Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စက်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်)သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် ဝိုင်းမော်မြို့၊ မဒိန်ရပ်ကွက်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူမျာကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း စသည့်အချက်များ၊  ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အရေးကြီးကုန်စည်၏ ညွှန်ကြားချက်နှင့် ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၂.၅.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Two Boy (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Dragon အမှတ်တံဆိပ်ပါ ကြက်သွန်ဖြူ ငရုတ်ဆီအချို အရန်သင့်အစားအစာတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

OK $ ကုန်မျိုးစုံဖြန့်ချီရေးကုမ္ပဏီသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ရုံးအုပ်)သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ OK $ (ကုန်မျိုးစုံဖြန့်ချီရေးကုမ္ပဏီ)သို့ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ DISKO MILK (နို့ဆီ) အမှတ်တံဆိပ်ပါ နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီတာဝန်ခံအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်‌နေ့၊ နေ့လည် ၁၄း၃၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း မှ ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့  ယာဉ်အမှတ် 2J/5205 ၊ NISSAN DIESEL မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၆၅ ပေပါရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ ၆၅ ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ် ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လားရှိုးမြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အရ လားရှိုးမြို့ပေါ်တွင် ဆန်၊ ဆီ၊ ဆားနှင့် အခြားအခြေခံစားသောက်ကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရန် လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား (၁၀-၅-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့မှ တာဝန်ခံအရာရှိများက  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်များအားစစ်ဆေးရာတွင် ပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်အထိ၊ လုံးသွယ်မွှေးတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်အထိ၊ မနောသုခတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်အထိ၊ ဧရာမင်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်မှ ၁၈၀၀၀၀ကျပ်အထိ၊ ဧည့်မထတစ်အိတ်လျှင် ၈၆၀၀၀ကျပ်မှ ၉၆၀၀၀ကျပ်အထိ၊ မဂျမ်းတောတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်အထိရှိကြောင်းသိရှိရပါသည်။ ဆန်ဈေးနှုန်းများမှာ အမှတ်တံဆိပ်ပေါ်လိုက်၍ ဈေးနှုန်းပြောင်းလဲရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုမရှိကြောင်းသိရှိရပါသည်။ နိုင်ငံရေးအခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသော်လည် လားရှိုးမြို့အနီးရွာများမှ ကောက်ညှင်းဆန်နှင့် ရှမ်းဆန်များဝင်ရောက်မှုရှိနေသောကြောင့် ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ တပ်ကုန်းမြို့နယ်၌ ဆန်ဈေးနှုန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများအား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကို ၂၀၂၄ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် တပ်ကုန်းမြို့နယ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နေပြည်တော်ဦးစီးမှူးက တပ်ကုန်းမြို့ပေါ် ဆန်ဆိုင်များအား ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှုန်းကြီးမြှင့် ရောင်းချမှု ရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ၂၀၂၄ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ Sweet Tasty တံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Sweet Tasty တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်နှင့် ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင် အသုံးပြုသောစက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားအုန်းဆီရောင်းချမှုများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် (၆-၅-၂၀၂၄) ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီချိန်တွင် သီပေါမြို့၌လည်းကောင်း၊ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နောင်ချိုမြို့၌လည်းကောင်း၊ (၈-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်တွင် ကျောက်မဲမြို့၌လည်းကောင်း အသီးသီးရောင်းချခဲ့ကြောင်းသိရှိရပါသည်။

  ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချပေးနေသည့်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူသွားရောက်၍ ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန်၊ သိုလှောင်ထားရှိကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅) အရ အနည်းဆုံးထောင်ဒဏ် (၆) လမှ အများဆုံး‌ထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)တွင် ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စားအုန်းဆီ (၁) ပိဿာလျှင် (၆၃၀၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁) ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်သော “လားရှိုးမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများတားဆီးနှိမ်နှင်းရေးအဖွဲ့” သည် ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် လားရှိုးမြို့နယ်၊ ဟန်လမ်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအားလည်းကောင်း၊ ရက်ကွက်(၇)၊ ရန်ကင်းလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရောင်းဆိုင်များ၌ တရားမဝင်ပစ္စည်းများရောင်းချနေခြင်းမရှိကြောင်းနှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချနေခြင်းမရှိကြောင်းတွေ့ရှိရပြီး တရားမဝင်စိုက်ပျိုးရေးသုံးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ပစ္စည်းများရောင်းချခြင်းမပြုရန်နှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာနမှ သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရောင်းချကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဆန်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေး

      ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်းဦးစီးမှူးရုံးခန်း၌ ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဆန်လိုအပ်ချက်များအပြင် ရှမ်းအရှေ့ကျိုင်းတုံသို့ တင်ပို့ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆန်စက်များလည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖာက်ကားမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး ဆန်ရောင်းဝယ်မှုသယ်ယူမှုအတွက် အခက်အခဲရှိပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ကူညီ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်ကုန်သည်အသင်းအနေဖြင့်လည်း လက်ရှိအချိန်တွင် ဆန်ဝယ်ယူမှုရရှိရေးမှာ လွယ်ကူသောကြောင့် ဆန်လုံလောက်မှုရှိပြီး ဆန်လုပ်ငန်းမှာ ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆန်စျေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ကြောင်း၊ စက်ရုံအတွက် သုံးစွဲနေသောလောင်စာနှင့်  သယ်ယူပို့ဆောင်စရိတ်များလျော့ကျလာမည်ဆိုပါက ကုန်စျေးနှုန်းများလည်းလျော့ကျလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုအား နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ