွေးနွေး ဟောပြောခဲ့ပါသည်၊၊

    ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းမှ ကျေးဇူးတင်စကားပြောကြား၍ တက်ရောက်လာသောသင်တန်းသူများမှ သိလိုသည်များကိုမေးမြန်းခဲ့ရာ ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဦးစီးမှူးရုံးမှ မြို့ပေါ်ရှိ Z-Mall Mini Mart တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဌာနခွဲမှူးနှင့် ဝန်ထမ်းများသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်း ပုသိမ်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန်စည်နှင့် အလှကုန်ပစ္စည်းမျိုးစုံရောင်းချလျက်ရှိသော Z-Mall Mini Mart သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Z-Mall Mini Mart ဆိုင်ပိုင်ရှင်/တာဝန်ခံတို့အား ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်ရေး အများပြည်သူစားသုံးရန် မသင့်သောအစားအသောက်များ ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်ချက်နှင့်ညီသော ကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချရန် တားမြစ်ကုန်ပစ္စည်းများ ၊ သက်တမ်းလွန်ပစ္စည်းများ၊ အချက်အလက် မပြည့်စုံသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများမှတရားဝင်သတ်မှတ်ထားသော အလှကုန်နှင့် ဆေးပစ္စည်းများ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ပြည်နယ်ဦးစီးမှူးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     (၁၀-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ MYCH အမှတ်တံဆိပ် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ (၁/၂၀၁၉) တွင် ပြဋ္ဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာ အချက်များကိုဆွေးနွေးခဲ့ပြီး ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေ၊ ကြုံတွေ့ရသော အခက်အခက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ