Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ အုန်းဆံတံမြက်စည်းလုပ်ငန်း

        တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ အုန်းဆံတံမြက်စည်းလုပ်ငန်း မှ ထုတ်လုပ်ရောင်းချလျက်ရှိသော အုန်းဆံတံမြက်စည်းများသည် သုံးစွဲသူများပြားပြီး ဈေးကွက်ဝင်သည့် အတွက် ဒေသတွင်းဖြစ်သော ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင် မြို့နယ်များအပြင် ရှမ်းပြည်နယ်အထိ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဥယျာဉ်တော်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးခန့်ရှိပြီး အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပါသည်။ တံမြက်စည်းလုပ်ငန်းကို လယ်ယာလုပ်ငန်းအားလပ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ လုပ်ငန်းတစ်ခုတွင် လုပ်သား ၇ ဦး ခန့်လုပ်ကိုင်ရပါသည်။ မိုးရာသီ လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်တွင် တံမြက်စည်းလုပ်ငန်းကို ရပ်နား ထားပြီး လယ်ယာလုပ်ငန်းမှ အားလပ်ချိန်ဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် အဓိကထား လုပ်ကိုင်ကြပါသည်။

    အုန်းဆံကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူရပါသည်။ အုန်းဆံတံမြက်စည်း ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ အုန်းဆံ၊ ဝါး၊ ပလပ်စတစ်ကြိုးခွေ၊ သစ်သားခုံ၊ တစ်လက်မခွဲသံ တို့ဖြစ်ပါသည်။ အုန်းဆံတံမြက်စည်းတစ်ချောင်း၏ ကုန်ကျစရိတ်မှာ ၂၃၀၀ ကျပ်ခန့်ရှိပြီး လက်ကား ဖြန့်ဖြူးသောဈေးနှုန်းမှာ ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ရိုးရာအစားအစာတစ်မျိုးဖြစ်သော ခဲတံဝါး(ခေါ်)ကောက်ညှင်းကျည်တောက်ပေါ်ပြီ

      မြန်မာ့ရိုးရာအစားအစာများစွာ ရှိသည့်အနက် ခဲတံဝါး(ခေါ်) ကောက်ညှင်းကျည်တောက်သည်လည်း ယခုရာသီတွင်နာမည်ကြီးသော အစားအစာတစ်ခုဖြစ်ပါသည်။ ခဲတံဝါးကိုပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းမှာ တင်းဝါးနှင့် ကောက်ညှင်းဆန်ဖြစ်ပါသည်။ ခဲတံဝါးပြုလုပ်ပုံမှာ တင်းဝါး အနေတော်တစ်လုံးကို ကောက်ညှင်းဆန် ထည့်ရန်အတွက်  အဆစ်တစ်ခုစီတိုင်းမှ ဖြတ်တောက် ထားရပါသည်။ ထိုဖြတ်တောက်ထားသော အဆစ်ထဲသို့ ကောက်ညှင်းဆန်နှင့်ရေကို သင့်တင့် မျှတစွာထည့်၍ အဆစ်ထိပ်ဝကို ကောက်ရိုးဖြင့် ပိတ်ထားရပါသည်။ ထို့နောက် ကောက်ညှင်းဆန်နှင့် ရေထည့်ထားသော တင်းဝါးကို တစ်ခုခုဖြင့်အမှီပြု၍ ထောင်လျက်အနေအထားဖြင့်ထားကာ ပတ်ပတ်လည်ကို မီးအား အသင့်တင့်ဖြင့် (၁၅)မိနစ်ခန့် မီးရှို့ရပါသည်။ ထိုသို့အဆင့်ဆင့် ပြုလုပ် ပြီးနောက်တွင် ရောင်းတန်းဝင် ခဲတံဝါးကို ရရှိလာပြီဖြစ်ပါသည်။

      ခဲတံဝါးပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကောက်ညှင်းဆန်အား တစ်ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါးကို တောင်ပေါ်ဒေသများမှ လာရောက် ရောင်းချသည့် တင်းဝါးကို အသုံးပြုရပြီး တင်းဝါးတစ်လုံးလျှင် ၁၀၀၀ ကျပ် ဝယ်ယူရကြောင်း သိရပါသည်။ ယခုလိုဆောင်းဝင်ခါစအချိန်တွင် ခဲတံဝါးသည် အအေးဒဏ်ကိုအံတုကာ မီးလှုံ ရင်းပြုလုပ်နိုင်သော အစားအစာတစ်မျိုးဖြစ်ပြီး ကောက်ညှင်းကြိုက်သူအဖို့တော့ စားကောင်းလှသော အစားအစာတစ်ခုပင်ဖြစ်ပါသည်။

    ခဲတံဝါးဈေးနှုန်းဈေးကွက်အနေဖြင့် ခဲတံဝါး အရွယ်အစားအလိုက် တစ်ထောင်ဖိုးလျှင် အကြီး(၂)လုံး၊ အလတ်(၃)လုံး၊ အသေး(၄)လုံး ရောင်းချကြောင်းသိရှိရပါသည်။ ယခုလို ခဲတံဝါးပေါ်ခါစ ကာလတွင် တစ်နေ့လျှင် ခဲတံဝါးပြုလုပ်ရန် ကောက်ညှင်းဆန် ၄ ပြည်ခန့် အသုံးပြုရကြောင်း၊ တစ်နေ့ ရောင်းရငွေမှာ ကျပ်သုံးသောင်းခန့်ရှိကြောင်း ကင်းဆိပ်ကျေးရွာမှ ခဲတံဝါးလာရောက် ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်မှ တပိုင်တနိုင် ဝါးကုလားထိုင်လုပ်ငန်းအကြောင်းအားလေ့လာခြင်း

      တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းတံတားမြောက်ဘက်ရှိ ဆီဆုံကုန်းကျေးရွာသည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တပိုင်တနိုင်လုပ်ငန်းအဖြစ် ဝါးကုလားထိုင်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ဝါးကုလားထိုင်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများမှာ ကြက်သောင်းဝါး၊ ဝါးကျစ်၊ ဝါးပျက်နှင့် သံတို့ဖြစ်ပါသည်။

          ဝါးကုလားထိုင် ပြုလုပ်ပုံမှာ ကြက်သောင်းဝါးကို လိုအပ်သောအတိုင်းအတာဖြတ်တောက်၍ အခင်းယက်လုပ်ခြင်း၊ ဝါးကျစ်အား အခင်းတိုင်ပြုလုပ်ခြင်း၊ ဝါးပျက်အား ချုပ်တန်းထည့် သံနှင့်ရိုက်ပြီးပါက အသင့်ထိုင်ကုလားထိုင်တစ်လုံးအားရရှိပြီ ဖြစ်ပါသည်။

        ဝါးကုလားထိုင် (၁)လုံးပြုလုပ်ရန်အတွက် ကုန်ကျစရိတ်စုစုပေါင်းအနေဖြင့် (၃၂၀၀) ကျပ်ခန့်ရှိပြီး ရောင်းတန်းဝင်ဝါးကုလားထိုင် (၁)လုံးလျှင် (၄၅၀၀) ကျပ်ခန့် ရောင်းရပါသည်။ တစ်နေ့လျှင် ဝါးကုလားထိုင် (၁၆) လုံးခန့်ပြီးစီးပြီး ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့နှင့် တောင်ငူမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးဌာနမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်များကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

         အသိပညာပေးဆွေးနွေးပွဲအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် လုပ်ငန်းရှင်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ထုတ်ပြန် ပေးခဲ့မှုများ၊ လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ခြင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ရေတာရှည်မြို့မှ ဝက်အူချောင်း

         တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်း လုပ်ငန်းသည် အတော်အသင့် နာမည်ရနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဝက်အူချောင်း ပြုလုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ ဝက်သား၊ ဆိတ်အူ၊ သကြား၊ဆား၊ ယမ်းစိမ်း၊ အချိုမှုန့် နှင့် အခြောက်ခံမီးဖိုတို့ ဖြစ်ပါသည်။

        လိုအပ်သော ကုန်ကြမ်းများအား မန္တလေးမြို့နှင့် ဒေသတွင်း ရေတာရှည်မြို့နယ်တို့မှ ဝယ်ယူ ရရှိပါသည်။ ဝက်အူချောင်းပြုလုပ်ပုံအဆင့်ဆင့်မှာ ဝက်သားပိဿာချိန် (၂၀)ကို အရိုးများ ဖြတ်ထုတ်၍ ဓားဖြင့် နုတ်နုတ်စင်းပြီး ကြေမွသွားအောင် အသားကြိတ်စက်ဖြင့် ထပ်မံကြိတ်ရပါသည်။ ကြိတ်ပြီးသား ဝက်သားများကို အချိုမှုန့်၊ ဆား၊ သကြား၊ ယမ်းစိမ်းတို့ဖြင့် အချိုးကျ သမအောင်နယ်ပြီး ဆားရည် စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်း၍ အခြောက်ခံရန် အခြောက်ခံမီးဖိုထဲသို့ အပူပေးပြီးလျင် ရောင်းတန်းဝင် ဝက်အူချောင်းများ ရရှိပြီဖြစ်ပါသည်။

       ရောင်းတန်းဝင် ဝက်အူချောင်းများအား ပလတ်စတစ်အကြည် အထူစားဖြင့် ၁၀ ကျပ် သားနှင့် ၂၅ ကျပ်သားအထုပ်လေးများ ထုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

     ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း (၁၀) ကျပ်သား အထုပ်သေး (၁) ထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းနှင့် (၂၅)ကျပ်သား အထုပ်ကြီး (၁)ထုပ်လျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ ဒေသတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အခြားတိုင်းဒေသများမှ လာရောက်လည်ပတ် ကြသော ဧည့်သည်များမှလည်းဝယ်ယူကြပါသည်။ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်းမှာ နာမည်ကျော်ကြားသော ဝက်အူချောင်းဖြစ်သောကြောင့် ဒေသတွင်းစားသုံးသူများမှ မိမိတို့အမျိုးအဆွေများရှိရာ အခြားတိုင်းဒေသများသို့ သွားရောက်လည်ပတ်ရာတွင်လည်း လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးတို့နှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် ၂၃ ရပ်ကွက်ရှိ၊ ကသည်းစု အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ၁၆၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။             

    ထို့အတူ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထီးလှိုင် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၀၀ ဦးတို့အား စားသုံးသူကာ ကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် ဖြူးမြို့နယ်တွင် အသေးစားအိမ်တွင်းမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောမင်းသူဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ နှင့်အတူ အောက်တိုဘာလအတွင်း ဖြူးမြို့ပေါ်ရှိ အသေးစားအိမ်တွင်းမှုလုပ်ငန်းများသို့ ကွင်းဆင်း လေ့လာ ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ သည်။

       မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့ ပဲခူးလမ်း တောင်ပိုင်းရှိ အေးအေးခိုင် ပဲချောင်းနှင့်မုန့်ကြိုးလိမ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ရာ လုပ်ငန်းရှင် ဒေါ်အေးအေးခိုင်က ပဲချောင်းနှင့် မုန့်ကြိုးလိမ်ထုတ်လုပ်ပုံ၊ ဖြန့်ဖြူး ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ အေးအေးခိုင်ပဲချောင်းနှင့် မုန့်ကြိုးလိမ် လုပ်ငန်းသည် ပုဂံ ညောင်ဦး ဒေသမှ ပဲချောင်းပြုလုပ်သည့်နည်းပညာဖြင့် ဖြူးမြို့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင် လုပ်ကိုင်ခဲ့ရာ ယခုအခါ ဒေသတွင်း အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

      ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖြူးမြို့၊ ထန်းကုန်းရပ်ကွက် လမ်း ၃၀ ရှိ ခြင်္သေ့မင်း မြေပဲယိုလုပ်ငန်းသို့သွားရောက်လေ့လာရာ လုပ်ငန်းရှင် ဒေါ်သောင်းကြည်က မြေပဲယို၊ သကြား မြေပဲယိုနှင့် နှမ်းယိုထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ခြင်္သေ့ မင်း မြေပဲယိုလုပ်ငန်းသည် မိရိုးဖလာ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်း အောင်မြင်နေသည့် စားသောက်ကုန်ထုတ်လုပ်ငန်းဖြစ်ပါသည်။

       ထို့နောက် ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ ဦးစိုးလင်း၏ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းသို့‌ ရောက်ရှိလေ့လာရာ ပိုင်ရှင်ဦးစိုးလင်းက ရောင်းဝယ် ဖောက်ကားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနများအလိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)

 

ပျဥ်းမနားမြို့၊ အမှတ်(၁)မြို့မဈေးရှိဆေးဆိုင်နှင့်စားသောက်ကုန်(ကုန်မျိုးစုံ)ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမြင့်နိုင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်လေ့လာစောင့် ကြည့်စစ်ဆေးခြင်းကို ပျဉ်းမနားမြို့၊ အမှတ်(၁)မြို့မဈေးတွင် (၂၅-၁၀-၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်၌ ဆောင်ရွက်ခဲ့ရာ ဈေးအုပ်ချုပ်ရေးမှူး ဦးတင်မောင်ကြည်နှင့်အဖွဲ့မှပူးပေါင်း ပါဝင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးပစ္စည်းများ၊ စားသောက်ကုန်များပေါ်တွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း ၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ‌ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား  စိစစ်ဆောင်ရွက်ခဲ့ပြီး   စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် ၂/၂၀၁၉အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဆေးဆိုင်များနှင့် ကုန်မျိးစုံရောင်းချသည့်ဆိုင်များအား ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၂း၀၀)  နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၂၀)ရက်၊ နံနက် ( ၁၁ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်စီမံကိန်းဦးစီးရုံး၌ ကျင်းပသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးများ ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းတို့အား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

          အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်း(၆)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရ ရှိသည်။

DOCA(စစ်ကိုင်း)

သာယာဝတီမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး  Talk Show ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊သာယာဝတီခရိုင် ၊ သာယာဝတီမြို့ ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟို ( Community Center) ခန်းမ၌ (၁၈.၁၀.၂၀၂၂ ) ရက်နေ့ ၊ နံနက် ( ၁၀ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းက စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

       ဆက်လက်၍ စားသုံး/ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄)ချက်အား ရှင်းလင်းခြင်း ၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ် လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ‌ ဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ